အမြင့်ရွာ

ဝီကီပီးဒီးယား မှ

အမြင့်ရွာသည် မြန်မာနိုင်ငံအထက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ချောင်းဦးမြို့နယ်အတွင်းရှိ ရှေးမြို့ဟောင်း သမိုင်းဝင် ရွာတစ်ရွာဖြစ်သည်။ မြန်မာ့သမိုင်းတွင် ခေတ်ပေါင်း၊ မင်းဆက်ပေါင်းများစွာ ရှိခဲ့သည့်အနက် အင်းဝ(ခေတ်)မင်းဆက်များ လည်း တစ်ခေတ်အပါအဝင်ဖြစ်သည်။ အင်းဝခေတ်တွင် စိတ်ဝင်စားစရာ သမိုင်းဖြစ်ရပ်များ မြောက်မြားစွာ ရှိခဲ့သည်။ အင်းဝခေတ်တွင်သာမက၊ ပုဂံပင်းယညောင်ရမ်းကုန်းဘောင်ခေတ်တို့တွင်လည်း အမြင့်မြို့သည် နိုင်ငံအဝှမ်း မြို့ပြများထဲမှ တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ တစ်နည်းဆိုရလျှင် အမြင့်မြို့သည် မြန်မာမင်းဆက်ခေတ်များအားလုံးနီးပါးလိုလို မြို့ပြဖြစ်ခဲ့သည်။ သို့ဖြစ်ရာ အမြင့်မြို့ဟောင်း အမြင့်ရွာသည် စိတ်ဝင်စားဖွယ် သမိုင်းများနှင့် ပြည့်နှက်နေသော နေရာတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် အမြင့်မြို့ဟောင်းသည် သမိုင်းပညာရှင်များအတွက် အရေးပါသော မြို့ဟောင်းတစ်နေရာဟု ဆိုနိုင်ပေသည်။

သမိုင်း[ပြင်ဆင်ရန်]

အင်းဝခေတ် ဘုရင်စွာစော်ကဲ(မင်းကြီးစွာစော်ကဲ)သည် အင်းဝဘုရင် မဖြစ်မီက အမြင့်မြို့စားဖြစ်သည်။ သူ၏ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှု၊ ထူးချွန်မှုတို့ကြောင့် အင်းဝဘုရင် သတိုးမင်းဖျား၏ယောက်ဖတော် ရမည်းသင်းမြို့စား မင်းကြီးသီလဝက သတိုးမင်းဖျားနတ်ရွာစံသောအခါ ပုဂံမင်းမျိုး အမြင့်မြို့စား စွာစော်ကဲကိုသာ ထီးနန်းတင်စေခဲ့သည်။ (အချပ်။ ထို့ကြောင့် မရွယ်ဘဲ စော်ကဲမင်းဖြစ် ဟူသော စကားပုံဆိုရိုးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။) ထို့ပြင် အမြင့်မြို့ပြသည် မင်းအဆက်ဆက်၊ ခေတ်အဆက်ဆက်နီးပါး မင်းများ၏တပ်မတော်များအတွက် အရေးပါခဲ့သည်။ အမြင့်မြို့ဝန် မင်းကြီးလက်ဖဝါး(မင်းလက်ဝါး)သည် ကုန်းဘောင်ခေတ်ထင်ရှားသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲခေတ်ဦး အမျိုးသားအာဇာနည်ဆရာတော် ဦးဝိစာရသည် အမြင့်ကျေးရွာအုပ်စုဝင် ကမ်းနိမ့်ဇာတိသားဖြစ်သည်။ ထို့ပြင် ကိုလိုနီခေတ်နှောင်း လွတ်လပ်ရေးကာလတွင် အိုးဝေမဂ္ဂဇင်း၌ ထင်ရှားပြောင်မြောက်သော ဆောင်းပါးများ(အချပ်။ ခွေးသရမ်းကြီးလွတ်နေပြီ ဆောင်းပါး)ကို ရေးသားခဲ့သူ၊ ၁၉၄၈-၁၉၆၂ ပါလီမန်ဒီမိုကရေစီခေတ် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဆရာညိုမြသည် အမြင့်တိုက်နယ် သောတာပန်ရွာဇာတိဖြစ်သည်။ ၂ဝဝ၄ ခုနှစ်တွင် ပျံလွန်တော်မူသော အမြင့်မြို့သစ်ကျောင်းဆရာတော် အရှင်နန္ဒာသီရိသည် အမြင့်မြို့မှဖြစ်သည်။ ( နန္ဒာသီရိ ဘဒ္ဒန္တ အမြင့်ရပ်သစ်ကျောင်းဆရာတော် )။ ဆရာတော်ဘုရားသည် ရဟန္တာဟုကျော်ကြား၍၊ ယနေ့ထက်တိုင် ဆရာတော်ဘုရား၏ ရုပ်ကလာပ်တော်ကို သဘာဝအတိုင်း ဖူးမြော်နိုင်သေးသည်။ [၁]

သမိုင်းအမည်များ[ပြင်ဆင်ရန်]

  1. သလ္လာဝတီမြို့
  2. သီရိဇေယျာပူရမြို့
  3. အမြင့်မြို့
  4. ဥဇ္ဇေနီပြည်
  5. ဖူးမစဲမြို့

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

အမြင့်ရွာသို့ရောက်ရန် ချောင်းဦး-အမြင့် ကျေးလက်လမ်းမကြီးကိုလည်းကောင်း၊ မုံရွာ-အမြင့် ကျေးလက်လမ်းမကြီးကိုလည်းကောင်း အသုံးပြုနိုင်သည်။ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆိပ်ကမ်းရွာတစ်ရွာဖြစ်သည်။ ချင်းတွင်းမြစ်ကူးတံတား(ဆင်ဖြူရှင်တံတား )၏ တောကျောင်းကြီးရွာမှ မြောက်ဖက်သို့ အနိမ့်ရွာ( ယခု သုံးပန်လှရွာ) (၂)မိုင်ခန့် ဆက်လက်သွားလာလျှင် အမြင့်ရွာသို့ ရောက်ရှိနိုင်သည်။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မှန်နန်းမဟာရာဇဝင်တော်ကြီး(ပထမတွဲ)