အင်္ဂလီကန်အသင်းတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အစောပိုင်း သမိုင်း[ပြင်ဆင်ရန်]

အင်္ဂလီကန်အသင်းတော်၏ မူလအစသည် မထင်ရှားလှပေ။ ဘီစီ ၅၅ ခုနှစ် မှ အေဒီ ၄၁ဝ ပြည့်နှစ်များအတွင်း ဗြိတိသျှကျွန်းကို ရောမလူမျိုးများ အုပ်စိုးခဲ့စဉ်က ခရစ်ယာန်အယူဝါဒကို ရောမစစ်သားများကသော်လည်းကောင်း၊ ကုန်သည်များကသော်လည်းကောင်း၊ ယူဆောင်လာခဲ့ရာ ခရစ်နှစ် ၂၅ဝ ပြည့်ခန့်တွင် ခရစ်ယာန်အသင်းတော်သည် ခိုင်မြဲစွာအမြစ်တွယ်နေပြီဖြစ်၍ ခရစ်နှစ် ၃၁၄ ခုနှစ်တွင် ပြင်သစ်ပြည်တောင်ပိုင်း အားလတွင်ကျင်းပသော အသင်းတော် လွှတ်တော်သို့ တက်ရောက်ရန် အင်္ဂလီကန်သာသနာပိုင်များ ဖိတ်ကြားခြင်းခံရသောအကြောင်းက ထိုအချိန်တွင် အင်္ဂလီကန်အသင်းတော်သည် တစ်ခုတည်းသော ကာသိုလစ်(ကက်သလစ်) အသင်းတော်ကြီး၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ထင်ရှားစေသည်။ သို့သော် ထိုအချိန်၌ အင်္ဂလီကန်အသင်းတော်သည် သီးခြားလွတ်လပ်သော အသင်းတော်တစ်ခု မဟုတ်သေးချေ။များမကြာမီ ခရစ်ယာန်အယူဝါဒသည် အိုင်ယာလန်၊ စကော့တလန်နှင့် ဝေလပြည်မှစသော ဗြိတိသျှကျွန်း၏ ကျန်ဒေသများသို့ ပြန့်နှံ့ခဲ့သည်။ ရောမစစ်တပ်များကို ရုပ်သိမ်းသွားပြီးသည့်နောက် ခရစ်ယာန် မဟုတ်သူများ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်က ခရစ်ယာန်များကို ဝေးလံသောအနောက်ဘက်နှင့် တောင်ဘက်ဒေသများသို့ မောင်းထုတ်ခဲ့ရာ ခရစ်ယာန်အနည်းငယ်သာ ကျန်ရှိတော့သည်။ သူတို့သည် ဆင်းရဲနွမ်းပါးခြင်း၏ ဒဏ်ကိုခံရလျက်ပင် အင်္ဂလီကန်အသင်းတော်ကို အသစ်တစ်ဖန် တည်ထောင်ခဲ့ကြသည်။

ခရစ်နှစ် ၅၉၇ ခုနှစ်တွင် ရှင်ဩဂတ်စတင်း(စိန်ဩဂတ်စတင်း)သည် အီတလီနိုင်ငံ ရောမမြို့မှ ရဟန်းအပါး ၄ဝ နှင့် အတူရောက်လာရာ အက်သယ်လဗတ်ဘုရင်က ကောင်းစွာလက်ခံလေသည်။ လအနည်းငယ်ကြာပြီးနောက် ဘုရင်ကိုယ်တိုင် ခရစ်ယာန်အယူဝါဒသို့ ကူးပြောင်းကာ ဗတ္တီဇံမင်္ဂလာကိုခံယူ၍ အင်္ဂလိပ်မြေပေါ်တွင် အင်္ဂလီကန်အသင်းတော်ကို အသစ်တဖန် တည်ထောင်ပြန်သည်။

အင်္ဂလီကန်အသင်းတော် ဟူသောဝေါဟာရသည် ခရစ်နှစ် ၁၂၁၅ ခုနှစ်က အသင်းတော်နှင့် ပြည်သူပြည်သားတို့ကို အချို့သောအခွင့်အရေးများပေးရန် ဂျွန်ဘုရင်အား အနိုင်အထက် လက်မှတ်ရေးထိုးစေခဲ့ရသော ပဋိညာဉ်စာချုပ် (ဂရိတ်ချာတာ-မဂ္ဂနာကာတာ)မှ ဦးစွာပေါ်ပေါက်လာသော ဝေါဟာရဖြစ်လေသည်။ ထိုအချိန်က ဤဝေါဟာရ၏အဓိပ္ပာယ်မှာ အင်္ဂလိပ်လူမျိုးတို့၏ ဒေသတွင်တည်ရှိသော ခရစ်ယာန်အသင်းတော်ဟု ဆိုလိုသည်။

အင်္ဂလီကန်အသင်းတော်သည် နှစ်ပေါင်းတစ်ထောင်မျှ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး၏ ဝိညာဉ်ရေးဦးဆောင်လမ်းပြမှုကို လက်ခံခဲ့သည်။ ထို့နောက်ပုပ်ရဟန်းမင်း၏ ဝိညာဉ်ရေးအာဏာ လွှမ်းမိုးမှုများ ပျောက်ကွယ်သွားခဲ့လေသည်။ သာသနာပိုင်၊ ဘုန်းကြီးနှင့် သင်းထောက်များဦးရေ အဆမတန်များလျက်ပင် ခရစ်ယာန်တို့၏ ဝိညာဉ်ရေးရာအဆင့်အတန်းသည် နိမ့်ကျသွားခဲ့လေသည်။

တစ်ဆယ့်ငါးရာစုနှစ်အကုန်လောက်တွင် ဉာဏ်သစ်အရေးပုံ ပေါ်ပေါက်လာသောအခါ အသင်းတော်ဘောင်၌လည်း အသစ်ပြုပြင်ရန်လိုအပ်လာပြီဟု မြင်တွေ့လာကြသည်။

ဤအသစ်ပြုပြင်ခြင်းကို မိမိကိုယ်ကိုအသင်းတော်အဓိပတိဟု ကြေညာခဲ့သူ အဋ္ဌမဟင်နရီဘုရင် လက်ထက်တွင် အစပြုခဲ့လေသည်။ ခရစ် ၁၅၇ဝ ပြည့်နှစ်ခန့် တွင် အင်္ဂလီကန်အသင်းတော်နှင့် ရောမအသင်းတော်တို့ လုံးဝကွဲကြသည်။ သို့သော် ဤကဲ့သို့ အင်္ဂလီကန်အသင်းတော် နှင့် ရောမအသင်းတော်များကွဲကြသော်လည်း နှစ်သင်းစလုံးသည် တမန်တော်များမှ ဆင်းသက်ခဲ့သည်ဟူသော သမိုင်းအစဉ် အဆက်ကို ဖျက်ဆီး မပစ်ကြပေ။ အင်္ဂလီကန်အသင်းတော်သည် ရောမအသင်းတော်မှ ခွဲထွက်ခဲ့သော်လည်း မိမိကိုယ်ကို အသင်းတော်သစ်တစ်ခုဖြစ်သည်ဟု မည့်သည့်အခါကမျှ မယူဆခဲ့ပေ။

အသင်းတော် ဦးဆောင်ပုံ[ပြင်ဆင်ရန်]

အင်္ဂလီကန်အသင်းတော်သည် အသင်းတော်၏အဆောက်အအုံ၌ လိုအပ်သည့် အမှုတော်ဆောင်များဖြစ်သော သာသနာပိုင်၊ ဘုန်းကြီးနှင့်သင်းထောက်များကို လက်ခံထိန်းသိမ်းထားသည်။ ထို့ ပြင် အသင်းတော်၏ အမှုတော်ဆောင်များကို ဆက်လက်တည်တံ့ထားနိုင်သူသည် အာဏာလွှဲအပ်ခြင်းခံရသော သာသနာပိုင်တစ်ဦးတည်းသာဖြစ်ကြောင်း စွဲမြဲစွာလက်ခံသည်။

သာသနာပိုင်ဟူသော ဝေါဟာရ၏အဓိပ္ပာယ်မှာ ကြီးကြပ်အုပ်ချုပ်သူဟုဖြစ်သည်။ ယခုခေတ် သာသနာပိုင်တို့၏ အဓိက တာဝန်ဝတ္တရားများမှာ ယင်းတို့သာလျှင် စီမံဆောင်ရွက် ပိုင်ခွင့်ရှိသော လက်တင်မင်္ဂလာနှင့် သိက္ခာတင်ခြင်းကို စီမံပြုပြင်ခြင်းအပြင် စက္ကရာမင်တမင်္ဂလာများကို စီမံခြင်းနှင့် မိမိပိုင်နယ်ပယ်ကို ကြီးကြပ်ကြည့်ရှုခြင်းတို့ ဖြစ်လေသည်။ မိမိနယ်ပယ်အတွင်းရှိ အခြားသင်္ဃာဆရာများကိုလည်း စီမံအုပ်ချုပ်ရလေသည်။ သူ့လက်အောက်တွင် အခြားသာသနာပိုင်များက အကူအညီပေးသော် ထိုသူတို့ကို လက်ထောက်သာသနာပိုင်များ ဟုခေါ်သည်။ အခြားသင်္ဃာဂိုဏ်းဝင်တို့ကို ဘုန်းကြီးနှင့်သင်းထောက်ဟု ခေါ်ဝေါ်ကြသည်။ ထုံးတမ်းစဉ်လာအရ သိက္ခာခံ သာသနာပိုင်ဘုန်းကြီးနှင့် သင်းထောက်တို့သည် မိမိတို့၏ သိက္ခာမူလအစကို ရှေးနှစ်ပေါင်း ၂ဝဝဝ ခန့်၌ သခင်ယေရှုက အသင်းတော်၏ ခေါင်းဆောင်များအဖြစ် ရွေးချယ်ခဲ့သော တမန်တော် ၁၂ ပါးသို့တိုင် အဆက်မပြတ်ပြန်လည် ရေတွက်နိုင်ကြသည်။

အင်္ဂလီကန်အသင်းတော်သည် လူများအတူတစ်ကွ ကိုးကွယ်ခြင်းဝတ်နှင့် ဗတ္တီဇံမင်္ဂ၊ လက်တင်မင်္ဂလာ၊ သန့်ရှင်းသောပွဲတော်မင်္ဂလာ၊ အာပတ်ဖြေခြင်းမင်္ဂလာ၊ သိက္ခာတင်ခြင်းမင်္ဂလာ၊ သန့်ရှင်းသော ဆီလိမ်းခြင်းမင်္ဂလာနှင့် လက်ထပ်မင်္ဂလာတည်း ဟူသော စက္ကရမင်တမင်္ဂလာများ ဆက်လက်ထိန်းသိမ်း ပြုစုစီမံသည်။ ထိုကဲ့သို့ အစဉ်အလာထုံးတမ်းများကို မပြတ်ထိန်းသိမ်းလာခြင်းကြောင့် မည်သည့်တစ်ဦးတစ်ယောက်မျှ အသင်းဟောင်းနှင့်ယှဉ်ပြိုင်သည့် အသင်းတော်သစ်သည် အဘယ်အချိန် အဘယ်အခါတွင် ပေါ်ပေါက်လာသည်ဟု မဖော်ပြနိုင်ချေ။ အင်္ဂလီကန်အသင်းတော်သည် ရှေးရောမလူမျိုးများခေတ်က ဗြိတိသျှကျွန်းစုသို့ ယူဆောင်လာသောအသင်းတော်၊ ထို့နောက်တွင် ရှင်ဩဂတ်စတင်း စတင်ယူဆောင် လာသောအသင်းတော်နှင့်တစ်ခုတည်းပင်ဖြစ်သည်။ ရောမရဟန်းမင်းကြီးကို ကျေးဇူးသစ္စာစောင့်သိရိုသေရခြင်းမှ ရပ်ဆိုင်းခြင်းသာ ခြားနားသည်။ စင်စစ် အသင်းတော်သစ်မဟုတ်ဘဲ အသင်းတော်ဟောင်းသာ ဖြစ်လေသည်။ အသစ်ပြုပြင်ခြင်းခေတ်၌ အင်္ဂလီကန်အသင်းတော်သည် မှားယွင်းချက်များကိုစွန့်လွှတ်၍ မိမိဘာသာပြုပြင်ခဲ့ခြင်းဖြစ်သည်။ မည်သည့်အခါကမျှ ပထမအသင်းတော်နှင့် အဆက်အနွယ်မပြတ်ခဲ့ချေ။

မြန်မာနိုင်ငံသို့ ရောက်ရှိလာပုံ[ပြင်ဆင်ရန်]

အင်္ဂလီကန်အသင်းတော် မြန်မာပြည်သို့ရောက်ရှိလာခြင်း ပင်လယ်ရပ်ခြားတိုင်းတစ်ပါးတို့၌ အင်္ဂလီကန်အသင်းတော်တိုးချဲ့ခြင်းနှင့် ဖွဲ့စည်းခြင်းတို့မှာ ပထမတွင် ခရီးမတွင်လှပေ။ ခရစ်နှစ် ၁၇၇၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ဗြိတိသျှလက်အောက်မှလွတ်မြောက်ကြောင်း ကြေညာခဲ့လေသည်။ ၁၇၈၄ ခုနှစ်တွင် စကော့တလန်ပြည်၌ ဆယ်မျူယယ် ဆီးဗယ်ရီဆိုသူအား ဘိသိက်ပေးပြီးသော် အမေရိကန်ပြည်ရှိ အသင်းတော်အတွက် ပထမသာသနာပိုင်အဖြစ် ခန့်ထားခဲ့လေသည်။ ဆီးဗယ်ရီအား သိက္ခာပေးပြီးနောက် သုံးနှစ်အကြာ ၁၇၈၇ ခုနှစ်တွင် နိုဗာစကိုးရှားပြည်၌ သာသနာပိုင်နယ် တည်ထောင်ခဲ့ရာ ယင်းမှာပင်လယ်ရပ်ခြားရှိ ဗြိတိသျှပိုင်နယ်မြေပေါ်တွင် အဦးဆုံး သာသနာပိုင်နယ် တည်ထောင်ခဲ့ခြင်းဖြစ်လေသည်။ များမကြာမီ ကမ္ဘာအရပ်ရပ်တွင် အခြားသာသနာပိုင်နယ်များ တည်ထောင်ခဲ့ကြသည်။ ၁၈၆၇ ခုနှစ်သို့ရောက်သောအခါ ကမ္ဘာပေါ်တွင် အင်္ဂလီကန်သာသနာပိုင်နယ်ပေါင်း ၁၄၄ နယ်ရှိခဲ့သည်။ ယခုအချိန်တွင် သာသနာပိုင်နယ်ပေါင်း ၃ဝဝ ကျော်မျှရှိလေပြီ။ အင်္ဂလီကန်အသင်းတော်တွင် ယခုအခါ အိုင်ယာလန်နှင့် ဝေလပြည်အသင်းတော်များ၊ စကော့တလန်နှင့် အမေရိကန်ပြည်အသင်းတော်များ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ရှိ သန့်ရှင်းသော ကာသိုလစ်အသင်းတော်များ၊ အိန်-ပါ- မြန်-သီ အသင်းတော်၊ တောင်အာဖရိက သာသနာပိုင်ချုပ်နယ်ပယ် အသင်းတော်၊ ကနေဒါပြည် အင်္ဂလန်အသင်းတော်၊ ဩစတြေးလျပြည်နှင့် တက်စမေနီးယားပြည်ရှိ အင်္ဂလန်ပြည်အသင်းတော်၊ နယူးဇီလန် သာသနာပိုင်ချုပ်နယ်ပယ်ဆိုင်ရာ အသင်းတော်၊ အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းရှိ သာသနာပိုင်ချုပ်နယ်ပယ် အသင်းတော်များအပြင် သာသနာပိုင်ချုပ်နယ်ပယ်မဖွင့်ရသေးပဲ ကန်တာဗာရီဂိုဏ်းချုပ်နယ်ပယ်အပေါ် အမှီပြုနေသော တစ်သီးပုဂ္ဂလ သာသနာပိုင်နယ်ပယ်များ ပါဝင်ကြလေသည်။

ခရစ် ၁၈၂၅ ခုနှစ်တွင် မြန်မာပြည်သို့ ပထမ ရောက်လာကြသော အင်္ဂလီကန်ဘုန်းတော်ကြီးများမှာ ဗြိတိသျှ စစ်ဘုန်းကြီးများဖြစ်ကြ၍ ဥရောပတိုက်သားများနှင့် နိုင်ငံခြားစစ်သားများကို ဝိညာဉ်ရေး၌ ကြည့်ရှုရန်ဖြစ်သည်။ မြန်မာလူမျိုးများအား တရားဟောပြောရန် အခွင့်မရကြချေ။ သို့သော် မြန်မာပြည်တွင်း နေထိုင်လျက်ရှိကြသော ဗြိတိသျှလူမျိုးများသည် သာသနာပြုလုပ်ငန်းများကို စိတ်ပါဝင်စားလာကြသည့် အတွက် အက်စပီဂျီခေါ် ဧဝံဂေလိတရားတော်ပြန့်ပွားရေးအသင်းမှ တစ်ဦးတစ်ယောက်ကို စေလွှတ်ပေးပို့ရန် သဘောတူခဲ့ကြလေသည်။ ကာလကတ္တားမြို့ ဗိရှော့ကောလိပ်မှ အင်္ဂလိပ်ကပြား မစ္စတာကော့ကီးဆိုသူမှာ ပထမဆုံးစေလွှတ်ခြင်းခံရသော အင်္ဂလီကန်သာသနာပြုဖြစ်သည်။ ပထမတွင် သာမန်ပုဂ္ဂိုလ်အနေဖြင့် မော်လမြိုင်မြို့တွင် ၁၈၅၄ ခုနှစ်တွင် လုပ်ငန်းစတင်လုပ်ကိုင်ခဲ့ပြီးလျှင် ၁၈၅၉ ခုနှစ်တွင် သိက္ခာခံရသည်။ ထိုနှစ်တွင်ပင် မော်လမြိုင်မြို့မှ မြန်မာလူမျိုးများသည် ဧဝံဂေလိတရားတော်ကို နာယူလိုကြောင်း တောင်းခံကြသဖြင့် ဘုန်းတော်ကြီး အေရှီးယားနှင့်ဇနီးတို့ကို လန်ဒန်မြို့မှစေလွှတ်လိုက်သည်။မြန်မာလူမျိုးထဲတွင် ပထမဆုံးအင်္ဂလီကန်ဖြစ်လာသော မောင်ရွှေဇံသည် ၁၈၆၃ ခုနှစ်တွင် အင်္ဂလန်ပြည်၌ ဗတ္တိဇံခံယူခဲ့လေသည်။ နောင်အခါတွင် ဒေါက်တာမတ် (ဆရာမှတ်)ဟုကျော်ကြားသော မစ္စတာဂျွန်မတ်ဆိုသူ ကျောင်းဆရာတစ်ယောက်သည် ၁၈၅၉ ခုနှစ်တွင် မော်လမြိုင်မြို့သို့ ရောက်ရှိလာလေသည်။ ၁၈၆၃ ခုနှစ်တွင် ယင်းအား သင်းထောက်သိက္ခာပေးပြီး ရန်ကုန်မြို့သို့ပြောင်းရွှေ့စေသည်။ ရန်ကုန်မြို့၌ ယခုလမ်းမတော် အမှတ်(၁) အစိုးရအထက်တန်းကျောင်းဟု အမည်တွင်သော ယခင် စိန်ဂျွန်းကောလိပ်ကို တည်ထောင်ခဲ့လေသည်။ ထို့ပြင် ကြည့်မြင်တိုင်၊ ဟင်္သာတ၊ မြန်အောင်နှင့် သရက်မြို့များတွင်လည်း အင်္ဂလီကန်လုပ်ငန်းများကို စတင်တည်ထောင်ခဲ့သေးသည်။ ၁၈၆၃ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး၏ ဖိတ်ကြားချက်အရ မန္တလေးမြို့သို့ သွားရောက်ခဲ့သည်။ မင်းတုန်းမင်းတရားကြီးက သူ့ကို ဘုရားရှိခိုးကျောင်းနှင့် စာသင်ကျောင်း ဆောက်လုပ်ခွင့်ပေးပြီးလျှင် မင်းညီမင်းသားများကို ထိုကျောင်းသို့ပို့၍ ပညာသင်စေသည့်အတွက် ထိုကျောင်းသည် ဘုရင့်ကျောင်းတော်ဟု အမည်တွင်ခဲ့လေသည်။

၁၈၇၃ ခုနှစ်တွင်တောင်ငူမြို့ရှိ မြန်မာလူမျိုးများအဖို့ သာသနာပြုလုပ်ငန်းများစတင်ခဲ့သည်။ ၁၈၇၅ ခုနှစ်တွင် ကရင်လူမျိုးများအတွက် သာသနာလုပ်ငန်းစတင်ခဲ့သည်။ ၁၇၇၇ ခုနှစ်တွင် အင်္ဂလီကန်လုပ်ငန်းများသည် များစွာတိုးတက်ကြီးပွားလာသည့်အတွက် ရန်ကုန်သာသနာပိုင် နယ်ပယ်တစ်ခုဖွဲ့စည်းခဲ့ပြီးလျှင် ယောနသန်တစ်တကုန်း (Jonathan Titcomb)ကို ပထမသာသနာပိုင်အဖြစ်ဘိသိက်ပေး၍ ခန့်ထားလေသည်။ ၁၈၇၈ ခုနှစ်နှောင်းတွင် သာသနာပိုင် တစ်တကုန်းသည် တောင်ငူမြို့ရှိ ကရင်သာသနာနယ်သို့ လှေဖြင့်သွားခဲ့ရာ လမ်းခရီးတွင် ၁၄ ရက်ကြာခဲ့သည်။ ပထမဆုံး ကရင်သင်းထောက်လေးဦးကို သိက္ခာပေးခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် အကျင့်သီလနှင့် ပြည့်ဝပြီးလျှင် ဘုရားတရားကြည်ညိုသူ ဘုန်းတော်ကြီး ယာကုပ်ကိုးလဗက်ကို မန္တလေးမြို့သို့ စေလွှတ်ခဲ့သည်။

ဒုတိယသာသနာပိုင်ဖြစ်သော ဂျွန်မီလာစထရွန်း (John Miller Strachan)ကို ၁၈၈၂ ခုနှစ်တွင် ဘိသိက်ပေးခဲ့လေသည်။ ဂျွန်မီလာစထရွန်းသည် အနှစ် ၂ဝ မျှသာသနာပိုင်ဖြစ်စဉ် အလွန်ကျွမ်းကျင်သော ဆရာဝန်တစ်ယောက် ဖြစ်သည့်အတိုင်း ဗိုလ်တထောင်ဘက်တွင် ကိုယ်ပိုင်ဆေးပေးခန်းတစ်ခု ဖွင့်ခဲ့နိုင်သေးသည်။ သာသနာပိုင် စထရွန်း၏ လက်အောက်၌ (၁)ကရင်လူမျိုးများတွင် အင်္ဂလီကန်လုပ်ငန်းများ တည်တန့်ခိုင်မာလာသည်။ (၂) တတိယ အင်္ဂလိပ်·မြန်မာစစ်ပြီးနောက် အထက်မြန်မာပြည်၌ အင်္ဂလီကန်လုပ်ငန်းများ ပြန်လည်တည်ထောင်ခဲ့သည်။ (၃) အောက်မြန်မာပြည်၌ အင်္ဂလီကန်လုပ်ငန်းများ အခိုင်အမာအမြစ်စွဲစပြုလာခဲ့သည်။

ယနေ့မြန်မာနိုင်ငံတွင် ရခိုင်၊ မြန်မာ၊ ကရင်၊ ရှမ်း၊ ကယား၊ ကချင်နှင့် ချင်းလူမျိုးများ အပါအဝင် အင်္ဂလီကန်အသင်းဝင်ပေါင်း ၂ဝ၀၀ဝဝဝ ခန့်ရှိသည်။ ထိုအသင်း၌ သာသနာပိုင် သုံးပါး၊ ဘုန်းတော်ကြီးနှင့် သင်းထောက်ပေါင်း ၈၅ ပါးအပြင် ဓမ္မဆရာပေါင်း ၁ဝ၅ ဦးအမှုတော်ကို ထမ်းဆောင်လျက်ရှိကြသည်။

အသင်းတော် ဦးဆောင်ပုံနှင့် ယုံကြည်ချက်[ပြင်ဆင်ရန်]

တစ်နည်းအားဖြင့်ဆိုသော် အင်္ဂလီကန်အသင်းများသည် ရောမအသင်းမှခွဲထွက်ခဲ့သော အင်္ဂလိပ်အသင်းမှ ပေါက်ပွားလာသည့် အသင်းတော်များဖြစ်ကြ၍ အားလုံးသည် အလွန်တရာ ရင်းနှီးစွာ အဆက်အသွယ်ရှိကြသူများဖြစ်သည်။ အသင်းတော်အကြောင်း သဘောတရားခံယူချက်တို့ကို ယေဘုယျအားဖြင့် သဘောတူလက်ခံကြသည်။ သာသနာပိုင်၊ ဘုန်းကြီးနှင့် သင်းထောက်ဟူ၍ သုံးဆင့်သော သင်္ဃာဂိုဏ်းရှိသည်။ တစ်သင်းနှင့် တစ်သင်း အပြည့်အစုံ မိတ်သဟာရရှိကြသည်။ ဆိုလိုသည်မှာ တစ်သင်းမှ အသင်းဝင်မည်သူမဆို အခြားတစ်သင်းတွင် လွတ်လပ်စွာပွဲတော်ခံယူခွင့်ရှိသည်။ အားလုံးသော အင်္ဂလန်အသင်းတော်တို့သည် ကန်တာဗာရီကို စည်းလုံးခြင်း၏ ဦးစီးကဲ့သို့ ထားကြ၏။ လက်တွေ့အားဖြင့် ကန်တာဗာရီသာသနာပိုင်ချုပ်ကြီးက ဆယ်နှစ်လျှင်တစ်ကြိမ် မိမိ၏အိမ်တော်ဖြစ်သော လန်ဒန်မြို့ရှိ လင်းဗတ်နန်းတော်တွင် သာသနာပိုင်များကို ဖိတ်၍ စည်းဝေးစေသည်။ ထိုအစည်းအဝေးသည် ဥပဒေပြဋ္ဌာန်းမှုများ၊ သို့မဟုတ် ဆုံးဖြတ်ချက်များကို အသင်းတော်အမည်ဖြင့် မပြုလုပ်နိုင်ပေ။ သို့သော်လည်း ထိုအစည်းအဝေးမှ ထုတ်ပြန် သောအစီရင်ခံချက်များသည် အင်္ဂလီကန်သာသနာပိုင်အားလုံး ကိုယ်စားပြုသည့် သဘောတရားများဖြစ်လေသည်။ ထိုအစည်းအဝေးတွင် လူအမျိုးမျိုး၊ အသားအရောင်အမျိုးမျိုး၊ ဘာသာစကားအမျိုးမျိုး၊ အခြေခံအမျိုးမျိုးရှိကြသည့် ရာပေါင်းများစွာသော သာသနာပိုင်များပါဝင်၍ ကန်တာဗာရီဂိုဏ်းချုပ်ကြီးအား သဘာပတိအဖြစ်ထားရှိပြီးလျှင် အညီအညွတ်စည်း ဝေးဆွေးနွေးခဲ့သော အစည်းအဝေး၏ထုတ်ပြန်ချက် ဖြစ်သောကြောင့်ဖြစ်၏။

အင်္ဂလီကန်အသင်းတော်တို့တွင် ဆုတောင်းပုံဆုတောင်းနည်း အမျိုးမျိုးရှိသည်။ ဒေသနာတရားတော်သည်လည်း လိုအပ်သည်ထက် လျော့လျည်းလျည်းနိုင်သည်။ သို့သော် ယင်းအချက်တို့သည်ပင် ခြားနားလျက် စည်းလုံးမှုရှိနိုင်ကြောင်းဖော်ပြသည့် အံ့ဩဖွယ်သက်သေများဖြစ်သည်။ အပြင်အပတူညီမှုပေါ်တွင် တစ်လုံးတစ်ဝတည်း မတည်ကြောင်းကို ကမ္ဘာသို့ မျက်ဝါးထင်ထင် လက်တွေ့ပြခြင်းလည်းဖြစ်သည်။ အင်္ဂလီကန်အသင်းတော်သည် ယခုအခါ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့နေပြီ။ နိုင်ငံတိုင်းတွင် တွေ့နိုင်သည်။ အင်္ဂလီကန်အသင်းတော်သည် တိုက်ကြီးခြောက်တိုက်စလုံးတွင် ဝမ်းမြောက်ဖွယ်ရာတရားတော်တို့ကို ဟောပြလျက်ရှိ၍ စုစုပေါင်း အင်္ဂလီကန်ဦးရေမှာ သန်းပေါင်း ၄ဝ ခန့်ရှိပေလိမ့်မည်။

နိုင်ငံတိုင်းတွင်ရှိသော အင်္ဂလီကန်အသင်းတော်မှာ လွတ်လပ်သောအသင်းတော်ဖြစ်၏။ များသောအားဖြင့် တိုင်းရင်းသားများက အုပ်ချုပ်ကြီးကြပ်လေသည်။ လွတ်လပ်ခြင်း အပေါ်တည်ဆောက်၍ ကြီးပွားတိုးတက်သည်။ အဓိကကိုးကွယ်ဝတ်ပြုခြင်းများတွင် တိုင်းပြည်၏အစိုးရနှင့် အရာရှိများအတွက် ဆုတောင်းပေးရသည်။ အင်္ဂလန်ပြည်၌ရှိသော အသင်းတော်တစ်ခုတည်းသာ နိုင်ငံတော်အသင်းဖြစ်သည်။ သို့ပင်ဖြစ်လင့်ကစား နိုင်ငံရေးလောက၏အပြင်အပ၌ အသင်းတော်ကိုထားရှိစေပါမည်ဟုအာမခံရှိသည်။ မည်သည့်အရပ်တွင်ဖြစ်စေ အင်္ဂလီကန်အသင်းတော်သည် နိုင်ငံရေးအစည်းအရုံးမဟုတ်။ မည်သည့် နိုင်ငံရေးပါတီ အစည်းအရုံး၌လည်း ပါဝင်ခြင်းမရှိချေ။ အသင်းတော်မကွဲပြားမီက ယုံကြည်ခြင်းကို အင်္ဂလီကန်အသင်းတော်က သင်ကြားသည်။ ကာသိုလစ်ယုံကြည်ချက်နှင့် သမ္မာကျမ်းစာတော်ကို လက်ခံယုံကြည်သည်။ အသင်းတော်သူ အသင်းတော်သားတို့အား ကယ်တင်ခြင်းအဖို့ လိုအပ်ရာတို့ကို သင်ကြားပေးရာတွင် သမ္မာကျမ်းစာတော်နှင့်ညီမှ သင်ကြားရမည်ဟုဆိုထားသည်။ အသင်းတော်ကြီး မကွဲပြားမီက ကျင်းပခဲ့သော သာသနာ့လွှတ်တော်တို့၏ ဒေသနာဆိုင်ရာဆုံးဖြတ်ချက်များကိုလက်ခံသည်။ အင်္ဂလီကန်အသင်းတော်သည်ငြိမ်းချမ်းရေးကို လိုလား၍ နှိပ်စက်ညဉ်းပန်းခြင်းကို ဆန့်ကျင်သည်။ အမှန်တရားကို တစ်ဦးတစ်ယောက်အား အတင်းအကြပ် လိုက်နာစေမည့်အစား ထိုသူအားမိမိ၏ ဩတ္တပ္ပစိတ်အလျောက် လုပ်ကိုင်ပြုမူရန် ရွေးချယ်စေသည်။ အင်္ဂလီကန်အသင်းတော်သည် တစ်ကမ္ဘာလုံးအဖို့ဖြစ်သည်။ ပြုပြင်ထားသောအသင်းဖြစ်သည်။ ယုံကြည်ခြင်းစည်းကမ်းရှိ၍ သဘောထားကြီးသည်။ သို့သော်လည်း မိမိကိုယ်ကို အစုံလင်ဆုံးအသင်းတော်ဟုမပြော၊ လက်လည်းမခံချေ။

အင်္ဂလီကန်၏ ထူးခြားချက်တို့သည် အချိန်များစွာ ခရစ်ယာန်အသင်းတော်ကြီးတွင် လိုလေဦးမည်ဟု အင်္ဂလီကန်အသင်းတော်သူ အသင်းသားများက ယုံကြည်ကြသော်ငြားလည်း အချိန်အကန့်အသတ်မရှိဘဲ အင်္ဂလီကန်ဂိုဏ်းဟု ခရစ်ယာန်လောကတွင်တည်နေရန် အင်္ဂလီကန်အသင်းတော်က လင်းဗတ်အစည်းအဝေးကော်မတီတစ်ခုမှာ သာသနာပိုင်များက အောက်ပါ ထုတ်ပြန်ချက်ကို ကြေညာခဲ့သည်။

ကျွန်ုပ်တို့၏မျှော်မှန်းချက်သည် အင်္ဂါစုံကာသိုလစ်အသင်းတော်သာဖြစ်သည်။ အင်္ဂလီကန်အသင်းတော်ပေါ်ထွက်ရခြင်းမှာ ခရစ်ယာန်အသင်းတော်ကြီးကွဲပြားခြင်းကြောင့် အခြေအနေအားဖြင့် ပေါ်ထွက်ရသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ခံရသည်မှာ ဓမ္မဒိဋ္ဌဖြစ်၍ ကျေးဇူးတင်လျက် ဝန်ခံကြပါသည်။ သို့သော် ယခုပစ္စုပ္ပန်အခြေအနေသည် ယာယီအခြေအနေသာဖြစ်၍ ကျွန်ုပ်တို့အား သီးခြားရှိစေသော လူမျိုးရေး၊ သမိုင်းဆက်သွယ်ရေးများ ကျော်လွန်နိုင်သောနေ့၊ မျှော်မှန်းနိုင်သောအခါတွင် ပိုမိုကျယ်ပြန့်သော မိတ်သဟာရဖွဲ့ခြင်း၊ ကာသိုလစ်အသင်းတော်၌ ပါဝင်နိုင်ရန်ဖြစ်သည် [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)