မာတိကာသို့ ခုန်သွားရန်

သမ္မာကျမ်းစာ

ဝီကီပီးဒီးယား မှ

သမ္မာကျမ်း (အင်္ဂလိပ်: Bible) သည် ခရစ်ယာန်ဘာသာဝင်များ၏ ကျမ်းစာဖြစ်ပြီး ဘုရားသခင်ပြောသောစကားများကို ရေးသားထားသည့်စာအုပ်လည်းဖြစ်သည်။

သမ္မာကျမ်းစာတွင် ယေရှုခရစ်တော် မဖွားမြင်ခင်က ရေးခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး ခရစ်တော်မွေးဖွားပြီးနောက်ပိုင်း ရေးသားသည့်ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်ပါသည်။ ရေးသားခဲ့သူများမှာ တံငါသည်မှ ရှင်ဘုရင်အထိ လူအမျိုးမျိုးပါဝင်ကြပြီး ဘုရားသခင်၏ ရူပါရုံပေးခြင်းဖြင့် ရေးနိုင်ခဲ့ကြသည်။ ဓမ္မဟောင်းတွင် ၃၉ ကျမ်းပါရှိပြီး၊ ဓမ္မသစ်ကျမ်းတွင်၂၇ ကျမ်းပါဝင်သည်။ ရိုမင်ကက်သလစ်ကျမ်းတွင် ကျမ်းပို (apocrypha) ၂၃ ကျမ်းပါရှိ၍ ဓမ္မဟောင်းကျမ်း ၄၆ ကျမ်းနှင့် ဓမ္မသစ်ကျမ်း ၂၇ ကျမ်းပါရှိသည်။ ဂရိနှင့် ရုရှအောက်သိုဒေါ့ကျောင်းတော်များက ဖော်ပြပါ ကျမ်းပိုများအပြင် အခြားကျမ်းပိုများကိုလည်း လက်ခံကြသည်။

မည်သည့်အချိန်မှ စတင်ရေးသားခဲ့သည်ကို အတိအကျမသိနိုင်သော်လည်း ဂျူးလူမျိုးများ၏ မောရှေ ပညတ်တရား ၅ကျမ်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ မောရှေ၏ ပညတ်တော် ၁၀ ပါး ကို ဘီစီ ၁၄၀၆ (မောရှေ သေဆုံးချိန်) မတိုင်မီရေးခဲ့သည်။ ထိုနောက်ပိုင်းတွင် ဂျေရုဆလင်မြို့ကို ဘေဘီလုံသားများ ဖျက်ဆီးပြီးနောက် ပရောဖက် နေဟမိ နောက်ဆုံး ပြန်လည်တည်ဆောက်တဲ့အချိန် ဘီစီ ၄၃၂ အချိန်ခန့်တွင် ဓမ္မဟောင်းကျမ်းစာ နောက်ဆုံးကျမ်းကို ရေးသားခဲ့သည်။ နှစ်ပေါင်း ၄၀⁠၀ ကျော် မည်သူမျှ ကျမ်းမရေးခဲ့ဘဲ ခရစ်တော်ယေရှုကို ဖွားမြင်သည့် ဘီစီ ၆ - ၅ ခန့်တွင် ဓမ္မသစ်ကျမ်းအတွက် ရေးသားရန်ဖြစ်လာခဲ့သည်။ ခရစ်တော်ကို ကားတိုင်တင်သတ်ခဲ့သည့် အေဒီ ၃၀ နောက်ပိုင်းတွင် ဓမ္မသစ်ကျမ်းစာများကို တမန်တော်များက ရေးသားခဲ့သည်။ တမန်တော် ရှင်ပေါလုသက်သာလောနိတ် ပထမစာစောင်ကျမ်းသည် ဓမ္မသစ် ပဌမဆုံးကျမ်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ နောက်ဆုံးကျမ်းဖြစ်သော ဗျာဒိတ်ကျမ်းကို တမန်တော် ရှင်ယောဟန် သေဆုံးသည့် အေဒီ ၉၅ခန့်တွင် ရေးသားသည်ဟု ဆိုသည်။

ဥရောပအနောက်ခြမ်း ခရစ်ယာန်ဘာသာတွင် ဂိုဏ်းပေါင်းများစွာရှိသည့်အနက် အဓိကအားဖြင့် မူလပထမ ခရစ်ယာန်များဟုခေါ်ဆိုကြသည့် ရိုမန်ကက်သလစ် (Roman Catholic) များနှင့် မာတင်လူသာနောက်ပိုင်းတွင် ပုပ်ရဟန်းမင်းကို တော်လှန်ပြီး ဖြစ်ပေါ်လာသော ပရိုတက်စတင့်ဟူ၍ နှစ်မျိုးရှိသည်။ အရှေ့ဥရောပမှာ အောက်သိုဒေါ့ ခရစ်ယာန်များလည်း အစဦးခရစ်ယာန်များ ဖြစ်သည်။ အရှေ့ဥရောပရှိ ပုပ်ရဟန်းမင်းကို အသိအမှတ်ပြုသော အရှေ့ဥရောပကက်သလစ်များလည်း ရှိသည်။ သို့သော် အဓိကအားဖြင့် ရိုမင်ကက်သလစ် နှင့် ပရိုတက်စတင့် ၂ မျိုးတို့တွင် ပုပ်ရဟန်းမင်းကို ဦးသျှောင်ထားသော ရိုမန်ကက်သလစ်များနှင့် အောက်သိုဒေါ့ခရစ်ယာန်များ၏ သမ္မာကျမ်းစာတွင် ကျမ်းပို (apocrypha) များပါရှိသည်။

သမ္မာကျမ်းစာကို အမေရိကန် နှစ်ခြင်းသာသနာပြုဆရာကြီး အေဒိုနီယံယုဒသန်က ဂရိ(ဟေလသ)နှင့် ဟီးဘရူးဘာသာ(ဟေဗြဲ) တို့မှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ ၎င်းသမ္မာကျမ်းစာသည် ယနေ့တိုင် အသုံးပြုနေသော တစ်ခုတည်းသော သမ္မာကျမ်းစာ ဖြစ်နေသည်။ သိမ်းငှက်တည်းဖြတ်မှုဟူသော ကျမ်းစာမူသစ်တစ်မျိုးကို ပြန်လည် တည်းဖြတ်ခဲ့သော်လည်း မြန်မာပြည် ခရစ်ယာန်အများက ကန့်ကွက်ခဲ့ကြသည်။ မြန်မာနိုင်ငံကျမ်းစာအသင်းမှ ခေတ်သုံးမြန်မာစာ ဟူ၍ မူသစ်တစ်ခု ပြုစုထုတ်ဝေထားသော်လည်း အသုံးပြုမှုတွင်ကျယ်ခြင်း မရှိပါ။

သမ္မာကျမ်းသည် စင်စစ်အားဖြင့် စာတစ်အုပ်တည်းမဟုတ်၊ အုပ်တွဲပေါင်း ၆၆ အုပ်တွင် တစ်ပေါင်းတည်း ပြုစုထားသော ဗဟုသုတပေါင်းစုံသည့်ကျမ်းစာ တစ်ခုဟု ဆိုလောက်သည်။ ခရစ်ယာန်အယူဝါဒ ရောက်ရှိသွားသောနိုင်ငံ မှန်သမျှ၌ သမ္မာကျမ်းကို တိုင်းရင်းဘာသာဖြင့် ဘာသာပြန်ပြီးရှိ၏။ သမ္မာကျမ်းသည် ကမ္ဘာ့စာပေလောက၌ ဘာသာအမျိုးအစုံဆုံးဖြင့် ပြန်ဆိုခြင်းခံခဲ့ရသော ကျမ်းဖြစ်သည်ဟုဆိုရပေမည်။ သမ္မာကျမ်းတစ်ခုလုံးကို ဘာသာပေါင်း ၁ဝ၈ မျိုးဖြင့် ပြန်ဆိုထား၍ တစ်စိတ်တစ်ဒေသကိုမူ ဘာသာပေါင်း ၅ဝဝ ကျော်ဖြင့်ပြန် ဆိုထားလေသည်။ ၁၃၈၂ ခုနှစ်က ဂျွန်ဝစ်ကလစ်ဆိုသူသည် အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးပြန်ဆိုခဲ့လေသည်။ သူ့နောက်မှ အထပ်ထပ်ပြင်ဆင်ပြန်ဆိုကြသည်မှာလည်း အများအပြားပင် ဖြစ်သည်။ နောက်ဆုံး ၁၉ ရာစုနှစ်လောက်ကစတင်၍သမ္မာကျမ်း၌ ပါရှိသောကဗျာလင်္ကာများကို အနေအထားမပျက်အောင် စီစဉ်ပုံနှိပ်ကြသည်။

ဓမ္မဟောင်းကျမ်း

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်းမှာ ရှေးကရဟူဒီများရေးသားခဲ့သည့် ကျမ်းစာများကိုတစ်စုတည်း တွဲထားခြင်းပင် ဖြစ်သည်။ ယခုသုံးနေကြသောဓမ္မဟောင်းကျမ်းမှာ အချို့သောကျမ်းများကိုပယ်၍ စုပေါင်းထားခြင်းဖြစ်၏။ ထိုပယ်ထားသောကျမ်း ၁၄ တွဲကို 'အပိုကရိုင်းဖား' ဟုခေါ်သည်။ အဓိပ္ပာယ်မှာကွယ်ဝှက်ထားသော ကျမ်းများဟုဆိုလိုသည်။ ဗရင်ဂျီဂိုဏ်းဝင်များက ထိုပယ်ထားသောကျမ်းများကို သုံးမြဲသုံးသော်လည်း၊ ပရိုတက်စတန့်ဂိုဏ်းဝင်တို့ကမသုံးတော့ချေ။

ဓမ္မဟောင်းကျမ်းကို စာပေတစ်ခုအဖြစ်နှင့်သုံးသပ်ကြည့်ပါက ဟီဗြူးစာပေ၏အရသာကို သိရပေလိမ့်မည်။ ဓမ္မဟောင်းကျမ်းတွင်ပါသောဓမ္မသီချင်းများသည် တရားစာများအဖြစ်ထက်ကဗျာအဖြစ်ပို၍ ကောင်းမွန်သည်ကိုတွေ့ရလေသည်။ ဓမ္မဟောင်းကျမ်းတွင် ကဗျာလင်္ကာများသာမက၊ စကားပြေနှင့်ပြဇာတ်သဘောများပါ ပါရှိသေးသည်။ စကားပြေများတွင် ရုသဝတ္ထုသည်ရိုးရိုးနှင့်ပြေပြစ်လှပသောပုံဝတ္ထုကလေးဖြစ်၍ စာပေတွင်အ ကောင်းဆုံး တစ်ခုဟုအသိအမှတ်ပြုကြရသည်။ ဓမ္မဟောင်း ကျမ်းကိုယခုခေတ်စာပေသမားများက အမျိုးမျိုးဝေဖန်ကြလေသည်။ အတွေးအခေါ်သာမဟုတ်၊ စာအရေး အားလည်းအလွန်ကောင်းလှသဖြင့် ထိုကျမ်းကို တစ်ဦးတည်းပြုစုသည်မဟုတ်၊ ပညာရှင်များစုပေါင်းပြုစုခြင်းဖြစ်ရမည်ဟုပင် ယူဆကြသည်။ ယခုအခါထိုကျမ်းကို ဋီကာ၊ အဋ္ဌကထာစသည်ဖြင့်အမျိုးမျိုး ဖွင့်ထားကြသည်။

ဓမ္မဟောင်းကျမ်းတွင် အပိုကရိုင်းဖားခေါ်ကွယ်ဝှက်ထားသောကျမ်းတို့မှာ အယူဝါဒဆိုင်ရာဘက်၌ အရေးမကြီးသကဲ့သို့ ချန်ထားခဲ့သော်လည်း စာပေအဖြစ်ဖြင့်ကားတန်ဖိုးရှိပေသည်။ ထိုကျမ်းများသည်ခံ့ညားသလောက် စာပေအရေးအသားမှာရိုးသား၍ အဓိပ္ပာယ်ပြည့်ဝလှ၏။ ထိုကျမ်း များသည် စာပေဂုဏ်မြောက်လောက်အောင်အရေးအသားကောင်းရုံသာမက ဗဟုသုတအဆီအနှစ်နှင့်လည်း ပြည့်စုံလှသည်။

ဓမ္မဟောင်းကျမ်းကိုခရစ်မပေါ်မီ ၂ဝဝဝ ပြည့်နှစ်တွင်ဂရိဘာသာသို့ပြန်ဆိုခဲ့လေသည်။ တစ်ဖန် လက်တင်ဘာသာသို့ပြန်ခဲ့ပြီးနောက် ခရစ်ယန်အယူဝါဒ၌ သက်ဝင်သည့် တိုင်းပြည်တိုင်းကမိမိတို့၏တိုင်းရင်းဘာသာအသီးသီးသို့ ပြန်ဆိုကြလေသည်။ ဓမ္မဟောင်းကျမ်းတွင် ပါလက်စတိုင်ပြည်သားတို့ကိုးကွယ်ရန် တစ်ဆူတည်းသောဘုရားရှာဖွေကြံဆကြသည့်အဖြစ်အပျက်များပါဝင်သည်။

ဓမ္မသစ်ကျမ်း

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဓမ္မသစ်ကျမ်း

ဓမ္မသစ်ကျမ်းမှာ ထိုလူမျိုးများ မျှော်လင့်တောင့်တ ယုံကြည်ကြသည့်အတိုင်း ထာဝရဘုရားသခင်ထံမှ ကယ်တင်မည့်သူစေလွှတ်လိုက်သောအခါ ခရစ်တော်ယေရှုလူ့ပြည်သို့ ရောက်လာပုံ၊ သူ၏ဟောပြောဆောင်ရွက်ချက်များနှင့် သူ၏တပည့်သားများထံပေးသောဩဝါဒစာများ ဖြစ်လေသည်။ ဓမ္မသစ်ကျမ်းကို ဂရိဘာသာနှင့် အာရေးမစ်ဘာသာဖြင့် စီစဉ်ရေးသားခဲ့ရာ ရေးသားစီရင်သူများမှာလည်း ဂရိလူမျိုးများဖြစ်၍ယဟူဒီလူမျိုးတစ်ဦးသာပါလေသည်။ သမ္မာကျမ်းစာကိုစာပေအဖြစ်နှင့်လေ့လာစေကာမူ၊ ခရစ်တော်ယေရှု၏အကြောင်းကိုချန်လှပ်ထားခဲ့၍မဖြစ်နိုင်ချေ။ ဓမ္မသစ်ကျမ်းအတွဲတိုင်း၌လိုပင် သူ၏ဆောင်ရွက်ချက် ဟောပြောချက်များပါ ဝင်လေသည်။

မြန်မာဘာသာသို့ ပြန်ဆိုခြင်း

[ပြင်ဆင်ရန်]

ဟေဗြဲ၊ ဟေလသ၊ ပါဠိတော်မှ မြမ္မာဘာသာအားဖြင့် ဆရာယုဒသန်
အနက်ပြန်၍ ပုံနှိတ်သော
ဓမ္မဟောင်းကျမ်နှင့် ဓမ္မသစ်ကျမ်
တည်းဟူသော
ထာဝရဘုရား၏
သမ္မာကျမ်

— မော်လမြိုင်မြို့တွင် ၁၈၄၀ ခုနှစ်ပုံနှိပ်ထုတ်ဝေထားသော စာအုပ် နိဒါန်း
ဆရာကြီးယုဒသန် မြန်မာဘာသာပြန်ဆိုခဲ့သော သမ္မာကျမ်းစာ

ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတည်းဟူသော ထာဝရဘုရား၏ သမ္မာကျမ်းကိုဒေါက်တာ အေဒိုနီယံယုဒသန်သည်ဟေဗြဲ၊ ဟေလာသဘာသာမှ မြန်မာဘာသာဖြင့် အနက် ပြန်ခဲ့လေသည်။

ယုဒသန်ပြန်ဆိုခဲ့သောဓမ္မသစ်ကျမ်းကို ၁၈၃၂ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့သာသနာပုံနှိပ်တိုက်၌ ပထမဆုံးအကြိမ် ရိုက်နှိပ်ခဲ့၏။ ယုဒသန်သည် ဓမ္မဟောင်းကျမ်းကိုလည်း ဆက်လက်ပြန်ဆိုခဲ့ရာ ၁၈၃၅ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပုံနှိပ်ပြီးစီး လေသည်။ [] ဓမ္မသစ်ကျမ်းမှာ ထိုလူမျိုးများ မျှော်လင့်တောင့်တ ယုံကြည်ကြသည့်အတိုင်း ထာဝရဘုရားသခင်ထံမှ ကယ်တင်မည့်သူစေလွှတ်လိုက်သောအခါ ခရစ်တော်ယေရှုလူ့ပြည်သို့ ရောက်လာပုံ၊ သူ၏ ဟောပြောဆောင်ရွက်ချက်များနှင့် သူ၏တပည့်သားများထံပေးသောဩဝါဒစာများ ဖြစ်လေသည်။ ဓမ္မသစ်ကျမ်းကို ဂရိဘာသာနှင့် အာရမိုက်ဘာသာဖြင့် စီစဉ်ရေးသားခဲ့ရာ ရေးသားစီရင်သူများမှာလည်း ဂရိလူမျိုးများဖြစ်၍ယဟူဒီလူမျိုးတစ်ဦးသာပါလေသည်။ သမ္မာကျမ်းစာကိုစာပေအဖြစ်နှင့်လေ့လာစေကာမူ၊ ခရစ်တော်ယေရှု(ယေဇူး)၏အကြောင်းကိုချန်လှပ်ထားခဲ့၍မဖြစ်နိုင်ချေ။ ဓမ္မသစ်ကျမ်းအတွဲတိုင်း၌လိုပင် သူ၏ဆောင်ရွက်ချက် ဟောပြောချက်များပါ ဝင်လေသည်။

မြန်မာပြည်ရှိ ရိုမန်ကက်သလစ်အသင်းတော်သည်လည်း ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကက်သလစ်မြန်မာကျမ်းစာတော်မြတ်ဘာသာပြန်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်တွင် ဓမ္မသစ်ကျမ်း (၂၇)စောင်၊ ဆာလံကျမ်း၊ ပညာအလိမ္မာကျမ်း(သုတ္တံကျမ်း) နှင့် ဓမ္မဟောင်းတွဲဖက်ကျမ်းများ (Deuterocanonical Books) ပါဝင်သည့် သမ္မာကျမ်းစာ စာအုပ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ၎င်းသမ္မာကျမ်းစာ စာအုပ်တွင် ပါဝင်သော လူပုဂ္ဂိုလ်များ၊ မြို့များ၏ အခေါ်အဝေါ်များမှာ ဆရာယုဒသန်ထုတ်ဝေသော သမ္မာကျမ်းစာ၏ အမည်နာမများနှင့် ကွဲလွဲမှုများစွာရှိပေသည်။ အကြောင်းမှာ ၎င်းသမ္မာကျမ်းစာ စာအုပ်ကို ဟီဘရူး၊ ဂရိ၊ လက်တင်နှင့် အင်္ဂလိပ်(RSV) ဘာသာစကားတို့ကို အဓိကထား ဘာသာပြန်ဆိုထားသောကြောင့်ဖြစ်သည်။ ယင်းသမ္မာကျမ်းစာစာအုပ်ကို မြန်မာပြည်ကက်သလစ်အသင်းတော်တွင် လက်ရှိအသုံးပြုလျက်ရှိသည်။

အမည်နာမ ကွဲပြားချက်

[ပြင်ဆင်ရန်]

လက်ရှိ မြန်မာပြည်၏ ပရိုတက်စတင့်အသင်းတော်များ အသုံးများသော ဆရာယုဒသန် မြန်မာပြန်ဆိုသော သမ္မာကျမ်းစာနှင့် မြန်မာပြည် ကက်သလစ်အသင်းတော်၏ လက်ရှိအသုံးပြုလျက်ရှိသော သမ္မာကျမ်းစာ သည် အရေးအသားပိုင်းသာမက အမည်နာမများပါကွဲပြားခြားနားသည်။ သို့သော် အချို့မှာ တူညီမှုရှိသည်။ အသုံးအနှုန်းကွဲပြားမှုကို အောက်တွင် ဥပမာအချို့ ပြသထားသည်။

ယုဒသန်မြန်မာပြန် ကက်သလစ်မြန်မာပြန်
ယေရှု ယေဇူး
မဿဲ မာတေးဦး
မောရှေ မိုးဇယ်
ယုဒ ဂျုဒ
မာရိ မာရိယာ
မာဂဓလမာရိ မာရိယာမာဒလေးနာ
ရှိမုန်ပေတရု စီမွန်ပေတရု
ယေရုဇလင် ဂျေရုဇလင်
ယောသပ် ဂျိုးဇက်/ဇူဇယ်
ကောရိန္သု ကော်ရိန့်သု
ကောလောသဲ ကော်လောဆေ
သက်သာလောနိတ် သက်ဆာလောနိက
တိမောသေ တီမောသီဦး
ဖိလေမုန် ဖိလေမွန်
ဟေဗြဲ ဟေဗြေဦး
ဂလာတိ ဂါလားဆီယာ
ဖိလိပ္ပိ ဖိလိပိ
ဧဖက် ဧဖက်ဆု

သမ္မာကျမ်းစာအုပ်သမိုင်း အကြောင်းအဆင့်ဆင့်

[ပြင်ဆင်ရန်]

ဘုရားသခင်၏ ဗျာဒိတ်တော်

[ပြင်ဆင်ရန်]

ဘုရားသခင်၏ ဗျာဒိတ်တော် (Divine Revelation) ဆိုသည်မှာ ထာဝရအရှင် ဘုရားသခင် ကိုယ်တော်တိုင်က လူသားသတ္တဝါ ခပ်သိမ်းတို့အား ပွင့်ပွင့်လင်းလင်း ဖွင့်ဟ မိန့်ကြား၊ ထုတ်ဖော်တော်မူခဲ့သော သမ္မာတရားတော်ကို ခေါ်ဆိုသည်။ ဤဗျာဒိတ်တော်သည် ပထမဦးဆုံး လူသား အာဒံလက်ထက်မှစ၍ သခင်ယေရှုခရစ်တော်၏ တမန်တော်ကြီးများအနက် နောက်ဆုံးသော တမန်တော်ဖြစ်သည့် ရှင်ယောဟန် ပျံလွန်တော်မူသည့် အချိန်ကာလအထိ တိုင်အောင် လူသားတို့အား ဆက်လက်၍ ထုတ်ဖော်ခဲ့သည်။

ဘုရားသခင်၏ ဗျာဒိတ်တော်သည် လူသားတို့ထံသို့ အဓိကအားဖြင့် နည်းလမ်းနှစ်သွယ်ဖြင့် ရောက်ရှိသည်။ ပထမနည်းမှာ ဘုရားသခင်၏ အလင်းကျေးဇူးတော် လမ်းညွှန်မှုအောက်၌ ရေးသားပြုစုထားသော သမ္မာကျမ်းစာတော်မြတ် (Sacred Scripture) အားဖြင့် ဖြစ်သည်။ ဒုတိယနည်းမှာ သခင်ခရစ်တော်၏ တမန်တော်များ လက်ထက်မှစ၍ ကက်သလစ်အသင်းတော်ကြီးမှ အစဉ်အဆက် နှုတ်ဖြင့် သင်ကြားခဲ့သော တရားတော် (Sacred Tradition) အားဖြင့် ဖြစ်သည်။ ဤနည်းလမ်းနှစ်သွယ်သည် အပြန်အလှန် ဆက်စပ်လျက်ရှိပြီး ဘုရားသခင်၏ ဗျာဒိတ်တော် တစ်ခုလုံးကို ပြည့်စုံစေသည်။

သမ္မာကျမ်းစာ၏ သဘာဝနှင့် မူရင်းရေးသားခြင်း

[ပြင်ဆင်ရန်]

သမ္မာကျမ်းစာသည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ အလင်းကျေးဇူးတော်နှင့် လှုံ့ဆော်မှုအားဖြင့် ညွှန်ပြ၊ နှိုးဆော်တော်မူသမျှကို လူသားများက ပေထက်အက္ခရာတင်၍ ရေးသားထားသော ဘုရားသခင်၏ နှုတ်ကပါတ်တော် ဖြစ်သည်။ ဤကျမ်းစာကို ပြုစုသူ အဓိက ပုဂ္ဂိုလ်မှာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ၎င်းကျမ်းစာကို ရေးသားခဲ့သည့် လူပုဂ္ဂိုလ်များသည် ဘုရားသခင်၏ အသုံးတော်ခံများ ဖြစ်ကြပြီး ၎င်းတို့၏ လွတ်လပ်ခွင့်နှင့် ကျိုးကြောင်းဆင်ခြင်တုံဉာဏ်ကို လွတ်လပ်စွာ အသုံးပြု ရေးသားခဲ့ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာသည် ဘုရားသခင်၏ စကားတော်ဖြစ်သကဲ့သို့ လူသားတို့၏ ရေးသားမှုလည်း ပါဝင်သည်။ သမ္မာကျမ်းစာသည် စိတ်ချယုံကြည်ရသော သမိုင်းဝင် မှတ်တမ်းများလည်း ဖြစ်သည်။

သမ္မာကျမ်းစာတွင် ပါဝင်သည့် ကျမ်းစောင်များကို ရှေးခေတ်က ပေရွက်များ၊ ရွှေပြား၊ ငွေပြား၊ ကြေးပြားများပေါ်တွင် ရေးသား၍ လိပ်ထားခဲ့ကြရာ ကျမ်းစာလိပ်များဟု ခေါ်ဆိုခဲ့သည်။ ယခုမျက်မှောက်ခေတ် စာအုပ်များကဲ့သို့ မရှိခဲ့သေးပေ။ သမ္မာကျမ်းစာတွင် ပထမဆုံး ရေးသားခဲ့သည့် ကမ္ဘာဦးကျမ်းနှင့် နောက်ဆုံးရေးသားခဲ့သည့် ဗျာဒိတ်ကျမ်းတို့သည် နှစ်ပေါင်း ၁၅၀၀ ခန့် ကွာခြားသည်။ နှစ်ပေါင်းများစွာ ကာလအတွင်း ရေးသားခဲ့သည့် ကျမ်းစာလိပ်များကို စုစည်း၍ စာအုပ်တစ်အုပ်အဖြစ် ချုပ်လုပ်ထားခြင်းဖြစ်ရာ "စာကြည့်တိုက်ကလေး" ဟုလည်း တင်စားခေါ်ဝေါ်နိုင်သည်။ "Bible" ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာပြီး "książki" (စာအုပ်များ) ဟု အဓိပ္ပာယ်ရသည်။

ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများ

[ပြင်ဆင်ရန်]

ခရစ်ယာန်တို့ ကိုင်ဆောင်ဖတ်ရှုသည့် သမ္မာကျမ်းစာတွင် ပင်မ အပိုင်းနှစ်ပိုင်း ပါဝင်သည်။

  • ဓမ္မဟောင်းကျမ်း (Old Testament): ဤကျမ်းများသည် ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ်ကို မခံယူမီ ရေးသားခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ဗျာဒိတ်တော်များ၊ လောကကြီး ဖန်ဆင်းခြင်း၊ လူသားတို့၏ အပြစ်တရား၊ ဘုရားသခင်၏ လူမျိုးတော် ဣသရေလတို့၏ သမိုင်းကြောင်း၊ ပရောဖက်များ၏ ဟောပြောချက်များနှင့် ခရစ်တော်ဘုရားရှင် မည်သို့မည်ပုံ ကြွလာတော်မူမည် အစရှိသည်ဖြင့် ခရစ်တော်ဘုရားရှင်အကြောင်း ကြိုတင်၍ မြွက်ဟ ဖော်ပြထားသည့် ကျမ်းများ ပါဝင်သည်။ ကက်သလစ် သမ္မာကျမ်းစာတွင် ဓမ္မဟောင်းကျမ်း ၄၆ စောင် ပါဝင်သည်။
  • ဓမ္မသစ်ကျမ်း (New Testament): ဤကျမ်းများသည် ခရစ်တော်ဘုရားရှင် လူ့ဇာတိခံယူတော်မူပြီးနောက်ပိုင်း ရေးသားခဲ့ခြင်း ဖြစ်သည်။ ခရစ်တော်၏ သက်တော်စဉ်၊ ကိုယ်တော်၏ ကယ်တင်ခြင်းသမိုင်း၊ တရားဒေသနာတော်များ၊ တမန်တော်များ၏ လုပ်ဆောင်ချက်များနှင့် ဆုံးမဩဝါဒစာများ၊ အသင်းတော်၏ အစောပိုင်းကာလသမိုင်းနှင့် နောက်ဆုံးကာလဆိုင်ရာ ဗျာဒိတ်တော်များ ပါဝင်သည်။ ကက်သလစ် သမ္မာကျမ်းစာတွင် ဓမ္မသစ်ကျမ်း ၂၇ စောင် ပါဝင်သည်။

ဓမ္မဟောင်းကျမ်း ၄၆ စောင်နှင့် ဓမ္မသစ်ကျမ်း ၂၇ စောင် ပေါင်းစပ်ထားသော စုစုပေါင်း ၇၃ ကျမ်းကို ကက်သလစ်ခရစ်ယာန်တို့၏ သမ္မာကျမ်းစာအုပ် (Bible) ဟု ခေါ်သည်။ ဤကျမ်း ၇၃ ကျမ်းသည် နှစ်ပေါင်း ၁၅၀၀ ခန့် ကာလအတွင်း တစ်ခေတ်ပြီးတစ်ခေတ် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ရေးမှတ် ထားသည့် ကျမ်းစာအုပ်များ ဖြစ်သည်။ ကျမ်းရေးသားသူ ပုဂ္ဂိုလ်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လှုံ့ဆော်မှုအောက်၌ ရေးသားခဲ့ကြပြီး လူ့အလွှာပေါင်းစုံမှ လာကြသူများ ဖြစ်သည်။ ဥပမာအားဖြင့် မောရှေ၊ ဒါဝိဒ်၊ ဟေရှာယ၊ ယေဇကျေလ၊ အာမုတ်၊ ရှင်လုကာ၊ ရှင်မဿဲ၊ ရှင်ပေတရု၊ ရှင်ပေါလု စသူတို့ ပါဝင်သည်။

ကျမ်းရင်းပကတိကို ရွေးချယ်ခြင်း (Canon Formation)

[ပြင်ဆင်ရန်]

အသင်းတော်၏ ရှေးဦးအစ ကာလတွင် ခရစ်ယာန်ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် စာပေများစွာ ပေါ်ပေါက်ခဲ့သည်။ ၎င်းတို့ထဲတွင် ဘုရားသခင်၏ ဗျာဒိတ်တော်ကို အမှန်တကယ် မှတ်တမ်းတင်ထားသည့် ကျမ်းများ ရှိသကဲ့သို့ ချဲ့ထွင် ရေးသားထားသည့် ကျမ်းများနှင့် အခြားစာပေများလည်း ပါဝင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လမ်းညွှန်လှုံ့ဆော်မှုနှင့် အလင်းကျေးဇူးတော်အားဖြင့် ကက်သလစ်အသင်းတော်ကြီးသည် ၎င်း၏ နှုတ်ဖြင့်သင်ကြားလာခဲ့သော ဗျာဒိတ်တော်ကို အခြေခံ၍ မည်သည့်ကျမ်းများသည် ဘုရားသခင်၏ နှုတ်ကပါတ်တော် စစ်မှန်ကြောင်းကို ဆုံးဖြတ်ရန် သံဃာယနာတင် အစည်းအဝေးပွဲများ (Synods/Councils) ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးများမှတစ်ဆင့် ကျမ်းအတု၊ ကျမ်းအမှား အများအပြားထဲမှ ဘုရားသခင်၏ လှုံ့ဆော်မှုဖြင့် ရေးသားထားသည့် ကျမ်းမှန်များကို စိစစ်ရွေးထုတ် စုစည်းကာ ယုံကြည်သူများအတွက် တရားဝင် သမ္မာကျမ်းစာအဖြစ် သတ်မှတ်ပေးခဲ့သည်။

ကျမ်းရင်းပကတိဆိုင်ရာ သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အစောပိုင်းကာလများတွင် ခရစ်ယာန်များသည် ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည့်အတွက် မူရင်းကျမ်းစာလိပ်များကို စုစည်းရန် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ခရစ်နှစ် ၃၁၃ ခုနှစ်တွင် ကွန်စတန်တိုင်း ဧကရာဇ်လက်ထက်၌ ရောမအင်ပါယာ တစ်ခုလုံးတွင် ဘာသာရေး လွတ်လပ်ခွင့် ရရှိလာပြီးနောက် အသင်းတော်သည် သမ္မာကျမ်းစာ ကဲ့သို့သော အရေးကြီးသည့် လုပ်ငန်းများကို စနစ်တကျ စတင် ဆောင်ရွက်လာနိုင်ခဲ့သည်။

  • ဟစ်ပို သံဃာယနာ (Synod of Hippo - ခရစ်နှစ် ၃၉၃ ခုနှစ်): အာဖရိကတိုက်ရှိ ဟစ်ပိုမြို့၌ ပထမဆုံး သမ္မာကျမ်းစာနှင့် ပတ်သက်သည့် သံဃာယနာတင် အစည်းအဝေးကို ကျင်းပခဲ့သည်။ ဤအစည်းအဝေးတွင် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ အလင်းကျေးဇူးတော်အားဖြင့် ရေးသားထားသည့် ကျမ်းစာလိပ်များကို ကျမ်းအတုများထဲမှ စိစစ်ရွေးထုတ်နိုင်ခဲ့ပြီး တရားဝင် ကျမ်းများအဖြစ် ခွဲခြားသတ်မှတ် ပေးနိုင်ခဲ့သည်။
  • ကာသေ့ချ် သံဃာယနာ (Synod of Carthage - ခရစ်နှစ် ၃၉၇ ခုနှစ် နှင့် ၄၁၉ ခုနှစ်): ကာသေ့ချ်မြို့၌ ပြုလုပ်ခဲ့သော ဤအစည်းအဝေးတွင် ဟစ်ပိုသံဃာယနာမှ ရွေးထုတ်ခဲ့သည့် ကျမ်းစာများနှင့် ပတ်သက်သည့် အချက်အလက်များအားလုံးကို ပြန်လည်စစ်ဆေးပြီး မှန်ကန်ကြောင်းနှင့် တရားဝင် ကျမ်းအစစ်များ ဖြစ်ကြောင်း ထပ်မံ အတည်ပြုခဲ့သည်။
  • ပုပ်ရဟန်းမင်းများ၏ အတည်ပြုချက်: ပုပ်ရဟန်းမင်းကြီး ပထမ အင်နိုဆင့် (Pope Innocent I - ခရစ်နှစ် ၄၀၅ ခုနှစ်) နှင့် ပုပ်ရဟန်းမင်းကြီး ပထမ ဗိုနီဖေ့စ် (Pope Boniface I - ခရစ်နှစ် ၄၁၉ ခုနှစ်) တို့ကလည်း အသင်းတော်မှ သတ်မှတ်သည့် ကျမ်းရင်းပကတိကို ထပ်မံ စစ်ဆေး၍ အတည်ပြုခဲ့သည်။

ဤသမိုင်းဖြစ်စဉ်များမှတစ်ဆင့် ကက်သလစ်အသင်းတော်ကြီးသည် တစ်ကမ္ဘာလုံးသုံး လက်ရှိ သမ္မာကျမ်းစာအုပ်တွင် ပါဝင်ရမည့် ကျမ်း ၇၃ စောင်ကို တရားဝင် ခွဲခြားသတ်မှတ် ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျမ်းရင်းပကတိဆိုင်ရာ ကွာခြားချက်များ (Differences in Canon)

[ပြင်ဆင်ရန်]

ဓမ္မဟောင်း တွဲဖက်ကျမ်းများ (Deuterocanonical Books)

[ပြင်ဆင်ရန်]

သမ္မာကျမ်းစာ၏ ကျမ်းရင်းပကတိ (Canon) နှင့် ပတ်သက်၍ ကက်သလစ်နှင့် ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းများအကြား ကွဲပြားမှု ရှိသည်။ ဤကွဲပြားမှုသည် အဓိကအားဖြင့် ဓမ္မဟောင်းကျမ်းတွင် ပါဝင်သော ကျမ်းအရေအတွက်ကြောင့် ဖြစ်သည်။ ကက်သလစ်ကျမ်းစာတွင် ပါဝင်သော်လည်း ပရိုတက်စတင့် ကျမ်းစာတွင် မပါဝင်သည့် ဓမ္မဟောင်းကျမ်း ၇ စောင်နှင့် အချို့သော ကျမ်းပိုဒ်များ ရှိသည်။

  • ကျမ်းများ: ဤကျမ်း ၇ စောင်မှာ -
    1. တိုဘိဝတ္ထု (Tobit)
    2. ဂျူဒစ်ဝတ္ထု (Judith)
    3. ဘာရုပရောဖက်ကျမ်း (Baruch)
    4. မက္ခာဘေဦးသမိုင်း ပထမတွဲ (1 Maccabees)
    5. မက္ခာဘေဦးသမိုင်း ဒုတိယတွဲ (2 Maccabees)
    6. ဉာဏ်ပညာကျမ်း (Wisdom, or Wisdom of Solomon)
    7. နီတိဒေသနာကျမ်း (Sirach, or Ecclesiasticus) ထို့အပြင် ဒံယေလအနာဂတ္တိကျမ်းနှင့် ဧသတာဝတ္ထုကျမ်းများ၏ အချို့သော အပိုဒ်များလည်း ပါဝင်သည်။
  • ဝေါဟာရ သုံးနှုန်းခြင်း: ဤကျမ်းများကို ကက်သလစ်ချာ့ချ်က "ဓမ္မဟောင်း တွဲဖက်ကျမ်းများ" (Deuterocanonical Books) ဟု ခေါ်ဆိုပြီး၊ ပရိုတက်စတင့်ချာ့ချ်များကမူ "အာပိုခရိဖာ" (Apocrypha) ဟု သုံးနှုန်းလေ့ရှိသည်။ (မြန်မာနိုင်ငံတွင် ယခင်က "အပယ်ခံကျမ်း" ဟုလည်း အသုံးရှိခဲ့ဖူးသည်။)
  • သမိုင်းကြောင်း: ဤဓမ္မဟောင်း တွဲဖက်ကျမ်းများသည် ဘီစီ ၃ ရာစုခန့်က ဟေဗြဲကျမ်းစာကို ဂရိဘာသာသို့ ပြန်ဆိုထားသည့် Septuagint ကျမ်းစာအုပ်တွင် ပါဝင်ကြသည်။ Septuagint ကျမ်းသည် တမန်တော်ကြီးများနှင့် ၎င်းတို့နောက်ပိုင်း မျိုးဆက်များက အသုံးပြုခဲ့သည့် အရေးပါသော ကျမ်းစာဖြစ်သည်။ ဂရိဘာသာဖြင့် ရေးသားထားသော ဓမ္မဟောင်းကျမ်းများ၏ အစောဆုံး လက်ရေးမူများဖြစ်သည့် Codex Sinaiticus (၄ ရာစု) နှင့် Codex Alexandrinus (၅ ရာစုခန့်) တို့တွင်လည်း အထက်ဖော်ပြပါ ဓမ္မဟောင်း တွဲဖက်ကျမ်းများကို အခြားကျမ်းများနှင့်အတူ ထည့်သွင်းထားသည်ကို တွေ့ရသည်။ ခရစ်နှစ် ၉၀ ခုနှစ်ခန့်တွင် ဂျမ်နီးယား (Jamnia) မြို့၌ ဂျူးဘာသာဝင်များ စည်းဝေး၍ ၎င်းတို့၏ ကျမ်းရင်းပကတိ (Hebrew Canon) မှ အချို့သော ကျမ်းများကို ပယ်ထုတ်ခဲ့ကြသည်။ ဤသို့ ပယ်ထုတ်ခြင်းသည် ရှေးဦးခရစ်ယာန်များက ထိုကျမ်းများကို အသုံးပြု၍ ဂျူးများနှင့် ဘာသာရေး အငြင်းအခုံ ပြုလုပ်ရာတွင် ဂျူးများ အနေဖြင့် ပြန်လည် မချေပနိုင်ခဲ့ခြင်းနှင့်လည်း ဆက်စပ်နေနိုင်သည်။ ဤသို့ ပယ်ထုတ်လိုက်သည့်အတွက် ဟေဗြဲကျမ်းရင်းပကတိတွင် ဓမ္မဟောင်းကျမ်း ၃၉ စောင်သာ ကျန်ရှိတော့သည်။ သို့သော် အစောပိုင်း ခရစ်ယာန်များသည် Septuagint ကို ဆက်လက် အသုံးပြုခဲ့ကြသည်။
  • အသင်းတော် သံဃာယနာများ၏ အတည်ပြုချက်: ခရစ်နှစ် ၃၉၃ ခုနှစ်တွင် ဟစ်ပိုမြို့၌ ပြုလုပ်သော သံဃာယနာနှင့် ၃၉၇ ခုနှစ်နှင့် ၄၁၉ ခုနှစ်တို့တွင် ကာသေ့ချ်မြို့၌ ပြုလုပ်သော သံဃာယနာကြီးများက ဤကျမ်း ၇ စောင်ကို အခြားသော ကျမ်း ၆၆ စောင် (ဓမ္မဟောင်းကျန် ၃၉ နှင့် ဓမ္မသစ် ၂၇) နှင့်အတူ သမ္မာကျမ်းစာတော်မြတ်တွင် ထည့်သွင်း အတည်ပြုခဲ့ကြသည်။ ဤအတည်ပြုချက်ကို ကမ္ဘာလုံးဆိုင်ရာ အသင်းတော် (Universal Church) က လက်ခံခဲ့သည်။ ၁၆ ရာစုတွင် ကျင်းပခဲ့သော ထရန့် သံဃာယနာ (Council of Trent - ခရစ်နှစ် ၁၅၄၆ ခုနှစ်) ကလည်း ဤကျမ်းများကို ကက်သလစ်ကျမ်းရင်းပကတိ၏ အစိတ်အပိုင်းအဖြစ် ထပ်မံ အတည်ပြုခဲ့သည်။
  • ပရိုတက်စတင့်တို့၏ ပယ်ဖျက်မှု: ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် မာတင်လူသာ (Martin Luther) သည် ၎င်းတို့၏ ကျမ်းစာတော်မြတ်ထဲမှ ဤကျမ်းများကို ထုတ်ပယ်ခဲ့သည်။ လူသာသည် "ကျမ်းစာတော်မြတ် တစ်ခုတည်းသာ" (Sola Scriptura) ဟူသော အယူအဆကို အလေးအနက် သွန်သင်ခဲ့သော်လည်း သူ၏ သွန်သင်ချက်များနှင့် မကိုက်ညီသော အချက်များ ပါဝင်သည့် ကျမ်းများ၏ အရေးပါမှုကို ငြင်းဆိုလေ့ရှိခဲ့သည်။ ဓမ္မဟောင်း တွဲဖက်ကျမ်းများတွင် သေသူတို့အတွက် ဆုတောင်းပေးခြင်းနှင့် ယဇ်ပူဇော်ခြင်းများကို ထောက်ခံသော ကျမ်းပိုဒ်များ ပါဝင်ခြင်း (ဥပမာ - ၂ မက္ခာဘေဦး ၁၂:၃၉-၄၆) နှင့် ငရဲငယ် (Purgatory) တည်ရှိကြောင်း သွန်သင်ချက်များ ပါဝင်ခြင်းတို့ကြောင့် မာတင်လူသာသည် ထိုကျမ်းများကို ပရိုတက်စတင့် ကျမ်းရင်းပကတိတွင် ထည့်သွင်းရန် ငြင်းဆိုခဲ့သည်။
  • ကျမ်းများ၏ သဘာဝ: ဓမ္မဟောင်း တွဲဖက်ကျမ်းများသည် အခြားသော ဓမ္မဟောင်းကျမ်းများနှင့် ရေးသားဟန် ဆင်တူသည်။ ဉာဏ်ပညာကျမ်းနှင့် နီတိဒေသနာကျမ်းတို့သည် ပညာအလိမာကျမ်းနှင့် ဆင်တူသည်။ တိုဘိဝတ္ထုသည် ယောဘဝတ္ထုကဲ့သို့ ဖြစ်သည်။ ဂျူဒစ်ဝတ္ထုသည် ဧသတာဝတ္ထုနှင့် ဆင်တူပြီး ဟေဗြဲ အမျိုးသမီး သူရဲကောင်းနှစ်ဦးက မိမိတို့ လူမျိုးကို ကယ်တင်ရာတွင် ကူညီခဲ့ပုံများ ပါရှိသည်။ မက္ခာဘေဦးသမိုင်း ပထမတွဲနှင့် ဒုတိယတွဲတို့သည် ဓမ္မရာဇဝင်ကျမ်းများနှင့် ရာဇဝင်ချုပ်ကျမ်းများကဲ့သို့ သမိုင်းအဖြစ်အပျက်များကို တင်ပြထားသည်။ ဘာရုပရောဖက်ကျမ်းသည်လည်း ယေရမိအနာဂတ္တိကျမ်းနှင့် ဆင်တူသည်။
  • ဓမ္မသစ်ကျမ်းနှင့် ဆက်စပ်မှု: ဓမ္မသစ်ကျမ်းတွင်လည်း ဓမ္မဟောင်း တွဲဖက်ကျမ်းများမှ တွေးခေါ်ချက်များနှင့် ကျမ်းချက်များအား အတော်အတန် ရည်ညွှန်း ကိုးကားထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ဗျာဒိတ်ကျမ်း ၁:၄ နှင့် ၈:၃-၄ တို့သည် တိုဘိဝတ္ထု ၁၂:၁၅ ကို ကိုးကားထားဟန်ရှိသည်။ ကောရိန္သုဩဝါဒစာ ပထမစောင် ၁၅:၂၉ သည် ၂ မက္ခာဘေဦး ၁၂:၄၄-၄၅ ကို ရည်ညွှန်းပြီး၊ ဟေဗြဲဩဝါဒစာ ၁၁:၃၅ သည် မက္ခာဘေဦးသမိုင်း ဒုတိယတွဲ ၇:၂၉ ပါ အကြောင်းအရာကို ထင်ဟပ်ပြနေသည်။

အခန်းကြီး/အခန်းငယ် ခွဲခြားခြင်း

[ပြင်ဆင်ရန်]

အစောပိုင်းကာလများတွင် သမ္မာကျမ်းစာတော်မြတ်ကို အခန်းကြီး၊ အခန်းငယ်များ ခွဲခြားထားခြင်း မရှိသေးသည့်အတွက် လေ့လာဖတ်ရှုရာ၌ အခက်အခဲများ ရှိခဲ့သည်။ ကက်သလစ်အသင်းတော်ကြီး၏ အစည်းအဝေးများမှ စစ်ဆေးရွေးချယ် စုစည်းပေးလိုက်သည့် သမ္မာကျမ်းစာအုပ်ကို လေ့လာမှု လွယ်ကူစေရန်အတွက် နောင်တွင် အခန်းကြီးနှင့် အခန်းငယ်များ ခွဲခြားလာခဲ့ကြသည်။

  • အခန်းကြီးများ: ခရစ်နှစ် ၁၂၁၄ ခုနှစ်တွင် အင်္ဂလိပ် ရသေ့ရဟန်းဖြစ်သူ စတီဗင် လန်းတန် (Stephen Langton) က ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများကို အခန်းကြီးများအဖြစ် ခွဲခြားပေးခဲ့သည်။
  • အခန်းငယ်များ: ဓမ္မဟောင်းကျမ်းတစ်ခုလုံးကို အီတလီလူမျိုး ဒိုမီနီကန် ရဟန်း ဆန်တေ ပါညီးနို (Sante Pagnino) က ခရစ်နှစ် ၁၅၂၈ ခုနှစ်တွင် အခန်းငယ်များ ခွဲခြားပေးခဲ့သည်။ ဓမ္မသစ်ကျမ်းတစ်ခုလုံးကို ပြင်သစ်လူမျိုး ရောဘတ် စတီးယန် (Robert Estienne) က ခရစ်နှစ် ၁၅၅၁ ခုနှစ်တွင် အခန်းငယ်များ ခွဲခြားသတ်မှတ်ပေးခဲ့သည်။

ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်စောင်စလုံးကို အခန်းကြီး၊ အခန်းငယ်များ ခွဲခြားပေးလိုက်ပြီးနောက် သမ္မာကျမ်းစာကို လေ့လာဖတ်ရှုရန် ပိုမို လွယ်ကူလာခဲ့သည်။

သမ္မာကျမ်းစာ ပုံနှိပ်ခြင်းနှင့် ခေတ်မီဖြန့်ချိခြင်း

[ပြင်ဆင်ရန်]

ခရစ်နှစ် ၁၄၅၆ ခုနှစ်တွင် ဂျိုဟန် ဂူတင်ဘာ့ဂ် (Johannes Gutenberg - ကက်သလစ်ဘာသာဝင်) က မိုင်းဇ် (Mainz) မြို့၌ ပထမဆုံး ပုံနှိပ်စက်ကို တီထွင်ခဲ့ပြီး ပထမဆုံး ပုံနှိပ်ထားသော စာအုပ်အဖြစ် လက်တင်ဘာသာစကားဖြင့် ရေးသားထားသည့် ဗားလ်ဂိတ် (Vulgate) သမ္မာကျမ်းစာကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

ခရစ်နှစ် ၄၀၀ မှ ၁၄၄၀ ခုနှစ်များအတွင်း၌ ပုံနှိပ်စက် မပေါ်ပေါက်သေးမီကာလတွင် ကက်သလစ် ရသေ့ရဟန်းများသည် သမ္မာကျမ်းစာလိပ်များကို သားရေပြားများပေါ်တွင် လက်ဖြင့် ကူးယူရေးသား၍ လက်ဆင့်ကမ်း ဖြန့်ဝေခဲ့ကြသည်။ ထိုမူရင်းကျမ်းစာ (လက်ရေးမူ) များကို ကက်သလစ်အသင်းတော်ကြီးက ယနေ့တိုင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည် (မှတ်ချက်။ ။ မူရင်းရေးသားသူများ၏ လက်ရေးမူ (autographs) များ ယနေ့တိုင် ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ရှေးအကျဆုံးနှင့် တိကျသော ကူးယူမှုများကို ထိန်းသိမ်းထားခြင်း ဖြစ်သည်)။

ခရစ်နှစ် ၁၄၅၆ မှ ၁၅၂၀ ခုနှစ်များအတွင်း ပရိုတက်စတင့်ဂိုဏ်းများ မပေါ်ပေါက်မီကာလ၌ပင် ကက်သလစ်အသင်းတော်ကြီးသည် သမ္မာကျမ်းစာကို လက်တင်ဘာသာဖြင့် အကြိမ်ပေါင်း ၁၀၀ ကျော်၊ ဂျာမန်ဘာသာဖြင့် ၂၇ ကြိမ်၊ အီတလီဘာသာဖြင့် ၂၅ ကြိမ်အပါအဝင် ပြင်သစ်၊ စပိန်၊ ဟန်ဂေရီ စသည့် ဘာသာစကားမျိုးစုံဖြင့် အကြိမ်ပေါင်း ၆၂၆ ကြိမ်အထိ ပုံနှိပ် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ပရိုတက်စတင့်တို့၏ ပထမဆုံး ပုံနှိပ်ထုတ်ဝေသော သမ္မာကျမ်းစာမှာ ခရစ်နှစ် ၁၅၂၂ ခုနှစ်တွင် မာတင်လူသာက ဂျာမန်ဘာသာသို့ ပြန်ဆို၍ ပုံနှိပ်ထုတ်ဝေခဲ့သည့် ဓမ္မသစ်ကျမ်းစာ ဖြစ်သည်။

နောင်ပိုင်းကာလများ၌ ကက်သလစ်အသင်းတော်ကြီး၊ ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းကွဲများ၊ ကမ္ဘာ့သမ္မာကျမ်းစာအသင်းကြီးများနှင့် အခြားကျမ်းစာ ထုတ်ဝေရေး အဖွဲ့အစည်းများ၏ ပူးပေါင်း ကြိုးပမ်းမှု၊ အထူးသဖြင့် ၂၀ ရာစုနှင့် ၂၁ ရာစုများတွင် သိပ္ပံပညာ တိုးတက်လာမှုတို့ကြောင့် သမ္မာကျမ်းစာကို ဘာသာစကားမျိုးစုံဖြင့် အကြိမ်ပေါင်းများစွာ ပုံနှိပ် ထုတ်ဝေလျက်ရှိသည်။ ထို့အပြင် ရှုထောင့်သစ်များ၊ အမြင်သစ်များနှင့် မျက်မှောက်ခေတ်သုံး စကားလုံးများဖြင့်လည်း အထပ်ထပ်အခါခါ ဘာသာပြန်ဆိုခြင်းများ ပြုလုပ်လျက် ရှိသည်။

ကက်သလစ်အသင်းတော်၏ သမ္မာကျမ်းစာဆိုင်ရာ သွန်သင်ချက် အနှစ်ချုပ်

[ပြင်ဆင်ရန်]

ကက်သလစ်အသင်းတော်၏ သမ္မာကျမ်းစာတော်မြတ်နှင့် ပတ်သက်သည့် သွန်သင်ချက်ကို အောက်ပါအတိုင်း အနှစ်ချုပ် ဖော်ပြနိုင်ပါသည်။

  1. သမ္မာကျမ်းစာအုပ်ထဲတွင် ပါဝင်သော သန့်ရှင်းမြင့်မြတ်သော ကျမ်းအားလုံးသည် ခရစ်တော်ဘုရားရှင်အကြောင်းကို တူညီစွာ ညွှန်ပြ မြွက်ဟ ဖော်ပြနေကြပြီး ခရစ်တော်ဘုရားရှင်၌ အဆုံးသတ်သည်။
  2. သမ္မာကျမ်းစာသည် ဘုရားသခင်၏ အလင်းကျေးဇူးတော်အောက်၌ ရေးသားခြင်းခံရပြီး၊ ဘုရားသခင်၏ စကားတော်၊ ဗျာဒိတ်တော်များနှင့် ပြည့်နေသော ဘုရားသခင်၏ နှုတ်ကပါတ်တော် ဖြစ်သည်။
  3. သမ္မာကျမ်းစာ၏ မူရင်းရေးသားသူမှာ ဘုရားသခင် ဖြစ်သည်။ လူသား ကျမ်းရေးပုဂ္ဂိုလ်များသည် သခင်ဘုရား၏ အလင်းကျေးဇူးတော်အောက်၌ အထူးအသုံးတော်ခံရ၍ လူသားအားလုံး ကယ်တင်ခြင်းခံစားရရန်အတွက် အမှားအယွင်း ကင်းစင်လျက် သမ္မာတရားတော်ကို ရေးသားခဲ့ကြသည်။
  4. သမ္မာကျမ်းစာတော်မြတ်ကို အနက်အဓိပ္ပာယ် ဖော်ပြရာတွင် လူသားများကို ကယ်တင်ခြင်း ချမ်းသာ ရစေလိုသော ဘုရားသခင်၏ အလိုတော်မြတ်ကို ဖော်ပြနေကြောင်း၊ ဘုရား၏ မေတ္တာတော်နှင့် ဆန္ဒကို အာရုံစိုက် အနက်ဖွင့်ရန် လိုအပ်သည်။
  5. ကက်သလစ်အသင်းတော်ကြီးသည် မိမိရရှိထားသော ဓမ္မဟောင်းကျမ်း ၄၆ ကျမ်းနှင့် ဓမ္မသစ်ကျမ်း ၂၇ ကျမ်းတို့ကို ဘုရားသခင်၏ နှုတ်ကပါတ်တော်အဖြစ် ရိုသေလေးမြတ်ခြင်း ပြုသည်။
  6. သမ္မာကျမ်းစာများထဲတွင် ခရစ်ဝင်ကျမ်း (ဧဝံဂေလိကျမ်း ၄ စောင်) ကို ဗဟိုပြုထားသည်။ အကြောင်းမှာ ခရစ်တော်ဘုရားရှင်သည် ကျမ်းအားလုံး၏ ဗဟိုချက် ဖြစ်နေသောကြောင့်ပင်။
  7. ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းသည် ဘုရားသခင်၏ တစ်ခုတည်းသော အကြံအစည်တော်ဖြစ်သည့် ကယ်တင်တော်မူခြင်းဟူသော အလိုတော်၌ တစ်လုံးတစ်ဝတည်းအဖြစ် ပေါင်းစပ်နေသော ဗျာဒိတ်တော် ဖြစ်သည်။
  8. ကက်သလစ်အသင်းတော်ကြီးသည် ကိုယ်တော်ရှင်၏ ခန္ဓာတော်ဖြစ်သည့် ကိုယ်တော်မြတ် (Sacred Host) ကို ကြည်ညိုလေးမြတ်သကဲ့သို့ သမ္မာကျမ်းစာတော်မြတ်ကိုလည်း ထိုနည်းတူ ကြည်ညိုလေးမြတ်လျက် ရှိသည်။

ကက်သလစ်ကျမ်းစာ (၇၂) စောင်

[ပြင်ဆင်ရန်]

ကျမ်းရင်းပကတိဆိုင်ရာ ကွာခြားချက်များ (Differences in Canon)

[ပြင်ဆင်ရန်]

သမ္မာကျမ်းစာ၏ ကျမ်းရင်းပကတိ (Canon) နှင့် ပတ်သက်၍ ကက်သလစ်နှင့် ပရိုတက်စတင့် ခရစ်ယာန်ဂိုဏ်းများအကြား ကွဲပြားမှု ရှိသည်။ ဤကွဲပြားမှုသည် အဓိကအားဖြင့် ဓမ္မဟောင်းကျမ်းတွင် ပါဝင်သော ကျမ်းအရေအတွက်ကြောင့် ဖြစ်သည်။

ဓမ္မဟောင်း တွဲဖက်ကျမ်းများ (Deuterocanonical Books)

[ပြင်ဆင်ရန်]

ကက်သလစ်ကျမ်းစာတော်မြတ်တွင် ပါဝင်သော်လည်း ပရိုတက်စတင့် ကျမ်းစာတော်မြတ်တွင် မပါဝင်သော ဓမ္မဟောင်းကျမ်း ၇ စောင် ရှိသည်။ ထိုကျမ်းများကို ကက်သလစ်တို့က "ဓမ္မဟောင်း တွဲဖက်ကျမ်းများ" (Deuterocanonical) ဟုခေါ်ကြသည်။ ပရိုတက်စတင့် တို့ကမူ "အာပိုခရိဖာ" (Apocryphal) ဟုခေါ်ကြသည်။ (မြန်မာနိုင်ငံတွင် ယခင်က "အပယ်ခံကျမ်း" ဟုလည်း အသုံးရှိခဲ့ဖူးသည်။) ထိုဓမ္မဟောင်းကျမ်း ၇ စောင်တွင် ပါဝင်သော ကျမ်းများမှာ တိုဘိဝတ္ထု (Tobit)၊ ဂျူဒစ်ဝတ္ထု (Judith)၊ ဘာရုပရောဖက်ကျမ်း (Baruch)၊ မက္ခာဘေဦးသမိုင်း (ပထမတွဲနှင့် ဒုတိယတွဲ) (1 and 2 Maccabees)၊ ဉာဏ်ပညာကျမ်း (Wisdom, or Wisdom of Solomon)၊ နီတိဒေသနာကျမ်း (Sirach, or Ecclesiasticus) တို့ ဖြစ်ကြသည်။ ဒံယေလအနာဂတ္တိကျမ်းနှင့် ဧသတာဝတ္ထုကျမ်းများမှ အချို့သော ကျမ်းပိုဒ်များလည်း ပါဝင်သည်။

ဤဓမ္မဟောင်း တွဲဖက်ကျမ်းများသည် ဘီစီ ၃ ရာစုခန့်က ဟေဗြဲဘာသာမှ ဂရိဘာသာသို့ ပြန်ဆိုထားသော ဓမ္မဟောင်းကျမ်း (Septuagint) တွင် ပါဝင်ခဲ့ကြသည်။ Septuagint ကျမ်းသည် တမန်တော်ကြီးများနှင့် ၎င်းတို့ နောက်ပိုင်း မျိုးဆက်များ အသုံးပြုခဲ့သည့် ကျမ်းစာတော်မြတ်လည်း ဖြစ်သည်။ ဂရိဘာသာဖြင့် ရေးသားထားသော ဓမ္မဟောင်းကျမ်းများထဲမှ အစောဆုံး လက်ရေးမူများဖြစ်သည့် Codex Sinaiticus (၄ ရာစု) နှင့် Codex Alexandrinus (၅ ရာစုခန့်) တို့တွင် အထက်ဖော်ပြပါ ဓမ္မဟောင်း တွဲဖက်ကျမ်းများကို အခြားသော ကျမ်းများနှင့်အတူ ထည့်သွင်းထားသည်ကို တွေ့ရသည်။

ခရစ်နှစ် ၃၉၃ ခုနှစ်တွင် ဟစ်ပိုမြို့၌ ပြုလုပ်သော အသင်းတော် စည်းဝေးကြီးနှင့် ၃၉၇ ခုနှစ်နှင့် ၄၁၉ ခုနှစ်တို့တွင် ကာသေ့ချ်မြို့၌ ပြုလုပ်သော စည်းဝေးပွဲကြီးတို့က ထိုကျမ်း ၇ စောင်ကို အခြားသော ကျမ်း ၆၆ စောင်နှင့်အတူ ကျမ်းစာတော်မြတ်တွင် ထည့်သွင်း အတည်ပြုခဲ့ကြသည်။ ထိုအတည်ပြုချက်ကို ကမ္ဘာလုံးဆိုင်ရာ အသင်းတော် (Universal Church) ကလည်း လက်ခံခဲ့သည်။ ၁၆ ရာစုတွင် ထရန့်မြို့၌ ကျင်းပခဲ့သော အသင်းတော် စည်းဝေးကြီး (Council of Trent) ကလည်း ထိုကျမ်းများကို ထပ်မံ အတည်ပြုပေးခဲ့သည်။

သို့ဖြစ်လျှင် အဘယ်ကြောင့် ပရိုတက်စတင့်တို့က ၎င်းတို့၏ ကျမ်းစာတော်မြတ်ထဲမှ ထုတ်ပယ်ထားသနည်း။ အမှန်တကယ်တွင် ပရိုတက်စတင့် ပြုပြင်ရေးဝါဒီ မာတင်လူသာ (Martin Luther) က ၎င်းတို့ကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ သူသည် ခရစ်ယာန် ယုံကြည်ခြင်းအတွက် ကျမ်းစာတော်မြတ်သည်သာ အဓိကကျသည်ဟု အပြင်းအထန် သွန်သင်ခဲ့သော်လည်း သူ၏ သွန်သင်ချက်ကို မထောက်ခံသော ကျမ်းချက်များ ပါဝင်ပါက ထိုကျမ်းများ၏ အရေးပါမှုကို ငြင်းဆိုလေ့ရှိသည်။ ဓမ္မဟောင်း တွဲဖက်ကျမ်းများတွင် သေသူတို့အတွက် ဆုတောင်းပေးခြင်းနှင့် ယဇ်ပူဇော်ခြင်းများကို ထောက်ခံအားပေးသော ကျမ်းပိုဒ်များ ပါဝင်ကြသည့်အပြင် ငရဲငယ် (Purgatory) တည်ရှိကြောင်းကိုလည်း သွန်သင်ထားသည် (ဥပမာ - ၂ မက္ခာဘေဦး ၁၂:၃၉-၄၆)။ မာတင်လူသာသည် ထိုရှေးဟောင်း သွန်သင်ချက်နှင့် အသင်းတော်၏ ကျင့်ကြံချက်များကို ပစ်ပယ်ကာ ထိုကျမ်းများကို ပရိုတက်စတင့် ကျမ်းစာတော်မြတ်အတွင်း ထည့်သွင်းရန် ငြင်းဆိုခဲ့သည်။

ဓမ္မဟောင်း တွဲဖက်ကျမ်းများတွင် ပါဝင်သော ကျမ်းများသည် အခြားသော ဓမ္မဟောင်းကျမ်းများနှင့် ရေးသားသည့် ပုံစံဆင်တူသည်။ ဉာဏ်ပညာကျမ်းနှင့် နီတိဒေသနာကျမ်းတို့သည် ပညာအလိမာကျမ်းနှင့် တူသည်။ တိုဘိဝတ္ထုသည် ယောဘဝတ္ထုနှင့် တူသည်။ ဂျူဒစ်ဝတ္ထုသည် ဧသတာဝတ္ထုနှင့် အလားသဏ္ဌာန်တူသည် (ဟေဗြဲ အမျိုးသမီး သူရဲကောင်းနှစ်ဦးသည် မိမိတို့ လူမျိုးကို ကယ်တင်ရာတွင် ကူညီခဲ့ကြသူများ ဖြစ်သည်)။ မက္ခာဘေဦးသမိုင်း ပထမတွဲနှင့် ဒုတိယတွဲတို့သည် ဓမ္မရာဇဝင်နှင့် ရာဇဝင်ချုပ်ကျမ်းများကဲ့သို့ သမိုင်းအဖြစ်အပျက်များကို တင်ပြထားသော ကျမ်းများဖြစ်ကြသည်။ ဘာရုပရောဖက်ကျမ်းသည်လည်း ယေရမိအနာဂတ္တိကျမ်းနှင့် အလားသဏ္ဌာန်တူသည်။ ဓမ္မသစ်ကျမ်းသည်လည်း ဓမ္မဟောင်း တွဲဖက်ကျမ်းများမှ တွေးခေါ်ချက်များကို ကျမ်းချက် အတော်များများတွင် ထပ်တူနီးပါး ပြန်ပြောင်း ပြောဆိုထားသည် (ဥပမာ - ဗျာဒိတ်တော်ကျမ်း ၁:၄ နှင့် ၈:၃-၄ တို့သည် တိုဘိဝတ္ထု ၁၂:၁၅ ကို ကိုးကားထားဟန်ရှိသည်။ ကောရိန္သုဩဝါဒစာ ပထမစောင် ၁၅:၂၉ သည် ၂ မက္ခာဘေဦး ၁၂:၄၄-၄၅ ကို ရည်ညွှန်းပြီး၊ ဟေဗြဲဩဝါဒစာ ၁၁:၃၅ သည် ၂ မက္ခာဘေဦး ၇:၂၉ ကို ထင်ဟပ်ပြနေသည်)။

ခရစ်နှစ် ၉၀ ခုနှစ်ခန့်က ဂျူးဘာသာဝင်များက ၎င်းတို့၏ ကျမ်းရင်းပကတိ (ဟေဗြဲကျမ်း) မှ ထိုကျမ်းများကို ပယ်ထုတ်ခဲ့ခြင်းသည် ပရိုတက်စတင့်တို့က ထိုဟေဗြဲကျမ်းရင်းပကတိ (ဓမ္မဟောင်း ၃၉ ကျမ်း) ကို လက်ခံခြင်းနှင့် ဆက်စပ်နေသည်။


ကျမ်းရင်းများ

[ပြင်ဆင်ရန်]
The Orthodox
Old Testament[][မှတ်စု ၁]
Greek-based
name
Conventional
English name
မြန်မာဘာသာဖြင့်
အမည်များ
Law
Γένεσις Génesis Genesis ကမ္ဘာဦးကျမ်း
Ἔξοδος Éxodos Exodus ထွက်မြောက်ရာကျမ်း
Λευϊτικόν Leuitikón Leviticus ဝတ်ပြုရာကျမ်း
Ἀριθμοί Arithmoí Numbers တောလည်ရာကျမ်း
Δευτερονόμιον Deuteronómion Deuteronomy တရားဟောရာကျမ်း
History
Ἰησοῦς Nαυῆ Iêsous Nauê Joshua ယောရှုမှတ်စာ
Κριταί Kritaí Judges တရားသူကြီးမှတ်စာ
Ῥούθ Roúth Ruth ရုသဝတ္ထု
Βασιλειῶν Αʹ[မှတ်စု ၂] I Reigns I Samuel ဓမ္မရာဇဝင် ၁
Βασιλειῶν Βʹ II Reigns II Samuel ဓမ္မရာဇဝင် ၂
Βασιλειῶν Γʹ III Reigns I Kings ဓမ္မရာဇဝင် ၃
Βασιλειῶν Δʹ IV Reigns II Kings ဓမ္မရာဇဝင် ၄
Παραλειπομένων Αʹ I Paralipomenon[မှတ်စု ၃] I Chronicles ရာဇဝင်ချုပ် ၁
Παραλειπομένων Βʹ II Paralipomenon II Chronicles ရာဇဝင်ချုပ် ၂
Ἔσδρας Αʹ I Esdras 1 Esdras ဧဇရမှတ်စာ
Ἔσδρας Βʹ II Esdras Ezra–Nehemiah နေဟမိမှတ်စာ
Τωβίτ[မှတ်စု ၄] Tobit Tobit or Tobias
Ἰουδίθ Ioudith Judith
Ἐσθήρ Esther Esther with additions ဧသတာဝတ္ထု
Μακκαβαίων Αʹ I Makkabaioi 1 Maccabees
Μακκαβαίων Βʹ II Makkabaioi 2 Maccabees
Μακκαβαίων Γʹ III Makkabaioi 3 Maccabees
Wisdom
Ψαλμοί Psalms Psalms ဆာလံကျမ်း
Ψαλμός ΡΝΑʹ Psalm 151 Psalm 151
Προσευχὴ Μανάσση Prayer of Manasseh Prayer of Manasseh
Ἰώβ Iōb Job ယောဘဝတ္ထု
Παροιμίαι Proverbs Proverbs သုတ္တံကျမ်း
Ἐκκλησιαστής Ekklesiastes Ecclesiastes ဒေသနာကျမ်း
Ἆσμα Ἀσμάτων Song of Songs Song of Solomon or Canticles ရှောလမုန်သီချင်း
Σοφία Σαλoμῶντος Wisdom of Solomon] Wisdom
Σοφία Ἰησοῦ Σειράχ Wisdom of Jesus the son of Seirach Sirach or Ecclesiasticus
Ψαλμοί Σαλoμῶντος Psalms of Solomon Psalms of Solomon[]
Prophets
Δώδεκα The Twelve Minor Prophets
Ὡσηέ Αʹ I. Osëe Hosea ဟောရှေအနာဂတ္တိ
Ἀμώς Βʹ II. Amōs Amos အာမုတ်အနာဂတ္တိ
Μιχαίας Γʹ III. Michaias Micah မိကကာအနာဂတ္တိ
Ἰωήλ Δʹ IV. Ioël Joel ယောလအနာဂတ္တိ
Ὀβδίου Εʹ[မှတ်စု ၅] V. Obdias Obadiah ဩဗဒိအနာဂတ္တိ
Ἰωνᾶς Ϛ' VI. Ionas Jonah ယောနဝတ္ထု
Ναούμ Ζʹ VII. Naoum Nahum နာဟုံအနာဂတ္တိ
Ἀμβακούμ Ηʹ VIII. Ambakum Habakkuk ဟဗကကုတ်အနာဂတ္တိ
Σοφονίας Θʹ IX. Sophonias Zephaniah ဇေဖအနာဂတ္တိ
Ἀγγαῖος Ιʹ X. Angaios Haggai ဟဂဂဲအနာဂတ္တိ
Ζαχαρίας ΙΑʹ XI. Zacharias Zachariah ဇာခရိအနာဂတ္တိ
Ἄγγελος ΙΒʹ XII. Messenger Malachi မာလခိအနာဂတ္တိ
Ἠσαΐας Hesaias Isaiah ဟေရှာရအနာဂတ္တိ
Ἱερεμίας Hieremias Jeremiah
Βαρούχ Baruch Baruch
Θρῆνοι Lamentations Lamentations ယေရမိမည်တမ်း
Ἐπιστολή Ιερεμίου Epistle of Jeremiah Letter of Jeremiah ယေရမိအနာဂတ္တိ
Ἰεζεκιήλ Iezekiêl Ezekiel ယေဇကျေလအနာဂတ္တိ
Δανιήλ Daniêl Daniel with additions ဒံယေလအနာဂတ္တိ
Appendix
Μακκαβαίων Δ' Παράρτημα IV Makkabees

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

မှတ်စု

[ပြင်ဆင်ရန်]
  1. The canon of the original Old Greek LXX is disputed. This table reflects the canon of the Old Testament as used currently in Orthodoxy.
  2. Βασιλειῶν (Basileiōn) is the genitive plural of Βασιλεῖα (Basileia).
  3. That is, Things set aside from Ἔσδρας Αʹ.
  4. Also called Τωβείτ or Τωβίθ in some sources.
  5. Obdiou is genitive from "The vision of Obdias", which opens the book.

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. Timothy McLay, The Use of the Septuagint in New Testament Research ISBN 0-8028-6091-5. — The current standard introduction on the NT & LXX.
  3. Not in Orthodox Canon, but originally included in the LXX. http://ccat.sas.upenn.edu/nets/edition/