ဟယ်ရီပေါ်တာ

ဝီကီပီးဒီးယား မှ
ဟယ်ရီပေါ်တာ
Harry Potter
The Harry Potter logo first used for the American edition of the novel series (and some other editions worldwide), and then the film series.
အမေရိကန်ထုတ် စာအုပ်များ (နှင့် ကမ္ဘာတလွှား အခြား 'ထုတ်ဝေခြင်း' အချို့) တွင် သုံးစွဲ၍ ရုပ်ရှင်ကားများ၌ ပါဝင်ခဲ့သော ဟယ်ရီပေါ်တာ အမှတ်တံဆိပ်
စာရေးသူဂျေ ကေ ရိုးလင်း
J. K. Rowling
နိုင်ငံယူနိုက်တက်ကင်းဒမ်း
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားဆန်းကြယ်စိတ်ကူးယဉ် (Fantasy)၊ ဒရမ်မာ (Drama)၊ အရွယ်ရောက်စလူငယ်ဖတ်ရသ (Young Adult Fiction)၊ လျှို့ဝှက်ဆန်းကြယ် (Mystery)၊ သည်းထိတ်ရင်ဖို (Thriller)၊ ဘေလ်ဒန်စရိုမန် (Bildungsroman) ခေါ် တစ်‌‌ဦးတယောက်၏ ဘဝအထူးပြု ဝတ္ထုရှည်
ထုတ်ဝေသူ
ထုတ်ဝေခဲ့၁၉၉၇ ဇွန် ၂၆ - ၂၀၀၇ ဇူလိုင် ၂၁ (ကနဦး ထုတ်ဝေခြင်း)
မီဒီယာအမျိုးအစားပုံနှိပ်စာပေ (အဖုံးမာစာအုပ်နှင့် အဖုံးပျော့စာအုပ်)
အသံစာအုပ် (Audiobook)
အီးဘွတ်ခ် (E-book)[၁]
စာအုပ်အရေအတွက်၇ အုပ်
ဝက်ဘ်ဆိုဒ်wizardingworld.com

ဟယ်ရီပေါ်တာ (အင်္ဂလိပ်: Harry Potterဟာရီပေါ့တာ ဟုလည်း အသံထွက်/စာလုံးပေါင်းကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားသော လူကြိုက်များထင်ရှားသည့် နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည် (Fantasy novels) စာအုပ်အတွဲ (စီးရီး - Series) တစ်ခု ဖြစ်သည်။ ထိုဝတ္ထုများသည် ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီး (Hogwarts School of Witchcraft and Wizardry) တွင် တက်ရောက်ကြသည့် စုန်းကဝေလူငယ်လေး ဟယ်ရီပေါ်တာနှင့် သူ၏ သူငယ်ချင်းများဖြစ်သော ဟာမိုင်အိုနီ ဂရန်ဂျာ (Hermione Granger) ဆိုသည့် စုန်းကဝေမလေး၊ ရော်နယ် ဝီစလေ (Ronald Weasley) ဆိုသည့် စုန်းကဝေလေး စသူတို့၏ ဘဝဇာတ်ကြောင်းဖြစ်ရပ်များကို မှတ်တမ်းတင်ထားခြင်းသဖွယ် ရေးသားထားခြင်း ဖြစ်၏။ ဇာတ်လမ်းကျောရိုးမှာ စုန်းကဝေလောက၏ ကိုယ်ပိုင်အစိုးရ (wizard governing body) မှော်ပညာဝန်ကြီးဌာန (Ministry of Magic) ကို သိမ်းယူ၍ မက်ဂယ် (Muggle) ခေါ် စုန်းကဝေးမဟုတ်သူ သာမန်လူတို့နှင့် စုန်းကဝေများအားလုံးအပေါ် အုပ်ချုပ်ကြီးစိုးချင်သော အဆိုးတကာ့ အဆိုးဆုံး ဟုပင် ဆိုနိုင်သည့် မိစ္ဆာစုန်းဆိုး (dark wizard) လော့ဒ် ဗော်ဒီမော့ (Lord Voldemort) ကို အသေအကျေ အကြိတ်အနယ် ချေမှုန်းကြသော ဟယ်ရီတို့ သူငယ်ချင်းတစ်စု၏ သည်းထိတ်ရင်ဖို စွန့်စားတိုက်ခိုက်ခန်းများအကြောင်းပင် ဖြစ်လေသည်။

ဟယ်ရီပေါ်တာ စာအုပ်စီးရီး၏ ပထမဆုံးဝတ္ထုဖြစ်သော ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး စာအုပ်ကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် စတင်ထုတ်ဝေဖြန့်ချိခဲ့သည်။ စတင်ထုတ်ဝေချိန်ကပင် စာအုပ်သည် ရေပန်းစားမှု၊ ဝေဖန်ရေးဆရာများ၏ ချီးကျူးဂုဏ်ပြုမှု၊ စီးပွားရေးအရ အောင်မြင်မှုတို့ဖြင့် ကမ္ဘာတစ်ဝန်း လွန်စွာနာမည်ကျော်ကြားလာခဲ့သည်။ ထိုစာအုပ်များကို ကလေးသူငယ်တို့အပြင် ယန်း အဒေါ့လ်တ် (Young Adult) ခေါ် အရွယ်ရောက်စ လူငယ်များ၊ သက်ကြီးစာဖတ်သူများကပါ စိတ်ဝင်စားစွာ ဖတ်ရှုကြ၏။ ခေတ်သစ် အရွယ်ရောက်စလူငယ်ဖတ်စာပေနယ်ပယ် ၏ မှတ်တိုင် ဟုပင် တင်စားခေါ်ဝေါ်လေ့ရှိသော စီးရီးဖြစ်၏[၂]။ ထိုစာအုပ်စီးရီးကို ကမ္ဘာအနှံ့ အုပ်ရေ သန်း ၅၀၀ ကျော် ရောင်းချခဲ့ပြီးဖြစ်ရာ ကမ္ဘာ့အရောင်းရဆုံးစာအုပ်စီးရီးအဖြစ် မှတ်တမ်းတင်လျက်ရှိသည်။ ဘာသာစကားပေါင်း ၈၀ သို့လည်း ပြန်ဆိုပြီးဖြစ်၏[၃]

မြန်မာဘာသာပြန်များ[ပြင်ဆင်ရန်]

ဟယ်ရီပေါ်တာစာအုပ်များအားလုံးကို မြန်မာ စာရေးဆရာ စာရေးဆရာမများစွာက မြန်မာဘာသာသို့ ပြန်ဆိုထားပြီးဖြစ်သော်လည်း နိုင်ငံတကာအသိအမှတ်ပြုသော၊ တရားဝင်ဘာသာပြန်မူပိုင်ခွင့်ရထားသော အခြေအနေတွင် မရှိသေးသဖြင့် ပြန်ဆိုထားပြီး ဘာသာစကားများ စာရင်းအသွင်းမခံရသေးပေ။ မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေထားသည့် စာအုပ်အမည်များမှာ -

(၁) ခင်မောင်တိုး (မိုးမိတ်) - ဟယ်ရီပေါ်တာနှင့် ဓာတ်လုံး (Harry Potter and the Philosopher's Stone သို့မဟုတ် Harry Potter and the Sorcerer's Stone ကို အကျဉ်းချုပ်၍ ပြန်ဆို)

(၂) နန္ဒသူ - ဟာရီပေါ့တာနှင့် ပြဒါးရှင်လုံး (Harry Potter and the Philosopher's Stone သို့မဟုတ် Harry Potter and the Sorcerer's Stone ကို ပြန်ဆို)

(၃) မင်းခိုက်စိုးစန် - ဟယ်ရီပေါ်တာနှင့် မှော်ပြဒါးရှင်လုံး (Harry Potter and the Philosopher's Stone သို့မဟုတ် Harry Potter and the Sorcerer's Stone ကို ပြန်ဆို)

(၄) ကောင်းမြတ်လွန်းသော် - ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး၏ လျှို့ဝှက်ချက် (Harry Potter and the Philosopher's Stone သို့မဟုတ် Harry Potter and the Sorcerer's Stone ကို ပြန်ဆို)

(၅) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် မှော်ကျောက်တုံး (Harry Potter and the Philosopher's Stone သို့မဟုတ် Harry Potter and the Sorcerer's Stone ကို တရုတ်ဘာသာမှ ပြန်ဆို)

(၆) မင်းခိုက်စိုးစန် - ဟယ်ရီပေါ်တာနှင့် မိစ္ဆာခန်းဆောင် (Harry Potter and the Chamber of Secrets ကို ပြန်ဆို)

(၇) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် လျှို့ဝှက်အခန်း (Harry Potter and the Chamber of Secrets ကို တရုတ်ဘာသာမှ ပြန်ဆို)

(၈) မင်းခိုက်စိုးစန် - ဟယ်ရီပေါ်တာနှင့် ဝိဉာဉ်နှုတ်အကျဉ်းသား (Harry Potter and the Prisoner of Azkaban ကို ပြန်ဆို)

(၉) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန်အကျဉ်းသား (Harry Potter and the Prisoner of Azkaban ကို တရုတ်ဘာသာမှ ပြန်ဆို)

(၁၀) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် မီးတောက်ခွက် (Harry Potter and the Goblet of Fire ကို တရုတ်ဘာသာမှ ပြန်ဆို)

(၁၁) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် ဖီးနစ်အဖွဲ့ (Harry Potter and the Order of the Phoenix ကို တရုတ်ဘာသာမှ ပြန်ဆို)

(၁၂) ချစ်ဦးတင် - ဟယ်ရီပေါ်တာနှင့် သွေးတစ်ဝက်မှော်ဝိဇ္ဇာ (Harry Potter and the Half-blood Prince ကို ပြန်ဆို)

(၁၃) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား (Harry Potter and the Half-blood Prince ကို တရုတ်ဘာသာမှ ပြန်ဆို)

(၁၄) ကောင်းမြတ်လွန်းသော် - ဟယ်ရီပေါ်တာနှင့် မှော်ဝင်ရတနာ (Harry Potter and the Deathly Hallows ကို ပြန်ဆို)

(၁၅) ချစ်ဦးတင် - ဟယ်ရီပေါ်တာနှင့် တြိမရဏဂမ္ဘီရလက်ဆောင် (Harry Potter and the Deathly Hallows ကို ပြန်ဆို)

(၁၆) ကြည်ကြည်မာ - ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင် (Harry Potter and the Deathly Hallows ကို တရုတ်ဘာသာမှ ပြန်ဆို)

ကိုးကား[ပြင်ဆင်ရန်]

  1. Svensson၊ Peter (27 March 2012)။ Harry Potter breaks e-book lockdown။ Yahoo။ 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2017 တွင် ပြန်စစ်ပြီး။
  2. Allsobrook၊ Dr. Marian။ "Potter's place in the literary canon"၊ BBC News၊ 18 June 2003။ 15 October 2007 တွင် ပြန်စစ်ပြီး။ Archived from the original on 9 January 2008။ 
  3. The Pottermore News Team။ "500 million Harry Potter books have now been sold worldwide"၊ Pottermore၊ 1 February 2018။