သံကွင်းစွပ်

ဝီကီပီးဒီးယား မှ
သံကွင်းစွပ်
အင်္ဂလိပ်: Many-Banded Krait
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Elapidae
မျိုးစု: Bungarus
မျိုးစိတ်:
B. multicinctus
ဒွိနာမ
Bungarus multicinctus
Blyth, 1861
သံကွင်းစွပ်မြွေ မျိုးစိတ်များ ဖြန့်ကျက်တွေ့ရှိရသော ဒေသများ

ငန်းသံကွင်းစွပ် (သို့) သံကွင်းစွပ် (အင်္ဂလိပ်: Many-banded krait) မြွေသည် ငန်းမြွေဟု မြန်မာနိုင်ငံ၌ အများသူငှါခေါ်လေ့ရှိကြတဲ့ Bungarus -မျိုးစုဝင် multicinctus -မျိုးစိတ်ဖြစ်ပြီး အဆိပ်ပြင်းသည့် မြွေတစ်မျိုးဖြစ်သည်။ သံကွင်းစွပ်များကို အရှေ့တောင်အာရှ၊ တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှာ အများအပြားတွေ့ရှိရလေ့ရှိသည်။

သံကွင်းစွပ်နှင့် ငန်းတော်ကျား မျိုးစု (Bangarus) သည် ဂျပ်မြွေမျိုးစု (Laticauda)၊ မြွေဟောက်မျိုးစု (Naja)၊ တောကြီးမြွေဟောက် (ခေါ်) ငန်းပုပ်၏ မျိုးစုဖြစ်သည့် (Ophiophagus) တို့နှင့်အတူ အယ်လပ်ပီဒီ (Elapidae) မျိုးရင်းထဲတွင်ပါဝင်ကြသည်။ ထိုမျိုးရင်းသည် အဆိပ်ပြင်းမြွေ မျိုးစုအများအပြားပါဝင်သော နာမည်ကြီး မြွေမျိုးရင်းတစ်ခုလည်း ဖြစ်သည်။

သံကွင်းစွပ်မြွေသည် ယျေဘူယျအားဖြင့် ခန္ဓာကိုယ်အရှည် ၃ ပေခွဲ မှ ၅ ပေ (၁~၁.၅ မီတာ) ရှိကြပြီး ကိုယ်ခန္ဓာပေါ်၌ အဖြူရောင်နှင့် အနက်(သို့)နက်ပြာရောင် အရစ်များ ပါရှိကြသည်။ ထိုအရောင်အရစ်များသည် ဆန့်ကျင်ဘက်အရောင်နှစ်ခု တစ်လှည့်စီဖြင့် တရစ်ပြီးတရစ်ဖြင့် သံကွင်းများစွပ်ထားသကဲ့သို့ ဖြစ်နေသောကြောင့်လည်း သံကွင်းစွပ်ဟုခေါ်ခြင်းလည်းဖြစ်နိုင်သည်။ သံကွင်းစွပ်မြွေများသည် ပထဝီအနေအထားအရတွေ့ရှိရသော ဒေသများ၌ ရွှံ့စေးတောများတွင်သာ အများစုနေထိုင်ကြသည်။

ခန္ဓာကိုယ် သွင်ပြင်ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

သံကွင်းစွပ်မြွေများသည် ခန္ဓာကိုယ်ပျမ်းမျှအရှည် ၃ ပေခွဲနှင့် ၅ ပေ (၁~၁.၅မီတာ) ရှိပြီး ၆ ပေ (၁.၈၅ မီတာ) အထိ အရှည်ဆုံးတွေ့ရကြောင်း မှတ်တမ်းတင်ထားသည်။ ခန္ဓာကိုယ်ပုံသဏ္ဌာန်မှာ သေးသွယ်ပြီး ကျစ်ကျစ်လျစ်လစ်ရှိသည်။

သံကွင်းစွပ်များ၏ အကြေးခွံများသည် သိသိသာသာ ချွန်ပြီး ခုံးထွက်နေသည့် ကျောရိုးနှင့်အတူ ချောမွတ်၍ အရောင်လည်း တောက်ပြောင်ကြသည်။ မြွေ၏ ခန္ဓာကိုယ်ပေါ်မှ အရစ်များသည် အဖြူ (သို့) နို့နှစ်ရောင်နှင့် အနက် (သို့) နက်ပြာရောင် တစ်ခုခြားစီဖြစ်ပြီး အရစ် အရေအတွက် ပျှမ်းမျှ (၂၁~၃၀) ခု ရှိတတ်သည်။ အမြီးပိုင်းသည် တိုပြီး ချွန်သည်။ အမြီးပိုင်းတွင် ပျမ်းမျှအရစ်အရေအတွက် (၇~၁၀) ခု ရှိသည်။ မြွေ၏ ဝမ်းဗိုက်ပိုင်းသည် အများအားဖြင့် အဖြူရောင်ဖြစ်သော်လည်း အဖြူညစ် (သို့) ခရင်မ်ဖြူရောင်လည်း ဖြစ်နိုင်သည်။[၂] ဦးခေါင်းပိုင်းသည် အနက်ရောင်များကာ ကျယ်ပြန့်၍ ဘဲဥပုံသဏ္ဌာန်ရှိသော်လည်း ပြား၍ ခန္ဓာကိုယ်ပုံသဏ္ဌာန်နှင့် အနည်းငယ်သာ ကွဲပြားသည်။ မျက်လုံးများသည် သေးငယ်ပြီး မည်းနက်သည်။ သားငယ်အိမ်သည် အနက်ရောင်ရှိသောကြောင့် ၎င်းတို့ကို မျက်လုံးထဲ၌ ခွဲခြားမြင်နိုင်ရန်ခက်ခဲသည်။ သံကွင်းစွပ်မြွေများတွင် ကြီးမားသည့် နှာခေါင်းပေါက်များရှိသည်။ အဆိပ်စွယ်များသည် သေးငယ်ပြီး ခေါက်သွင်း၍မရနိုင်ဘဲ အထက်မေးရိုး၏ အရှေ့ဘက်တွင် အံဝင်ခွင်ကျတည်ရှိသည်။ ဤမျိုးစိတ်၏ မြီးကောင်ပေါက်အရွယ် မြွေငယ်များတွင် များသောအားဖြင့် ဦးခေါင်းအောက်ပိုင်းတွင် အဖြူရောင်အစက်ကလေးများ ရှိတတ်ကြသည်။[၃][၄]

အကြေးခွံအလွှာများ[ပြင်ဆင်ရန်]

ဦးရေပြားကို အနီးကပ်ကြည့်ပါက အကြေးခွံအထပ်များကို တွေ့နိုင်သည်။

ဤငန်းမြွေ မျိုးစိတ်များ၏ ခန္ဓာကိုယ်ပေါ်ရှိ အထပ်အထပ်ဖြစ်နေသည့် အကြေးခွံများ အရေအတွက်နှင့် အရွယ်အစား အလိုက် ဖြစ်တည်နေမှုအစီအစဉ် စသည်တို့သည် မျိုးစိတ် အဆင့်ခွဲခြားသတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားသော အဓိက သော့ချက်များဖြစ်သည်။[၅] ငန်းတော်ကြားနှင့် သံကွင်းစွပ်မြွေ မျိုးစိတ်များတွင် ခန္ဓာကိုယ်အလယ်ရှိ ကျောရိုးကြေးခွံ (dorsal scales) သည် ၁၅ တန်းရှိပြီး အောက်ဘက်ရှိ ဒွါရပိုင်းကြေးခွံ (anal scales) များနှင့်တဆက်တည်းဖြစ်သည်။[မှတ်စု ၁] အထီးများ၏ ဝမ်းဗိုက်ကြေးခွံ (ventral scales) အရေအတွက်သည် အခု ၂၀၀ မှ ၂၃၁ ခု အကြားရှိပြီး ၎င်းနှင့်တဆက်တည်းရှိသော အမြီးပိုင်းကြေးခွံ (subcaudal scales) အရေအတွက်မှာ ၄၃ မှ ၅၄ ကြားဖြစ်သည်။ အမများတွင် ဝမ်းဗိုက်ကြေးခွံမှာ ၁၉၈ မှ ၂၂၇ ခုကြားဖြစ်ပြီး အမြီးပိုင်းကြေးခွံမှာ ၃၇ မှ ၅၅ ခုကြားဖြစ်သည်။[၄]

ဖြန့်ကျက်တွေ့ရှိရသော ဒေသများနှင့် မူရင်းဇာတိ[ပြင်ဆင်ရန်]

ဟောင်ကောင်မှ သံကွင်းစွပ်မြွေ
ထိုင်ဝမ်တွင် တွေ့ရသည့် သံကွင်းစွပ်မြွေ (Many-Banded Krait)

သံကွင်းစွပ်မျိုးစိတ်များကို ထိုင်ဝမ်ဟောင်ကောင်မြန်မာလာအိုနှင့် ဗီယက်နမ် မြောက်ပိုင်းတို့တွင် ဖြန့်ကျက်တွေ့ရှိရပြီး[၂] ထိုင်းနိုင်ငံတွင်လည်းတွေ့ရသည်ဟု သိရသည်။[၃] တရုတ်နိုင်ငံတွင် အစောပိုင်းကာလက အဖြူရောင်အရစ်ပါသော မြွေအများအပြားအား သံကွင်းစွပ် (Many-Banded Krait) များဟုပင် သတ်မှတ်ထားခဲ့ကြသည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် ပြတိုက်အများစုမှ ထိန်းသိန်းထားသည့် နမူများကို မျိုးရိုးဗီဇဆိုင်ရာစမ်းသပ်လေ့လာခဲ့ရာ အများစုမှာ မလ္လာယု ငန်းတော်ကြား (Malayan Krait) မျိုးစိတ်သာဖြစ်ပြီး သံကွင်းစွပ်မဟုတ်ကြချေ။ လေ့လာတွေ့ရှိချက် တချို့တွင် ဖော်ပြထားသော ဗီယက်နမ်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ သံကွင်းစွပ်မြွေများဟု တံဆိပ်ကပ်ထားသော အခြားနမူနာအများစုသည်လည်း မလ္လာယု ငန်းမြွေများပင်ဖြစ်နိုင်သည်။[၇]

အပြုအမူ[ပြင်ဆင်ရန်]

သံကွင်းစွပ်မြွေသည် သားရဲ ဉာဉ့်တိရစ္ဆာန်ဖြစ်၍ ညဘက်တွင် ပို၍ နိုးကြားတက်ကြွမှုရှိကာ ခုခံကာကွယ်တတ်သည်။ သို့သော် ငန်းတော်ကျားမြွေမျိုးနွယ်အများစုသည် ကြောက်ရွံ့တတ်ပြီး ငြိမ်သက်စွာနေတတ်သည့် မြွေမျိုးစိတ်များဖြစ်သည်။ နေ့ဘက်တွင် သူတို့သည် ကျောက်တုံးများ (သို့) တွင်းများအောက်တွင် ပုံးအောင်းနေလေ့ရှိသည်။ ၎င်းမြွေများသည် ဧပြီလတွင် စတင်ကာ အတွေ့များလေ့ရှိပြီး နိုဝင်ဘာလသို့ရောက်လျှင် ဆောင်းခိုကြသည်။

သံကွင်းစွပ်သည် ငန်းတော်ကျား (Banded Krait) ထက် ပိုပြီး ခုခံကာကွယ်တတ်၍ အန္တရာယ်ပိုရှိသောကြောင့် ၎င်းအား ဖယ်ရှားရန် ကိုင်တွယ်ဖို့ လိုအပ်လာမည်ဆိုပါက ဦးခေါင်းပိုင်းအား သတိထားကိုင်တွယ်သင့်သည်။

အဆိပ်ရှိမှု နှင့် အဆိပ်သင့်ခြင်း[ပြင်ဆင်ရန်]

သံကွင်းစွပ်မြွေအများစု၏ အဆိပ်တွင် အဆိပ်မသင့်ခင်နှင့် အဆိပ်သင့်ပြီးအချိန် နှစ်ခုလုံးတွင် လက္ခဏာပြတတ်သော အာရုံကြောကို အနှောက်အယှက်ပေးသည့် Neurotoxins အမျိုးအစား (α-bungarotoxins နှင့် β-bungarotoxins ဟု လူသိများသည်) အဆိပ်နှစ်မျိုးစလုံးပါဝင်သည်။ အဆိပ်တွင်ရှိသော အလေးချိန်၏ ပရိုတင်းပါဝင်မှု ထက်ဝက်နီးပါးကို β-bungarotoxins ဖြင့် ဖွဲ့စည်းထားသည်။[၈]

အရေခွံလဲပြီးနောက် တွေ့ရသော သံကွင်းစွပ်

အဆိပ်သင့်သည့် လက္ခဏာများ[ပြင်ဆင်ရန်]

သံကွင်းစွပ်မြွေ အပေါက်ခံရသူအများစုမှာ အပေါက်ခံရပြီး ပြင်းပြင်းထန်ထန်ရောင်ရမ်းခြင်း၊ နာကျင်ခြင်းမရှိဘဲ အနည်းငယ်မျှ ယားယံခြင်းနှင့် ထုံကျင်ခြင်းသာ ခံစားရသည်။ ယေဘူယျအားဖြင့် ဤလက္ခဏာများသည် မြွေကိုက်ခံရပြီး တစ်နာရီမှ ခြောက်နာရီအတွင်း ဖြစ်တတ်လေ့ရှိသည်။

မြွေဆိပ်တက်သည့်အခါ ပြသသည့် လက္ခဏာများမှာ -

  • မျက်ခွံများ လေးလံလာခြင်း၊
  • အမြင်အာရုံဝေဝါးလာခြင်း၊
  • ရင်ဘတ်၌ မအီမသာဖြစ်ခြင်း၊
  • ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊
  • ခြေလက်များ အားအင်ယုတ်လျော့လာခြင်း၊
  • စကားမပြောနိုင်၊ အသံမထွက်နိုင်ဖြစ်ခြင်း၊
  • လည်ပင်းသည် တစ်စို့နေပြီး မျိုချရာတွင် ခက်ခဲနေခြင်း၊
  • မြင်ကွင်းနှစ်ထပ်ဖြစ်ပေါ်လာခြင်း၊
  • အသက်ရှူရခက်ခဲခြင်း

တို့ဖြစ်သည်။ ပြင်းထန်စွာအကိုက်ခံရ၍ အဆိပ်အမြောက်အမြား ထိုးသွင်းခံရပါက အသက်ရှူ၍မရနိုင်သည်အထိဖြစ်စေပြီး နောက်ဆုံး အသက်ပါဆုံးရှုံးနိုင်သည်။ Hyponatremia ဟုခေါ်သည့် သွေးထဲပါဝင်သည့် ဆိုဒီယမ် ပမာဏကျဆင်းသည့်ဖြစ်စဉ်မျိုး ဖြစ်တတ်သော်လည်း အတွေ့ရနည်း၏။[၉]

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဤမျိုးစိတ်နှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ လုပ်ဆောင်နေသူ အမေရိကန်နိုင်ငံသား Joe Slowinski ဆိုသူသည် သံကွင်းစွပ်မြွေ အကိုက်ခံခဲ့ရပြီး၊ ထို့နောက် ၂၉ နာရီအကြာ၌ သေဆုံးခဲ့ဖူးသည်ဟု သိရသည်။[၁၀]

မှတ်စုများ[ပြင်ဆင်ရန်]

  1. A divided scale is one split down the midline into two scales.[၆]

 ကိုးကား[ပြင်ဆင်ရန်]

  1. Ji, X. (2012). "Bungarus multicinctus". IUCN Red List of Threatened Species 2012. IUCN. doi:10.2305/IUCN.UK.2012-1.RLTS.T191957A2020937.en. 
  2. ၂.၀ ၂.၁ Gopalkrishnakone၊ P.; Chou၊ L. M. (၁၉၉၆)။ ဆေးဘက်ဆိုင်ရာ အခန်းကဏ္ဍတွင် အရေးပါသည့် မြွေများ (အာရှ-ပစိဖိတ်ဒေသ)စင်ကာပူနိုင်ငံ: စင်ကာပူနိုင်ငံအမျိုးသားတက္ကသိုလ်။ ISBN 978-9971-62-217-6
  3. ၃.၀ ၃.၁ Bungarus multicinctusClinical Resource Toxinology။ University of Adelaide။
  4. ၄.၀ ၄.၁ Pope၊ Clifford Hillhouse (၁၉၃၅)။ တရုတ်နိုင်ငံတွင်ရှိသော တွားသွားသတ္တဝါများ။ ။ လိပ်များ၊ မိကျောင်းများ၊ မြွေများ၊ ဖွတ်များနယူးယောက်မြို့: အမေရိကန် သဘာဝသမိုင်း ပြတိုက်။ p. 335LCCN 35008277
  5. Hutchinson၊ Mark။ ဩစတြေးလျ တောင်ပိုင်းမှ မြွေများ၏ အဓိက သော့ချက်။ 18 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2021 တွင် ပြန်စစ်ပြီး။
  6. snake scale count search။ 3 May 2019 တွင် ပြန်စစ်ပြီး။
  7. "Molecular phylogeny found the distribution of Bungarus candidus in China (Squamata: Elapidae)" (2018). Zoological Systematics 43 (1): 109–117. doi:10.11865/zs.201810. 
  8. "Quantitative proteomic analysis of Vietnamese krait venoms: Neurotoxins are the major components in Bungarus multicinctus and phospholipases A2 in Bungarus fasciatus" (December 2015). Toxicon 107 (Part B): 197–209. doi:10.1016/j.toxicon.2015.08.026. PMID 26341420. 
  9. "Clinical features of 60 consecutive ICU-treated patients envenomed by Bungarus multicinctus" (May 2009). Southeast Asian Journal of Tropical Medicine and Public Health 40 (3): 518–24. PMID 19842438. 
  10. James၊ Jamie (2008)။ The Snake Charmer: A Life and Death in Pursuit of Knowledge။ Hyperion။ p. 3။ ISBN 9781401302139

 ပြင်ပလင့်များ[ပြင်ဆင်ရန်]

  • Wikimedia Commons ရှိ Bungarus multicinctus နှင့်ပတ်သက်သော မီဒီယာများ