မြွေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြွေ

မြွေ[ပြင်​ဆင်​ရန်​]

မြွေသည် ရက်ပတီလီယာ မျိုးပေါင်းတွင် စကွာမေတာမျိုးစဉ် ဆာပင်တီး မျိုးစဉ်ခွဲ၌ ပါဝင်၏။ မြွေကို ကိုင်ကြည့်လျှင် အေးခြင်းမှာ ယင်းသည် သွေးအေး သတ္တဝါဖြစ်ခြင်းကြောင့် ဖြစ်သည်။

လူတို့သည် မြွေကို များသောအားဖြင့် ကြောက်၏။ ထို အချက်ကြောင့်ပင် မြွေကို ကြောက်စိတ်မရှိသူများအဖို့နှင့် ကြောက်စိတ်ကို ကျော်လွန်နိုင်သူများအဖို့ မြွေသည် ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာလေသည်။ မြွေကို လူသည် မွေး ကတည်းက ကြောက်မလာချေ။ ကလေးသည် မြွေကို ကြောက် စိတ်နှင့် ကြည့်သည့်ထက် စိတ်ဝင်စားစွာ ကြည့်သည်က များသည်။

ခြေထောက် မရှိသော တွားသွားသတ္တဝါများတွင် မြွေကို လူသိ အများဆုံးဖြစ်သည်။ မြွေကို အခြားဒေသများတွင် တွေ့ရ သည်ထက် မြန်မာနိုင်ငံကဲ့သို့သော အပူပိုင်းဒေသများတွင် ပို၍ တွေ့ရသည်။ အကြီးဆုံး မြွေများကိုလည်း အပူပိုင်း ဒေသများ တွင်သာ ပို၍ တွေ့ရသည်။ အချို့မြွေများသည် ပေ ၃ဝ အထိ ရှည်တတ် ကြသကဲ့သို့ ငါးလက်မထက်ပို၍ မရှည်သော မြွေ ကလေးများကိုလည်း တွေ့ရသည်။ နယူးဇီယန်၊ အိုင်ယာလန် နှင့် ဟာဝိုင်းယန်းကျွန်းများတွင် မြွေကို မတွေ့ရချေ။ ဟာဝိုင်း ယန်းကျွန်းတွင်မူ နောင်အခါ၌ ဘေးမပြုသော မြွေများကို ယူဆောင်သွားကြသဖြင့် တွေ့ရလေသည်။

မျိုးစိတ်ပေါင်း ၂၃ဝဝ ခန့်ရှိသော မြွေများကို အနည်းငယ် မျှသော ကျွန်းများနှင့် အလွန်အေးသည့် ဒေသများမှအပ ကျန် ဒေသများတွင် တွေ့နိုင်သည်။ အပူပိုင်းဒေသရှိ အလွန်ထူထပ် သော တောများမှအစ၊ သဲကန္တာရများ၊ တောင်ထိပ်များနှင့် မြေ ကြီးအောက်ရှိ တွင်းများအဆုံးထိ တွေ့နိုင်၏။ အချို့သော မြွေများကို သစ်ပင်များပေါ်တွင် အနေများသည်။ အချို့ကို စိမ့်များ၊ ရေချိုအိုင်များနှင့် မြစ်များတွင် တွေ့ရသည်။

အချို့ကိုမူ ပင်လယ်များအတွင်း၌ တွေ့ရလေသည်။ ထိုပင်လယ် မြွေများကို အာရှတိုက်၊ အာဖရိကတိုက်နှင့် ထိစပ်လျက်ရှိသော အပူပိုင်းဒေသ ပင်လယ်များတွင် အတွေ့ရများသည်။ ပင်လယ် မြွေများ၏ နံဘေးသည် ပြားနေကြသဖြင့် ရေကူးရာ၌ လွန်စွာ သန်ကြသော်လည်း ကုန်းပေါ်တွင်မူ ကောင်းစွာ မသွားနိုင်ကြ ချေ။ ပင်လယ်မြွေ များသည် မျိုးစိတ်အားဖြင့် ၅ဝ ခန့် ရှိ၍ အားလုံးသည် လွန်စွာ အဆိပ်ပြင်းကြလေသည်။ ယင်းတို့၌ အဆုတ်ကြီးများရှိသဖြင့် ရေနက်များတွင် နေနိုင်ကြ၍ စားရန် ငါးများကို လိုက်ဖမ်းကြလေသည်။

မြွေများ၌ မျက်ခွံများ မရှိကြချေ။ ထိုကြောင့် မည်သည့် အခါမျှ မျက်စိကို မမှိတ်ကြချေ။ မျက်စိများကို ကာကွယ်ရန် ပျဉ်းတွဲသော အလင်းပေါက်အမြေ|းရှိသည်။ ထိုသို့သော မျက်စိ မျိုးရှိခြင်းကြောင့် ယင်းအား သားကောင်ကို ညှိနိုင်စွမ်းရှိသည် ဟု အများက ထင်ကြခြင်းဖြစ်သည်။ မြွေသည် ယင်း၌ အခြား တိရစ္ဆာန်များ မှာကဲ့သို့ ခြေထောက်များ မရှိသဖြင့် နံရိုးများ ဖြင့်သာ သွားရသည်။ မြွေ၌ နံရိုးအမြောက်အမြားရှိ၍ တစ်ခုစီ သည် ကျောရိုးအစိတ်အပိုင်းနှင့် ဆက်နေ၏။ ထိုသို့ ဆက် သည်မှာ လှုပ်ရှားမှု အများဆုံးကို ပေးနိုင်အောင် ဆက်နေကြ သဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်လေသည်။

မြွေ၏ အစာများတွင် ပိုးကောင်များ၊ ငါးဖားဖွတ်ပု တတ်များ၊ ငှက်နှင့် ငှက်ဥ၊ မြေကြွက်နှင့် ကြွက်ဝမ်းဖြူ၊ တွင်းယုန်နှင့် အခြားနို့တိုက်သတ္တဝါငယ်များ ပါဝင်သည်။ မြွေ အုပ်စု တစ်ခုကမူ အခြားမြွေမျိုးစိတ် များလောက်ကိုသာ စား သောက်ကြသည်။ စပါးကြီးမြွေနှင့် စပါးအုံးမြွေများကဲ့သို့သော အချို့ မြွေမျိုးစိတ်တို့သည် သားကောင်ကို ရစ်ပတ်၍ ချေပြီးမှ မျိုလေ့ရှိကြသည်။ အချို့ မျိုးစိတ်ကမူ သားကောင်ကို အဆိပ် ဖြင့် ပေါက်ပြှီး မျိုလေ့ရှိကြသည်။ သားကောင်ကို ရစ်ပတ်၍ ည|စ်လေ့ရှိသော မြွေမျိုးစိတ်သည် အကောင်တွင် ကြီးမားသော် လည်း လူကို အခြားမြွေမျိုးစိတ်များလောက် ဘေးအန္တရာယ် မပြုလှချေ။ အချို့မျိုးစိတ်က သားကောင်ကို ပထမ မသတ်ဘဲ အရှင်လိုက် မျိုချလေ့ရှိသ်ည။ မည်သို့ပင်ဖြစ်စေ မြွေအမျိုခံရ သည့် သားကောင်များသည် မြွေ၏ ဝမ်းပိုက်အတွင်းသို့ ရောက်သွားသောအခါ ပျောက်ကွယ်သွားရလေသည်။ မြွေသည် မိမိထက် ကြီးမားသော သားကောင်များကို မျိုနိုင်ခြင်းမှာ မြွေ၏ ပါးစောင်ရိုး အနေအထားနှင့် အခြားပါးစပ်နှင့် လည် ချောင်းတို့၏ ပတ်ဝန်းကျင်ရှိ အရိုးအစိတ်အပိုင်းများသည် ယေဘုယျအားဖြင့် လျော့လျည်းလျည်း ဆက်နေကြခြင်းကြောင့် ဖြစ်သည်။ အစာကို မျိုချလိုက်ရာတွင် ပါးစောင်းရိုးသည် မနာမကျင်ဘဲ ပြုတ်သွားလေသည်။ ထိုကြောင့် အရှည်တွင် နှစ်ပေမျှသာရှိ၍ လုံးပတ်တွင် လူ၏ လက်ချောင်းထက် ပို၍ မကြီးသော တောင်အာဖရိကတိုက်ရှိ မြွေတစ်မျိုးသည် ကြက်ဥ တစ်လုံးကို အခွံမကွဲစေဘဲ မျိုချနိုင်ခြင်း ဖြစ်သည်။ သို့သော် ဥသည် မြွေ၏ လည်ချောင်းအလွန်လောက်သို့ ရောက်သွား သောအခါ ကျောရိုးမှ စွန်းထွက်နေသော အရိုးစွန်းနှင့် တိုက်မိပြီး ကွဲသွားလေသည်။ ထိုအခါတွင် ဥအခွံ၏ အစအန များသည် ထွက်လာကြလေသည်။

အဆိပ်အပြင်းထန်ဆုံး မြွေများမှာ မြွေဟောက်မျိုးရင်းဝင် မြွေများနှင့် မြွေပွေး မျိုးရင်းဝင် မြွေများ ဖြစ်ကြသည်။ မြွေဟောက်များ အကိုက် (အပေါက်)ခံရလျှင် မိနစ် အနည်း ငယ် အတွင်း စကား မပြောနိုင်တော့ချေ။ အဆိပ်ပြင်းထန်သော မြွေမျိုးများရှိသကဲ့သို့ လုံးဝ ဘေးအန္တရာယ် မဖြစ်စေတတ်သော မြွေမျိုး အချို့လည်း ရှိသေးသည်။ အချို့ဒေသများတွင် ထိုကဲ့သို့ မြွေမျိုးကို ကြွက်ဝမ်းဖြူနှင့် မြွေကြွက်များ ဖမ်းယူစေရန် အိမ်၌ ချစ်စနိုး တိရစ္ဆာန်များအဖြစ်ပင် မွေးမြူထားကြလေသည်။ မြွေသည် များသောအားဖြင့် ဥအုလေ့ရှိသည်။ သို့သော် မြွေ ပွေးနှင့် ပင်လယ်မြွေမျိုးသည် အကောင်လိုက် မွေးဖွားတတ်ကြ သည်။ အမိဝမ်းမှ ကျွတ်လာသော မြွေကလေးများသည် အမိ အဖ၏ စောင့်ရှောက် ကျွေးမွေးမှုကို မခံယူဘဲ ဘာသာဘာဝ အစာများကို ရှာဖွေ စားသောက်ကြလေသည်။

မြွေသည် တစ်နှစ်အတွင်း အရေခွံကို ကြိမ်ဖန်များစွာ လဲနိုင်၏။ ထိုသို့ လဲရာတွင် အရေခွံ၏ အတွင်းဖက်ကို အပြင်သို့ရောက်အောင် ထုတ်ပစ်ခဲ့ကြသည်။ မြွေသည် အစာကို တစ်နှစ်၊ သို့မဟုတ် တစ်နှစ်မက မစားဘဲ နေနိုင်သော်လည်း အချိန်မှန်မှန်နှင့် မကြာခဏ စားသောက်တတ်သည်။ ထိုသို့စား၍ ပိုသောအစာများကို အဆီအဖြစ်ဖြင့် ကိုယ်တွင်း၌ သိုလှောင်ထားတတ်သည်။ ရှေးခေတ်က လူများသည် မြွေကို ဥစ္စာဓနနှင့် ဉာာဏ်ပညာ ကို ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည်ကာ ကိုးကွယ်ခဲ့ကြ၏။ အလယ်ခေတ်လောက်တွင်မူ စုန်းကဝေများနှင့် အဆက်အသွယ် ရှိသည်ဟု ယုံကြည်ခဲ့ကြလေသည်။ ထိုပြင် ဂူများအတွင်း ဥစ္စာ များကို စောင့်ရှောက်နေကြသော ဥစ္စာစောင့် မြွေကြီးများ၏ ဒဏ္ဍာရီများကိုလည်း မကြာခဏ ကြားကြရပေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)