မာတိကာသို့ ခုန်သွားရန်

လျှပ်ကူးဆဲလ်

ဝီကီပီးဒီးယား မှ
လျှပ်ကူးဆဲလ်(နျူရွန်) တစ်ခု၏ အစိတ်ပိုင်းများပြပုံ

သက်ရှိသတ္တဝါ အများစုရှိ အာရုံကြောစနစ် ၏ အဓိကဆဲလ်များ ဖြစ်သော နျူရွန် (သို့) လျှပ်ကူးဆဲလ် (အင်္ဂလိပ်: neuron) ဆိုသည်မှာ မိမိပတ်ဝန်းကျင်ရှိ ဆဲလ်တွင်းပြင် လျှပ်ညှို့အင် စောင်းပေးမှု (membrane poential) နှင့် လျှပ်ခုန်ပစ္စည်းများ (neurotransmitters) ကို လိုက်၍ ကိုယ်တွင်းလျှပ်လှိုင်း ဆက်လက် စီးကူးစေခြင်း၊ မစီးကူးစေခြင်းကို ရူပဗေဒ နှင့် ဓာတုဗေဒ သဘောများအလျောက် ဆောက်ရွက်နေခြင်းဖြင့် ကိုယ်တွင်းနျူရွန်ကွန်ရက်များကို ပါဝင်ဖော်ဆောင်နေသည့် ဆဲလ်များ ဖြစ်၏။ ဤ လျှပ်ကူးဆဲလ်(နျူရွန်)များတလျှောက် ကိုယ်တွင်းလျှပ်လှိုင်း (action poentential) များ ဖြစ်ပေါ်နေမှုကြောင့် သက်ရှိခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများ အပြန်အလှန် ဆက်သွယ်မှု၊ ထိန်းချုပ်မှု ရှိကာ လှုံ့ဆော်ချက်(အာရုံ)များကို ခံစားသိရှိနိုင်ခြင်း၊ တွေးတော တုံ့ပြန်နိုင်ခြင်း၊ အစာချေခြင်းနှင့် အသက်ရှူခြင်းကဲ့သို့သော လုပ်ငန်းများကို ခန္ဓာကိုယ်က ဆက်လက် လုပ်ဆောင်နေခြင်း စသည်တို့ ဖြစ်ပျက်နေကြောင်းကိုမူ တွေ့ရှိရ၏။

နျူရွန်တခုချင်း၏ ဖွဲ့စည်းသဏ္ဌာန်[ပြင်ဆင်ရန်]

အာရုံကြောစနစ်၏ နေရာအသီးသီး၌ လုပ်ငန်းအမျိုးမျိုးကို ဆောင်ရွက်နေသည့် နျူရွန်အလျှိုလျှိုမှာ အရွယ်အစား၊ ပုံသဏ္ဌာန်၊ လျှပ်စစ်ဓာတု သဘောသတ္တိတို့ အလျှိုလျှို ကွဲပြား၏၊ သာဓကအားဖြင့် အရွယ်သေးသော နျူရွန်တို့၏ အလုံးပိုင်းကိုယ်ထည်မှာ အချင်း 4 မိုက်ခရိုမီတာခန့် အထိ သေးငယ်၍ အရွယ်ကြီးလျှင် အချင်း 100 မိုက်ခရိုမီတာခန့်အထိ ရှိတတ်၏။[၁]

နျူရွန်၏ အလုံးကိုယ်ထည်/ကိုယ်ထည်လုံး (Soma of a Neuron)
  • နျူရွန်တခုချင်း၏ အလုံးကိုယ်ထည် (soma) သည် အလယ်ပိုင်းသဖွယ် လုံးဝန်းနေသည့် အပိုင်း ဖြစ်၏။ ဒီ-အန်(န်)-အေ ဟူသော ဗီမော်လီကျူးပါဝင်ရာ ဆဲလ်တွင်းနျူကလီးယပ်စ်လည်း ဤပိုင်း၌ ရှိသဖြင့်၊ ပရိုတီးန် မော်လီကျူးသစ် စုဖွဲ့မှုလည်း ဤပိုင်း၌ အဖြစ်များ၏။ နျူကလီးလပ်စ်မှာ အချင်းအားဖြင့် 3 မိုက်ခရိုမီတာခန့်မှ 18 မိုက်ခရိုမီတာခန့်အထိ ရှိတတ်၏။[၂]
  • နျူရွန်တခုချင်း၏ အဝင်တံပွားများ(dendrites) သည် အခြားနျူရွန် စသည်တို့မှ ကိုယ်တွင်းလျှပ်လှိုင်း (action potential) ဝင်ရောက်ရာ အမြောင်းလိုက် အမြောင်းလိုက် အစိတ်အပိုင်းများ ဖြစ်၏။
  • နျူရွန်တခုချင်း၏ အထွက်တံ (axon) သည် အခြားနျူရွန်၏ အဝင်တံပွားတခုခုထံသို့ တေ့ဆက်လျက် ကိုယ်တွင်းလျှပ်လှိုင်း လက်ဆင့်ကမ်းထွက်စေနိုင်သည့် အပိုင်း ဖြစ်၏။ ဤအထွက်တံ၏ အရှည်ပမာဏက ၎င်းနျူရွန် အလုံးကိုယ်ထည် အချင်း၏ အဆပေါင်း ဆယ်နှင့်၊ ရာနှင့်၊ သောင်းနှင့်အထိ ချီ၍ ရှိနိုင်၊ ရှည်နိုင်၏။ အဓိကအားဖြင့် ကိုယ်တွင်းလျှပ်လှိုင်းစဉ် (nerve signal) များကို အလုံးကိုယ်ထည် ဝေးရာသို့ စီးကူးစေပြီး၊ အချက်အလက်အချို့ကို ပဲ့တင်ထပ်မှုသဖွယ် ပြန်သယ်လာတတ်၏။ နျူရွန်တို့တွင် အထွက်လက်တံ တစ်ခုတည်း ရှိသည်က များတတ်၏၊ တခါတရံတွင် နျူရွန်အဝင်တံ များများသို့ ရောက်ရှိနိုင်ခြင်းငှာလည်း ကိုင်းပွားတတ်သေး၏။

နျူရွန်တခု၏ အထွက်တံနှင့် နောက်ထပ်နျူရွန်၏ အဝင်တံပွားတခုခုတို့ ထိပ်စွမ်းချင်း တေ့စပ်နေသည့် နေရာကို လျှပ်တေ့ (synapse) ဟု ခေါ်နိုင်၏။

အကိုးအကား[ပြင်ဆင်ရန်]

  1. Davies၊ Melissa (2002-04-09)။ The Neuron: size comparisonNeuroscience: A journey through the brain။ 2009-06-20 တွင် ပြန်စစ်ပြီး။
  2. Chudler၊ Eric H.။ Brain Facts and FiguresNeuroscience for Kids။ 2009-06-20 တွင် ပြန်စစ်ပြီး။