လှုံ့ဆော်ချက်

ဝီကီပီးဒီးယား မှ

ဇီဝဗေဒတွင် လှုံဆော်ချက် (အင်္ဂလိပ်: stimulus) သည် သက်ရှိတို့အဖို့ တုံ့ပြန်ဖွယ်ရာသော ပတ်ဝန်းကျင်မှ သက်ရောက်မှုများ ဖြစ်သည်။ လိုလားအပ်သော လှုံဆော်ချက် ဖြစ်လျှင် ၎င်းထံသို့ သက်ရှိတို့ ချဉ်းကပ်ရန် အားထုတ်တတ်ပြီး မလိုလားအပ်သော လှုံဆော်ချက် ဖြစ်လျှင် ၎င်းထံမှ ခွါကျဉ်ရန်၊ ၎င်းကို ကာကွယ်ပယ်ဖျက်ရန် သက်ရှိတို့ အားထုတ်တတ်သည်။

  • အလင်းဟူသော စွမ်းအင်မှာ သက်ရှိတို့အဖို့ လှုံဆော်ချက်တစ်မျိုး ဖြစ်သည်။ ကိုယ်ပိုင်အလင်းထုတ် ဝတ္ထုများမှ လာသော၊ ကိုယ်ပိုင်အလင်းမထုတ် ဝတ္ထုများမှ ပြန်ဟပ်လာသော အလင်းတို့ကို လူတို့က မျက်လုံးဖြင့် ဖမ်းယူသိရှိလျက် ပတ်ဝန်းကျင်ကို မြင်ရခြင်း ဖြစ်သည်။ အပင်များသည်လည်း ၎င်းတို့၏ အလင်းမှီစုဖွဲ့ခြင်းအတွက် အလင်းရှိရာဘက်သို့ တိုးတက်ပေါက်ရောက်တတ်သည်။
  • အသံဟူသော ကြားခံဒြပ်သား၏ တုန်ခါမှုသည်လည်း လှုံဆော်ချက်တစ်မျိုး ဖြစ်သည်။ ဥပမာအားဖြင့် လူတို့၏ နားစည်က လေထု၏ တုန်ခါမှုကို ဆင့်ကဲခံစားရလျက် အမျိုးမျိုးသော ဖိအားတို့ကို အသံအတိုးအကျယ် အဖြစ်၊ အမျိုးမျိုးသော ကြိမ်နှုန်းတို့ကို အသံ စူးခြင်း-အောခြင်း အဖြစ် ခွဲခြားခံစားမိရသည်။

(ဤတွင် အလင်းများ နားစည်သို့သာ သီးသန့် ကျရောက်ပါက ပုံရိပ်မြင်ရခြင်း၊ အသံကြားရခြင်း မရှိကြောင်းနှင့် လေထုတုန်ခါချက်များ အမြင်လွှာသို့သာ သီးသန့် ကျရောက်ပါကလည်း ပုံရိပ်မြင်ရခြင်း၊ အသံကြားရခြင်း မရှိကြောင်း သတိပြုဖွယ် ဖြစ်သည်။)

  • အနံ့နှင့် အရသာတို့သည်လည်း လှုံဆော်ချက်များ ဖြစ်သည်။ စားလိုက် ရှုလိုက်သော မော်လီကျူးတို့၏ ဖွဲ့စည်းပုံနှင့် လျှာနှာခေါင်းတို့ရှိ အာရုံခံဆဲလ်များ အပြန်အလှန် ဆက်သွယ်ပုံရလဒ်အဖြစ် ဦးနှောက်သို့ သတင်းပေးပို့ချက် အမျိုးမျိုး ထွက်ပေါ်ခြင်းသည် လူက အနံ့၊ အရသာ အမျိုးမျိုးကို ကြုံတွေ့မှုအဖြစ် ခံစားရခြင်း ဖြစ်တော့သည်။
  • တိရစ္ဆာန်တို့၏ အရေပြားကြွက်သားစသည်တို့ရှိ အခြားသော အာရုံခံဆဲလ်များက ခံစားမိသော ဖိအား(pressure) နှင့် အပူချိန် (temperature) တို့ကို "အထိအတွေ့"ဟု လှုံဆော်မှုတစ်မျိုးအဖြစ် စာရင်းသွင်းကြသည်။

အဘိဓမ္မာထဲတွင်[ပြင်ဆင်ရန်]

မြန်မာပြည်တွင် လေ့လာကြသော အဘိဓမ္မာထဲရှိ အာရုံ ဟူသည်မှာ လှုံ့ဆော်ချက်(stimulus) ကိုပင် ဆိုလိုခြင်းဟု သိမှတ်နိုင်သည်။