မြွေပါမွေးရှည်

ဝီကီပီးဒီးယား မှ
မြွေပါမွေးရှည်
(အင်္ဂလိပ်: Mink)
American mink (Neogale vison)
American mink
(Neogale vison)
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း
လောက: တိရစ္ဆာန်
မျိုးပေါင်းစု: ကော်ဒိတ်
မျိုးပေါင်း: နို့တိုက်သတ္တဝါ
မျိုးစဉ်: Canivora
မျိုးရင်း: Mustelidae
မျိုးရင်းသေး: Mustelinae
အုပ်စုများ ပါဝင်သည်

မျိုးစု:

မြွေပါမွေးရှည် (Mink) သည် မြွေပါမြီးတိုနှင့်တူ၍ မတ်စတီလာ မျိုးစုဝင်ဖြစ်သည်။ လူသိအများဆုံး ဖြစ်သော မြွေပါမွေးရှည် မျိုးစိတ်နှစ်ခုမှာ မတ်စတီလာ လတ်ထရီယိုလာနှင့် မတ်စတီလာ ဗီဆန်တို့ ဖြစ်ကြ သည်။ မတ်စတီလာ လတ်ထရီယိုလာမျိုးစိတ်ကို ဥရောပတိုက် အရှေ့ပိုင်းတွင် တွေ့ရ၍ မတ်စတီလာ ဗီဆန် မျိုးစိတ်ကို မြောက်အမေရိကတိုက်တွင် တွေ့ရသည်။ ထိုမျိုးစိတ်နှစ်ခုသည် လွန်စွာ တူကြ ၏။ မြောက် အမေရိကတိုက်တွင် တွေ့ရသော မြွေပါမွေး ရှည်သည် အမွေးထူသော ရှစ်လက်မခန့်ရှိ အမြီးအပါအဝင် နှစ်ပေမျှ ရှည်သည်။ သေးငယ်သည့် နားရွက်၊ ရှည်သော လည်ပင်းနှင့် တိုသောခြေထောက်များ ရှိသည်။ ဥရောပတိုက် မြွေပါမွေးရှည်မျိုးသည် အမေရိကတိုက် မြွေပါမွေးရှည်မျိုးထက် အနည်းငယ် သေးငယ်သည်။ အမျိုးသမီးများ အထူးနှစ်သက်သော သားမွေး အနွေးထည် များကို မြွေပါမွေးရှည်၏ သားမွေးများဖြင့် ချုပ်ယူလေ့ရှိကြသည်။

မြွေပါမွေးရှည်များသည် တောများနှင့် ကွင်းပြင်များရှိ ချောင်းမြောင်းအင်းအိုင်တို့၏ ကမ်းပါးများတွင် နေထိုင်လေ့ ရှိကြသည်၊ ယင်းတို့သည် ရေကူး၊ ရေငုပ်ရာ အလွန်ကျွမ်းကျင် သည်။ အစာကို ကုန်းနှင့် ရေ နှစ်မျိုးစလုံးမှာပင် ရှာဖွေကြ သည်။ ငှက်များကို အစာအဖြစ် ကြိုက်နှစ်သက်ကြ၍ တစ်ခါ တစ်ရံ သစ်ပင်များကို တက်၍ ငှက်သိုက်များရှိ ငှက်ဥများကို ခိုးစားလေ့ရှိကြသည်။ ထို့ပြင် ဖားငါးနှင့် ဖွတ်ပုတတ်များ ကိုလည်း စားသောက်ကြသည်။

ကမ္ဘာ့မြောက်ပိုင်းတွင် တွေ့ရသော မြွေပါမွေးရှည်တို့၏ သားမွေးသည် အကောင်းဆုံးဖြစ်၏။ အရောင်မှာ များသောအားဖြင့် အညိုရင့်ရောင် ဖြစ်သည်။ ကျောဘက်ရှိ အရောင်မှာ ပို၍ရင့်ပြီးလျှင် အမြီး၏အရောင်မှာ အနက်နီးပါး ဖြစ်သည်။

မြွေပါမွေးရှည်တို့သည် ချောင်း၊ မြောင်း၊ အင်းအိုင်း ကမ်းပါးရှိ တွင်းများ၊ သစ်တုံးရှိတွင်းများ၊ သို့မဟုတ် ကျောက် ဆောင်ရှိ တွင်းများတွင် တစ်နှစ်တစ်ခါ ဧပြီလလောက်တွင် သားပေါက်ကြ၏။ တစ်မြုံလျှင် သားငယ် ငါးကောင်၊ ခြောက်ကောင် ရှိတတ်သည်။ မြွေပါမွေးရှည်အမသည် အထီးထက် ငယ်သည်။ အမြီးသည် အမွေးထူ၍ အဖျားဘက်သို့ ရှူးသွားသည်။ မြွေပါမွေးရှည်သည် ရန်သူနှင့် မရှောင်သာသော အခါများတွင် ကြောက်မက်ဖွယ် ကောင်းအောင် တိုက်ခိုက် တတ်၍ အနံ့ဆိုးများကိုလည်း ထုတ်လွှတ်တတ်သည်။

ဥရောပတိုက်နှင့် အမေရိကတိုက်များရှိ သားမွေးလုပ်ငန်းများ တွင် မြွေပါ မွေးရှည်များကို မွေးမြူကြရာ အောင်မြင်လျက် ရှိပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၆)။ "မြွေပါမွေးရှည်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း၁၀ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၄၃၅။