သားမွေး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Opossum fur

အမွေးသည် နို့တိုက်သတ္တဝါတို့၏ အရေမှ ပြင်ပသို့ ထိုးထွက်နေသော အရာများကို ခေါ်ခြင်းဖြစ်သည်။ ပိုးမွှားနှင့် အပင်တို့မှ ဤနည်းအတိုင်း ထွက်နေသောအမျှင်များကိုလည်းခေါ်ဝေါ်ကြသည်။

အမွေးရှိခြင်းသည် နို့တိုက်သတ္တဝါတို့၏ ထူးခြားသောဂုဏ် တစ်ရပ်ဖြစ်၍ ယင်းတို့အတွက် များစွာ အကျိုး ကျေးဇူး ဖြစ် ထွန်းစေသည်။ အရပ်ဒေသ အမျိုးမျိုး၌ ရာသီဥတု အခြေအနေ ကို လိုက်လျော၍ တိရစ္ဆာန်တို့၌ ထူထဲသော အမွေးများ၊ သို့မဟုတ် နည်းပါးသော အမွေးများရှိသည်ကို တွေ့ရ၏။ ရေခဲ ရာဒေသများရှိ ဝက်ဝံဖြူ၊ သမင်တို့၌ ထူထဲသော အမွေးရှိခြင်း ကြောင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိ၏။ အပူပိုင်း တိရစ္ဆာန် များ၌မူကား များသောအားဖြင့် အမွေးနည်းပါးပေသည်။

ဖြူကောင်များ၌ အမွေးသည် ရှည်လျားသော ဆူးသဏ္ဌာန် တည်ရှိသောကြောင့် အပူအအေးကို ကာကွယ်ရုံတွင်မက ရန်သူနှင့် ဘေးအန္တရာယ်မှလည်း ကာကွယ်နိုင်လေသည်။ လူတို့တွင် အမွေးသည် အခြားတိရစ္ဆာန်များနှင့် နှိုင်းရှည့် လောက်အောင် မထူထဲပေ။ ခေါင်းမွေးသည် အပူအအေးကို ကာကွယ်ပေး၏။ ကျိုင်း (ဂျိုင်း)မွေး စသည်တို့သည် အသား အရေ ပွန်းတိုက် မှုကို လျော့စေ၏။ အခြားနေရာတို့၌ အမွေး မရှိသလောက်ပင် ဖြစ်သည်။

အမွေးသည် ညွတ်ပျောင်းခိုင်ခံသော ချည်မျှင်သဖွယ် ရှိ၍ မာကျောသော ဆဲများ ပါရှိလေသည်။ နို့တိုက် သတ္တဝါတို့၏ အမွေးများသည် အရေထဲရှိ တွင်းငယ်ကလေးများ၌ ဖြစ်ပေါ်၏။ ထိုတွင်းကလေးများကို အမွေး အိမ်ဟုခေါ်သည်။ အမွေးအိမ်၌ အထပ် နှစ်ထပ်ရှိ၏။ အတွင်းထပ်သည် အမွေးရင်းကို နီးကပ် စွာ ပတ်ထား၍ ပြင်ပအထပ်သည် ဆက်စပ်သော အသားမျှင် ဖြစ်၏။ အမွေးအိမ်အရင်း၌ အသားပိုကလေးတစ်ခု ရှိ၏။ ထိုအသားပိုကလေးအပေါ်မှ ပျော့ပျောင်းသော ဆဲများသည် ပွားများကြီးထွားလာ၍ ရှည်လျားသော အရောင်ရှိ အမွေးမျှင် ဖြစ်လာ၏။ အမွေးမျှင်သည် သွေးကြောများနှင့် ဆက်သွယ် လျက်ရှိသဖြင့် အာဟာရကိုရသည့်ပြင် အမွေးမျှင်၌ ဖြစ်ပေါ် လာသော စွန့်ပစ္စည်းများကို ထုတ်ပစ်နိုင်သည်။ ဂလင်းများ သည် အဆီဖြင့် စိုပြည်ပျော့ပျောင်းစွာ ရှိနေနိုင်၏။ အာရုံကြော များနှင့်လည်း ဆက်သွယ်လျက်ရှိသောကြောင့် ထူးခြားသော အာရုံခံစားမှု အင်္ဂါများလည်း ဖြစ်လေသည်။ သင်စိတ်ဆိုးလျှင် အမွေးများ ထောင်လာသည်ကို တွေ့ရသည်။ အမွေးအိမ်သည် ထောင်စေသည့် ကြွက်သားနှင့် ဆက်သွယ်နေသဖြင့် ကြွက်သား ကျုံ့သောအခါ အမွေးများကို ထောင်စေလေသည်။

လူ၏အမွေးသည် ယေဘုယျအားဖြင့် တစ်ခုနှင့်တစ်ခု ဆောက်တည်ပုံ တူညီသော်လည်း အရှည်၊ အရောင်၊ ကန့်လန့် ဖြတ်အသွင်တို့မှာ တစ်မျိုးနှင့်တစ်မျိုး ဖိုနှင့်မ ကွဲပြား ခြားနား သည်ကို တွေ့ရ၏။ ဆောက်တည်ပုံ သုံးမျိုး သုံးစားရှိသည်။


  • (၁) တို၍ လိမ်ကောက်လျက်ရှိသော အမွေး။ ။ယင်းတွင်

မည်းနက်သော အရောင်ရှိ၍ ကန့်လန့်ဖြတ် အားဖြင့် ဘဲဥပုံ၊ သို့မဟုတ် ကျောက်ကပ်ပုံ ရှိသည်။ အိန္ဒိယတိုင်းရင်းသားနှင့် ဩစတြေးလီးယန်း လူမျိုး တို့မှအပ လူမည်းမျိုးများ၌ တွေ့နိုင်သည်။ ဤအမွေးမျိုးကိုလည်း နှစ်စားခွဲထားပြန်သည်။ တစ်စားမှာ အမွေးသည် ရှည်၍ အလိမ်သည် ကြီး၏။ ကပ္ပလီ လူမျိုးများ၌ တွေ့နိုင်သည်။ အခြားတစ်စား၌ အလိမ်သည် သေးငယ် ကျစ်လျစ်၍ အစုကလေးများ ဖြစ်နေပြီးလျှင် အချို့ နေရာများမှာ အမွေးကင်းသော ကွက်လပ်များ သဖွယ် ရှိနေ သည်။ ဗွတ်ရှမန်းလူမျိုးများ၌ တွေ့နိုင်သည်။

  • (၂) ကြမ်းတမ်းရှည်လျား၍ ဖြောင့်တန်းသောအမွေး။ ။

ယင်းတွင် ကန့်လတ်ဖြတ် အဝိုင်းပုံသဏ္ဌာန်ရှိသည်။ တရုတ်မွန်ဂိုအမေရိကန်အိန္ဒိယလူမျိုးများတွင် တွေ့နိုင်သည်။

  • (၃) ငွေချည်မျှင်ကဲ့သို့ ချောမွတ်၍ လှိုင်းထလျက်ရှိသောအမွေး။

။ယင်းတွင် ကန့်လန်ဖြတ် ဘဲဥပုံရှိသည်။ ဥရောပတိုက်သား များ၌ တွေ့နိုင်၏။


ဩစတြေးလီးယန်းနှင့် နူဗီယန်လူမျိုးတို့၌ မည်းနက်ထူထဲ လိပ်ခွေသော အမွေးတစ်မျိုးရှိ၏။ အာရှတိုက်၊ ဥရောပတိုက် သားများ၏ အမွေးနှင့်ကွဲပြားသော်လည်း ကပ္ပလီ လူမျိုးတို့၏ အမွေးနှင့် များစွာမခြားနားလှချေ။


အမွေး၏အရောင်သည် အမွေးထဲ၌ ပါဝင်သောအရောင်ဆေး တစ်မျိုးကြောင့် ဖြစ်၏။ ဖြောင့်တန်းသော အမွေး၊ လိမ်ကောက် သောအမွေးများ၏အရောင်သည် မည်းနက်၍ လှိုင်းထသော အမွေး၏အရောင်များမှာ အညို၊ အဝါ၊ အနီစသည်ဖြင့် အမျိုး မျိုး ရှိလေသည်။ အသားအရေ မသန့်ရှင်းသော အခါ ၌သော် လည်းကောင်း၊ မကျန်းမမာသော အခါများ၌သော်လည်းကောင်း အမွေးများ ကျွတ်ကျတတ်၍ ကျန်းမာ လာသောအခါမှ တစ်ဖန် ပြန်၍ ပေါက်လေသည်။ အမွေးသည် အလွန်အသုံးဝင်သော ပစ္စည်းတစ်ခု ဖြစ်ပေသည်။ သိုးဆိတ်ကုလားအုတ်၊ အယ်လ ပါကာ မွေးများကို အထည်အဝတ် ရက်လုပ်ကြ၍ ယုန်မွေးကို ဦးထုပ်သက္ကလတ်စများ ပြုလုပ်ကြလေသည်။ သက္ကလတ်ထည် အကြမ်းများ၌ မြင်းမွေး၊ နွားမွေးများ ပါဝင်၏။ ဝက်မွေး၊ ကုလားအုပ်မွေးများကို စုတ်တံပြုလုပ်ရာတွင် အသုံးချကြ လေသည်။[၁]

ရှေးအလွန်ကျသောခေတ်မှ ယခု မျက်မှောက်ခေတ်တိုင်အောင်လူတို့အမြတ်တနိုးထား၍ ဝတ်ဆင်ကြ သည့်အဝတ်အထည်တမျိုးမှာ သားမွေးထည်ပင် ဖြစ်သည်။ ခေတ်မီအဝတ်အထည်များ မည်မျှပင် ပေါ်ပေါက်စေကာမူ သားမွေးထည်ကိုကား အမြတ်တနိုးထား၍ ဝတ်မြဲဝတ်ကြသည်မှာ ယင်းတို့၏နွေးသည့်နေရာနှင့် ခံ့ညားထယ်ဝါသည့် နေရာ၌ ပြိုင်ဘက်မရှိမှုကြောင့်ဖြစ်သည်။ ရှေးအခါက လွန်စွာချမ်းအေးသည့်အရပ်ဒေသများတွင် နေထိုင်ကြသော လူများသည် အသက်ရှင်၍ နေနိုင်ရန်အတွက် အစာအာဟာရကိုရှာဖွေစားသောက်ရသကဲ့သို့ မိမိတို့ ကိုယ်ခန္ဓာကို အအေးဓာတ်မှကာကွယ်ရန်အလို့ငှာ အဝတ်အထည်များကို ရှာဖွေပြုလုပ်ကြရလေသည်။ ထိုအခါ တိရစ္ဆာန်တို့၏ အသားကို အာဟာရအဖြစ်မှိီဝဲ၍ အရေနှင့် အမွေးကိုအအေးမှကာကွယ်ရန် ဝတ်ဆင်ကြရသည်။ သို့ဖြစ်၍ တိရစ္ဆာန်များ၏အသားကိုအစားအစာအဖြစ် အသုံးပြုတတ်ကြသည့်အချိန်နှင့် တိရစ္ဆာန်များ၏ သားရေနှင့်အမွေးများကိုအဝတ် အထည်အဖြစ် ဝတ်ဆင်ကြသည့်အချိန်မှာ များစွာကွာခြားမည်မဟုတ်ဟု ယူဆရပေသည်။ ကမ္ဘာ၏မြောက်ပိုင်းတွင် နေထိုင်ကြသော လူရိုင်းများ အဖို့သားမွေးသည်မရှိလျှင် မဖြစ်သော ပစ္စည်းတစ်ခုဖြစ်၍ အဖိုးတန်လေသည်။ သို့ရာတွင် အချို့သော ယဉ်ကျေးသည့်နိုင်ငံများတွင်မူ သားမွေးသည်ရှေးအခါမှစ၍ ယခုအထိအလှအပ ဇိမ်ခံပစ္စည်းတစ်ခုအဖြစ်နှင့်သာ အဖိုးထိုက်တန်လေသည်။ တရုတ်လူမျိုးများကား လွန်ခဲ့သည့် နှစ်ပေါင်း ၃၅ဝဝခန့်မှစ၍ သားမွေးကို အရေးတယူ ဝတ်ဆင်ခဲ့ကြသည်ဟု သိရှိရသည်။

အလယ်ခေတ်ဥရောပယဉ်ကျေးမှုတွင် သားမွေး ထည်သည် အလှအပ ဇိမ်ခံပစ္စည်းများစာရင်းတွင် ထိပ်တန်းက ပါဝင်လျက်ရှိ၏။ သားမွေးထည်များကို အသုံးပြုခြင်းသည် ဝိနည်းတော်ကျင့်စဉ်များနှင့် ဆန့်ကျင်သည်ဟုအကြောင်းပြု၍ ဗုဒ္ဓဘာသာ ရဟန်းတော်များအား သားမွေးထည်များကိုဝတ်ဆင်ခြင်းမှ တားမြစ်ထားလေသည်။ ထိုခေတ်အခါက လူများတွင်လည်း သာမန်လူများသည် သားမွေးကိုအသုံးပြုခွင့်မရှိဘဲ ဘုရင့်ဆွေတော်မျိုးတော်များနှင့်မှူးကြီးမတ်ကြီး စသည့် အထက်တန်းစားများသာအသုံးပြုနိုင်ခွင့်ရှိလေသည်။ သို့ဖြစ်၍ အလယ်ခေတ်တွင် လူတစ်ယောက်၏ ဂုဏ်အဆင့်အတန်းကို ထိုသူဝတ်စားထားသော သားမွေးထည်၏ အမျိုးအစားနှင့် အရေအတွက်ပေါ်တွင်မူတည်ကာ ဆုံးဖြတ်လေ့ ရှိကြသည်။ များသောအားဖြင့် ထိုခေတ်က သားမွေးထည်များကို ယောက်ျားများသာဝတ်ဆင်လေ့ရှိကြ၏။ အချို့သူများ သည် သားမွေးထည်များကို မိမိ၏အလုပ်အကိုင်ရာထူး အဆင့်အတန်းကို ဖေါ်ပြသည့်သဘောနှင့်ဆင်မြန်းကြရ၏။ ယခုခေတ်တွင် တရားလွှတ်တော်တရားသူကြီးများ အမှုစစ်ဆေးသည့်အခါခေါင်းတွင်ဆောင်းထားသော သားမွေးဦးထုပ်များမှာအဆိုပါအလေ့အထမှ ကျန်ရစ်သော အမွေအနှစ်တစ်ခုပင်ဖြစ်လေသည်။ အလယ်ခေတ်တွင်လူတိုင်း ဝယ်ယူဝတ်ဆင်ခွင့်ရသော သားမွေးထည်မှာ သားမွေး ခေါင်းစွပ်ဖြစ်၏။ ထိုခေတ်က သားမွေးအများဆုံးထွက်သော အရပ်ဒေသများမှာ ဥရောပတောင်ပိုင်း၊ အလယ်ပိုင်းနှင့် ဗောလတစ်ပင်လယ်ကမ်းခြေတဝိုက်ရှိ မြို့ရွာဒေသများ ဖြစ်လေသည်။

သားမွေးရသောသားကောင်များမှာ ကြွက်ကတိုး၊ စကန့်၊ အိုပေါ့ဆမ် သားပိုက်ကောင်မြွေပါဖြူ၊ မြွေပါ မြီးရှည်၊ မြွေပါမြီးတိုမြွေပါကြီးမြေခွေးရက်ကွန်းဝံ၊ ဗီဗာဖျံ၊ အော့တာဖျံ၊ပင်လယ်ဖျံကြောင်မြီးတိုဝံပုလွေဝက်ဝံယုန်၊ ဆေဗယ်ခေါ် တောဆိတ်မျိုး၊ ချင်ချီရှဉ့်နှင့် အခြားရှဉ့်အမျိုးမျိုးတို့ဖြစ်ကြသည်။

သားမွေထည်လုပ်ငန်း[ပြင်ဆင်ရန်]

သားမွေးထည်များကိုပြုလုပ်ရာတွင် အဆင့် လေးဆင့်ရှိ၏။ ပထမအဆင့်မှာ သား မွေးအရည်အကြမ်းကို စင်ကြယ်၍ပျော့ပျောင်းသွားစေရန်ဖွတ်လျှော် ဆေးကြောခြင်းဖြစ်၏။ ဒုတိယအဆင့်မှာ သားရေ အတွင်းဘက်ရှိ် အသားအကြောအစအနများကိုခွာယူ၍ အတွန့်အတက်များ စန့်သွားအောင်ဆန့်ခြင်းဖြစ်သည်။ တတိယအဆင့်မှာ သားရေစိမ်းကိုသားရေကျက်ဖြစ်အာင် ဆေးစိမ်ခြင်းဖြစ်၍ နောက်ဆုံးဖြစ်သောစတုတ္ထအဆင့်မှာ အချောကိုင်ခြင်းဖြစ်သည်။ တစ်ဆင့်နှင့်တစ်ဆင့်စပ် ကြားတွင်လည်း သားမွေးကိုကောင်းသည်ထက်ကောင်းအောင် ပြုပြင်ရသည့် အလုပ်များလည်းရှိသေးသည်။

သားမွေးစများကိုရရှိပြီးသည့်နောက် ဆေးဆိုးရပေသေး သည်။ သားမွေးကိုဆေးဆိုးသည့် အတတ်မှာ ရှေးပဝေဏီကပင် ပေါ်ပေါက်ခဲ့၏။ သို့ရာတွင် ၁၉ ရာစုကုန်ဆုံးခါနီးအချိန်ကျမှသာ သားမွေးဆေးဆိုးခြင်းကို ခေတ်မီသောဓာတုဗေဒနည်းစံနစ်တို့ဖြင့် စတင် ပြုလုပ်ကြလေသည်။ ထိုအချိန်မတိုင်မီကမူ သားမွေးကို ဆေးဆိုးရာ၍ အသီး အရွက်၊သို့မဟုတ် တွင်းထွက်သတ္ထု အရောင်များဖြင့်သာဆိုးကြသည်။ ထိုနောက်တွင်ကား ဓာတုဗေဒဆိုးဆေးများပေါ် ပေါက်လာပေရာ သားမွေးကို အရောင်အမျိုးမျိုးဆိုးပေးကြလေသည်။ သို့ဖြစ်၍ မည်မျှ ညံ့ဖျင်းသောသားမွေး ဖြစ်စေကာမူဆေးဆိုးပေးလိုက်သောအခါ အရောင်တောက်၍ ချောမွတ်လာသကဲ့သို့ဖြစ်သည်။

သားမွေးဆေးဆိုးနည်းများ ကိုကား လုပ်ငန်းရှင်များ၏ လျှို့ဝှက်ချက်ဖြစ်သဖြင့် ထိုလုပ်ငန်းအကြောင်းကို အသေးစိတ်မသိရချေ။ သားမွေးဆေး ဆိုးသူများသည် တစ်ဦးလျှင် နည်းတစ်မျိုးစီဖြင့် ပြုလုပ်ကြသည်ကိုတွေ့ရှိရ၏။ တစ်ဦး၏နည်းကိုတစ်ဦးအား အသိပေး ခြင်းလည်းမရှိချေ။ သားမွေးကို အဝတ်အထည်ချုပ်လုပ်ခြင်းမှာ ယခုအခါများစွာ တိုးတက်လျက်ရှိနေလေသည်။ သားမွေးအဝတ်အထည်များတွင် ပုံစံသည်များစွာအရေးကြီးလေသည်။ အခြားအဝတ်အထည်များ၌ ပုံစံအသစ်အဆန်းထွင်၍ ချုပ်ကြသကဲ့သို့ သားမွေး ထည်များတွင်လည်း ပုံသစ်ပုံဆန်းများထွင်ကြလေသည်။

ယင်းသို့ဆန်းသစ်သောပုံစံများကိုထွင်ကြသည်မှာ အဆန်းမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ရှေးခေတ်က ယောက်ျားများသာ သားမွေးထည်ကိုဝတ်ဆင်လေ့ ရှိကြသောလည်း ယခုခေတ်တွင်ကား သားမွေးထည်များကို မိန်းမများကပို၍ အသုံးပြုကြသောကြောင့်ဖြစ်လေသည်။ သားမွေးစများကို အထည်အဖြစ်ချုပ်လုပ်ရာတွင် အထူး ပြုလုပ်ထားသည့် သားမွေးချုပ်စက်များကို အသုံးပြုကြ၏။ သို့ရာတွင်သားမွေးစများကို ကိုက်ညှပ်ရာတွင်ကား လက်ဖြင့်ပင် ပြုလုပ်ရပေသည်။ သို့ဖြစ်၍ အထည်ပုံကျမကျမှာ အထည်ညှပ်သူ၏ ကျွမ်းကျင်မှုပေါ်တွင် တည်သည်။ သို့ရာတွင် ချုပ်သည့်အခါတွင်လည်း သေသပ်ကောင်းမွန်ရန် အရေးကြီး၏။ အချုပ်အလုပ် သေသပ်ကောင်းမွန်သော သားမွေးထည်များတွင် သားမွေးကို ဖယ်ရှား၍မကြည့်ဘဲနှင့် ချုပ်ရိုးကို မြင်နိုင်ရန် လွန်စွာခဲယဉ်းပေသည်။

သာမွေးထည်ကိုများသောအားဖြင့် ကမ္ဘာ၏အေးသော အပိုင်းတွင် နေထိုင်ကြသည့်လူများသာဝတ်ဆင်လေ့ ရှိကြသည်ဆိုသောကြောင့် သားမွေးကို အေးသော အရပ်ဒေသများတွင်သာ ရရှိနိုင်သည်ဟုယူဆလျှင် မှားယွင်းပေလိမ့်မည်။ စင်စစ်မှာ သားမွေးကို ကမ္ဘာအရပ်ရပ်တွင်ရရှိနိုင်၍ သားမွေးထည်များကိုလည်း အေးသောတိုင်းပြည်များအတွက်သာမဟုတ် ပူအိုက်သော တိုင်းပြည်တို့တွင်လည်း အသုံးပြုနိုင်ရန်စီမံပြုလုပ်ကြလေသည်။ သို့ရာတွင်အမွေးထူထပ်ပေါများ သောသားမွေး တိရစ္ဆာန်များကိုကား ကမ္ဘာ၏အေးသောအပိုင်းများတွင်သာ ပိုမို၍တွေ့ရှိနိုင်ပေသည်။ မြောက်အမေရိကတိုက်ကနေဒါနိုင်ငံ၊ ဥရောပတိုက်မြောက်ပိုင်း၊ ဆိုက်ဗီးရီးယားပြည်နယ်၊ ဩစတေးလီးယားတိုက်၊ တရုတ်နိုင်ငံ အစရှိသည့်ဒေသများမှာ ကမ္ဘာတွင်သားမွေးကောင်းထွက်သောနေရာများဖြစ်ကြလေသည်။ သားမွေးထွက်ရာဒေသများ၌ သားမွေးရည်အထည် ကြမ်းများကို ထောင်ချောက်သမားများနှင့်တောလိုက် မုဆိုးများထံမှ သားမွေးကိုယ်စားလှယ်များက စုဆောင်း၍ ဝယ်ယူပြီးလျှင် အထည်အဖြစ်ပြုလုပ်၍ ရောင်းချကြ၏။ များသောအားဖြင့်ကား သားမွေးရေများကို ကိုယ်စားလှယ် ပွဲစားများမှတစ်ဆင့် အချိန်ကာလအားလျော်စွာ လေလံတင် ရောင်းချလေသည်။ ထင်ရှားသည့်သားမွေး လေလံတင် ဌာနများမှာ လန်ဒန်မြို့၊ လိုက်ပဆစ်မြို့၊ နယူးယော့မြို့တို့ဖြစ်၍ မွန်ထရီးအောမြို့၊ စိန့်လူဝီမြို့၊ ပါရစ်မြို့၊ ဝင်နီပက်မြို့၊ ကိုပင်ဟားဂင်းမြို့၊ ဆီအက်တယ်မြို့၊ အက်ဒမန်တန်မြို့ တို့သည် သားမွေးကောင်း ရောင်းချရေးလုပ်ငန်းတွင် ဒုတိယအထင်ရှားဆုံးမြို့များ ဖြစ်ကြလေသည်။

သားမွေးထည်များကိုအမြောက်အမြားလုပ်ကိုင်သော သူများသည် မိမိတို့အထည်များကို ဖြန့်ချိရေးဆိုင်များ သို့ လည်းကောင်း၊ လက်လီဆိုင်များသို့လည်ကောင်း ရောင်းချလေသည်။ အနည်းငယ်သာလုပ်သော သားမွေး အထည်သည်ကလေးများမူ မိမိတို့ဆိုင်တွင်ပင် ပြသရောင်းချကြလေသည်။ လူထုနှင့်အများဆုံး တိုက်ရိုက်ဆက်သွယ်ရသောဆိုင်မှာ လက်လီဆိုင် များဖြစ် ကြ၏။ အချို့ဆိုင်များသည် အထည်သစ်များကို ရောင်းချသည့်အလုပ်အပြင် သားမွေးထည်အဟောင်းများကိုပြု ပြင်ချုပ်လုပ်ပေးသည့် အလုပ်ကိုလည်းလုပ်ကိုင်ကြ၏။ ယခုအခါသားမွေးထည်များကိုအသုံးပြုများလာ၍ ကမ္ဘာ့သားမွေးလုပ်ငန်းမှာ ကြီးကျယ်လာလေရာ သားမွေး သားရေစိမ်းများ အလုံအလောက်မရရှိနိုင်မည်ကိုပင် ပူပန်နေရသည့်အခြေသို့ရောက်နေလေသည်။ သားမွေး လုပ်ငန်း၏ရှေ့ရေးသည် ဤပြဿနာပေါ်တွင် အခြေတည်လျက်ရှိလေသည်။ ၁၉ ရာစုခေတ်ကုန်ဆုံး၍ ၂ဝရာစုခေတ်ဆန်းသည့် အချိန်စ၍ ကမ္ဘာတွင် သားမွေး သားရေစိမ်းများကို အသုံးများလာသောကြောင့် လည်းကောင်း၊ ယခင်ကလူမနေသည့်တောရိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ နေထိုင်ကြသောကြောင့်လည်းကာင်း ဖြစ်သည်။ ဤအခြေအတိုင်းသာဆက်လက်သွားလျှင်သားမွေး လုပ်ငန်းကို များစွာထိခိုက်နစ်နာမည်ဖြစ်၍ ယခုအခါ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် ဩစတြေးလီးယားအစိုးရတို့သည် မိမိတို့နိုင်ငံရှိသားမွေးထွက်သည့်အရပ်ဒေသများကို ကြိုးဝိုင်းသတ်မှတ်ပြီးလျှင် လူများနေထိုင်ခြင်း၊ စည်းမဲ့ ကမ်းမဲ့တောများခုတ်ထွင်ခြင်းစသည်တို့ကို ဥပဒေဖြင့် တားမြစ်ထားကြလေသည်။ ထို့အပြင်သားမွေးဆေးဆိုးလုပ်ငန်း နှင့်သားမွေးထွက်သောတိရစ္ဆာန်များကို ကျွဲနွားများ မွေးမြူသကဲ့သို့ ခြံနှင့်မွေးမြူသည့်လုပ်ငန်းကို ချဲ့ထွင် လုပ်ကိုင်ခြင်းအားဖြင့် သားမွေးအခက်အခဲပြဿနာကို ဖြေရှင်းလျက်ရှိကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)