မာတိကာသို့ ခုန်သွားရန်

စွယ်စုံကျမ်း

ဝီကီပီးဒီးယား မှ
၁၉၀၂ ခုနှစ် ထုတ်ဝေသော Brockhaus Konversations-Lexicon

စွယ်စုံကျမ်းဆိုသည်မှာ အားလုံးသောဘာသာရပ်များကို ဖော်ပြရှင်းလင်းထားသော စာအုပ်အစုအဝေး တစ်ခုဖြစ်သည်။ အက္ခရာစဉ်လိုက် အကြောင်းအရာတွေကို ဖော်ပြထားသည်။ အေဒီ ၁ ရာစုမှ ဖလင်းနီးဆိုသူ ရောမမြို့သား ရေးသားခဲ့သော သက်တမ်းအရင့်ဆုံး စွယ်စုံကျမ်းကြီးသည် ယခုတိုင် ရှိနေဆဲ ဖြစ်သည်။ ထိုစာအုပ်ကြီးကို သဘာဝသမိုင်း စာအုပ်ကြီးဟု ခေါ်ဝေါ်ကြသည်။ အတွဲပေါင်း (၃၇)တွဲ ပါဝင်ပြီး ဆောင်းပါးပေါင်း နှစ်သောင်းကျော် ပါဝင်သည်။ အတွဲပေါင်း (၅၀၂၀)ပါဝင်သော အကြီးမားဆုံး စွယ်စုံကျမ်းကြီးမှာ တတိယအကြိမ် ပြုစုထားသော တရုတ်စွယ်စုံကျမ်းကြီး ဖြစ်သည်။ အက္ခရာစဉ်အလိုက် ဘာသာရပ်များကို စီစဉ်ဖော်ပြထားသော စွယ်စုံကျမ်းကို ၁၇၀၄-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ အင်္ဂလိပ် ဓမ္မဆရာတစ်ဦး ဖြစ်သော ဂျွန်ဟာရစ်က ရေးသားခဲ့သည်။ စွယ်စုံကျမ်း အမည်မှာ တစ်လောကလုံးဆိုင်ရာ ဝိဇ္ဇာနှင့် သိပ္ပံ အင်္ဂလိပ် အဘိဓာန် ဖြစ်သည်။[]

လောကဓမ္မ၊ သိပ္ပကုံလုံ၊ ကျမ်းစွယ်စုံ ရှေးမြန်မာပညာရှိတို့က လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတပါဝင်သောကျမ်းကို စွယ်စုံကျမ်းဟူ၍ အမည်မှည့်ခေါ်ခဲ့ ကြသည့်နည်းတူ ယခုခေတ်တွင် သိပ္ပံပညာ၊ ဝိဇ္ဇာပညာရပ်များ စုပေါင်းပါဝင်သော အင်္ဂလိပ်ဘာသာဖြင့် Encyclopedia ဟူသည့် ကျမ်းမျိုးကို မြန်မာဘာသာဖြင့် စွယ်စုံကျမ်းဟု အမည်ပေးလေသည်။

ဗဟုသုတ အမျိုးမျိုးတို့ကို ဗဟုသုတရှာမှီးသူတို့ လွယ်လင့်တကူ ရှာဖွေဖတ်ရှု၍ အကိုးအကား ပြုနိုင်ကြစေခြင်းငှာ စုဆောင်းရေးသား ပြုစုထားသောကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် 'Encyclopedia'ဟု ခေါ်လေသည်။ လူတို့သည် မိမိနှင့် တကွ မိမိပတ်ဝန်းကျင်ကို သိလိုသောဆန္ဒဖြင့် သိမှတ်ပြုဖွယ်ရာတို့ကို ရှာဖွေစူးစမ်း၍ စာများကို ရေးသားကြလေသည်။ ဤ သည်တွင် စာအုပ်အမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ သို့ရာတွင် လူတို့သိလိုသော ဗဟုသုတအချက်အလက်တို့ကို အလွယ်တကူ ရှာဖွေရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ဗဟုသုတအမျိုးမျိုးနှင့် ဆိုင်ရာ အချက်အလက်များကို စုဆောင်း၍၊ လူတို့ လွယ်လင့်တကူဖတ်ရှု ကိုးကားနိုင်ကြစေရန် စွယ်စုံကျမ်းဟူသည်ကို ပြုစုကြရသည်။ စွယ်စုံကျမ်းသည် လူ တိရစ္ဆာန် အရာဝတ္ထုတို့နှင့် တကွ ယင်းတို့တည်ရှိရာ နေရာဒေသအကြောင်းတို့ကို ဖော်ပြပေးသည်။ ထို့ကြောင့် စွယ်စုံကျမ်း၏ အခြေခံသဘောကား လူတို့က ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်မှာလဲ၊ ဘယ်တော့လဲ၊ ဘယ်လိုလဲ၊ ဘာကြောင့်လဲဟူ၍ မေးလိုက်သော မေးခွန်းတို့ကို အဖြေရှာပေးရသည့် သဘောပင်ဖြစ်၏။

စွယ်စုံဟု မှည့်ခေါ်ရခြင်းအကြောင်း

[ပြင်ဆင်ရန်]

'အင်စိုင်ကလိုပီးဒီးယား'ဟူသော စကားသည် ဂရိဘာသာစကားမှ ဆင်းသက်လာ၍၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များကို သင်ကြားပေးခြင်းဟူသော အနက်အဓိပ္ပာယ်ရှိသည်။ ဤသဘောသည် ပညာဗဟုသုတအရာ၌ နှစ်ဖက်စွယ်စုံ ရှိသည်ဟူသော သဘောပင်ဖြစ်သည်။ မြန်မာ့ဂန္ထဝင်တွင် ကျည်းကန်ရွာ၌ သီတင်းသုံးသော အရှင်နန္ဒဓဇ သာမဏေသည် သက္ကရာဇ် ၁၁၅၈ခု နှစ်တွင် ပုစ္ဆာပေါင်းတစ်ထောင့်တစ်ရာပါဝင်သော စွယ်စုံကျော်ထင်အမည်ရှိ ပုစ္ဆာကျမ်းကို ပြုစုခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ ကျည်းကန်ရှင်ကြီးဟု တွင်၏။


ဤသို့ရေးသားရာ၌ ဆရာတော်ဘုရားသည် 'လောက ဓမ္မ၊ သိပ္ပကုံလုံ၊ ဉာဏ်စွယ်စုံ ဖြစ်စေခြင်းငှာ'ဟူ၍ ရည်ရွယ်ချက်ကို ပြဆိုခဲ့သည်။ ထိုပြဆိုခဲ့သော ရည်ရွယ်ချက်အတိုင်း စွယ်စုံကျော်ထင်ကျမ်းမှာ လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတတို့ဖြင့် ပြည့်ဝလျက်ရှိပေသည်။ ရှေးရိုးမြန်မာပညာရှိတို့က လောကကြောင်း၊ ဓမ္မကြောင်းတို့၌ စွယ်စုံဗဟုသုတရှိအောင် ရည်ရွယ်ချက်ထားကြဘိသကဲ့သို့ အနောက်နိုင်ငံတွင်ရှိသော ဗဟုသုတလိုလားသူ ပညာရှင်တို့သည်လည်း သိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များ၌ စွယ်စုံဗဟုသုတရှိရန် ရည်ရွယ်ကြလေသည်။

ယခုခေတ်မြန်မာနိုင်ငံရှိ ဗဟုသုတရှာမှီးလိုသော ပုဂ္ဂိုလ်တို့သည်လည်း အနောက်တိုင်း နိုင်ငံသားတို့နှင့် အလားတူသိပ္ပံနှင့် ဝိဇ္ဇာ ပညာရပ်များနှင့်ဆိုင်ရာ ဗဟုသုတအချက်အလက်ကို လေ့လာ ရှာမှီးလိုကြပေသည်။ ထို့ကြောင့် လောက၊ ဓမ္မ နှစ်ချက်ပြည့်စုံခြင်းကြောင့် စွယ်စုံဟုခေါ်ဝေါ်ခဲ့သည်ကို အစွဲပြု၍၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှစ်ချက် ပြည့်စုံခြင်း၏ သဘောကိုယူပြီးလျှင်၊ 'အင်စိုင်ကလိုပီးဒီးယား' ဟူသော ကျမ်းမျိုးကို မြန်မာဘာသာဖြင့် စွယ်စုံကျမ်းဟု အမည်ပေးလေသည်။

စွယ်စုံကျမ်းဂန္ထဝင်

[ပြင်ဆင်ရန်]

အနောက်နိုင်ငံသားတို့၏ အဆို၌၊ လောက၌ရှိသော ဗဟုသုတအရပ်ရပ်တို့ကို ကျမ်းစဉ်များဖြင့် ပထမဦးစွာရေးသားပြုစုသူမှာ အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂) ဖြစ်သည်ဟု ဆိုသည်။ အရစ္စတိုတယ်ကို အနောက်တိုင်းသားတို့က 'စွယ်စုံကျမ်းတို့၏ဖခင်' ဟုသမုတ်ကြသည်။

သို့ရာတွင် ပညာစွယ်စုံကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က တရုတ်နိုင်ငံ၌ ပြုစုကြသည်ဟု တရုတ်ယဉ်ကျေးမှု သုတေသီ ပုဂ္ဂိုလ်တို့က ဆိုကြသည်၊ အချို့ကမူ ထိုကျမ်းကို ဘီစီ ၁၂ဝဝ ခန့်က ပြုစုသည်ဟုပင်ဆိုကြသေး၏။ မည်သို့ပင်ဆိုစေကာမူ၊ တရုတ်ဘာသာအားဖြင့် 'အားယား'ဟုခေါ်သော အဆိုပါစွယ်စုံကျမ်းမှာ ရှေးဦးပေါ် စွယ်စုံကျမ်းအဖြစ်ဖြင့် ယနေ့တိုင်ထင်ရှားလျက်ရှိ သည်။ ယင်းကျမ်းတွင် ရှေးပညာရှိများ ပြုစုထားသော စာပေများမှ ကောင်းနိုးရာရာဗဟုသုတအရပ်ရပ်တို့ကို ထုတ်နုတ်၍ စုပေါင်းရေးသားပြုစုထားသည်။ ထိုခေတ်အခါလောက် တွင်ပင် အိန္ဒိယပြည်၌ ဗေဒကျမ်းကြီးများ ပေါ်ထွန်းခဲ့သည်။ ယင်းကျမ်းတို့မှာ သာမ၊ ယဇု၊ ဣသျှူ၊ အာတပ္ပနဟူလေသည်။ ဘီစီ ၁ဝဝဝ ခေတ်မတိုင်မီ ပေါ်ပေါက်သည်ဟု ပညာရှင်တို့ ခန့်မှန်းကြသည်။ ထိုဗေဒကျမ်းတို့တွင် ယဇ်ပူဇော်နည်း အကြောင်းများသာမက၊ ရှေးဂီတများနှင့် ထိုခေတ်က ထွန်းကားလျက်ရှိသော အယူအဆများလည်း ပါဝင်သည်။ ဗေဒကျမ်းတို့သည် လောကကြောင်း၊ ဓမ္မကြောင်း ဗဟုသုတစွယ်စုံကျမ်းများဖြစ်၏။ ယခင်ကဆိုခဲ့သော အယ်ရစ္စတိုတယ်၏ စွယ်စုံကျမ်း၌မူ အာကာသကြောင်း၊ မိုးလေဝသအကြောင်း၊ တိရစ္ဆာန်များအကြောင်းစသည့် သုတေသနပြုထားသော အချက် အလက်တို့ ပါဝင်ကြသည်။

စွယ်စုံကျမ်းစီစဉ်ပုံများ

[ပြင်ဆင်ရန်]

ခရစ် ၁၄ဝဝ ပြည့်နှစ်မှအစပြု၍ စွယ်စုံကျမ်း၌ ဗဟုသုတအချက်အလက်တို့ကို အစီအစဉ်ဖြင့် စနစ် တကျရေးသားသည့် နည်းနိဿယတို့သည် တိုးတက်ကောင်းမွန်လာခဲ့သည်။ ပမာအားဖြင့်၊ ၁၄၈၁ ခုနှစ်တွင် ကက္ကစတန်ထုတ်ဝေသော စွယ်စုံကျမ်းမှာ အကိုးအကားအတွက် အသုံးကျသောကျမ်းဖြစ်သည်။ စွယ်စုံကျမ်းတွင် ရုပ်ပုံများထည့်သွင်းလာသည်မှာ ဤကျမ်းသည် ပထမဖြစ်သည်ဟု ဆိုရမည်။ သို့သော် ၁၅၄၁ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဗားလမြို့မှ ရင်းဂဲလဗတ်ပြုစုသော စွယ်စုံကျမ်း ပေါ်ထွက်လာမှပင် 'အင်စိုင်ကလိုပီးဒီးယား' ဟူသော အသုံးအနှုန်းကို ပထမတွေ့ရသည်။ ၁၅ဝ၆ ခုနှစ်တွင် အီတလီ၌ ထုတ်ဝေသော ရက်ဖာအယ်လီ မတ်ဖဲ၏ စွယ်စုံကျမ်း၌ လူပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိနှင့် အညွန်းစနစ်တို့ကို ပထမဦးစွာ တွေ့ရသည်။ ၁၆၂ဝ ပြည့်နှစ်တွင် ဖရန်းစစ်ဘေကင်ပြုစုသော စွယ်စုံကျမ်းမှာ ဗဟုသုတ အဝဝတို့ကို အမျိုးအစားအလိုက် အခန်း ကဏ္ဍခွဲ၍ပြဆိုရာတွင် ပထမဟုဆိုကြသည်။ ၁၇ဝ၄ ခုနှစ်၌ ဂျွန်ဟဲရစ်ဆိုသူပြုစုသော ဝိဇ္ဇာနှင့် သိပ္ပံစွယ်စုံကျမ်း၌ကား၊ အညွှန်းစနစ်ကို အက္ခရာဝလိနည်းနှင့် ညွှန်းသည့်အပြင်၊ ကျမ်းကိုးစာရင်းကိုလည်း ပြဆို၍၊ တတ်ကျွမ်းသူ ပညာရှင်တို့ ကိုယ်တိုင်ရေးသားပေးသော စာကိုယ်များပါဝင်လေသည်။

၁၇ဝ၄ ခုနှစ်၌ပင် ဂျာမနီနိုင်ငံ၌ ပေါ်ပေါက်သော စွယ်စုံကျမ်းမှာကား၊ အကြောင်းရပ်တို့ကို ရေးသားသော ပညာရှင်အများတို့၏ ဆောင်းပါးချည်းသက်သက်ဖြင့် ရေးသားပြုစုသောကျမ်း ဖြစ်၍၊ ယင်းသို့ ဆောင်းပါးအများကို စွယ်စုံကျမ်းအဖြစ် ထုတ်ဝေသည်မှာ ပထမပင်ဖြစ်ပေသည်။ ၁၇၂၈ ခုနှစ်တွင် အိဖရိမ် ချိမ်းဗားက ထုတ်ဝေသော 'စိုင်ကလိုပီးဒီးယား'ခေါ် စွယ်စုံကျမ်းကား၊ အပြန်အလှန်ညွှန်းသောစနစ်ကို ပထမဦးစွာ အသုံးပြုသည့်ကျမ်း ဖြစ်ပေသည်။

ဘာသာစကားအလိုက် စွယ်စုံကျမ်းများ

[ပြင်ဆင်ရန်]

လက်တင်ဘာသာစွယ်စုံကျမ်းများ

[ပြင်ဆင်ရန်]

ထို့နောက်၌ကား၊ ဘီစီ ၃ဝ ခန့်တွင် မားကပ် တယ်ရင် ရှီယပ်ဗယ်ရို(ဘီစီ ၁၁၆-၂၇)သည် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ ပါဝင်သော စွယ်စုံကျမ်းကို အတွဲ ၉ တွဲဖြင့် ရေးသားစီရင်ခဲ့သည်။ အေဒီ၇ဝခုနှစ်ခန့်တွင် ပလင်နီသည် 'သဘာဝသမိုင်း' အမည်ရှိသော ကျမ်းကို အတွဲပေါင်း ၃၇ တွဲ၊ အခန်းပေါင်း ၁၄၉၃ ခန်းတို့ဖြင့် ရေးသားခဲ့သည်။ ၅ ရာစုအတွင်းတွင် မာတီယာနပ် ကပဲလားသည် စာသင်သားတို့ နှုတ်ငုံဆောင်ရန် လွယ်ကူသော ဗဟုသုတကျမ်းကို ကဗျာဖွဲ့၍ စီရင်ခဲ့သည်။ ထိုကျမ်း၌ သဒ္ဒါနည်းမှစ၍၊ ဂီတ အနုပညာထိ အမျိုးမျိုးသော ပညာရပ်တို့ ပါဝင်သည်။ ခရစ် ၆ဝဝ မှ ၆၃ဝ ပြည့်နှစ် အကြားတွင် အိဇီဒို အမည်ရှိသော ခရစ်ယန်ဘုန်းတော်ကြီးသည် ဗဟုသုတကျမ်းကိုပြုစုရာ၊ ထိုကျမ်းကို ၉ ရာစုနှစ် ကျမ်းပြု ပုဂ္ဂိုလ်တို့က မှီးယူကြရသည်။ ထို့နောက်၌လည်း ခရစ်ယန်ဘုန်းတော်ကြီးနှင့် လူပုဂ္ဂိုလ်များသည် စွယ်စုံကျမ်း သဘောသက်ရောက်သည့် ကျမ်းအမျိုးမျိုးတို့ကို ပြုစုခဲ့ကြသည်။ သို့သော် ထိုကျမ်းများမှာ များသောအားဖြင့် လက်တင်ဘာသာနှင့်သာရှိသည်။

တစ်ခါတစ်ရံ ဂရိဘာသာဖြင့် ရေးသားသော ကျမ်းများပေါ်ပေါက်ခဲ့သည်။ သို့သော် အကြောင်းရပ်ဟူသမျှတို့ကို စနစ်တကျ အခန်းပိုင်းခြား၍ ရေးသားထားသည်မဟုတ်ချေ။ ခရစ် ၁၂၆ဝ ပြည့်နှစ်သို့ ရောက်သောအခါမှ၊ ဗင်းဆင့်ဆိုသူသည် 'ကြေးမုံပြင်ကြီး'ဟူသော ကျမ်းကို စနစ်တကျအခန်းခွဲ၍၊ လက်တင်ဘာသာဖြင့် ရေးသားခဲ့သည်။ ဥရောပအလယ်ခေတ်၌ ထွက်ပေါ်လာသော စွယ်စုံကျမ်းတို့မှာ လက်တင်ဘာသာဖြင့်သာများပေသည်။

တရုတ်စွယ်စုံကျမ်းများ

[ပြင်ဆင်ရန်]

၁၄ ရာစုနှစ်အတွင်းတွင် တရုတ်ပြည်၌လည်း မာတွာလင် ဆိုသူ တရုတ်ပညာရှိသည် စွယ်စုံကျမ်းတစ်စောင်ကို ပြုစုသည်။ ၁၅ ရာစုနှစ်၌မူ၊ ယွန်လိုဧကရာဇ်ဘုရင်၏ အမိန့်တော်ဖြင့် တရုတ်ပညာရှိများသည် စွယ်စုံကျမ်းကို ပြုစုသည်။ ယွန်လို၏ ရည်ရွယ်ချက်မှာ ကွန်ဖူးဇီး၏ အဆုံးအမများ၊ ရာဇဝင်များ၊ ယထာဘူတပညာရပ်များ၊ ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ စသည် တို့ကို တစ်ပေါင်းတည်းပြုစုစေရန်ဖြစ်၏။

သို့သော် ထိုကျမ်းမှာစာအုပ်ပေါင်း ၂၂၉၄၇ အုပ်ရှိသည်ဖြစ်၍၊ ယင်းအနက်သုံးအုပ်မျှကိုသာ ပုံနှိပ်နိုင်ခဲ့ရာ၊ မင်မင်းဆက် ကုန်ဆုံးသောအခါ၊ နှစ်အုပ်မှာ ပျောက်ပျက်သွားပြီးလျှင် ဗောက်ဆာသူပုန် ထသောခေတ်၌ ကျန်တစ်အုပ်လည်း ပျောက်ပျက်သွားလေသည်။ ၁၈ ရာစုနှစ်ဦး၌ကား၊ တရုတ်ဧကရာဇ် ဘုရင် ကန်ရှီး၏ အမိန့်အရ အတွဲပေါင်း ၅ဝ၂ဝ ရှိသော စွယ်စုံကျမ်းကိုပြုစု၍၊ ကန်ရှီးဘုရင်အား ဆက်ခံသူ ယွန်ချင်း (ခရစ် ၁၇၂၃-၃၅ ခုနှစ်)လက်ထက်တွင် ထုတ်ဝေသည်။ ထိုစွယ်စုံကျမ်း အတွဲပေါင်း ၇ဝဝ တို့ကို ဗြိတိသျှပြတိုက်တွင် ယနေ့တိုင်ပြထားလေသည်။

ပြင်သစ်စွယ်စုံကျမ်းများ

[ပြင်ဆင်ရန်]

ယခင်ကဖော်ပြခဲ့သော ချမ်းဗား၏ 'စိုင်ကလိုပီးဒီးယား' စွယ်စုံကျမ်းကို ပြင်သစ်တို့က ပြင်သစ်ဘာသာသို့ ပြန်ဆိုကြသည်။ ထိုစွယ်စုံကျမ်း နမူနာကိုယူ၍ ဒီးဒရိုးသည် ၁၇၅၁-၁၇၇၂ ခုနှစ်အတွင်း အတွဲပေါင်း ၂၈ တွဲရှိသော ပြင်သစ်စွယ်စုံကျမ်းကြီး ပေါ်ပေါက်လာသည်။ ၁၉၂၈ ခုနှစ်၌မူ လာရုဆ ဆိုသူပြုစုသော ၂ဝ ရာစု စွယ်စုံကျမ်းဟူ၍ ပြင်သစ်ဘာသာဖြင့် ပေါ်ထွက်လာသည်။

ဂျာမန်စွယ်စုံကျမ်းများ

[ပြင်ဆင်ရန်]

ဂျာမနီနိုင်ငံတွင် ၁၇၃၂ ခုနှစ်မှ ၁၇၅ဝ ပြည့်နှစ်အထိ အတွဲပေါင်း ၆၄ တွဲရှိသော 'ယူနီဗာဆယ် လက္ကဇီကွန်'ခေါ် စွယ်စုံကျမ်းကို ဇက်ဒလာဆိုသူပြုစုသည်။ ယင်းကျမ်းတွင် ထိုခေတ်က အသက်ထင်ရှား ရှိသူများ၏ အတ္ထုပ္ပတ္တိများ ပါဝင်သည်။ ထို့ပြင် ၁၇၉၆ ခုနှစ်၌လည်းကောင်း၊ ၁၈၈၁ ခုနှစ်၌လည်းကောင်း၊ ပညာရှင်အသီးသီးတို့က ဂျာမန်စွယ်စုံကျမ်းကို ပြုစုကြသည်။

အင်္ဂလိပ်စွယ်စုံကျမ်းများ

[ပြင်ဆင်ရန်]

ယခင်ကပြဆိုခဲ့ပြီးသော အင်္ဂလိပ်စွယ်စုံကျမ်းများအပြင်၊ ယခုခေတ်တွင် အကိုးအကားပြုရန် ကျမ်းများအနက် အလွန်ထင်ရှားသော အင်္ဂလိပ်စွယ်စုံကျမ်းမှာ 'အင်စိုင်ကလိုပီးဒီးယား ဗြိတိနိကား' ဖြစ်လေသည်။ ယင်းကျမ်းကို ၁၇၆၈ ခုနှစ်မှသည် ၁၇၇၁ ခုနှစ်အတွင်း အတွဲ ၃ တွဲဖြင့် ပထမဦးစွာ စကော့တလန်နိုင်ငံ အက်ဒင်ဗာရာမြို့တွင် ရေးသားပြုစု ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့နောက် ၁၇၇၈ ခုနှစ်မှသည် ၁၇၈၃ ခုနှစ် အတွင်း၊ ဒုတိယတည်းဖြတ်သော ပုံနှိပ်ထုတ်ဝေသည်။

အမေရိကန်စွယ်စုံကျမ်း

[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု၌ကား၊ ၁၈၂၉ ခုနှစ်မှ ၁၈၃၃ ခုနှစ်အတွင်း အမေရိကန်စွယ်စုံကျမ်းကို 'အင်စိုင်ကလိုပီးဒီးယား အမေရိကားနား'ဟူသောအမည်ဖြင့် ပြုစုထုတ်ဝေခဲ့လေသည်။

ဆိုဗီယက်ရုရှစွယ်စုံကျမ်း

[ပြင်ဆင်ရန်]

ဆိုဗီယက်ရုရှနိုင်ငံတွင် ၁၉၂၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ၂၂ နှစ်တိုင်တိုင်ပြုစုခဲ့သော 'ဗိုလရှာယာ ဆိုဗီယက်စကာယာ အင်စိုင်ကလိုပီးဒီးယား'မှာ ယနေ့တိုင်များစွာထင်ရှားလေသည်။ ယခုအခါ နိုင်ငံအသီးသီးတွင် စွယ်စုံကျမ်းများကို အမည်အမျိုးမျိုးဖြင့် ထုတ်ဝေလျက် ရှိကြသည်။ အထူးသဖြင့် ကလေးများအတွက် ရည်ရွယ်၍၊ ရုပ်ပုံပေါင်းများစွာပါဝင်သည့် စွယ်စုံကျမ်းတို့မှာ များစွာ ခေတ်စားလျက်ရှိသည်။

လက်တင်မှ တိုင်းရင်းဘာသာများသို့

[ပြင်ဆင်ရန်]

ဥရောပနိုင်ငံတွင် မူလက စွယ်စုံကျမ်းကို ပြုစုကြရာ၌ လက်တင်ဘာသာဖြင့်သာ ပြုစုကြသည်။ သို့သော် ၁၄ ရာစုနှစ်မှ လွန်လာသောခေတ်သို့ ရောက်သော်၊ စွယ်စုံကျမ်းများကို ဥရောပနိုင်ငံ အသီးသီးတို့က မိမိတို့၏ တိုင်းရင်းဘာသာစကားဖြင့် ပြုစုလာကြ၏။ သာဓကအားဖြင့်ပြလျှင်၊ အင်္ဂလန်နိုင်ငံတွင် ဗာသော လိုမျူဒီ ဂလန်ဗီးသည် ၁၃၆ဝ ပြည့်နှစ်၌ စွယ်စုံကျမ်းတစ်ခုကို လက်တင်ဘာသာဖြင့် ပြုစုခဲ့သည်။ ယင်းကျမ်းကို ၁၃၉၈ ခုနှစ်တွင် ဂျွန်ထရေဗီဇာဆိုသူက အင်္ဂလိပ်ဘာသာ ပြန်ဆိုလေသည်။

မြန်မာ့စွယ်စုံကျမ်း

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာ့စွယ်စုံကျမ်း

မြန်မာ့စွယ်စုံကျမ်းကို စာပေဗိမာန်မှ ထုတ်ဝေသည်။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက ပြုစုသည်။ မြန်မာ့စွယ်စုံကျမ်းတွင် အကြောင်းရပ်ပေါင်း ၄ဝဝဝ ခန့် ပါရှိသည်။ စွယ်စုံကျမ်းတစ်တွဲလျှင် စာမျက်နှာ ၅ဝဝ ကျဖြင့် စီစဉ်ထားရာ၊ အတွဲပေါင်း ၁၅ တွဲရှိသည်။

ကလေးစွယ်စုံကျမ်း

[ပြင်ဆင်ရန်]

ယခုခေတ်၌ ကလေးလူငယ် လူရွယ်တို့၏ ပညာရေး အရေးကြီးပုံကို လူတို့သည် ပိုမိုလေးစားလာကြပြီ ဖြစ်သည်။ ထို့ကြောင့် ယင်းကလေးလူငယ်တို့အဖို့လည်း စွယ်စုံကျမ်းသည် အရေးကြီးသည်ဟု သဘော ပေါက်ကြပြီးဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် ၁၉ဝ၈ ခုနှစ်ကအစပြု၍ 'ကလေးစွယ်စုံကျမ်း'ဟူ၍ ပေါ်ပေါက်ခဲ့ သည်။ ၁၉၁ဝ ပြည့်နှစ်၌ အမေရိကန်နိုင်ငံမှနေ၍ 'ဗဟုသုတကျမ်း' ဟူသောအမည်ဖြင့် စွယ်စုံကျမ်း ပေါ်ပေါက်လာပြန်သည်။ ကျောင်းသားသုံးအတွက် စွယ်စုံကျမ်းကိုမူ၊ ၁၈၉၃ ခုနှစ်တွင် 'ကျောင်းသား စွယ်စုံကျမ်း' ဟူသောအမည် ဖြင့် အင်္ဂလန်တွင်ထုတ်ဝေခဲ့ရာ၊ ၁၉၂၂ ခုနှစ်၌ ယင်းကိုပင် 'ကွမ်ပတန်၏ ရုပ်စုံ စွယ်စုံကျမ်း'ဟူသောအမည်သစ်ဖြင့် ပြန်လည်တည်းဖြတ် ထုတ်ဝေခဲ့ပြန်သည်။ ယခုခေတ်တွင် ကလေး တို့အဖို့ စွယ်စုံကျမ်းတို့၌ ရုပ်ပုံ ဓာတ်ပုံစသည်တို့ မပါဘဲမရှိချေ။ ဗြိတိသျှစွယ်စုံကျမ်းကို ထုတ်ဝေသူတို့သည် ပင်လျှင် ၁၉၃၄ ခုနှစ်မှအစပြု၍၊ ရုပ်ပုံဓာတ်ပုံတို့ပါဝင်သော ကလေးများအတွက် 'ဗြိတန္နိကား ဂျူနီယာ'ခေါ် စွယ်စုံကျမ်းကို ထုတ်ဝေလျက်ရှိသည်။

အွန်လိုင်းစွယ်စုံကျမ်းများ

[ပြင်ဆင်ရန်]

စွယ်စုံကျမ်းထုတ်လုပ်ရိုက်နှိပ်သည့် ကုမ္ပဏီကြီးများသည် အင်တာနက်ခေတ်တွင် အခမဲ့ဖြစ်စေ၊ အခကြေးနှင့်ဖြစ်စေ Online Encyclopedia အွန်လိုင်းစွယ်စုံကျမ်းများ ကို ပြုလုပ်ကြသည်။ ၂၀၂၀ အစောပိုင်းကာလအထိ အကြီးဆုံး အွန်လိုင်း စွယ်စုံကျမ်းများမှာ တရုတ်ဘာသာစကား၏ Baidu Baike (ဆောင်းပါး သန်း ၁၀-၂၀ ကြား) နှင့် Hudong Baike ( သန်း ၁၀-၂၀ ကြား) တို့ဖြစ်ကြပြီး ယင်းနောက်တွင် ဝီကီပီးဒီးယား၏ အင်္ဂလိပ်ဘာသာစကား (+၆ သန်း)၊ ဂျာမန်ဘာသာစကား (+၂ သန်း)၊ ပြင်သစ်ဘာသာစကား (+၂ သန်း) တို့ရှိကြသည်။[] အခြားဘာသာစကားများဖြင့် ဝီကီပီးဒီးယား (၁၅) ခုတွင် ဆောင်းပါး အရည်အသွေးအမျိုးမျိုး၊ အတိုအရှည်အမျိုးမျိုးဖြင့် (၁) သန်းကျော်တည်ရှိသည်။[] စွယ်စုံကျမ်း၏ အရွယ်အစားကို ဆောင်းပါး အရေအတွက်ဖြင့် တိုင်းတာခြင်းသည် မရေရာသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် အထက်ဖော်ပြပါ တရုတ် စွယ်စုံကျမ်းများတွင် အကြောင်းအရာတစ်ခုတည်း၌ များစွာသော ဆောင်းပါးများရှိကြ၏။ တစ်ဖက်တွင် ဝီကီပီးဒီးယားများက အကြောင်းအရာတစ်ခုတွင် ဆောင်းပါးတစ်ခုကိုသာ လက်ခံသော်လည်း စာသားမရှိသလောက်နည်းပါးသည့် ဆောင်းပါးများကို ဖန်တီးခွင့်ပြုထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၂၀၀၄-ခု၊ အောက်တိုဘာလထုတ် (စာပေလောက) ခင်မောင်ဇော်၏ တီထွင်မှုများ စာအုပ်မှ
  2. ၂.၀ ၂.၁ Wikipedia။ September 10, 2020 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)