နတ်မတောင်

ဝီကီပီးဒီးယား မှ
(ခေါနုသုမ် မှ ပြန်ညွှန်းထားသည်)
နတ်မတောင်
ခေါ်နူးစုမ် / ဝိတိုရိယတောင်
နတ်မတောင်ကို သစ်ပင်များကြားမှ မြင်ရစဉ်
အမြင့်ဆုံးအမှတ်
အမြင့်၃,၀၇၀ m (၁၀,၀၇၀ ft)[၁]
ပေါ်လွင်မှု၂,၁၄၈ m (၇,၀၄၇ ft)[၁]
စာရင်းသွင်းခြင်း
ကိုဩဒိနိတ်21°14′00″N 93°54′00″E / 21.23333°N 93.90000°E / 21.23333; 93.90000ကိုဩဒိနိတ်: 21°14′00″N 93°54′00″E / 21.23333°N 93.90000°E / 21.23333; 93.90000
ပထဝီဝင်
နတ်မတောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နတ်မတောင်
နတ်မတောင်
နတ်မတောင်တည်နေရာ
တည်နေရာချင်းပြည်နယ်မြန်မာနိုင်ငံ
ပင်မတောင်တန်းချင်းတောင်တန်း
တောင်တက်ခြင်း
ပထမဆုံး တက်ရောက်ခြင်းမသိရှိရ
အလွယ်ဆုံး တောင်တက်လမ်းတောင်တက်လမ်း

လူသိများလာသော နတ်မတောင်သည် ပေတစ်သောင်းကျော်မြင့်သည့် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မတူပီကန်ပက်လက်မြို့နယ် သုံးမြို့နယ်အတွင်း တည်ရှိသည်။ နတ်မတောင်၏ အမည်ကို ဒေသခံတို့က ခေါ်နူးစုမ်၊ ဒေနုမထုမ် စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ ကိုလိုနီခေတ်က ဝိတိုရိယတောင်ဟုလည်း အမည်ပေးခဲ့သေးသည်။ နတ်မတောင်အမြင့်ပေ အတိအကျမှာ ၁၀၅၀ဝ ပေ ဖြစ်သည်။

နတ်မတောင်နှင့် အနီးဆုံးမြို့ကား ကန်ပက်လက်မြို့ ဖြစ်သည်။ ကန်ပက်လက်မှ ဆယ်မိုင်ကျော်ခန့် မင်းတပ်သွားသည့်လမ်းအတိုင်း တောင်တက်ခရီးကိုသွားသော် နတ်မတောင်၏ ပေရှစ်ထောင်အမြင့်ရှိ နတ်မတောင်တက်ရာ အလွယ်ဆုံး စခန်းထောက်သို့ ရောက်သည်။ ထိုပေရှစ်ထောင်စခန်းမှ ကားလမ်းအတိုင်း သွားလျှင် အဆင်းလမ်းဖြစ်ပြီး အေးစခန်းသို့ ရောက်သည်။ အေးစခန်းမှ ဆက်ဆင်းသော် ဝမ်းရွာ၊ ထို့နောက် ချီချောင်းကို ရောက်သည်။ ချီချောင်း၌ ချောင်းကူးတံတား ရှိသည်။ ထိုချီချောင်းမှ မင်းတပ်မြို့သို့ တောင်ပြန်တက်ရပေသည်။ ပေသုံးထောင်ခန့်တက်သော် ပြေရွာနှင့် မင်းတပ်တို့ကို တစ်ဆက်တည်း တွေ့ရမည် ဖြစ်သည်။

နတ်မတောင်ကို တောင်တက်ဝါသနာရှင်များသည် အလွန်စိတ်ဝင်စားကြသည်။ ပြည်တွင်းမှ ဝါသနာရှင်များအပြင် နိုင်ငံတကာမှ ဝါသနာရှင်များလည်း စိတ်ဝင်စားကြသည်။ နတ်မတောင်သို့ တက်ကြသူများတွင် တောင်တက်ခြင်း ဝါသနာရှင်များအပြင် ထိုဒေသရှိ ပန်းများ၊ သစ်ပင်များကို လေ့လာလိုသူ ရုက္ခဗေဒသမားများလည်း ပါသည်။ ထို့ပြင် နတ်မတောင်ရှိ ရှားပါးငှက်များကို လေ့လာလိုကြသော ငှက်ကြည့်သမားများ၊ ငှက်ဝါသနာရှင်များလည်း ပါကြ၏။ နတ်မတောင်ကို လာတက်ကြသော တောင်တက်သူများတွင် ရိုးရိုးအပျော်တမ်း တောင်တက်သူများပါသလို တောင်တက်ခြင်း အခက်အခဲကို ပျော်မွေ့သော တကယ့်တောင်တက်သူများလည်း ပါဝင် ကြသည်။

အပျော်နှင့် ဗဟုသုတအတွက် တောင်တက်သူများက ကန်ပက်လက်မှ တက်သောလမ်းကို ရွေးကြသည်။ ထိုဘက်လမ်းက သက်သာလွယ်ကူသောကြောင့် ဖြစ်ပေသည်။ ကန်ပက်လက်မြို့သို့ သွားသည်၊ ထိုမှ ပေရှစ်ထောင် စခန်းထောက်သို့ ကားဖြင့်ပင် တက်ကြသည်။ နတ်မတောင်ထိပ်သို့အရောက် လမ်းလျှောက်တက်ရသော တောင်တက် ခရီးက ပေနှစ်ထောင်ကျော်သာသာရှိတော့ပြီး လမ်းကလည်းပြေသည်။ လမ်းလျှောက်တက်ရန်အတွက် လမ်းအူကြောင်း လည်းရှိပြီး သက်သာသည်။ အခက်အခဲမရှိ။ တောင်တက်သမားများကမူ မင်းတပ်ဘက်မှ ချီချောင်း၊ အေးစခန်းတို့မှ တောင်တက်သမားများသုံးသည့် လမ်းအတိုင်း နတ်မတောင်ထိပ်သို့ တက်ကြသည်သာ ဖြစ်၏။ စာရေးသူ ဖတ်မှတ် မိဖူးသမျှဆိုသော် ခြေလျင်တောင်တက်အသင်းကြီးသည် တစ်ချိန်ကဆိုလျှင် သူ့အဖွဲ့ဝင်များကို ထိုမင်းတပ်၊ အေးစခန်း ဘက်မှ ခြေလျင်တက်မှသာ နတ်မတောင်တက်ခြင်းကို အောင်မြင်သည်ဟု အသိအမှတ်ပြုကြောင်း မှတ်သားခဲ့ဖူးပေသည်။

အေးစခန်းမှာ ရွာကြီးတစ်ရွာဖြစ်ပြီး ထိုစခန်းသည် နာမည်ကြီး အစဉ်အလာရှိသောစခန်း ဖြစ်သည်။ ထိုစခန်း၌ ဘိုတဲကြီးတစ်လုံး ရှိသည်။ မင်းတပ်ဘက်ခြမ်းကို မြင်ရသော တောင်စောင်းဘက်တွင် ဆောက်လုပ်ထားသော ဘိုတဲကြီး ဖြစ်သည်။ အတော်လေး ကျယ်ဝန်းသော အဆောက်အအုံ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီကတည်းက ရှိခဲ့သော အဆောက်အအုံဖြစ်ပြီး စစ်ပြီးခေတ်တွင် ၁၉၄၈ ခန့်က ပြန်လည်ပြုပြင်ခဲ့သော ဘိုတဲဟု ဆိုကြသည်။

ယခင်က သစ်သားအဆောက်အအုံဖြစ်သော်လည်း ယခုအခါ အကာအရံများမှာ သွပ်ပြားများဖြင့် လဲလှယ်ထားရပေရာ သစ်သားများ ကျန်သော်လည်း နေရာအများအပြားမှာ သွပ်များ ဖြစ်နေပေပြီ။ ၁၉၄၈ ခန့်က ထိုဘိုတဲ၌ နာမည်ကျော် ပန်းသုတေသနသမား အင်္ဂလိပ်လူမျိုး အက်ဖ်ကင်းဒမ်းဝပ်(F.Kingdone Ward)ဆိုသူ နှစ်နှင့်ချီ၍ နေသွားခဲ့ပြီး နတ်မတောင်တစ်ကြောမှ တောင်ဇလပ်များ၊ သစ်ခွပင်များ စုဆောင်းသွားသည်။ ဝပ်သည် ချင်းပြည်နယ်တွင်သာမက တောင်ဇလပ်၏ဇာတိဟုဆိုရမည့် ကချင်ပြည်နယ်တွင်လည်း နေရာအနှံ့ သွားရောက် လေ့လာစုဆောင်းခဲ့ပြီး သုတေသနပြုခဲ့သည်။ ၁၉၅၈ ခုတွင် အင်္ဂလန်နိုင်ငံ ချဲလ်ဆီးပန်းပြပွဲ၌ တောင်ဇလပ်ကို ပြသ တင်သွင်းကာ နာမည်ကျော်ခဲ့သည်။ မြန်မာနိုင်ငံမှ တောင်ဇလပ်၊ သစ်ခွတို့နှင့် ပတ်သက်၍ စာအုပ်ရေးသားခဲ့ပြီး ထိုစာအုပ်များ နာမည်ကျော်ခဲ့သည်။

အေးစခန်းဘိုတဲကြီးတွင် နံရံတိုင်း၌ တွေ့ရသောအရာများက လက်ရေးစာလုံးသေးသေးလေးများ ဖြစ်သည်။ နတ်မတောင်တက်ရန် အတွက် ရောက်လာသောတောင်တက်အဖွဲ့သားတိုင်းလိုလို အေးစခန်း ဘိုတဲကြီး၌ တစ်ထောက် စခန်းချကြသည်ဖြစ်ရာ သူတို့အဖွဲ့သားများစာရင်းနှင့် ရောက်ရှိသည့်နေ့စွဲများကို မှတ်တမ်းတင်ထားခဲ့ကြသည်။ ထိုအထဲ တွင် အမှတ်တရစာတမ်းလေးအချို့လည်း ပါပေသည်။


နတ်မတောင်တွင် လေ့လာစရာ ပန်းနှင့် သဘာဝပေါက်ပင်များ အများအပြားရှိသည်။ ရှားပါးသော တောင်ဇလပ် အမျိုးအစားများ ရှိသည်။ ထို့ပြင် ကမ္ဘာပေါ်တွင် မျိုးတုံးပျောက်ကွယ်လုနီးဖြစ်သော ငှက်မျိုးစိတ် အတော်များများ ရှိသည်ဟု ကမ္ဘာကျော်ငှက်သုတေသနသမားများက သတ်မှတ်လက်ခံထားကြသည်။ နှစ်ချို့ သစ်ပင်ကြီးများ၊ သက်ကြီးပု တောင်ဇလပ်ပင်များ၌ ကပ်၍ ပေါက်နေသောသစ်ခွများလည်း ရှိသည်။ လေသိုက်ခေါ် သစ်ပင်၌ ကပ်ပေါက်နေသော မှော်ပင်များလည်း တွေ့ရသည်။


(စာကြွင်း။ ။ မင်းတပ်နှင့် ကန်ပက်လက် ၃၇ မိုင်၊ မင်းတပ်နှင့် ဝမ်းရွာ ၁၀ မိုင်၊ မင်းတပ်နှင့် အေးစခန်း ၁၅ မိုင်၊ ကန်ပက်လက်နှင့် ပေ ၈၀ဝ၀ စခန်း ၁၀ မိုင်ကျော်၊ နတ်မတောင်အမြင့် ၁၀၅၀ဝပေ)

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Peaklist - 19 Mountain Summits with Prominence of 1,500 meters or greater Retrieved 23 December 2013