သိန်းမောင် (သံအမတ်ကြီး)

ဝီကီပီးဒီးယား မှ
(ဒေါက်တာသိန်းမောင် မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဒေါက်တာသိန်းမောင်
Dr.Thein Maung, first ambassador to Japan.JPG
မွေးဖွားသိန်းမောင်
(1891-01-02)ဇန်နဝါရီ ၂၊ ၁၈၉၁
ပေါင်းတည်မြို့
ကွယ်လွန်မေ ၂၃၊ ၁၉၄၆(1946-05-23) (အသက် ၅၅)
အလုပ်အကိုင်ဂျပန်ဆိုင်ရာမြန်မာသံအမတ်ကြီး
တက်ကြွလှုပ်ရှားနှစ်များ၁၉၄၄-၄၅
အိမ်ထောင်ဖက်(များ)ဒေါ်ခင်ခင်လတ်
သားသမီး
မိဘ(များ)ဦးစိန်ဒါ၊ ဒေါ်လှဖြူ

ဒေါက်တာသိန်းမောင် သည် ပထမဆုံးသော ဂျပန်ဆိုင်ရာမြန်မာသံအမတ်ကြီးဖြစ်သည်။ ဆရာဝန်ဘွဲ့ရရှိသော်လည်း ဆေးပညာဖြင့်အသက်မွေးဝမ်းကြောင်းမပြုပဲ နိုင်ငံရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ကဏ္ဍများအတွက် အဓိကဦးစားပေးဆောင်ရွက်ခဲ့သူဖြစ်သည်။ ဝိုင်အမ်ဘီအေခေါင်းဆောင်၊ ဂျီစီဘီအေခေါင်းဆောင် ၂၁ ဦးပါတီအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်။

မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဂျီစီဘီအေလူကြီး ပန်းကန်စက်ဦးသော်၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး တရားရေးဝန်ကြီးချုပ် ဒေါက်တာသိမ်းမောင် (ဖိနပ်-သိမ်းမောင်)၊ မြို့မအမျိုးသမီးကျောင်းဥက္ကဋ္ဌ ဆာဦးသွင်၊ မြို့မကျောင်းဆရာ သခင်မြ (အာဇာနည်ခေါင်းဆောင်ကြီး)၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် စသော ပုဂ္ဂိုလ်များနှင့် လွန်စွာရင်းနှီးသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၈၉၁ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် ပေါင်းတည်မြို့၌ အဖ ဦးစိန်ဒါ၊ အမိ ဒေါ်လှဖြူတို့မှ ဖွားမြင်ခဲ့သည်။ ပေါင်းတည် အစိုးရအလယ်တန်းကျောင်း၊ ရန်ကုန်အစိုးရအထက်တန်းကျောင်း၊ မော်လမြိုင် စိန့်ပက်ထရစ်အထက်တန်းကျောင်းတို့တွင် အခြေခံပညာဆည်းပူးခဲ့သည်။ ရန်ကုန်ကောလိပ်၊ ကာလကတ္တားဆေးကောလိပ်တို့တွင် ဆက်လက်ပညာသင်ယူခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှာ B.A. ဘွဲ့ ရရှိခဲ့သည်။ ကာလကတ္တားကောလိပ်မှ ဆေးပညာဘွဲ့ M.M.F ဘွဲ့ ရရှိခဲ့သည်။

လုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

၁၉၂၃ ဒိုင်အာခီဥပဒေပြုကောင်စီအမတ်၊ ၁၉၂၅-၂၆ မှ ၁၉၃၁-၃၂ ခုနှစ်အထိ မြို့မအမျိုးသားကျောင်းတွင် ကျောင်းအုပ်ကြီး၊ ၁၉၃၁-၃၂ ခုနှစ် တွင် လန်ဒန်မြို့ မြန်မာပြည်ဆိုင်ရာ မျက်နှာစုံညီဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့ဝင်၊ ၁၉၃၄ ခုနှစ်တွင် အိန္ဒိယဥပဒေပြုကောင်စီအမတ်၊ ၁၉၃၆ ခုနှစ်တွင် ငါးပွင့်ဆိုင်အဖွဲ့မှ ဥပဒေပြုကောင်စီအမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ အိန္ဒိယဥပဒေပြုကောင်စီအမတ်အဖြစ်ဆောင်ရွက်ခဲ့စဉ် အိန္ဒိယမှ မြန်မာပြည်ခွဲထွက်ရေးနှင့် ဗုဒ္ဓဂါယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းကို ဟိန္ဒူဘုန်းတော်ကြီးမဟန့် လက်မှ ပြန်လည်ရရှိရန် မဟာဗောဓိအသင်းမှတစ်ဆင့် ကြိုးစားခဲ့သူဖြစ်သည်။[၁] ၉၁ ဌာနအုပ်ချုပ်ရေးတွင် ဒေါက်တာဘမော်ဦးဆောင်သော ညွန့်ပေါင်းအစိုးရ (၁၉၃၇-၃၉) ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ အမျိုးသားပညာရေးအဖွဲ့ချုပ် အဖွဲ့ဝင်လူကြီး ဖြစ်ခဲ့သည်။

၁၉၃၉ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ မြို့မဆရာကြီးဦးဘလွင်၊ ဒေါက်တာသိန်းမောင်တို့က ဗြိတိသျှနယ်ချဲ့ကို လက်နက်ကိုင် တော်လှန်ရန်အတွက် သခင်အောင်ဆန်းအား ရွေးချယ်ခဲ့သည်။ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ဆရာကြီးဦးဘလွင် (တရုတ်-မြန်မာချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်)၊ သခင်နု၊ ဒီးဒုတ်ဦးဘချို စသောပုဂ္ဂိုလ်များက တရုတ်သမ္မတကြီး လင်စင် (Lin Sen, Chairman of the National Government of China)၊ စစ်ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့သာမက ဗိုလ်ချုပ်ကြီးချန်ကေရှိတ်၊ မဒမ် ချန်ကေရှိတ်တို့ထံသွားရောက်တွေ့ဆုံခဲ့သည်။ တရုတ်စစ်ကြောင်းတွင် မြန်မာလူငယ်များ စစ်သင်တန်းတက်ရောက်လိုပါက ခွင့်ပြု-မပြု သိချင်ပါသည်ဟု ဆရာကြီးဦးဘလွင်က ဗိုလ်ချုပ်ကြီးချန်ကေရှိတ် (Chiang Kai-shek) ကို မေးမြန်းရာ "မြန်မာစစ်ပညာသင်ကျောင်းသားလူငယ်များအားလက်ခံပါမည်" ဟု ချန်ကေရှိတ်က ပြန်လည်ပြောကြားခဲ့သည်။[၂] မြို့မကျောင်းသားသခင်လှဖေ (နောင်အခါ ဗိုလ်လက်ျာ) သည် သခင်အောင်ဆန်း၊ သခင်လှမြိုင်တို့အား တရုတ်နိုင်ငံ အမွိုင်မြို့သို့ ရေကြောင်းခရီးဖြင့် သွားရောက်နိုင်ရေး အတတ်နိုင်ဆုံးကူညီပေးရန် တာဝန်ပေးအပ်ခြင်းခံရသည်။

သခင်လှဖေနှင့် ရန်ကုန်မြို့ ၁၉ လမ်းမှ ကိုကျော်ခင်တို့၏အကူအညီဖြင့် အမွိုင်မြို့သို့ 'Hailee' အမည်ရှိ သင်္ဘောကိုစီးကာ ရောက်ရှိခဲ့ပါသည်။ သို့ရာတွင် အမွိုင်မြို့၌ သခင်အောင်ဆန်းတို့သည် တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ အမွိုင်မြို့၌ပင် သောင်တင်နေခဲ့သည်။[၃]

ဂျပန်ခေတ် ဒေါက်တာဘမော်အစိုးရ (၁၉၄၂-၄၄) တွင် ဘဏ္ဍာရေးဝန်ကြီး၊ ၁၉၄၄-၄၅ တွင် ဂျပန်ပြည်၊ တိုကျို မြို့၌ ပထမဆုံး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၄]

ရဲဘော်သုံးကျိပ်အစ၊ ဒေါက်တာသိန်းမောင် က[ပြင်ဆင်ရန်]

၁၉၄၀ ပြည့်နှစ် မေလတွင် ဗိုလ်မှူးကြီးဆူဇူကီးသည် မြန်မာနိုင်ငံသို့ရောက်ရှိပြီးနောက် စက်တင်ဘာလတွင် သခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ မြို့မဆရာကြီးဦးဘလွင်၊ ဒေါက်တာသိန်းမောင်တို့နှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်။ အမွိုင်မြို့တွင် သောင်တင်နေသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့အား တိုင်ပေမြို့ (နောင်အခါ ထိုင်ဝမ်)ရှိ ဂျပန်စစ်ဌာနချုပ်သို့လည်းကောင်း၊ တိုင်ပေမှတစ်ဆင့် ဂျပန်နိုင်ငံသို့လည်းကောင်း ပို့ဆောင်စေခဲ့သည်။ သခင်အောင်ဆန်း (နောင်အခါ ဗိုလ်ချုုပ်အောင်ဆန်း)နှင့် ဂျပန်ဘုရင့်တပ်မတော်မှ ဗိုလ်မှူးကြီး ဆူဇူကီး (Colonel Suzuki Keiji) တို့အား ဂျပန်-မြန်မာချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်[၅] သံအမတ်ကြီးဒေါက်တာသိန်းမောင်က ဆက်သွယ်ပေးခဲ့သည်။ သခင်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များ ဂျပန်ပြည်သို့ သွားရောက်စစ်ပညာသင်ယူရေးကိစ္စတွင် အဓိကနေရာမှ ဆောင်ရွက်ပေးသောပုဂ္ဂိုလ်မှာ ဆရာကြီးဒေါက်တာသိန်းမောင် ဖြစ်သည်။ ထိုစဉ်က မြန်မာ့တပ်မတော် နှင့် ရဲဘော်သုံးကျိပ် မပေါ်ပေါက်သေးပါ။[၃] ထို့ကြောင့် ရဲဘော်သုံးကျိပ်အစ၊ ဒေါက်တာသိန်းမောင် က ဟု ပြောစမှတ်ပြုကြသည်။

ဆုတံဆိပ်များ[ပြင်ဆင်ရန်]

၁၉၄၃ ဖေဖော်ဝါရီလတွင် ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ ဂျပန်ပြည်သို့သွားရောက်ခဲ့သည်။ ဂျပန်ဘုရင် ဟီရိုဟီတို (Emperor Hirohito) ၏ တက်နေဝန်းတံဆိပ်ချီးမြှင့်ခံရသည်။

မိသားစု[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက် မင်းထင်မင်းလှကျော်ခေါင်ဘွဲ့ခံ အမြှောက်ဝန်မင်း၏သမီး ဒေါ်ခင်ခင်လတ်နှင့် အိမ်ထောင်ကျခဲ့သည်။ ဒေါ်ခင်သိန်းဟု အမည်ရသော သမီးတစ်ဦးထွန်းကားခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် မဟာမိတ် (အမေရိကန်တပ်ပေါင်းစု) တို့ထံ ဂျပန်တပ်မတော်က လက်နက်ချခဲ့ရသည်။ စက်တင်ဘာလရောက်သောအခါ တိုကျိုမြို့ မြန်မာသံရုံးတွင်ရှိနေသော သံအမတ်ကြီးဒေါက်တာသိန်းမောင်အား မဟာမိတ်တပ်များက ဖမ်းဆီးအကျဉ်းချခဲ့သည်။ ထောင်ထဲတွင် နေမကောင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် ပြန်ပို့ရာ လမ်းခုလတ် သင်္ဘောပေါ်၌ပင် ၁၉၄၆ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ အလောင်းကို ပင်လယ်ထဲသို့သာ မျှောချခဲ့သည်ဟု မှတ်တမ်းများတွင်တွေ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ဇေယျာ (၂၀၀၂ နိုဝင်ဘာ). မြန်မာလူကျော် ၁ဝဝ (ပထမတွဲ). နှစ်ချို့ဝိုင်စာအုပ်တိုက်, Page: 195-199။ 
  2. ဦးနုရေးသားသည့် ဂန္ဓာလရာဇ်အတွက် မြန်မာစာပေစီမံကိန်း (in English)
  3. ၃.၀ ၃.၁ မြို့မ-မြင့်ကြွယ် (၂၀၀၃ ခုနှစ်). စာပေဗိမာန် စာပဒေသာပထမဆုရ မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒါန်းအစ. ရန်ကုန်မြို့: ပြန်ကြားရေး ဝန်ကြီးဌာန စာပေဗိမာန် 
  4. Wei Yan Aung (30 August 2019)။ On This Day | Myanmar’s First Ambassador to Japan Appointed During WWII (in English)။
  5. AUNG ZAW (25 August 2017)။ Opinion | The Man Behind the Burma Independence Army (in English)။