သိမ်းမောင်၊ ဦး (တရားဝန်ကြီးချုပ်ဟောင်း)

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဦးသိမ်းမောင် သည် မည်သူမျှ ဖိနပ် မစီးရ စာတန်းကို ဦးစွာ ချိတ်ဆွဲသူ နိုင်ငံတော် တရားဝန်ကြီးချုပ်ဟောင်း ဖြစ်သည်။ တရားဝန်ကြီးချုပ်ဟောင်း ဦးသိမ်းမောင်သည် မြန်မာ သက္ကရာဇ် ၁၂၅၂ ခုနှစ်၊ (ခရစ် ၁၈၉ဝ ပြည့်၊ ဇူလိုင် ၁၇ ရက်) တွင် ပေါင်းတည် မြို့နယ် ကျောက်ကုန်းရွာ၌ ဖွားမြင်သည်။ မိဘများမှာ ပေါင်းတည်မြို ့မန်ကျည်းပင် တိုက်သူကြီး ဦးဖိုးစံနှင့် ဒေါ်သောင်းတို့ ဖြစ်သည်။ ဦးသိမ်းမောင်မှာ သားဦး ဖြစ်သည်။[၁]

တရားဝန်ကြီးချုပ်ဟောင်း ဦးသိမ်းမောင်[ပြင်ဆင်ရန်]

၁၉၄၃ ခုနှစ်၊ မြန်မာ ကိုယ်စားလှယ်များ အဖြစ် ဂျပန်နိုင်ငံကို သွားရောက် ခဲ့ကြတဲ့ (ဝဲမှ ယာသို့) ဒေါက်တာ ဘမော်၊ သခင် မြ၊ ဒေါက်တာ သိမ်းမောင်နဲ့ ဗိုလ်ချုပ် အောင်ဆန်း။

ဦးသိမ်းမောင်၏ မိဘများမှာ ကျောင်းကုန်းရွာတွင် ဓားမြအတိုက်ခံရသဖြင့် မိမိတို ့နေထိုင်ရာတွင် မနေတော့ဘဲ ပေါင်းတည်မြို့တွင် ရာသက်ပန် ပြောင်းရွေ ့နေထိုင်ခဲ့သည်။ သားဖြစ်သူ မောင်သိမ်းမောင်အားလည်း ပေါင်းတည်မြို ့အင်္ဂလိပ်ကျောင်းတွင် စာပေ သင်ကြား စေခဲ့သည်။

မောင်သိန်းမောင်သည် သတ္တမတန်း၊ နဝမတန်းများတွင် စကောလားရှစ်ဆုနှင့်ချည်း အောင်မြင်ခဲ့ပြီး ကာလကတ္တား တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌လည်း မြန်မာထဲမှ ပထမဦးဆုံး အောင်မြင်ခဲ့သူ ဖြစ်၏။

ရန်ကုန် တက္ကသိုလ်သို့ ရောက်သောအခါ အက်(ဖ်)အေတန်း၊ ဘီအေတန်း တို့ကိုလည်း ဂုဏ်ထူးနှင့်ချည်း အောင်မြင်ခဲ့သည်။ ပါဠိဘာသာ ဂုဏ်ထူးဖြင့် အောင်မြင် ပြန်သဖြင့် ဆုငွေများပင် ရရှိခဲ့သည်။

၁၉၁၃ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်တွင် ဆက်လက် ပညာ သင်ကြားခဲ့ပြီး အမ်အေဘွဲ့ကို လန်ဒန်မြို ့ကိန်းဘရစ် တက္ကသိုလ်မှ ဆွတ်ခူးခဲ့သည်။ ဝတ်လုံ စာမေးပွဲကိုလည်း လန်ဒန်မြို့ ဝတ်လုံတော်ရ ရှေ့နေ ကျောင်းမှ ဂုဏ်ထူးနှင့် အောင်ပန်း ဆွတ်ခူးခဲ့၍ ရွှေဒင်္ဂါးပြား ၅ဝ ဆုကိုပင် ရရှိခဲ့သည်။

ဦးသိမ်းမောင်သည် မြန်မာပြည်သိုု့ ပြန်ရောက်ရှိသော အခါ ပထမဆုံး ပြည်ထဲရေး ဝန်ကြီး ဖြစ်သူ ဦးခင် (ဆာ မောင်ခင်) နှင့် အတူ ဦးစွာ ပူးတွဲ၍ ဝတ်လုံ အလုပ်ကို လုပ်ရှာသည်။ ရန်ကုန်တွင် ဝတ်လုံပေါက်စ ဖြစ်၍ မတိုးနိုင်ရှာဘဲ ပြည်မြို့သိုု့ ပြောင်းရွှေ့ကာ အလုပ် ရှာဖွေ ရသည်။ ရိုးရိုးနှင့် မြင့်မြင့်ကြံလာသူ ဦးသိမ်းမောင်သည် တစနှင်တစ လူချစ်လူခင် ပေါများလာပြီး လူသိ များလာခဲ့သည်။ ဝင်ငွေလည်း အတော်အသင့် ဖြောင့်လာခဲ့သည်။ လူသိများသော လူကုံထံ ဝတ်လုံတဦး ဖြစ်လာခဲ့၏။

ထိုအချိန်အခါက ဗုဒ္ဓဘာသာ ဘုရားကျောင်းများ၌ ‘ဥရောပနှင့် အမေရိကန် လူမျိုးမှအပ ဖိနပ်စီးခွင့်မပြု’ ဟူသော စာတန်းများ ချိတ်ဆွဲ ထားကြ၏။ ပြည်မြို ့ရွှေဆံတော် စေတီတော်ကြီးမှာလည်း အများနည်းတူ ယင်းစာတန်း ချိတ်ဆွဲထားခြင်း ခံနေရရှာ၏။ အုပ်ချုပ်သူ အင်္ဂလိပ် နယ်ချဲ့သမားတို့၏ အလိုတော်ကျ မတရား တဖက်စောင်းနင်း ပြုမှုချက်ကို မရှုစိမ့်နိုင်သော ဝတ်လုံ ဦးသိန်မောင်သည် ရွှေဆံတော် ဘုရား ဂေါပကလူကြီးများနှင့် တိုင်ပင်ကာ ‘မည်သူမျှ ဖိနပ်မစီးရ’ ဟူသော စာတန်းကို ယခင်က ချွင်ချက်နှင့် ရေးထားသော စာတန်း နေရာတွင် အစားထိုး ချိတ်ဆွဲ ထားလိုက်၏။

ယင်း ‘မည်သူမျှ ဖိနပ်မစီး’ စာတန်းသည် အင်္ဂလိပ် လက်အောက်တွင် ပထမဆုံး ပေါ်ပေါက်လာသော စာတန်းကလေးပင် ဖြစ်၏။ ပြည်မြို ့ရွှေဆံတော် စေတီတော်ကြီးမှ ဝတ်လုံ ဦးသိမ်းမောင် အစတွင် ပြုလုပ်လိုက်သော သမိုင်း မှတ်တိုင် တခုပင် ဖြစ်၏။ ယင်းမှစ၍ တစတစ မြန်မာပြည်လုံးသို့ ပျံ့နှံ ကူးစက် သွားခဲ့လေ၏။

၁၉၁၈ ခုနှစ်တွင် ဝတ်လုံ ဦးသိမ်းမောင်သည် ဦးမေအောင်၏ အကူအညီဖြင့် ပြည်မြို့မှ ရန်ကိုမြို့သို့ ပြောင်းရွှေ့လာကာ ဝတ်လုံ အလုပ်ကို လုပ်ကိုင်ရင်း တဖက် တလမ်းမှလည်း မိမိ အမျိုးအတွက် ဘာသာအတွက် လုပ်ငန်းများကို တတ်နိုင်သရွေ့ ဆောင်ရွက်ခဲ့သည်။ ရိုးရိုးနှင့် မှန်မှန် ကျင့်ကြံလာသူ ဖြစ်သည့် အလျောက် ဦးသိမ်းမောင်သည် ဝိုင်အမ်ဘီအေ အသင်းတွင် အကျိုးဆောင် (အတွင်းရေးမှူး) အဖြစ် ရွေးချယ် ဆောင်ရွက်ခြင်း ပြုခံခဲ့ရသည်။

မြန်မာ သက္ကရာဇ် ၁၂၉၂ ခုနှစ်တွင် ပဲခူးမြို့၌ ငလျင် လှုပ်သောအခါ ရွှေမော်ဓော စေတီတော်ကြီး ပြိုပျက်ရာသို့ ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက် သွားရောက်ကြည့်ရှုရာ ကုန်းတော်ပေါ်သို့ ဖိနပ် မချွတ်ဘဲ တက်ရောက်ခဲ့၏။

ယင်းသို့ ပြုမှုချက်ကို ရွှေမော်ဓော ဂေါပကလူကြီးများက မခံရပ်ဖြစ်ကာ ရန်ကုန်မြို ့ဝိုင်အမ်ဘီအေ အသင်းသို့ တိုင်ကြားလေသည်။ ထိုအခါ အကျိုးဆောင် (အတွင်းရေးမှူး) ဖြစ်သူ ဝတ်လုံ ဦးသိမ်းမောင်သည် ရန်ကုန်မြို ့ဂျူဗလီ ခန်းမကြီး၌ မြို့လုံးကျွတ် အစည်းအဝေး ခေါ်ယူလျက် အကြီးအကျယ် အရေးယူ ဆောင်ရွက်ခဲ့သည်။ မိမိတတ်သမျှ ဝတ်လုံ ဗဟုသုတများဖြင့် အကိုးအကား စုံလင်စွာဖြင့် ရှင်းလင်း တင်ပြလျက် ဆန္ဒယူ ဆောင်ရွက်ခဲ့ရာ တခဲနက် အားပေး ထောက်ခံကြ၏။ ရာခိုင်နှုန်းပြည့် နီးပါးမျှ အောင်မြင်ခဲ့သည်ဟု ဆို၏။ ယင်းအချိန်မှ စပြီး ဘုရင်ခံမှ အစ အရာရှိ အရာခံ အစေခံများပါ မကျန် လူဖြူ လူမည်း အားလုံး မြန်မာ ကျောင်းကန်များ၌ ဖိနပ် မစီးကြတော့ချေ။ (’ဖိနပ် ပြဿနာ’ ကိုလည်း ကြည့်ပါ။)

ဝတ်လုံ ဦးသိမ်းမောင်သည် ဖိနပ် ကိစ္စဖြင့် ရှေ ့ဆောင်ရှေ့ရွက် ဆောင်ရွက်ခဲ့သူ ဖြစ်၍ ‘ဖိနပ် သိမ်းမောင်’ ဟုပင် တချိန်က အခေါ်ခံခဲ့ရ၏။ အမည်မှာ မတင့်တယ်၊ နားမခံစရာ ဖြစ်သော်လည်း ဝတ်လုံ ဦးသိမ်းမောင်ခမျာ ကျေကျေနပ်နပ် ရယ်ရယ်မောမောဖြင့် လက်ခံရှာ၏။

၁၉၂ဝ ပြည့်နှစ်တွင် မြန်မာပြည်မှ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရန် တောင်းဆိုရေး အတွက် ဘိလပ်သွား ကိုယ်စားလှယ် အဖွဲ့တွင် ဦးထွန်းရှိန် မကျန်းမာသဖြင့် ဝတ်လုံ ဦးသိမ်းမောင်အား ကိုယ်စားလှယ် အဖြစ် ပါဝင် ဆောင်ရွက်စေခဲ့သည်။ ထိုအချိန်က ဦးသိမ်းမောင်၏ အသက်မှာ ၁၉ အရွယ်မျှ ရှိသေး၏။

ဒိုင်အာခီ အုပ်ချုပ်ရေး ဖြစ်ပေါ်လာသော အခါ ဦးသိမ်းမောင်သည် ၂ဝ ဦး ပါတီတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေး နယ်ပယ်ထဲတွင် စုန်ချီဆန်ချီ ရေစီးတခါ ရေသာတလှည့်ဖြင့် နေခဲ့ရရှာသည်။ ၁၉၂၂ ခုနှစ်မှ ၁၉၃၁ ခုနှစ် အထိ ရန်ကုန် မြူနီစီပယ် လူကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၂၂ ခုနှစ်မှ ၁၉၂၅ ခုနှစ် အတွင်းတွင် ရန်ကုန် မြူနီစီပယ် ပညာရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ၁၉၃၁ ခုနှစ်တွင် ရန်ကုန် မြို့တော်ဝန် ဖြစ်လာသည်။ ၁၉၃၃ ခုနှစ်တွင် လန်ဒန်မြို့သို ထပ်မံ သွားရောက်ကြသော မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ဦးသိမ်းမောင် ပါဝင် ဆောင်ရွက်ခဲ့ပြီး တွဲဖက် ကော်မတီရှေ့တွင် မြန်မာပြည်၏ လိုအင်ဆန္ဒကို တောင်းဆိုခဲ့သည်။

ယင်းနောက် ဝတ်လုံ ဦးသိမ်းမောင်သည် အိန္ဒိယပြည်၏ ဗဟို လွှတ်တော်တွင် မြန်မာအမတ် ၃ ဦး တင်မြှောက်ရန် အခွင့် ပေါ်လာသော အခါ ဦးသိမ်းမောင် အပါအဝင် ဦးဘစီ၊ ဒေါက်တာ သိမ်းမောင် တို့အား ရွေးချယ် စေလွှတ်ပြီး ဒေလီမြို့တွင် အိန္ဒိယ အမျိုးသားများနှင့် ဗဟို လွှတ်တော်သို့ တက်ရောက်ခဲ့ရ၏။ ဦးသိမ်းမောင်တို့နှင့် အတူ ဗဟို လွှတ်တော်သို့ တက်ရောက်ခဲ့ရ၍ ထင်ရှားသော အိန္ဒိယ အမျိုးသား ပုဂ္ဂိုလ်ကြီး အချို့မှာ ပဏ္ဍစ်ပန့်၊ ရှရီရာပက်ကပ်၊ ပါကစ္စတန်ပြည် ပေါ်ပေါက်ရာ၌ ပထမဦးဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့သူ မစ္စတာ ဂျင်းနား စသူတို့ ဖြစ်ကြသည်။

၉၁ ဌာန အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲသော အခါ ၁၉၃၆ ခုနှစ်တွင် ဝတ်လုံ ဦးသိမ်းမောင်သည် ပုသိမ်ကျေးလက်မှ ဥပဒေပြု အောက် လွှတ်တော် အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ယင်းအပြင် ပညာရေး ဝန်ကြီးချုပ် အဖြစ် ၅ဝဝဝိ စား ရာထူးကို ရရှိခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ရာထူးဝန် အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် အစိုးရ ရှေ့နေချုပ်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ရွှေတိဂုံ ဘုရား လူကြီး အဖြစ်ဖြင့်လည်း ပါဝင်ခဲ့၏။

ဝတ်လုံ ဦးသိမ်းမောင်သည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ (ဂျပန် အုပ်စိုးသော ကာလ) အဓိပတိ ဒေါက်တာ ဘမော် အစိုးရ အဖွဲ့တွင် တရားရေးဌာန ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်း တို့နှင့်အတူ မြန်မာ့ လွတ်လပ်ရေး ရရန်အတွက် ပါဝင် ဆောင်ရွက် ခဲ့သည်။ ၁၉၄၅ ခုနှစ် စစ်ပြီးကာလ ဖတပလ (ဖဆပလ) အဖွဲ့ချုပ်ကြီး၏ ဦးစီး အဖွဲ့ဝင် ၃၆ ယောက်တွင် တဦး အပါအဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းအပြင် လွှတ်တော် တရားရေး ဝန်ကြီး အဖြစ်ဖြင့် လည်းကောင်း၊ လွှတ်တော် တရားဝန်ကြီးချုပ် အဖြစ်ဖြင့် လည်းကောင်း၊ နိုင်ငံတော် တရားဝန်ကြီးချုပ် အဖြစ်ဖြင့် လည်းကောင်း ၁၉၅၇ ခုနှစ် အထိ ဆောင်ရွက်ခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း (ယခင် နိုင်ငံတော် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဥက္ကဋ္ဌ) အိမ်စောင့် အစိုးရ အဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ် အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၆ဝ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ် အထိ အစိုးရ အကြံပေး အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။

ဝတ်လုံ ဦးသိမ်းမောင်ကား ပညာရေးဘက်တွင် ထူးချွန်သူ ဖြစ်၏။ အမျိုးကို ချစ်၏။ စိတ်ရင်း စေတနာ ကောင်း၏။ မာန်မာန နည်းပါး၏။ ရွှေတိဂုံဘုရား လူကြီး အဖြစ် ကွယ်လွန်သည် အထိ ဆောင်ရွက်ခဲ့၏။

သတိုး သီရိသုဓမ္မ နိုင်ငံတော် တရားဝန်ကြီးချုပ်၊ ရွှေတိဂုံဘုရား လူကြီးနှင့် ဝတ်လုံ ဦးသိမ်းမောင်သည် ၁၉၇၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ အသက် ၈၅ နှစ် အရွယ်တွင် ရန်ကုန်မြို့၊ ကနေဒီလမ်း (ယခု ကန်တော်ကြီး ကန်ပတ်လမ်း) ယင်း၏ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားရှာသည်။[၂]

ကိုးကားချက်။[ပြင်ဆင်ရန်]

  1. “မည်သူမျှ ဖိနပ် မစီးရ စာတန်းကို ဦးစွာ ချိတ်ဆွဲသူ နိုင်ငံတော် တရားဝန်ကြီးချုပ်ဟောင်း ဦးသိမ်းမောင်” အကြောင်းကို ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချီရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’
  2. ရွှေဥဩ