လှေ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
၁၇ မီတာ အရှည်ရှိသော ယူကေ အသက်ကယ်လှေ

အလွန်ရှေးကျသောခေတ်က လူတို့သည် ရေလမ်းခရီးကို ဖောင်များဖြင့်လှော်ခတ်၍ သွားလာခဲ့ကြသည်။ ဖောင်များကို အသုံးပြုနေရာ မှ တစ်ဖန် လူတို့သည် သစ်တုံးမှထွင်းယူသော လုံးထွင်းလှေများကို ပြု လုပ်သုံးစွဲရန် အကြံဉာဏ်ရလာပြန်သည်။ ထိုသို့ အကြံဉာဏ်ရလာခဲ့ခြင်း မှာလည်း အခေါင်းရှိသော သစ်တုံးများ ရေတွင်နေမျောနေသည်ကို မြင်ရာမှ စတင်ခဲ့ဟန်တူပေသည်။ ဤနည်းဖြင့် သစ်တုံးထက်ပေါ့ပါးပြီး ဝန်ကို ပိုမို တင်ဆောင်နိုင်သော လုံးထွင်းလှေများ ပေါ်ပေါက်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပိုမိုပေါ့ပါးသော လောင်းလှေ၊ စပ်လှေများ နောင်သော် ပေါ်ပေါက်လာပြန်သည်။ ရှေးက လုံးထွင်းလှေများကို ပြုလုပ်ရာ၌ လက်အလွန်ဝင်သည့်အတွက် လပေါင်းများစွာကြာမှ ပြီးစီးလေသည်။ အစ ပထမ၌ လဲနေသောအပင်များကိုသာ အသုံးပြုခဲ့ကြ၍ နောင်သော် ရှည် လျားဖြောင့်ဖြူးသော အပင်များကို ရွေးချယ်ခုတ်လှဲပြီးလျှင် အသုံးပြုခဲ့ကြ သည်။ အပင်များကို ခုတ်လှဲရာ၌ အခြားလက်နက်ဟူ၍ ထွေထွေထူးထူး မရှိသဖြင့် ကျောက်လက်နက်နှင့် မီးကို အသုံးပြုခဲ့ကြရသည်။ အပင်ကြီးကို လှေပုံဖြစ်အောင် ပြုလုပ်အချောကိုင်ရာ၌လည်း ကျောက်လက်နက်ဖြင့်ပင် ပြု လုပ်ပေးကြရ၏။ ထို့နောက် ပင်စည်တစ်လျှောက် ထွင်းလိုသည့်နေရာတွင် မီးရှို့ပေး၍ ချွန်ထက်သော ကျောက်ကိရိယာများ သို့မဟုတ် ခရုခွံများဖြင့် ခြစ်ပစ်ပေးသည်။ ထို့နောက် သစ်ခေါင်းတွင် ရေထည့်ပြီးလျှင် ကျောက်ပူ များချ၍ ရေကို ပူလာအောင်လုပ်ပေးသည်။ ရေပူ၍ သစ်တုံးပူလာသောအခါ ဒိုင်းများကို ကန့်လန့်ခံပေး၍ ခွဲယူသည်။ အမေရိကတိုက် အနောက် မြောက်ပိုင်းရှိ အင်ဒီးယန်း လူမျိုးတစ်မျိုးသည် လုံးထွင်းလှေများကို ယခုတိုင် ဤနည်းဖြင့် ပြုလုပ်လျက်ရှိကြလေသည်။

ကမ္ဘာ၏ အချို့သော အရပ်ဒေသများတွင် လှေ၏ကိုယ်ထည်ကို ခိုင်မာစွာ ပြုလုပ်ယူကြပြီးသော် အပေါ်မှ သားရေဖြင့် ဖုံးအုပ်အသုံးပြုကြ သည်။ အက်စကီးမိုးလူမျိုးတို့ အသုံးပြုကြသော ကိုင်ယက်ခေါ် တစ်ယောက်စီးလှေများသည် ဤလှေမျိုးတွင် အကျုံးဝင်သည်။ လှေတွင် ကိုယ် ထည်အခြင်းကို ဝေလငါးရိုး သို့မဟုတ် သစ်များဖြင့် ပြုလုပ်ယူပြီးနောက် လူထိုင်၍စီးနင်းလိုက်ပါမည့် နေရာမှတစ်ပါး လှေတစ်ခုလုံးကို သားရေဖြင့် ဖုံးအုပ်ထားသည်။ စီးနင်းသူမှာ သားရေဖြင့်ချုပ်ထားသော ရေလုံအဝတ်များ ဝတ်ဆင်၍ တစ်နေရာမှ တစ်နေရာသို့ ကျင်လျင်စွာ ကူးခတ်သွားလာကြ သည်။

ကိုင်ယက်ကဲ့သို့ပင် သားရေဖြင့် ပြုလုပ်ထား၍ အထက်ဘက်၌ ဖွင့်ထားသော အူမီယက်ခေါ် အက်စကီးမိုး လှေတစ်မျိုးလည်းရှိသေးသည်။ အူမိယက်သည် ကိုင်ယက်ထက်အသွားနှေးသည်။ သို့သော် လူအများစီးနင်း လိုက်ပါနိုင်၍ ဝန်ကိုလည်း ပိုမိုတင်ဆောင်နိုင်လေသည်။

မြောက်အမေရိကတိုက်ရှိ အင်ဒီးယန်းလူမျိုးများ ပြုလုပ်သုံးစွဲခဲ့ကြ သည့် ကနူးခေါ် လှေများအနက် အကောင်းဆုံးကို ဗုဇဗတ်(ဗတ်ချ) အပင်မှ အခေါက်ဖြင့် ပြုလုပ်ယူကြသည်။ လှေပြုလုပ်မည့် သူသည်သင့်တော်သော ဗုဇဗတ်အပင်ကို ရွေးချယ်ပြီးနောက် မိမိအရပ်နှင့်အညီ အပင်တွင် အခေါက်ကို ဓားဖြင့်ရစ်ပေးသည်။ ဤသို့ ရစ်ထားသောနေရာမှ အခေါက်ကို အလျားလိုက် ခွာယူပြီးလျှင် စပရုထင်းရှူးသားဖြင့် ပြုလုပ်ထားသော လှေ ကိုယ်ထည်တွင် လျှော်များဖြင့် သေချာစွာ ချုပ်၍ တပ်ဆင်ပေးသည်။ ထို့ နောက် စပ်ကြောင်းများကို အပင်မှရရှိသော သစ်စေးများဖြင့် ဖာထေးယူ သည်။ အပင်မှ အခေါက်ကို နွေကူးရာသီ၌ ခွာယူကြရ၍ ထိုသို့ခွာယူစဉ် မပျက်မစီးဘဲ ရရှိစေရန်များစွာ ကျွမ်းကျင်ဖို့လိုပေသည်။ ဤလှေမျိုးကို များ သောအားဖြင့် မိန်းမများသာ ဆောက်လုပ်လေ့ရှိကြသည်။ လူတစ်ယောက် တည်း ထမ်းယူနိုင်လောက်အောင် ပေါ့ပါး၍ ဝန်ကို အသင့်အတင့် တင် ဆောင်နိုင်သည်။ အမေရိကတိုက်သို့ ပထမဦးဆုံးရောက်ရှိခဲ့သော မျက်နှာဖြူ လူမျိုးများသည် ဤလှေများကို ခရီးသွားလာရာ၌ များစွာ အသုံးပြုခဲ့ကြ ရလေသည်။

တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ်များတွင် အသုံးပြုလျက်ရှိသည့် ဂူးဖားခေါ် လှေတစ်မျိုးမှာ ရေဖလားပုံကဲ့သို့ ဝိုင်းဝိုင်းဖြစ်သည်။ ဤလှေမျိုး သည် အသွားနှေး၏။ သို့သော် မှောက်ရန်အလွန်ခဲယဉ်းသည်။ ဂူးဖားကို မိုးမခခက်များဖြင့်ယက်လုပ်၍ ရေလုံစေရန် ကတ္တရာစေးသုတ်ပေးထားသည်။ ရောမလူမျိုးတို့ အင်္ဂလန်နိုင်ငံကို သိမ်းပိုက်အုပ်ချုပ်ထားစဉ်က ဂူးဖားပုံမျိုး ရှိသည့် လှေတစ်မျိုးကို သုံးစွဲခဲ့ကြသည်။ ထိုလှေမှာ ကော်ရာကယ်ခေါ် တစ်ယောက်စီးလှေဖြစ်၍ ထိုလှေမျိုးကို ယခုတိုင်အောင် ပြင်သစ်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံနှင့် ဝေလနယ်များတွင် တံငါလုပ်ငန်း၌ အသုံးပြုလျက်ရှိ ကြသည်။ ထိုလှေတွင် ကိုယ်ထည်ကို ပါးလွှာသည့် ပျဉ်ပြားငယ်များဖြင့် ပြုလုပ်ရ၍ အပြင်မှ သားရေ သို့မဟုတ် ဆီစိမ်အဝတ်ဖြင့် ဖုံးအုပ်ထားလေ သည်။

တဟီတီကျွန်းကဲ့သို့သော ပစိဖိတ် သမုဒ္ဒရာရှိ ကျွန်းစုများတွင် ကက်တာမာရန်ခေါ် လှေငယ်တစ်မျိုးကို တွေ့ရသည်။ ကက်တာမာရန်ဟူ သော ဝေါဟာရမှာ တမီလ်ဝေါဟာရဖြစ်၍ ချည်နှောင်ထားသော သစ်ပင်ဟု အဓိပ္ပာယ်ရသည်။ ဤလှေမျိုးတွင် သစ်တုံးတစ်တုံးကို လှေနံဘေးတွင် အနည်းငယ်ခွာ၍ အထိန်းအနေဖြင့် ဆွဲထားသည်။ လှိုင်းလေကြီးသော ပင်လယ်ရေပြင်များမှာပင် တိမ်းမှောက်သွားခြင်း မရှိနိုင်ချေ။ လှေမတိမ်း မှောက်ရအောင် အလားတူ အထိန်းများ တပ်ဆင်ပါရှိသော အခြားလှေမျိုး ကိုလည်း ကက်တာမာရန်ဟူ၍ပင် ခေါ်ဝေါ်သုံးစွဲကြသည်။

လှေတွင် လှော်တက်ကိုဖြစ်စေ၊ ခတ်တက်ကိုဖြစ်စေအသုံးပြုကြ သည်။ ခတ်တက်မှာ အများသိကြသည့်အတိုင်း လှော်တက်ထက်ရှည်၍ အပြားကြီးပြီးလျှင် များသောအားဖြင့်လည်း ခတ်တက်နှစ်ချောင်းကို အစုံ လိုက် အသုံးပြုလေ့ရှိကြသည်။ သို့ရာတွင် ခတ်တက်ကို အသုံးပြုပုံမှာ ဒေသအလိုက် ခြားနားတတ်ပြန်သည်။

အရှေ့ပိုင်းဒေသများတွင် လှေများ၌ ခတ်တက်ကိုင်သူသည် လှေ ဦးဘက်သို့ မျက်နှာမူသည်။ အနောက်နိုင်ငံများတွင်မူ လှေပဲ့ဘက်သို့ မျက် နှာမူ၍ မိမိသွားလိုရာဘက်သို့ကျောခိုင်းကာ ထိုင်လေ့ရှိလေသည်။ ခတ်တက် များကို အစုံလိုက် အသုံးများကြသည်ဟု ဆိုထားသော်လည်း အနောက် နိုင်ငံသုံး ပြိုင်လှေများတွင် လူတစ်ကိုယ်လျှင် တစ်ချောင်းချင်းအသုံးပြုကြ ပြန်သည်။ ပြိုင်လှေများ၌ သာမန်လှေများထက် ထူးခြားချက်တစ်ခုမှာ ခတ် တက်ကို အလှမ်းကျဲကျဲ ဆွဲနိုင်စေခြင်းငှာ လှော်ခတ်သည့်အခါတိုင်း ဖင် နေရာရွေ့စေရန် ထိုင်ခုံအောက်၌ ဘီးကလေးများ တပ်ဆင်ပေးထားသည်။ ပြိုင်လှေများမှာ တစ်ယောက်စီး၊ လေးယောက်စီး၊ ရှစ်ယောက်စီးဟူ၍ အသီးအသီး ရှိကြလေသည်။

ရှေးမြန်မာမင်းများရှိစဉ်က တော်သလင်းလတွင် မိုးလေကင်းရှင်း ၍ လှိုင်းလေများ ငြိမ်သက်ပြီးလျှင် မြစ်တွင်းပျံ့ပျူးသောကြောင့် လှေပြိုင်ပွဲ များ ဆင်ယင်ကျင်းပလေ့ရှိသည်။


လှေပြိုင်ပွဲများကို အရှေ့နိုင်ငံများတွင်သာ လူကြိုက်များသည် မဟုတ်၊ အနောက်နိုင်ငံများတွင်လည်း အခါရာသီအလိုက် တခမ်းတနား ကျင်းပလေ့ရှိကြသည်။ အင်္ဂလန်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အောက် စဖို့နှင့် ကိမ်းဗရစ်တက္ကသိုလ် လှေသင်းနှစ်သင်း၏ ပြိုင်ပွဲများမှာ ကမ္ဘာ၌ အထင်ရှား အကျော်ကြားဆုံးပင်ဖြစ်၏။ ပြိုင်ပွဲဝင်မည့် လှေသမားတို့သည် လှေကိုသာ မြန်ရှိန်ကောင်းသည်ထက်ကောင်းအောင် ပြုပြင်ရသည်မဟုတ်၊ မိမိတို့ကိုယ်တိုင်လည်း ကျန်းမာသန်စွမ်း၍ အမောခံနိုင်အောင်အပြင် အချိန် မှန်မှန် တက်ချက်ညီညီ ဆွဲနိုင်ရအောင် တစ်နှစ်ပတ်လုံး ကုန်းရော ရေတွင် ပါ လေ့ကျင့်ထားကြရပေသည်။

အနောက်နိုင်ငံများတွင် အလွန်ခေတ်စားသော အခြားလှေပြိုင်ပွဲ တစ်မျိုးမှာ ရွက်လှေပြိုင်ပွဲဖြစ်၏၊ ပြိုင်ရွက်လှေများမှာ ရိုးရိုးရွက်လှေများ ကဲ့သို့မဟုတ်ဘဲ အလွန်သေးသွယ်သော ပုံသဏ္ဌာန်များရှိကြ၍ ရွက်များမှာ လည်း ပြိုင် လှေမျိုးကိုလိုက်ပြီးလျှင် အရေအတွက်အားဖြင့် အနည်းအများရှိ ကြသည်။ လှေ၏အရွယ်မှာမူ ၁၅ ပေမှ အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်ဖြတ်နိုင်လောက် အောင် ကြီးမားသော ပြိုင်ရွက်လှေကြီးများအထိ အရွယ်အမျိုးမျိုး ရှိပေသည်။

ရွက်လှေပြိုင်ပွဲများအနက် ကမ္ဘာတွင် အထင်ရှားဆုံးမှာ ၁၈၅၁ ခုနှစ်က အင်္ဂလန်နိုင်ငံမှ ဦးစီးကျင်းပသောပြိုင်ပွဲ၌ အမေရိကန်ပြည်ထောင်စု နယူးယော့ရွက်လှေအသင်းမှ အနိုင်ယူခဲ့သော ဖလားပွဲပင်ဖြစ်၏။အမေရိကန်မှ အမေရိကဟု အမည်ပေးထားသော ရွက်လှေဖြင့် ပါဝင်ယှဉ်ပြိုင်၍ အနိုင်ဆွတ်ခူးခဲ့သော ဖလားကြီးမှာ ယခုအခါ 'အမေရိကဖလားကြီး'ဟု အမည်တွင်လျက်ရှိလေသည်။ ထိုဖလားကြီးကို ပြန်လည်ခူးဆွတ်ရန်အတွက် အင်္ဂလိပ်လူမျိုးများက ၁၆ ကြိမ်၊ ကနေဒီယန် လူမျိုးများက တစ်ကြိမ်၊ ပေါင်း ၁၇ ကြိမ် ကြိုးစားခဲ့ကြ၏။ သို့သော် ကြိုးစားသမျှ အချည်းနှီးသာ ဖြစ်ခဲ့၍ ထိုဖလားကြီးမှာ ယနေ့တိုင်အောင် အမေရိကန်တို့လက်ထဲတွင် ရှိနေလေသည်။

ကမ္ဘာအရပ်ရပ်မှာပင် ရွက်လှေအသင်းများ မြောက်မြားစွာရှိ၍ နှစ်စဉ်လည်း ရာသီအလိုက် ပြိုင်ပွဲများ ကျင်းပလျက်ရှိ၏။ သို့ရာတွင် ပြိုင်ရွက်လှေစီးသူတို့သည် လှေနှင့်ရေအကြောင်းကို နားလည်ရုံနှင့်မပြီးချေ။ လေအကြောင်းနှင့် ရွက်အကြောင်းကိုလည်း ကောင်းစွာနားလည်၍ ရွက်လှေ ကို လေစုန်လေဆန်မရွေး အလွန်ကျွမ်းကျင်စွာ ကစားတတ်ရန်လိုပေသည်။ မော်တော်ဗုတ်ဆိုသည်မှာ မော်တော်အင်ဂျင်စက်ဖြင့် မောင်းနှင်ရ သော လှေမျိုးကိုခေါ်သည်။ မြန်မာမင်းများလက်ထက်က ဓာတ်လှေတော်ဟု ခေါ်၏။ မော်တော်ဗုတ်များကို မြစ်ချောင်းများတွင် အသုံးပြုရန် အလွန်သင့် တော်သည်။ ရာသီဥတုမရွေးဘဲ လွယ်လင့်တကူ မောင်းနှင်စီးနင်းနိုင်သည့် အတွက်လည်း ယခုအခါ မော်တော်ဗုတ်များကို အမြောက်အမြား အသုံးပြု လျက်ရှိကြသည်။ မော်တော်ဗုတ်အကြီးစားများတွင် အင်ဂျင်စက်ကို ဝမ်း လယ်တွင် ထိုင်လေ့ရှိ၍ ထိုလှေမျိုးသည် သာမန်သင်္ဘောများကဲ့သို့ ရေထဲ၌ ဦးစိုက်နေတတ်သည်။ အပျော်စီးမော်တော်ဗုတ် အငယ်စားများတွင်မူ ပဲ့ချိတ် စက်ကို ပဲ့ပိုင်း၌တပ်ဆင်အသုံးပြုလေ့ရှိကြ၏။ ထိုအခါ စက်အလေးကြောင့် လှေသည် ဦးမော့မော့ဖြစ်နေတတ်၍ အသွားလည်းမြန်လေသည်။ ပဲ့ချိတ်စက်များသည် ပေါ့ပါး၍ ရေတိမ်တွင် သုံးနိုင်ခြင်းကြောင့် အလွန်ခေတ်စားလာခဲ့သည်။ ယခင်က ပဲ့ချိတ်စက်တစ်ခုသည် ပေါင် ၄ဝ ခန့်မျှသာ လေး၍ မြင်းအားတစ်ကောင်ခွဲမှ နှစ်ကောင်အထိသာရှိသည်။ ၁၉၃၅ ခုနှစ်၌ ပေါ်ပေါက်ခဲ့သည့် ပဲ့ချိတ်စက်တစ်မျိုးမှာ ပေါင် ၁၅ဝ ခန့် လေးပြီးလျှင် မြင်းကောင်ရေအား ၆ဝ မျှရှိလေသည်။ သို့သော် စက်အလေး ကြောင့်တစ်ကြောင်း၊ ပန်ကာလည်ရှိန်ကြောင့်တစ်ကြောင်း လှေ၏ပဲ့ပိုင်းကို နစ်စေတတ်သဖြင့် ဤစက်မျိုးကို လှေကြီးများ၌ တပ်ဆင်အသုံးပြုလေ့ မရှိ ကြပေ။

နောက်ဆုံးပေါ် အပျော်စီးလှေတစ်မျိုးမှာ ခေါက်လှေဟုတွင်သော လှေမျိုးဖြစ်၏။ ထိုလှေမှာ အလွန်ပေါ့ပါးစွာ ဆောက်လုပ်ထား၍ အသုံး မလိုသည့်အခါ လှေကို ခေါက်ပြီးသိမ်းဆည်းထားနိုင်လေသည်။ ရွှေဘုံ နိဒါန်းတွင် လှေစုအခန်း၌ လှေအမျိုးမျိုးအကြောင်းကိုဖော်ပြထားသည်။ သထုံမင်းတို့လက်ထက် သထုံပြည် တောအရပ်၌ သစ်ပင်ကြီး တစ်ပင်သည် (ထိုသစ်ပင်ကို ပိန္နဲမပင်ဟု ဆိုကြသည်။) လုံးပတ်ညီ ညွတ်သည်။ ခက်မလေးဖြာရှိသည့်အကြောင်းကို ကြည့်ရှုစေသည်တွင် တစ် ကိုင်း၌ သာလိကာနား၍ အသံသာယာစွာ ကြွေးကြော်သည်။ တစ်ကိုင်း၌ ရှူးပျံနားလျက်ရှိသည်။ တစ်ကိုင်း၌ ကင်းကြီးကန့်လန့်ရှိသည်။ တစ်ကိုင်း၌ သစ်ကြောအဆင့်ဆင့်ရှိသည်။ ထိုလေးကိုင်း လေးခက်တို့ကို လှေလေးစင်း လုပ်သည်။

သစ်ကြောအဆင့်ဆင့်ရှိသည့် အကိုင်းကို လုပ်ဆောင်လျှင် အနှစ် အကြောသည် ဘုံဗိမာကဲ့သို့ ထူးဆန်းတင့်တယ်သည်ကို အစွဲပြု၍ 'သာရ ဗိမာန်' ဟု ခေါ်ဝေါ်သမုတ်လေသည်။

ရှူးပျံနားလျက်ရှိသည့်အကိုင်းကို ရာမညတိုင်းသားတို့ လုပ် ဆောင်ရ၍ ထိုလှေကို 'ကမကော်' ဟု ခေါ်ဝေါ်သမုတ်လေသည်။ ရှူးပျံကို ရာမညတိုင်းသားတို့က ကမကော်(ကမကရ်)ဟု ခေါ်ဝေါ်သည်။ ကျားမျက်နှာ နှင့်တူသည့် သတ္တဝါဆိုလိုသည်။

တစ်နည်းလည်း ထိုအကိုင်းတွင် ငါးကြီးရသည်ဖြစ်၍ က၊ မကော် (က = ငါး+မကော် = ကမ္ဘာ) ကမ္ဘာငါးကြီးဟု ဆိုလိုသည်။ သုရာငါးကြင်းရုပ် လှေတော်လည်းရှိသည်ဖြစ်၍ ကမ္ဘာငါးကြီးဆိုသည့်စကား နှင့်ညီလျော်သည်။

သာလိကာနားသည့်အကိုင်းကို လှေလုပ်သည်မှာ သိကြားဗြဟ္မာ တို့ သာလိကာငှက်အယောင် ဖန်ဆင်းပြ၍ ကြွေးကြော်သည်ဟု ဟူးရားဖြူ ဟူးရားညိုတို့ ဟောပြောသည်ကို ထောက်သဖြင့် သာလိကာသမုတ်သည်။ ရှည်လျား၍ စကားရွေ့လေလျှင် 'သရကာ' ခေါ်ဝေါ်လေသည်။ သိကြား ဗြဟ္မာတို့ ငှက်အယောင်ပြသည့် နိမိတ်ကိုလိုက်၍ ဦးကားသိကြား ခရုသင်း ကိုင်လျက် ရေဖျန်းဟန်၊ ပဲ့ကား ဗြဟ္မာရုပ်ဗိမာန် ကပ်လျက်ထုလုပ်လေ သည်။

ကင်းကြီးကန့်လန့်နေသည့်အကိုင်းကို ရာမညတိုင်းသားတို့ လုပ် ဆောင်၍ ထိုလှေကို 'အကင်'ဟု သုတ်ခေါ်ဝေါ်လေသည်။ ကင်းကို ရာမည တိုင်းသားတို့က အကင်ဟုခေါ်ဝေါ်သည်။ ကာလရှည်လျားလေလျှင် 'အီကင်း' ဟု ခေါ်ဝေါ်ပြန်လေသည်။

ပင်စည်ကို ကြီးမားထူထဲလှသည်ဖြစ်၍ ဝန်တင်ရန်လှေလုပ်သည်၊ မင်းလှေသမုတ်ရာ ကာလရှည်လျားလျှင် 'မင်းစီးလှေ' ခေါ်ဝေါ်ပြန်လေ သည်။ ထိုမှတစ်ဖန် ကာလရှည်လျားလေသောကြောင့် စကားရွေ့လျှင် နန်း စဉ်လှေ ခေါ်ဝေါ်ပြန်သည်။ ဇမ္ဗူအံ့လှေပင်ဖြစ်၏။

'သုံးလူ့ပူဇော်လှေ' မှာ ဝေသာလီပြည်ဝယ် ဘေးသုံးပါးရောက် လေလျှင် သိကြားနတ်တို့ ဖန်ဆင်းသည့်လှေဖြင့် ဘုရားသခင် ရေကြောင်း ကြွတော်မူသည်။ လူနတ်ဗြဟ္မာတို့ ရှိခိုးပူဇော် ကန်တော့ခြင်းကို ပြုလေ သောကြောင့် ထိုလှေကို ဥပစအားဖြင့် 'သုံးလူ့ပူဇော်လှေ' သမုတ်ခေါ်ဝေါ် သည်ဆိုသည်။ ထိုလှေသည်ကား လူမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းပေါင်း သရဖူမကိုဋ်ဆင်လျက် နောက်ပဲ့မြီး ထီးသုံးစင်းစိုက်၍ လုပ်ဆောင်သည် ဆိုသည်။ 'သုံးလူ့တောက်ပလှေ'သည် သုံးလူပူဇော်လှေပင်ဖြစ်သည်ဆိုသည်။

'ပြည်ကြီးမွန်လှေ' မှာ မြန်မာမင်းကို တစ်ရာသောမင်းမျိုးတို့ ဦးညွတ်ဟန်၊ ဦးကကို လျှောက်၍ ပဲ့ကုန်အောင် လက်ဝဲကအရုပ် ၅ဝ၊ လက်ယာကအရုပ် ၅ဝ ထုလုပ်သည့်လှေ ဖြစ်သည်ဆိုသည်။ ရေကြောင်း ထွက်တော်မူကြီး ထွက်တော်မူလျှင် ဖောင်တော်ရှေ့က ပြည်ကြီးမွန်လှေ ခင်း ကျင်းရသည်။

'နဝရာလှေ'မှာ 'နဝရူပလှေ'ပင် ဖြစ်သည်ဆို၏။ အချို့လည်း နဝရာလှေသည် နဝရာဇာ(နဝရာဇာ = မင်းကိုးပါး) ဆိုလိုသည်။ မင်းကိုး ပါးဆိုကြောင်းလည်း ကမ္ဘာတည်ဦးဗြဟ္မာကိုးယောက်ကို အစွဲပြု၍ ကမ္ဘာ၏ နိမိတ်ထင်စေခြင်းငှာ ထိုဖောင်လှေသည် ဦးကားဗြဟ္မာ ငါးရုပ်၊ ပဲ့ကား ဗြဟ္မာလေးရုပ်ထုလုပ်၍ မဟာသမ္မတမင်းကစ၍ သုံးဆောင်သည်ဆိုသည်။

'သင်္ကန်းနက်လှေ'မှာ သင်္ကန်းနက်သစ်ပင်ကို လုပ်သည်ဖြစ်၍ သင်္ကန်းနက်လှေခေါ်ဝေါ်သည်။ စကားရွေ့လေလျှင် သင်းကနက်ခေါ်ပြန် သည်။

'လင်းဇင်းလှေ'မှာ 'လာဇာလှေ' ဆိုလိုသည်။ လာဇာလှေဆိုသည် မှာ မဂဓဘာသာ၌ ပေါက်ပေါက်ဆိုသည်။ ပေါက်ပေါက်ပွင့်ကဲ့သို့ အလွန့် အလိမ်ဦးနိမ့်ပဲ့မြင့် လုပ်သည့်လှေဆိုလိုသည်။ ထိုလှေကို လဝရဋ္ဌတိုင်း လင်း ဇင်းမင်းတို့ အသုံးပြုသောကြောင့် လင်းဇင်းလှေခေါ်ဝေါ်သည်။

'ပသုံလှေ' မှာ ဗြသုံဖြစ်၏။ မုတ္တမမင်းတို့လက်ထက် မြစ်ကြီး ငါးသွယ်မှစီးဝင်သည့် ရေဖြစ်သည်ကို နိမိတ်အမှတ်ပြု၍ ပွန်စလိုင်မြစ်မှ သင်္ကြန်ရေ သောက်ရေတို့ကို ခပ်ရသည်။ ရံဖန်ရံခါ မှူးမတ်ဗိုလ်ပါတို့နှင့် ပွန်စလိုင်သို့ ကူး၍ပွဲသဘင်ခံသည်။

ဗြင်းနတ်ဘုရားတည်ရာ တောင် (ဇင်းကျိုက်တောင်)သည် ဘီလူး တို့နေရာဟောင်းတောင်ဖြစ်၍ ဘီလူးတို့ အဿမုခီကို ကြောက်ရွံ့သည်ကို အစွဲပြု၍ ပွဲသဘင်ခံမည်။ ပွန်စလိုင်ရကို သုံးဆောင်မည်ကူးသွားသည်ကာလ အဿမုခီရုပ်လုပ်သည့်လှေကို မင်းတို့စီးနင်းသည်ဆိုသည်။ ထိုလှေသည် ဦးကာအဿမုခီရုပ်၊ ပဲ့ကား မင်းစီးလေဖြစ်သောကြောင့် လှော်ကားပဲ့ကဲ့သို့ လုပ်ဆောင်သည် ယူရန်ရှိသည်။

ဘုန်းရှိသောမင်းတို့ ထိုရေကိုသောက်သည်။ ထိုရေဖြင့် ကူးသန်း သွားလာသည်ကို အကြောင်းပြု၍ ဗြသုံလှေခေါ်ဝေါ်သမုတ်သည်။ ဗြဆို သည်မှာ ဘုန်းတန်ခိုးကြိးသည်။ သုံဆိုသည်မှာ သောက်သည်ဆိုသည်။ ကာလရှည်လျားသဖြင့် စကားရွေ့လေလျှင် ပသုံဟု ရေးသားခေါ်ဝေါ် လေသည်။

'ပြည်ကုံးလှေ'မှာ ပြည်သူတိုင်းသားတို့ ရှိခိုးတင်လျှောက်ရာ လှေကိုဆိုလိုသည်။ ပြည်သူတိုင်းသား အများလူတကာတို့ ရှိခိုးဦးတင်ရာ ဆို သည်ကိုထောက်လျှင် ကမ္ဘာဦးသူတို့ ရှိခိုးတောင်းတပြုသဖြင့် နေလပေါ်ခြင်း နိမိတ်ကိုထောက်၍ ဦးကားလဗိမာန် လနတ်ရုပ်၊ ပဲ့ကား နေဗိမာန် နေနတ် ရုပ်လုပ်သည့် လှေဖြစ်သည်။

'သရဘူလှေ'မှာ ကာလရှည်လျား၍ အရေးအသား အခေါ်အဝေါ် ရွေ့သောကြောင့် သရဘခေါ်ဝေါ်သည်။ ဦးကား သရဘူကဲ့သို့အနိမ့်၊ ပဲ့ကား သရဘူကဲ့သို့ အမြင့်လုပ်သည့်လှေဖြစ်သည်။ အချို့လည်း သရပတ်လှေဖြစ် သည်ဆိုသည်။

'လောကဗိမာန်လှေ' မှာ လူမင်းဗိမာန်ကိုဆိုလိုသည်။ လူမင်း ဗိမာန်ဆိုလိုသည်ကိုထောက်လျှင် ဦးကလည်းဗိမာန်၊ ပဲ့ကလည်းဗိမာန် လုပ် ဆောင်သည့်လှေ ဖြစ်သည်ယူရန်ရှိသည်။

'ဒွါလောင်းလှေ' မှာ ဦးနှစ်မြွာ၊ ပဲ့နှစ်မြွာလုပ်သည့်လှေဖြစ်သည်။ ဆိုလိုသည်၊ 'သုဝလှေ' မှာ ကြက်တူရွေး ကျေးလှေဖြစ်သည်။ 'သံသုမာရ လှေ'မှာ မွေ့လျော်ဖွယ်ရှိသော မိချောင်းလှေကို ဆိုလိုသည်။

'မနုသီဟလှေ'မှာ လူ့မျက်နှာ လူ့လက်ခြင်္သေ့ ကိုယ်နှစ်မြွာ ခြင်္သေ့ခြေနှစ်ဖက်ဖြစ်သည်တွင် လက်နှစ်ဖက်ထိသည်၊ ရင်အုပ်နှင့် လက်ထိ သည်၊ ပေါင်နှင့်ကိုယ်ထိသည်ဖြစ်၍ ထိသုံးပါးဆိုသည်။ မနုသီဟရုပ် လှေ ပင်ဖြစ်သည်။ 'နာဂဒေဝလှေ' မှာ ဦးကနတ်ရုပ်တွင် ထိပ်၌နဂါးရုပ်တပ်၍ လုပ်သည့်လှေဖြစ်သည်ယူရသည်။

လှော်ကား၏အကြောင်းမှာ အလောင်းစည်သူမင်းသည် သက‡န်း နက် ဖောင်နှင့်ဇမ္ဗူလှည့်သည့် ကာလကျွန်းကြီးတစ်ခု၌ ကင်းကြီးတစ်ခုသည် ဆင်ကိုသတ်၍ ဆင်စွယ်ကို အသိုက်ပြုလျက်နေ၏။ ကင်းကြီးအစာရှာ သွားသည့်အခိုက် ကင်းသိုက်ကိုတွေ့၍ ဆင်စွယ်တို့ကို ယူဆောင်ခဲ့၏။ ကင်းကြီးလည်း အစာရှာရာကရောက်၍ အသိုက်ပျက်သည်ကိုမြင်လျှင် သမုဒ္ဒရာကိုကူး၍လိုက်၏။ အုတ်အုတ်ကျက်ကျက် သဲသဲရုတ်ရုတ်မျှရှိသော အသံကို အလောင်းစည်သူမင်းကြားလျှင် အကြောင်းကိုမေးသော် မှူးမတ် တို့က ကင်းကြီးလိုက်လာကြောင်းကို လျှောက်ကြ၏။ ဘုန်းအာနုဘော် ကြောင့် မမီနိုင်လျှင် သမီးလှ၊ ရည်ရ၊ ပင်ထွက်ခန့်ရှိသော ထန်းတစ်ရပ်မျှ ခေါင်းအမြီးထောင်လျက် ခြေလက်ကားကား ကြည့်မျှော်လိုက်၏။ အလောင်း စည်သူမင်းလည်း 'သင်းမျှသတ္တဝါသည် လှော်ယက်၍ ကားကားခေါင်းအမြီး ထောင်လျက်ပြဝံ့သည်' ဆိုလေလျှင် ဟူးရားညို၊ ဟူးရားဖြူ မှူးမတ်တို့က 'ကင်း၏သဏ္ဌာန်လှေလုပ်၍ စီးတော်မူစေလိုသောကြောင့် ပြခြင်းအကြောင်း ဖြစ်ပါသည်' လျှောက်ကြလျှင် ထိုကင်း၏သဏ္ဌာန် လှေလုပ်သည်။ လှော် ယက်၍ ကားကားခေါင်းအမြီးထောင်လျက် ပြဝံ့သည် ဆိုရင်းနိမိတ်ကို အစွဲ ပြု၍ ထိုလှေကို လှော်ကားသမုတ် ခေါ်ဝေါ်လေသည်။

'သမ္ဗန်လှေ'မှာ ပဋိက္ကယားမင်းကို ကျည်းကုလားတို့က ဆက် သည့်လှေဆိုသည်။ အဖိုးပေး၍ ဝယ်လိုသည်လည်းဆိုသည်။ သမ္ဗန်ခေါ်ဝေါ် ခြင်းသည် မာဂဓဘာသာဖြစ်၏။ မြန်မာပြန်လျှင် စပ်သည် ဆိုလိုသည်။ မိဖုရားမင်း ကိုယ်လုပ်တို့နှင့် စပ်သည့်လှေဆိုသည်။ တစ်ကြောင်းမှာလည်း တစ်လိမ်းမထေး၊ သစ်စေးမထည့်၊ အုန်းဆံမရိုက်၊ ပျဉ်ကို ပျဉ်ချင်းစူးရဲသပ် နှက်၍ စေ့စပ်အောင်လုပ်သည့်လှေဖြစ်၍ ထိုလှေကို သမ္ဗန်ခေါ်ဝေါ်သည် လည်းဆိုသည်။

'သကဒါန်'လှေမှာ မလ္လာယုကျွန်းသို့ရောက်လျှင် အလောင်းစည် သူမင်းအား သိကြားပေး၍ရသည့် သစ်ပင်ကို ထိုသစ်ပင်၌ အကိုင်း အညှောက်ပေါ် စရွက်နုသဏ္ဌာန်ဦးလုပ်သည်။ ရွက်နုရင့်သဏ္ဌာန်ပဲ့လုပ်သည်။ ထိုသို့သိကြားပေး၍ ရသည့်သစ်ကို လှေလုပ်လေသောကြောင့် ထိုလှေကို သက္ကဒါန် (သက္ကဒါန = သိကြားပေးသည်) သမုတ်ခေါ်ဝေါ်သည်။

'ကူရွပ်လှေ'မှာ ရာမညတိုင်းသားတို့ ဘာသာခေါ်ဝေးခြင်းဖြစ် သည်။ ပန်းကန်လုံးကိုခရွပ်(ခရော်) ခေါ်ဝေါ်သည်။ ပန်းကန်လုံးကဲ့သို့ ဦးက အနိမ့်၊ ပန်းကန်လုံးကဲ့သို့ ပဲ့အမြင့်လုပ်သည့် လှေဖြစ်သည်။ ကာလရှည် လျား၍ စကားရွေ့လေလျှင် ကူရွပ် ခေါ်ဝေါ်ရေးသားလေသည်။

'ဇလာကပင်လှေ' မှာ ရာမညတိုင်းသားတို့အခေါ်ဖြစ်သည်။ သေတ္တာကို ဇလာ၊ သင်္ဘောကို ကပင်ခေါ်သည်။ သင်္ဘောသေတ္တာ တစ်ဖက် ရပ်ကဲ့သို့ ဦးကား သင်္ဘောသေတ္တာတစ်ဖက်ရပ်သဏ္ဌာန်အနိမ့်၊ ပဲ့ကား သင်္ဘောသေတ္တာ တစ်ဖက်သဏ္ဌာန်အမြင့်လုပ်သည့်လှေ ဆိုလိုသည်။

'ရဲလှေ' မှာ ဦးကား ဂန္ဓမာဒနတောင်ညွန့် သဏ္ဌာန်လှေကို ဖန် ဆင်း၍ ခမည်းတော်နေမင်းက သားတော်ပြူစောထီးအား ပေးအပ်သည့်လှေ ဖြစ်သည်။ ထိုလှေကို စီး၍ ရဲရင့်ခြင်းရှိသည်ကို အကြောင်းပြု၍ ရဲလှေဟု ခေါ်ဝေါ်သမုတ်လေသည်။

'လွမ်းကြင်'လှေမှာ ပုဂံပြည်ဝယ် မင်းယဉ်နရသိင်္ခသည် ဝေဠုဝတီ ယူလို၍ညီတော် နရပတိစည်သူကို ငဆောင်ချမ်းအရပ်မှာ စစ်ပေါ်သည် ခန့်၍ ချီသွားရသည့်အခိုက် မိုးကောင်းမိုးည|င်းက လွမ်းကြင်ငှက်ဖိုမ ဆက် လာသည်ကို လှေနှင့်လုံခြုံကောင်းမွန်အောင် ယူခဲ့သည့်ကာလ ရံဖန်ရံခါ ကြည့်ရှုတော်မူလိုလျှင် လွမ်းကြင်လှေကို ခေါ်၍ကြည့်ရသည်။ လွမ်းကြင် ငှက်ရှိစဉ်ကပင် လွမ်းကြင်လှေခေါ်တွင်လေသည်၊ လွမ်းကြင်ငှက်မ ငှက်ဖို၏ နိမိတ်ကို ဖတ်ယူသည့်အတိုင်းလည်း ဝေဠုဝတီနှင့် တွေ့ကြုံရပြန်သည်။ လွမ်းကြင်ငှက်ဖိုမ မရှိသည့်နောက် ထိုနိမိတ်ကိုထောက်၍ မပျောက်ပျက် မတိမ်မြုပ်စေခြင်းငှာ ဦးကားလွမ်းကြင် ငှက်ဖိုမသဏ္ဌာန် ခြေနှစ်ဖက်၊ ပဲ့ကား လွမ်းကြက်ငှက်အမြီးယှက်လျက် လုပ်ဆောင်လေသည်ဟူ၍ အစဉ် ပြောဆိုကြသည်။

တစ်ကြောင်းလည်း အလောင်းစည်သူမင်းသည် ဇမ္ဗူလှည့်လည် သည့်ကာလ နံ့သာကျွန်းတွင် လွမ်းကြင်ငှက် ဖိုမကိုရ၍ တိရစ္ဆာန် သတ္တဝါတို့တွင် ထိုငှက်ကဲ့သို့မရှိ။ လည်ချင်းယှက်နေသည်ကို စုံမက်တော်မူ ၍ ထိုငှက်သဏ္ဌာန်လှေလုပ်သည်။ ထိုလှေကို မနာပလှေ သမုတ်သည်ဟူ၍ ပြောကြကုန်သည်။

'ကတ္တုလှေ'မှာ ခတုလှေဟူ၍ဆိုသည်။ ရာမညတိုင်သားတို့ ဘာသာ လကို ခတုဟုခေါ်သည်။ လဆန်းဖြစ်သော လ၏သဏ္ဌာန် ဦးပဲ့ လုပ်သည့်လှေဆိုသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)