ညိုနွဲ့၊ ဗန်းမော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဗန်းမော်ညိုနွဲ့

ဗန်းမော်ညိုနွဲ့ကို ၁၉၂၂ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဦးစုနှင့် ဒေါ်ရင် တို့က ဗန်မော်မြို့၌ မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် အငယ်ဆုံးသား ဖြစ်သည်။ အမည်ရင်းမှာ ဦးပုထွေး ဖြစ်သည်။

၁၉၂၇ တွင် ဗန်းမော်မြို့ မြူနီစပယ်ကျောင်း (ယခု ကြေးနန်းရုံးနေရာ) တွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ သတ္တမတန်း အောင်မြင်သောအခါ ယခင်အခေါ် အေဘီအမ် ရောဘတ်ကျောင်း (ယခု အလက ၃) တွင် ပညာဆက်လက်သင်ကြားခဲ့သည်။

ဆယ်တန်းရောက်သောအခါ ၁၃၀၀ ပြည့်အရေးတော်ပုံနှင့် ကြုံတွေ့ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၃၆ ခုနှစ်တွင် မန္တလေးမြို့ ပေါက်မြိုင် ဘုန်းတော်ကြီးကျောင်းမှ ဆယ်တန်းအောင်ခဲ့သည်။

သူသည် ၁၉၃၉ - ၁၉၄၁ တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်း ဆရာအတတ်သင်သိပ္ပံကျောင်းမှ ဆရာဖြစ်သင်တန်း လက်မှတ်ရရှိပြီး ၁၉၄ဝ တွင်ဇာတိဗန်းမော်မြို့ မြူနီစပယ်ကျောင်းတွင် အလယ်တန်းပြ ကျောင်းဆရာအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ သူ၏ တပည့်မျာ်အကြားတွင် သူ့ကို ဆရာထွေးဟု လူသိများခဲ့၏။ ယင်းကာလတွင် ဒဂုန်မဂ္ဂဇင်း၌ 'မြို့ဗန်းမော်' ကဗျာဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။

သူသည် ၁၃၀ဝ ပြည့်အရေးတော်ပုံ ကာလမှ စတင်ကာ ကဗျာနှင့် စာပေများ စတင်ရေးသားခဲ့ပြီး ၁၉၆၃ ခုနှစ် တွင် အရုဏ်ဦး ကလေးကဗျာများ စာအုပ်နှင့် စာ‌ပေဗိမာန် အနုပညာ စာပေဆိုင်ရာ ကလေးသူငယ်စာပေ ပဌမဆုကို ရရှိခဲ့သည်။ သူ့ ကဗျာတွေအား မူလတန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့်ဆင့်က ကျောင်းသူ ကျောင်းသားများအတွက် ပြဌာန်းခဲ့သည်။

ဒုတိယ ကမ္ဘာစစ် ဖြစ်သောအခါ မိသားစုနှင့်အတူ ဗန်းမော်မြို့အနီး မြို့မြောက်ဘက် ဧရာဝတီမြစ်နှင့် တာပိန်မြစ်တို့ ပေါင်းဆုံရာတွင် ရှိပြီး စမ္ပါနဂိုရ်မြို့ဟောင်း တည်ရှိရာလည်း ဖြစ်သော ရွှေကျီးနား ကျေးရွာတွင် စစ်ဘေး တိမ်းရှောင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ရွှေကျီးနားကျေးရွာ၏ အာရှလူငယ်အဖွဲ့ခေါင်းဆောင် အဖြစ်ဆောင်ရွက်ခဲ့သည်။ ရွှေကျီးနား ကျေးရွာ၌ အခမဲ့စာသင်ကျောင်း ဖွင့်လှစ်သင်ကြားခဲ့ရာ အစိုးရထုတ် ဖတ်စာအုပ်များ မရှိသည့်အတွက် မူလတန်း ဖတ်စာများကို ကိုယ်တိုင်ရေးသား သင်ကြားခဲ့သည်။ ဗန်းမော်မြို့နယ် အာရှလူငယ်အစည်းအရုံး၌ လက်ရေးစာစောင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည့်အပြင် ကျေးရွာအာရှလူငယ်အသင်းအတွက် သီချင်းများလည်း ရေးစပ်ခဲ့သေးသည်။

သူသည် စစ်ကြိုခေတ်၊ စစ်တွင်းကာလ၊ စစ်ပြီးခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီးခေတ် စသည့် ခေတ်အဆက်ဆက်မှစတင်ကာ မျက်မှောက်ခေတ် နိုင်ငံရေးအထိ စာပေသင်ကြားသည့် ကျောင်းဆရာ၊ ကလောင်လက်နက်ကိုင်ဆွဲသည့် စာရေးဆရာ၊ ကဗျာဆရာတယောက်အနေဖြင့် ကွယ်လွန်ချိန်အထိ တက်တက် ကြွကြွဆောင်ရွက်ခဲ့သူ တဦးဖြစ်သည်။

ဗန်းမော်ညိုနွဲ့၏ ပထမဆုံး ကဗျာ

၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်အပြီးတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့၌ ပါဝင်ခဲ့ပြီး ပြည်သူ့ရဲဘော် ကျေးလက်တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ဗန်းမော်မြို့နယ် ဖဆပလအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

စစ်ပြီးခေတ်တွင် ပြည်ညွန့်၊ အရှေ့တိုင်း၊ သစ်ဆန်း၊ ပဒေသာ၊ သွေးသောက်၊ ရှုမဝ၊ မြဝတီနှင့် ငွေတာရီ မဂ္ဂဇင်းများတွင် ကဗျာများ အဆက်မပြတ် ရေးသားခဲ့သည်။ ကွယ်လွန်ချိန် ၂၀၀၉ ခုနှစ်အထိ အဆက်မပြတ် ကဗျာများ ရေးသားခဲ့ရာ ကဗျာပုဒ်ရေ ထောင်ကျော် (လက်ရေးမူ မှတ်တမ်းများအရ ၁၁၅၉ ပုဒ်) ရှိခဲ့သည်။

ဝတ္ထုတို ၁၀ ပုဒ်ခန့်နှင့် ဆောင်းပါး ၁၀ ပုဒ်ခန့် ရေးခဲ့သေးသော်လည်း နောက်ပိုင်းတွင် ကဗျာကိုသာ စဉ်ဆက်မပြတ် ရေးသားခဲ့သည်။

၁၉၄၇ - ၁၉၄၉ ဗန်းမော်မြို့ မြို့မကျောင်းတွင် အလယ်တန်းပြဆရာ

၁၉၄၉ - ၁၉၅၀ စိန်လုံမြို့ (ပြည်တွင်းစစ်ကြောင့် ပျက်စီး) တွင် အထက်တန်းပြဆရာ

၁၉၅၀ - ၁၉၅၃ ဗန်းမော်ခရိုင် ပညာအုပ်

၁၉၅၄ - ၁၉၈၃ ဗန်းမော်မြို့ အမှတ်(၁) အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဗန်းမော် ကျောင်းဆရာများ အစည်းအရုံး၏ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။

၁၉၇၄ - ၁၉၇၆ ဗန်းမော်မြို့၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ လွတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးခြယ်ခံရသည်။ နောက်ပိုင်းတွင် ဦးနေဝင်းက ပါတီသန့်စင်ရေးတွင် ထုတ်ပစ်ခဲ့သည်။

ဗန်းမော်စာပေအဖွဲ့ ဥက္ကဌ၊ ဗန်းမော် လမ်းစဉ်လူငယ် ဥက္ကဌ၊ ဗန်းမော် အလုပ်သမား သမဂ္ဂ အမှုဆောင်အဖွဲ့ဝင်၊ ဗန်းမော် လူငယ်ရေးရာ ညကျောင်း၏ ကျောင်းအုပ်၊ ဗန်းမော် စာပေးစာယူတက္ကသိုလ်၏ မြန်မာစာကထိက၊ ၁၉၈၈ အရေးအခင်း ကာလအတွင်း မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး တာဝန်များ ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးတွင် ဦးဆောင်သူအဖြစ် ပါဝင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် အနိုင်ရရှိသည်။

ယင်းနောက်ပိုင်းတွင် စစ်အစိုးရက သူ၏ကဗျာများ ပုံနှိပ်ဖော်ပြခွင့် ပိတ်ပင်ခဲ့သည့်အတွက် ကွယ်လွန်သည်အထိ သူ၏ ကဗျာများနှင့် အတွေးအခေါ်များကို BBC နှင့် VOA အသံလွင့်မီဒီယာများမှတဆင့်ဖော်ထုတ်ခဲ့သည်။

၁၉၉၆၊ ၅၊ ၂၁ မှ ၁၉၉၆၊ ၅၊ ၃၁ အထိ ပထမအကြိမ်

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုကာလတွင် ၂၀၀၇၊ ၉၊ ၂၅ မှ ၂၀၀၇၊ ၁၀၊ ၁၈ အထိ ဒုတိယအကြိမ် စစ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။

စာသင်ကြားခြင်းကို အလွန်မွေ့လျော်သူ ဖြစ်သောကြောင့် မကွယ်လွန်မီ တစ်နှစ်အလိုအထိ နေအိမ်တွင် အခြေခံပညာ အထက်တန်း ကျောင်းသားကျောင်းသူများကို အခမဲ့ ပညာသင်ကြားခဲ့သည်။

အိမ်ထောင်မရှိ လူပျိုကြီးဖြစ်ပြီး ဗန်းမော်မြို့ သာစည်ရပ်ကွက်တွင် တစ်သက်လုံး အတူနေထိုင်ခဲ့သည့် တပည့်များဖြစ်သူ ဦးသိန်းအောင်နှင့် ဒေါ်စန်းယဉ်တို့ လင်မယားကို တရားဝင် ကိတ္တိမသားသမီးများ အဖြစ် မွေးစားခဲ့သည်။

အသက်ကြီးပြင်းချိန်တွင် Occular Type of Myasthenia Gravis ရောဂါကို ခံစားနေခဲ့ရသည်။ ယင်းရောဂါကြောင့် မျက်ခွံအနည်းငယ်တွဲကျသည်မှ အပ သွေးတိုးရောဂါ ဆီးချိုရောဂါများ မရှိပဲ အလွန်ကျန်းမာခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေး အသက် (၈၅) နှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် စိတ်ဒဏ်ရာကြောင့် ပြန်လွတ်လာချိန်တွင် Insomnia အိပ်မပျော်သည့် ရောဂါ စွဲကပ်ခဲ့သည်။

ဗန်းမော်ညိုနွဲ့၏ ခုနှစ်အလိုက် ကဗျာဦးရေ

အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး ကိတ္တိမ သားသမီး လင်မယားနှင့်အတူ နေထိုင်ရင်း တစ်ညတွင် အိပ်ချင်မူးထူးနှင့် သူအိပ်စက်ရာ ကုတင်တိုင်နှင့် ဦးခေါင်းထိခိုက်မိပြီးနောက် ဦးနှောက်တွင်း သွေးယိုစီးသော ရောဂါ (Epidural Haemorrhage) ခံစားခဲ့ရပြီး မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဦးနှောက်ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ မန္တလေးပြည်သူ့ဆေးရုံ အထူးကြပ်မတ်လူနာဆောင် (Intensive Care Unit) နှင့် ဦးနှောက်အာရုံကြောလူနာဆောင် (Neuromedical Unit) တို့တွင် တစ်လနီးပါး ဆေးရုံတက်ရောက် ကုသခဲ့ရသည်။

၁၉၄၅ ခုနှစ်မှ ကွယ်လွန်သည့် ၂၀၀၉ ခုနှစ်အထိ ဆက်တိုက် ကဗျာ‌များရေးဖွဲ့ခဲ့ရာတွင် ၁၉၉၇ ခုနှစ်၌ ကဗျာ တစ်ပုဒ်မျှ ရေးသားခဲ့ခြင်း မရှိပါ။

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ ကြာသပတေးနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဗန်းမော်မြို့ သာစည်ရပ်ကွက် အိမ်နံပါတ် (၁၂၆) တွင် ကွယ်လွန်ခဲ့သည်။