အငွေ့ပျံခြင်း

ဝီကီပီးဒီးယား မှ
အငွေ့ပျံသော ရေနွေးငွေ့များ

ရေကို ဆူအောင် ကျိုသောအခါ ရေမျက်နှာပြင်မှ အငွေ့တစ်ထောင်း ထောင်း ထပြီးနောက် မကြာမီပင် ရေအားလုံး ခန်းခြောက်သွားသည်။ ဤသို့ အရည်ဘဝမှ အငွေ့ ဖြစ်ပြီး လွင့်ပျံသွားခြင်းကို အငွေ့ ပျံသည်ဟု ဆိုစမှတ် ပြုကြသည်။ သို့ရာတွင် ရေတစ်ခွက်ကို လေသလပ် ခံထားလျှင် တဖြည်းဖြည်း ခန်းခြောက်သွားခြင်း၊ ဖွပ်လျှော်ပြီး အဝတ်များကို လှန်းထားစဉ် တဖြည်းဖြည်း ခြောက်သွေ့သွားခြင်းကို ထောက်လျှင် ရေသည်ဆူပွက်သောအခါမှ အငွေ့ပျံသည် မဟုတ်၊ သာမန်ချိန်များ၌လည်း အငွေ့ပျံလျက်ရှိသည်မှာ ထင်ရှားလေသည်။ တစ်ဖန် ရေနှင့်စာလျှင် အရက်အရက်ပြန်ရေနံဓာတ်ဆီစသော အရည်များက သာ၍ပင် အငွေ့ပျံလွယ် ကြပေသေးသည်။

အမှုမဲ့ အမှတ်မဲ့တွေးလျှင် အငွေ့ပျံခြင်းသည် ဘာမျှ အရေး ပါ အရာရောက်လိမ့်မည်ဟု မထင်ရပေ။ သို့ရာတွင် ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ဤကမ္ဘာကြီးတွင် အထူးသဖြင့် ရေငွေ့ပျံ ခြင်းသာ မရှိဟု ဆိုပါက ကျွန်ုပ်နှင့်တကွ တိရစ္ဆာန်ရော သစ်ပင်တို့ပါ အသက်ရှင်နေနိုင်ကြရန် လမ်းရှိမည် မဟုတ်ပေ။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ လေထုထဲ၌ လိုအပ်သော ရေငွေ့ အလုံအလောက်ရနေခြင်း၊ နေ့နှင့်ညဉ့် အပြောင်းအလဲ၊ ရာသီ ဥတု အပြောင်းအလဲတို့၌ အပူချိန် အတက်အကျ မျှတလျက် ရှိခြင်း၊ မိုးသားတိမ်လိပ်များတက်ကာ ကျွန်ုပ်တို့ မှီခို စားသောက်နေရသည့် အသီးအနှံပင်များအတွက် မိုးနှင့် ဆီးနှင်း တို့ ရွာသွန်းခြင်း အားလုံးတို့မှာ အမှန်စင်စစ် သမုဒ္ဒရာ အင်းအိုင် ချောင်းမြောင်းတို့မှ ရေငွေ့ပျံလျက်ရှိခြင်းကြောင့် သာလျှင် ဖြစ်ပေသည်။

ရေငွေ့ပျံခြင်းသည် လေထု၏ ရေငွေ့မည်ရွေ့မည်မျှကို လက်ခံနိုင်သည်ဟူသော အင်အားအပေါ်တွင် အမှီပြု၍ လေထု၏ ရေငွေ့ကို လက်ခံနိုင်သည့် အင်အားက အပူချိန်အပေါ်တွင် တစ်ဖန် အမှီပြုပြန်လေသည်။ ပင်လယ်ရေမြှုပ်သည် ရေကိုစုပ်ယူထားနိုင်သကဲ့သို့ လေ သည်လည်း ရေငွေ့ကို စုပ်ယူလက်ခံထားနိုင်သည့် သတ္တိ ရှိသည်။ ဤသို့ စုပ်ယူရာတွင် လေမှာ ပူ၍ ခြောက်သွေ့ လေလေ ရေငွေ့ကို လျင်မြန်စွာနှင့် အများ အပြား စုပ်ယူ နိုင်လေလေ ဖြစ်သည်။ စိုထိုင်းသောလေသည် ရေငွေ့ကို ခပ်ဖြည်းဖြည်းသာ စုပ်ယူနိုင်သည်။ သဲကန္တာရဒေသများတွင် အမှန်အားဖြင့် မိုးရွာသည့်အခါများ ရှိ၏။ သို့သော် အလွန်ပူပြီး ခြောက်သွေ့လျက်ရှိ သောလေက စုပ်ယူလိုက်သဖြင့် ရွာချလာ သော မိုးရေတို့မှာ မြေပေါ်သို့ မရောက်မီပင် တစက်မျှမကျန် အောင် အငွေ့ပျံပြီး ခန်းခြောက်သွားလေသည်။

ရေငွေ့ကို သစ်ပင်ဝါးပင်တို့မှလည်း ထုတ်ပေး၍ သစ်ပင် တစ်ပင်ရှိ အရွက်များမှ တစ်နေ့တည်းတွင် ရေဂါလံပေါင်း များစွာကိုပင် ရေငွေ့အဖြစ် ထုတ်ပေးနိုင်လေသည်။ စိုစွတ်သော ဒေသများတွင် အပင်များမှ ရေငွေ့ အမြောက်အမြား ထွက်နိုင် စေခြင်းငှါ ရေငွေ့ထွက်ရာ မျက်နှာပြင်ဖြစ်သော အရွက်များကို ကြီးအောင် သဘာဝက ဖန်တီပေးထားသည်။ သဲကန္တရကဲ့သို့ ပူပြင်းခြောက်သွေ့သော ဒေသများတွင် သစ်ရွက်များသည် သေးငယ်၍ နည်းပါးစွာ ရှိတတ်သည်။ ရှားစောင်းပင်များမှာ ဆိုလျှင် အပင်တွင်းရှိ ရေငွေ့များ မလွတ်မြောက် နိုင်ရလေ အောင် ထူထဲသော အကာများဖြင့်ပင် ဖုံးလွှမ်းထားပေသေး သည်။

အငွေ့ပျံခြင်း၏ အဓိက အကျိုးထူးတစ်ရပ်မှာ အပူချိန်ကို လျော့ကာ အေးစေသော သတ္တိပင် ဖြစ်သည်။ အလွန်ခြောက် သွေ့သော ရာသီတွင် ကျွန်ုပ်တို့၏ အသားအရေသာမက နှာရောအာပါ ခြောက်သွေ့ပြီးလျှင် မိုးရာသီကဲ့သို့ စိုစွတ်သော ရာသီဥတုမျိုးတွင်မူ ကျွန်ုပ်တို့ကိုယ်မှ ထွက်သောချွေးမှာ လျင်မြန်စွာ ခြောက်လွယ်ခြင်း မရှိသည့်အတွက် စေးထိုင်း ထိုင်းနှင့် အနေရခက်တတ်ပုံကို သတိထားမိကြပေလိမ့်မည်။ သို့ရာတွင် ပူအိုက်သော နေ့တစ်နေ့တွင် ချွေးထွက်သော်လည်း ထိုထွက်သော ချွေးမှာ ခြောက်လွယ်ပါက အခါတိုင်း ထက် အနေရ သက်သာအောင် အေးသလိုလို ရှိတတ်လေသည်။ ထိုသို့ ဖြစ်ခြင်းမှာ ကိုယ်မှထွက်သောချွေး လွယ်ကူစွာ အငွေ့ ပျံသည့်အတွက် ဖြစ်လေသည်။ တစ်ဖန် လေတိုက်နေမည် ဆိုပါက လေက ချွေးကို ပိုမို လျင်မြန်စွာ အငွေ့ပျံစေသည့် အတွက် ကျွန်ုပ်တို့ ကိုယ်ခန္ဓာသည် သာ၍ပင် အေးလာပေ သေးသည်။

အငွေ့ပျံရာတွင် အေးပြီး ကျန်ရစ်ခဲ့ခြင်းမှာ ပျံထွက်သွား သောအငွေ့က အပူကို သယ်ဆောင်သွားသောကြောင့် ဖြစ်၍ လျင်မြန်စွာ အငွေ့ပျံလေလေ ပို၍ အေးလေလေ ဖြစ်လေသည်။ ကျွန်ုပ်တို့ လက်ကို ဓာတ်ဆီ၊ သို့မဟုတ် အရက်ပျံနှင့် ဆွတ် လိုက်သောအခါ ရုတ်တရက် အအေးဓာတ်ကို ခံစားရခြင်းမှာ ဓာတ်ဆီနှင့် အရပ်ပျံတို့ အငွေ့ပျံလွယ်သောကြောင့် ဖြစ်ပေ သည်။ အလွန်လျင်မြန်စွာ အငွေ့ပျံလွယ်သော အရည်ဖြစ်က ရေခဲလောက်အောင်အေးသော အအေးဓာတ်ကိုပင် ဖြစ်ပေါ်စေ နိုင်သည်။ ရေခဲစက်များ၌ ရေကိုခဲအောင် ပြုလုပ်ရာတွင် အမ်မိုးနီးယားရည်ကို အငွေ့ပျံစေခြင်းဖြင့် ရေမှ အပူကိုစုပ် ပြီး ခဲသွားအောင် ပြုလုပ်ယူလေသည်။ ဆရာဝန်များ ခွဲစိတ်ရာတွင် တစ်ခါတစ်ရံ အီသာဟုခေါ်သော အရည်တစ်မျိုးကို ထုံဆေး အဖြစ် အသုံးပြုတတ် လေသည်။ ဤသို့ပြုခြင်းမှာ အီသာဆွတ် လိမ်းသောနေရာတွင် အီသာ၏ လျင်မြန်စွာ အငွေ့ပျံမှုကြောင့် နာရမှန်း မသိလောက်အောင် ရုတ်တရက် ထုံသွားနိုင်သည့် အတွက် ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)