ချိပ်ဆေး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ချိပ်ဆေး

ချိပ်မှာ လက်စီဖာလက်ကာ ခေါ် အင်းဆက်ပိုးမှ ရရှိသော အစေးဖြစ်သည်။ ချိပ်ပိုးများသည် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို ကာကွယ်ရန်အလို့ငှာ မိမိတို့ကိုယ်ကို အစေးတစ်မျိုး ထုတ်လုပ်၍ ဖုံးအုပ်၏။ ထိုအစေးမှာ ချိပ်ဖြစ်သည်။ ထိုချိပ်ကို အလိုရှိကြသဖြင့် ထိုပိုးတို့ကို အမြောက်အမြား မွေးမြူကြသည်။

02-Indian-Insect-Life - Harold Maxwell-Lefroy - Kerria-Lacca.jpg

လက်စီဖာလက်ကာပိုးမျိုးကို ဥရောပတိုက်မှအပ မြောက်နှင့် တောင်အမေရိကတိုက်၊ ဩစတြေးလီးယားတိုက်၊ အာရှတိုက်နှင့် အာဖရိကတိုက်များတွင် တွေ့နိုင်သည်။ အာရှတိုက်၌ ဖော်မိုး ဆားကျွန်း၊ နီပေါနိုင်ငံ၊ သီဟိုဠ်ကျွန်းနှင့် ဂျားဗားကျွန်းများတွင် တွေ့နိုင်သည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကမ္ဘာပေါ်၌ ချိပ် အဓိကထွက်သော နိုင်ငံများ ဖြစ်ကြသည်။

မြန်မာနိုင်ငံ၌ သစ်တောခရိုင်ပေါင်း ၇ ခု ရှိသည့်အနက် သစ်တောခရိုင် ၄ ခု၌ ချိပ်ထွက်သည်။ ယင်းတို့မှာ မြစ်ဝကျွန်း ပေါ် သစ်တောခရိုင်၊ မြောက်ဘက်သစ်တောခရိုင်၊ အလယ် သစ်တောခရိုင်နှင့် ချင်းတွင်းသစ်တောခရိုင်များ ဖြစ်သည်။ မြစ်ဝကျွန်းပေါ် သစ်တာခရိုင်၌ သရက်နှင့် ဟင်္သာတခရိုင်များ၊ မြောက်ဘက် သစ်တောခရိုင်တွင် ကသာ၊ ဗန်းမော်နှင့် မန်စီ နယ်များ၊ အလယ်သစ်တောခရိုင်တွင် မေမြို့နယ်၊ ချင်းတွင်း သစ်တောခရိုင်တွင် အထက်ချင်းတွင်း၊ ယော၊ မင်းဘူး၊ မြစ်သား၊ မြို့နယ်များနှင့် မူးမြစ်ဝှမ်းဟူသည်တို့တွင် ချိပ်ထွက် သည်။ ယင်းတို့အပြင် မြန်မာနိုင်ငံ၌ ချိပ်အများဆုံးထွက်သော ဒေသမှာ ရှမ်းပြည်နယ်ဖြစ်သည်။ မြန်မာနိုင်ငံမှထွက်သော ချိပ် ရာခိုင်နှုန်း ၇ဝ မျှလောက်ကို ရှမ်းပြည်နယ်မှ ရရှိသည်။ ချိပ်ပိုးတို့သည် အချို့သောအပင်များ၊ ချုံဖုတ်များ၊ နွယ်ပင် များပေါ်တွင် နေကာ အပင်မှထွက်သော အရည်ကို စုတ်ယူ၍ အသက်ရှင်ကြရသည်။ စုတ်ယူသောအရည်များမှတစ်ဖန် အစေး လုပ်ယူကြသည်။ ချိတ်ပိုးများ နေလေ့ရှိသော အပင်များမှာ ရှားပင်၊ ကုက္ကိုပင်၊ တောင်မန်ကျည်းပင်၊ ဩဇာပင်၊ သစ်နုပင်၊ သဒွက်ပင်၊ သဖန်းပင်၊ ကဒွတ်ပင်၊ ဗောဓိညောင်ပင်၊ ဆင် သဖန်းပင်၊ အင်ကြင်းပင်၊ သင်္ဘောကုက္ကိုပင်၊ ကြို့ပင်၊ သစ်ရာ ပင်၊ ဆီးပင်ဟူ၍ ဖြစ်သည်။

ချိပ်ပိုးကောင်သည် လှေပုံသဏ္ဍာန်နှင့်တူ၍ အရှည်မှာ မီလီ မီတာ တစ်ဝက်ကျော်မျှ ရှိသည်။ အရောင်မှာ နီ၏။ ထို ပိုးလောင်းကောင်ကလေးများသည် ချိပ်ပိုးမ ကိုယ်ခန္ဓာ၏ ဆဲ များမှ ပေါက်လာ၍ အတော်အတန် တွားသွားနိုင်ကြသည်။ ချိပ်ပိုးမတစ်ကောင်မှ ချိပ်ပိုးလောင်းကလေးပေါင်း ၁ဝဝဝ ခန့် ပေါက်ရောက်၏။ ပျမ်းမျှခြင်းအားဖြင့် ကောင်ရေ ၂ဝဝ မှ ၅ဝဝ အထိ ပေါက်နိုင်၏။ထိုပိုးလောင်းကောင်ကလေးများသည် အရည်ရွှမ်းနေသော အရွက်နုများကို စားသောက်ရန် ပို၍ နှစ်သက်သည်။ ရင့်နေသော သစ်ရွက်ကြမ်းများကို ကောင်းစွာ မစားသောက်နိုင်ကြပေ။ ထို့ကြောင့် ချိပ်ပိုးများကို မွေးမြူသော အခါ အရွက်နုများထွက်လာရန် အပင်မှအကိုင်းများကို ချိုင်ပေး ကြရ၏။ အကိုင်းအခက်များကို ချိုင်ထားခြင်းမရှိသော အပင် များ၌လည်း ချိပ်ပိုးများကို မွေးမြူနိုင်သည်။ သို့သော် ချိပ်များ ရသင့်သလောက် မရရှိနိုင်။

ချိပ်ပိုးများကို မွေးမြူရာ၌ ချိပ်ပိုးလောင်းများ တွယ်နေသော အကိုင်းကို ဖြတ်တောက်၍ မွေးမြူလိုသော အပင်၌ ချိတ်တွယ် ပေးရသည်။ ဤသို့ဖြင့် ချိပ်ပိုးကောင်များသည် အပင်သို့ကူး၍ အရွက်နုကလေးများမှ အရည်ကို စုတ်ယူစားသောက်ကြသည်။ အများအားဖြင့် အကိုင်းအခက်များ အောက်ဘက်မှနေ၍ ပင်ရည်ကို စုတ်ယူစားသောက်တတ်ကြသည်။ မကြာမီအတွင်း မှာပင် ပိုးလောင်းကောင်ကလေးများသည် တစ်ကောင်အပေါ် တစ်ကောင်ထပ်၍ အများအပြား ပြွတ်သိပ်ကာ ပေါ်ပေါက်လာ ကြသည်။

ချက်ခြင်းပင် ချိပ်ပိုးလောင်းကောင်ကလေးများသည် ချိပ်ရည်ကို ထုတ်ကြ၏။ ထိုချိတ်ရည်ကို ချိပ်ပိုးများအတွင်းရှိ ဂလင်းများ၏အကူအညီဖြင့် ထုတ်သည်။ ပထမ၌ ချိပ်ရည်သည် ပိုးလောင်းများ၏ ကိုယ်ပေါ်၌ တောက်ပြောင်လျက်ရှိ၏။ ထို့နောက် ထိုအရည်သည် တဖြည်းဖြည်းမာသွား၍ ချပ်ပိုး၏ ကိုယ်လုံးဖုံးလွှမ်း သွားသည်။ ဖုံးလွှမ်းထားသော ချိပ်ရည် အတွင်း၌ပင် ချိပ်ပိုးများသည် ချိပ်ရည်ကို ဆက်လက်ထုတ်ပေး ကြ၏။

ချိပ်ပိုးအမနှင့် အထီးရှိရာ အထီးများသည် မိမိတို့၏ ချိပ်ရည်ဖြင့် ပြုလုပ်ထားသော ပိုးအိမ်များအတွင်း၌ အဆင့်ဆင့် ပြောင်းလဲ၍ ကြီးကောင်ဝင်ပိုးဘဝသို့ ကူးပြောင်းသွားကြလေ သည်။ ကြီးကောင်ဝင်ပိုးသည် ပိုးလောင်းကောင်နှင့် လုံးဝ မတူ တော့ပေ။ အထီးများသည် ကြီးကောင်ဝင်ပိုးများ ဖြစ်လာသော အခါ မိမိတို့၏ ပိုးအိမ်များမှထွက်လာ၍ အမများနှင့် မျိုးဆက် ပွားရန် ဆောင်ရွက်ကြသည်။ ဆောင်ရွက်ပြီးသောအခါ မကြာမီ အတွင်းမှာပင် သေဆုံးသွားကြသည်။ ရရှိသောချိပ်သည် အများ အားဖြင့် ချိပ်ပိုးမများမှ ထုတ်သောချိပ် ဖြစ်သည်။ အမှန်စင်စစ် ချိပ်ထုတ်ခြင်းအလုပ် အားလုံးကို ချိပ်ပိုးထီးများ မိမိတို့အိမ်ထဲမှ ထွက်လာပြီးနောက်မှ ပြုလုပ်ကြလေသည်။

ချိပ်ပိုးအမများသည် မိမိတို့အိမ်အတွင်း၌ မလှုပ်မရှားနေ၍ ချိပ်ကို ထုတ်ပေးကြသည်။ ဤသို့ဖြင့် ချိပ်အဆောက်အအုံမှာ တဖြည်းဖြည်း ကြီးမားလာလေသည်။

ပိုးဥဖြစ်သည့်အချိန်မှ ကြီးကောင်ဝင်ပိုးမက တစ်ဖန် ဥပြန် အုသည့် အချိန်အထိကို ဇီဝစက်တစ်ခုဟု ခေါ်သည်။ ထိုအချိန် မှာ ချိပ်ရရှိရန် ကြာသောအချိန်ပင် ဖြစ်သည်။ ရာသီဥတုအခြေ အနေနှင့် မွေးမြူသောအပင်များကို လိုက်၍ တစ်နှစ်အတွင်း ဇီဝစက် ၂ ခုမှ ၄ ခုအထိ ရှိနိုင်ပေသည်။

ချိပ်များကို လိုက်လံစုဆောင်းရာ၌ ချိပ်တွယ်နေသော အကိုင်းအခက်များကို ဖြတ်တောက်ယူကြ၏။ သိမ်းယူသော အခါ ရှိသမျှ ချိပ်အားလုံးကို မယူဘဲ၊ နောက်ထပ်မွေးမြူရန် အတွက် အချို့တစ်ဝက်ကို ချန်ထားခဲ့ကြရ၏။ ထို့နောက် သစ်ကိုင်းများတွင်ရှိသော ချိပ်များကို ခွာယူ၍ အလိုရှိသော နေရာများသို့ တင်ပို့ရောင်းချကြ၏။ တစ်ခါတစ်ရံ ချိပ်များ တွယ်ကပ်နေသော သစ်ကိုင်းများကို အကိုင်းလိုက်လည်း တင်ပို့ ရောင်းချတတ်သည်။ မြန်မာနိုင်ငံမှထွက်သော ချိပ်များကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချသည်။ အိန္ဒိယနိုင်ငံ၌ ထိုချိပ်ကို အမျိုးမျိုးပြုပြင်၍ ရှဲလက်ခေါ် ချိပ်လွှာများ ပြုလုပ်ယူကြသည်။ ချိပ်မှ ချိပ်လွှာလုပ်ယူရာ၌ ပထမချိပ်ကို အမှုန့်ကြိတ်ပြီး လျှင် ရေနွေးထဲတွင်ထည့်၍ ဆေးကြောပစ်ရသည်။ ဤကဲ့သို့ ပြုလုပ်ပေးခြင်းအားဖြင့် ချိပ်ကိုပျော့ပျောင်းသွားစေ၍ အထဲတွင် ပါရှိသော ဆိုးဆေးများကို ထွက်သွားစေသည်။ ထို ဆိုးဆေး များမှာ ချိပ်ပိုးများ၏ ကိုယ်ခန္ဓာများမှ ထွက်လာသောပစ္စည်း များဖြစ်၍ အနီပုပ်ရောင်ရှိ၏။ ရှေးအခါက ထိုဆိုးဆေးများကို အလွန်တစ်ရာမှပင် တန်ဖိုးထား၍ အသုံးပြုကြလေသည်။ မြန်မာနိုင်ငံ၌ ထိုဆိုးဆေးများကို ပိုးလုံချည်များ ဆေးရောင် ဆိုးရာတွင် အသုံးပြုကြသည်။ သို့ရာတွင် ယခုအခါ အခြား ဆိုးဆေးအမျိုးမျိုး ပေါ်ပေါက်လာသဖြင့် ယင်းတို့ကို ရှေးအခါ ကလောက် တန်ဖိုးမထားကြတော့ပေ။

ရေဖြင့် ၃၊ ၄ ကြိမ်မျှ ဆေးကြောပြီးသောအခါ ချိပ်ကို ခြောက်သွေ့သွားအောင် ပြုလုပ်ပေးရ၏။ ယင်းကို တစ်ဖန် အရည်ကျိုပေးသောအခါ ချိပ်လွှာများကို ရရှိလေသည်။ ချိပ်လွှာသည် ပယင်းရောင်အရင့်မှ အမည်းရောင်အထိ အရောင်အမျိုးမျိုးရှိ၏။ ယင်းကို တစ်ဖန်အရောင် ချွတ်ပေး နိုင်၏။ အရောင်ချွတ်ပြီးသောအခါမှ ချိပ်လွှာကို အလိုရှိသော အရောင် ပြန်ဆိုးပေးရန် အကောင်းဆုံး ဖြစ်သည်။ အရှေ့ အိန္ဒိယကျွန်းစု၌ အဝါရောင် ပြန်ဆိုးပြီးသောအခါမှ ချိပ်လွှာကို အလှအပ တန်ဆာပစ္စည်း များ ပြုလုပ်ရန် အသုံးပြုကြလေ သည်။ ချိပ်လွှာသည် ဓာတ်ပြားများပြုလုပ်ရာတွင် အရေးအကြီး ဆုံးသော ပစ္စည်းတစ်မျိုး ဖြစ်ပေသည်။ [၁]

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကုက္ကို၊ မန်ကျည်းစသော အပင်များတွင် ပိုးကောင်တစ်မျိုးကြောင့် ဖြစ်သော ပိုးအိမ်များမှ အရောင်နှင့် ဖယောင်းကို သုတ်ဖယ်ခြင်းဖြင့် ချိပ်ဆေး အဆေးခဲ အဝါရောင်များ ရရှိသည်။ အရက်ပျံနှင့် ဖျော်၍ သစ်သားပလာစတာများကို ကြာရှည်ခံစေရန် နှင့် တောက်ပြောင်ချောမွေ့စေရန်အတွက် သုတ်ဆေးအဖြစ် အသုံးပြုသည်။ ချိပ်မှာ အနီ၊ အနက်၊ အစိမ်း၊ အညို စသည်ဖြင့် အရောင်အမျိုးမျိုး ရှိသည်။ အပူရှိန်တွင် ပေျာ့၍ အေးလျှင် မာခဲကြွပ်ဆပ်သည်။ [၂]

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. လှသမိန် ၏ ဗဟုသုတစွယ်စုံ