ဩဇာပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Annona squamosa
Sugar apple on tree.jpg
Sugar apple with cross section.jpg
Sugar-apple
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Magnoliids
မျိုးစဉ်: Magnoliales
မျိုးရင်း: Annonaceae
မျိုးဇာတ်: Annoneae
မျိုးစု: Annona
မျိုးစိတ်:
A. squamosa
ဒွိနာမ
Annona squamosa
Synonyms

Annona asiatica L.[၂]
Annona cinerea Dunal
Guanabanus squamosus (L.)M.Gómez[၃] Xylopia glabra L.[၄]
Annona forskahlii DC.[၅]

အမေရိကတိုက်အလယ်ပိုင်း၌ မူလ ပေါက် ရောက်ခဲ့သော ဩဇာပင်သည် အိန္ဒိယ၊ သီရိလင်္ကာအစရှိသော ကမ္ဘာ့အပူပိုင်းဒေသများသို့လည်း မျိုးပြန့်ပေါက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံသို့လည်း မျိုးပြန့်ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် မိုးရေချိန် လက်မ ၆ဝ မှ ၇ဝ အတွင်းရှိ၍ ရေဆင်းကောင်းပြီးလျှင် သဲဆန်သောဂဝံကျောက်မြေမျိုးတွင် ပေ ၃ဝဝဝ အထိမြင့်သောဒေသများအထိ ပေါက်ရောက် ဖြစ်ထွန်း သည်။

အနိုနေစီးအီးမျိုးရင်း၌ပါဝင်သော ဩဇာပင်၏ရုက္ခဗေဒ အမည်သည် အနိုနာစကွာမိုဆာဖြစ်သည်။ ပင်ငယ်ပင်ပျပ်မျိုး ဖြစ်၍ အခွံချောသော ပင်လုံးပင်စည်နှင့် အကိုင်းအခက်များရှိ သည်။ အရှည်နှစ်လက်မမှ သုံးလက်မအထိရှိတတ်သော အရွက် များသည် ငှက်တောင်ကဲ့သို့ခပ်လျားလျားရှိ၍ ထိပ်ချွန်သည်။ ချေနယ်လိုက်လျှင် အနံ့တစ်မျိုးထွက်သည်။ အပွင့်တို့သည် လိင်စုံပါ၍ စိမ်းဖန့်ဖန့်အရောင်ရှိသည်။ အကိုင်းဖျား၊ သို့မဟုတ် အရွက်နှင့်ဆိုင်လျက် နေရာမှထွက်၍ တစ်ပွင့်ချင်းသော်လည်း ကောင်း၊ စုံပြိုင်၍သော်လည်းကောင်း ပွင့်ကြသည်။

အသီးသည် အချင်းနှစ်လက်မမှ လေးလက်မအထိရှိ၍ လုံးဝန်းသောသဏ္ဌာန်ရှိသည်။ ထိပ်ချွန်း သယောင်ယောင်လည်း ရှိတတ်သည်။ အသီး၏ထူခြားချက်မှာ ငါးအကြေးကွက်များနှင့် တူသော အခွံဖြစ်သည်။ ဖြူဖွေးသောအတွင်းသားသည် ပျော့ ဖတ်ဖတ်နေ၍ သေးငယ်သောအမြွာကလေးများဖြစ်သည်။ ထို အမြွာကလေးများအတွင်း၌ ညိုနက်တောက်ပြောင်သော ရှည် ဝိုင်းဝိုင်း အစေ့များရှိလေသည်။

ဩဇာပင်များကိုအစေ့ပျိုး၍လည်းကောင်း၊ အကိုင်းကို မြေထုပ်ဆွဲနည်းဖြင့်လည်းကောင်း၊ ကိုင်းကူးနည်းဖြင့်လည်း ကောင်း အပင်ပျိုး၍ရသော်လည်း မြန်မာနိုင်ငံ၌ အစေ့ပျိုး၍ စိုက်ခြင်းသာပြုကြသည်။ ပြည်ခရိုင်တွင် ဩဇာပင်ကို စီးပွားရေးလုပ်ငန်းတရပ် အနေဖြင့် ကြီးကြီးကျယ်ကျယ်စိုက်ပျိုးလုပ်ကိုင်ကြသည်။ မေမြို့ အနီးရှိ အနီးစခန်း၊ ကရင်ပြည်နယ်အတွင်းရှိ သံတောင်တို့၌ လည်း ဩဇာပင်များ ကောင်းစွာဖြစ်ထွန်းသည်။ ပြည်ခရိုင် အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ တောင်ကုန်းတောင်စွယ် များ၏ အရှေ့ဘက်တောင်စောင်းတစ်လျှောက်တွင် ဩဇာခြံများ ကို အစီအရီတွေ့ကြရသည်။

ဩဇာပင်တို့သည် နှစ်စဉ် တပေါင်းလရောက်လျှင်အရွက် များကြွေ၍ ရိုးတံကျဲကျဲဖြင့် ရှိနေတတ်သော်လည်း တန်ခူးလ ရောက်သည်နှင့် အစို့အကိုက်၊ အညွန့်အဖူးကလေးများ ထွက် ပြူစပြုလာပြီးလျှင် မကြာမီပြန်လည်၍ စိမ်းလန်းစိုပြည်လာ သည်။ ကဆုန်၊ နယုန်၌ အပွင့်များပွင့်၍ ဝါဆိုလတွင် သီးကင်းကလေးများ ထွက်သည်။ တော်သလင်းလ၊ သီတင်းကျွတ် လများတွင် ဩဇာသီးများလှိုင်လေသည်။ ဩဇာသီးသည်အမှည့် မြန်သော အသီးမျိုးဖြစ်၍ အပင်တွင် အက်ကွဲလာသည်အထိ မထားရချေ။ အထူးသဖြင့်နယ်များသို့ပို့ရန် ဩဇာသီးများကို အသီးရင့်ရင့်အနေ၌ ဆွတ်ခူးကြရသည်။ ဩဇာခြံအတွင်း အမှည့်ရောင်သမ်းလာသည့် အသီးများရှိသမျှကို အိမ်ရှိလူကုန်၊ နေကုန်သည်အထိ နိုင်အောင်ခူးကြရသည်။ သို့မဟုတ်က အက် ကွဲလာလျှင် အပင်မှပြုတ်ကျ၍ စားသုံးမရတော့ချေ။ ပြည်ခရိုင်ဩဇာသီးများကား နာမည်ကြီးလှပေသည်။

ရာသီအလိုက်ပေါ်သော သစ်သီးဝလံမျိုးဖြစ်သည့်ပြင် ချိုချို အေးအေး၊ အရသာလေးသော ပြည်ဩဇာကို အများပြည်သူတို့က ခုံခုံမင်မင်ဝယ်ယူစားသုံးကြသည်။ ဩဇာသီးတွင် ရွှေဒင်္ဂါးရောင်၊ နွယ်သာကီရောင်၊ မရမ်းရောင်ဟူ၍ အရောင်သုံးမျိုးရှိသည်။ ပြည်ခရိုင်အတွင်း တန့်ကြည့်တောင်၊ ကြက်တင်းတောင်၊ တောင်လုံးညိုတို့မှ ဩဇာအထွက်ကောင်းရာ၊ တန့်ကြည့်တောင် ဩဇာ၊ ကြက်တင်းတောင်ဩဇာစသဖြင့် ထွက်ရှိရာအရပ်ကို အစွဲပြု၍ ခေါ်ဝေါ်ကြသည်လည်းရှိသည်။ မြန်မာဆေးကျမ်းများအလိုအရ ဩဇာသီးသည်ချို၏။ ဆိမ့်၏။ အနည်းငယ်ဖွဲ့၏။ အဆီအစေးရှိ၏။ သလိပ်ကိုပွားစေ တတ်၏။ သီတဂိုဏ်းအစာမျိုးဟု ဆိုထားလေသည်။

အိန္ဒိယဆေးကျမ်းများအဆိုမှာမူ ဩဇာသီးသည် နာလန်ထများအတွက် အကျိုးများလှသည်ဟု ဆိုသည်။ ဩဇာပင်နှင့်မျိုးရင်းတူ၍ မျိုးစိတ်ကွဲသောအပင်တစ်မျိုး မှာ ဒူးရင်းဩဇာဖြစ်သည်။ ရုက်ခဗေဒအမည်မှာ အနိုနာမျူရီ ကေတာဟုခေါ်သည်။ အနောက်အိန္ဒိယကျွန်းစု၌ မူလ ပေါက် ရောက်ခဲ့ရာမှ ကမ္ဘာ့ အပူပိုင်းဒေသများသို့ မျိုးပြန့်ခဲ့သည်။ အပင်ငယ်မျိုးဖြစ်သော်လည်း ဩဇာပင်ထက် ပို၍ မြင့်မားကြီးထွားကြံ့ခိုင်သည်။ ၃၅ ပေမှ ပေ၄ဝ ခန့်အထိ မြင့် နိုင်သည်။ မြေပြင်အမြင့် ပေ ၃ဝဝဝ အထိရှိသော အရပ်ဒေသ များတိုင်အောင် ပေါက်ရောက်ဖြစ်ထွန်းသည်။ အောက်မြန်မာ နိုင်ငံ၌ အနည်းအကျဉ်းစိုက်ပျိုးကြသော်လည်း ဩဇာသီးကဲ့သို့ လူကြိုက်မများလှ၍ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိချေ။

အသီးတို့သည် ဩဇာသီးထက်အတော်အတန်ကြီးမား၍ ဥပုံသဏ္ဌာန်၊ အရင်းကား၍ အဖျားရှူးပုံသဏ္ဌာန်၊ အဖျားကောက် ကောက်ပုံသဏ္ဌာန်စသဖြင့် သဏ္ဌာန်အမျိုးမျိုးရှိ၍ တစ်လုံးလျှင် လေးပေါင်မှ ခြောက်ပေါင်အထိ အချိန်စီးသည်။ အစိမ်းရင့် ရောင်အသီးခွံတွင် ဆူးပျော့များရှိသည်။ နွေရာသီတွင် အသီး များ မှည့်သည်။ ဖြူဖွေး၍ ပျော့အိနေသော အတွင်းသားသည် ဩဇာသီးမှာကဲ့သို့ အမွှာကလေးများ မရှိချေ။ အစေ့နက်နက် များသည် အသားထဲ၌ နစ်မြုပ်နေကြသည်။ အရသာသည် ချိုချဉ်ချဉ်ဖြစ်၍ နှစ်သက်သူတို့က ခံတွင်းရှင်းသည်ဟု ဆိုကြ သည်။

အိန္ဒိယဆေးကျမ်းများအလိုအရ ဒူးရင်းဩဇာသီးအမှည့်သည် အဖျားကျဆေးအတွက် ဆေးဖက်ဝင်သည်။ အရွက်ကို သန်ချဆေးနှင့် အနာအုံဆေးအဖြစ် အသုံးပြုရသည်ဟုဆိုလေ သည်။ သင်္ဘောဩဇာဟုခေါ်သော ဩဇာမျိုးရင်းဝင် အပင် တစ်မျိုးလည်းရှိသေးသည်။ ရုက္ခဗေဒအမည်ဖြင့် အနိုနာရက်တီ ကျူလေတာ ဟုခေါ်သည်။ အမေရိကတိုက်အလယ်ပိုင်းနှင့် အနောက်အိန္ဒိယကျွန်းစုတို့၌ မူလပေါက်ရာက်ရာမှ ကမ္ဘာ့အပူ ပိုင်းဒေသများသို့ မျိုးပြန့်ခဲ့သည်။

ထိုအပင်မျိုးတို့သည်လည်း ပင်နိမ့်ပင်ငယ်မျိုးပင်ဖြစ် သည်။ အသီးသည် ဩဇာသီးပုံသဏ်ဌာန်နှင့် ခပ်ဆင်ဆင်တူ သော်လည်း အသီးခွံသည် ခပ်ကြမ်းကြမ်းမျှသာဖြစ်၍ ဩဇာသီး ခွံလောက် အကြေးကွက်များမထင်ရှားချေ။ အသီး၏အရောင် သည်လည်း နီညိုရောင်ဖြစ်သည်။ အတွင်းသားသည် ဩဇာသီး ကဲ့သို့ အမြွာမြွာဖြစ်သည်။ ညိုနက်သောအစေ့များသည် ဩဇာ စေ့ထက်ကြီး၍ ပျော့အိသောအသားထဲတွင် နစ်မြုပ်နေကြသည်။

အရသာချိုသော်လည်း ဩဇာသီးလောက် လူကြိုက်မများချေ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် သင်္ဘောဩဇာပင်ကို စီးပွားရေး လုပ်ငန်းတစ်ရပ်အနေဖြင့် စိုက်ပျိုးခြင်းမရှိပေ။ ခြံဝင်းများထဲတွင် တစ်ပင်စ၊ နှစ်ပင်စ စိုက်ပျိုးထား တတ်သည်ကိုသာ တွေ့ရတတ်လေသည်။ အိန္ဒိယဆေးကျမ်းများအလိုအရ ဝမ်းသက်ရောဂါ၊ ဝမ်း ကိုက်ရောဂါနှင့် သန်ချဆေးအတွက် အသီးစိမ်းအခြောက်သည် ဆေးဖက်ဝင်သည်ဟု ဆိုလေသည်၊၊[၆]

ပုံသဏ္ဌာန် : အပင်----ရွက်ကြွေ ပင်ငယ်မျိုး ဖြစ်၍ အမြင့် ၁၅-၂၀ ပေထိ မြင့်သည်။ အကိုင်းများစွာ ဖြာပြီး နီညိုရောင်ရှိသည်။ အခေါက်တွင် မီးခိုး ရောင် အကွက် များ ရှိသည်။ အရွက်--ရွက်လွှဲ ထွက်သည်။ ဘဲဥပုံ ရှည်မျောမျော ဖြစ်၍ ရွက်ရင်း သွယ်ပြီး ရွက်ထိပ်ချွန်သည်။ ရွက်နားညီ သည်။ ရွက်ညှာ တိုသည်။ အပေါ် မျက်နှာပြင် အနည်းငယ် ကြမ်းသည်။ ရွက်ကြော ထင်ရှားသည်။ အနံ့ ရှိသည်။ အပွင့် --တစ်ပွင့်တည်း သို့မဟုတ် ၂ ပွင့် မှ ၄ ပွင့်ထိ ပွင့်သည်။ သေးငယ် ၍ မွှေးပြီး စိမ်းဝါရောင် ရှိသည်။ တပေါင်း ၊ တန်ခူး လတွင် ပွင့်သည်။ အသီး--အစိမ်းရင့်ရောင် ရှိ၍ တစ်လုံးချင်း သို့မဟုတ် စုပြုံ၍ သီးသည်။ အစေ့များ ခွံပျော့သီး ဖြစ်သည်။ အသားထူ သည်။ အနံ့ ရှိသည်။ နယုန် ၊ ဝါဆိုလ တွင် စတင် သီးသည်။ အစေ့---ချိုသော အသားပျော့ ဖြင့် ဖုံးအုပ်ထား ၏။ အနက်ရောင် ရှိ၍ တောက်ပသည်။ ၎င်း အစေ့မှ အဆီ ထုတ်ယူ နိုင်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ၊ အသီး ၊ အစေ့၊ အမြစ် နှင့် အခေါက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ အထူး သဖြင့် မြန်မာ နိုင်ငံ အလယ်ပိုင်း တွင် အများအပြား စိုက်ပျိုး ပေါက်ရောက်သည်။ သဘာ၀ အလျောက် အလေ့ကျ ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် ---မြန်မာ ဆေးကျမ်းများ အလိုအရ ဩဇာသီး သည် အေး၏ ၊ သွေးအားကို တိုးပွား စေသည်။ နှလုံးကို အကျိုးပြု ၏။ ပူလောင်ခြင်း ၊ လေပူ ရောဂါ နှင့် သွေးအန်ရောဂါ များ အတွက် ပယ်ဖျောက် နိုင်၏။ အသုံးပြုပုံ- အရွက် ၁ ။ သန်ကျ စေသည်။ တုတ်ကောင်ကြီး များလည်း ကျစေသည်။ အရွက်ကို ကြိတ်၍ စားခြင်း ဖြင့် ပျောက်ကင်း စေသည်။ ကြိတ်၍ အုံကပ်ပေး ပါက အကြောငုပ် ခြင်း ၊ တက်ခြင်းများ ပျောက်၏။ ၂ ။ အရွက်ကို ချေ၍ ရှူပေးသော် အမူးအမော် နှင့် ထိပ်ကပ်နာ ပျောက်၏။ အသီး ၁ ။ အသီးစိမ်း သည် ချုပ်သော သတ္တိ ရှိသဖြင့် ဝမ်းသွား ခြင်း ၊ ဝမ်းသက်ခြင်း များ အတွက် ကောင်း၏။ ဝမ်းကိုက်ရောဂါ ၊ လေနာရောဂါ နှင့် အစာအိမ် မကောင်းခြင်း တို့ကိုလည်း ပျောက်ကင်းစေသည်။ အစေ့ ၁ ။ အမှုန့်ပြု ၍ အနာများကို ဖြူးပေးပါက ပိုးများကို ပျောက်ကင်းစေ သည်။ ဩဇာစေ့ အတွင်းဆံ ကို ကြိတ်၍ မီးရှို့ အခိုး မှိုင်း တိုက်ပါက ဝက်ရူးနာ ပျောက်ကင်း သည်။ အမြစ် ၁ ။ အမြစ်ကို သွေး ၍ သောက်ပါက ဆီးချုပ် ရောဂါ ပျောက်ကင်း၏။ အခေါက် ၁ ။ အခေါက်ကို အားဆေး ဖော်စပ်ရာ တွင် အသုံး ပြု ၏။ [၇]

ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Natural Resources Conservation Service (NRCS)။ PLANTS Profile, Annona squamosa L။ United States Department of Agriculture။
  2. "Annona squamosa"Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)2008-04-17 တွင် ပြန်စစ်ပြီး
  3. Dr. Richard Wunderlin, Dr. Bruce Hansen။ synonyms of Annona squamosa။ Institute for Systematic Botany, University of Florida။
  4. Missouri Botanical Garden (1753)။ Annona squamosa L။ Tropicos။
  5. Current name: Annona squamosa။ International Center For Research In Agroforestry။
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  7. http://arogyamonline.com/commodity/materials/?raw=80[လင့်ခ်သေ]