ကြို့ပင်

ဝီကီပီးဒီးယား မှ
Schleichera oleosa
Young leaves
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Sapindales
မျိုးရင်း: Sapindaceae
မျိုးရင်းသေး: Sapindoideae
မျိုးစု: Schleichera
Lour.
မျိုးစိတ်:
S. oleosa
ဒွိနာမ
Schleichera oleosa
(Lour.) Oken
Synonyms[၂]

Schleichera trijuga Willd.

ကြို့ပင် မျိုးစေ့

မြန်မာနိုင်ငံတွင် ပင်လယ်ပြင်မှ ပေ ၃ဝ⁠ဝဝ အထိ မြင့်သော ကုန်းမြင့်ဒေသရှိ သစ်တောများ၌ ကြို့ပင်များကို တွေ့ရသည်။ ကြို့ပင်၏အမြင့်သည် ပေ ၈ဝ အထိရှိ၍ ပင်စည်လုံးပတ်မှာ ၁ဝ ပေအထိ ရှိသည်။ ကြို့ပင်သည် နွေအခါ၌ အရွက်များ စုံလင်ဝေဆာစွာရှိ၍ အရိပ်ကောင်း ပေးနိုင်သည်။ ကြို့ပင်၏အခေါက်သည် မွဲပြာရောင်ရှိ၍ ကြမ်းသည်။

ကြို့ပင်သည် မိုးပါးသောအရပ်နှင့် မိုးများသောအရပ် ၂ ရပ်စလုံး၌ ပေါက်နိုင်သည်။ ထို့ကြောင့် အန္ဒိယနိုင်ငံ မိုးပါး ခြောက်သွေ့သော ဒေသများတွင် ကြို့ပင်ကို အရိပ်ရရန်အတွက်သာမဟုတ်၊ အသီးနှင့် အရွက်ရရန်အတွက်ပါ စိုက်ပျိုးကြသည်။ အသီးကိုစားသုံးနိုင်၍ အရွက်ကို ကျွဲနွားကျွေးနိုင်သည်။ ကြို့ပင်စိုက်ရာတွင် အစေ့ကိုဖြစ်စေ၊ ကိုင်းဖြတ်ကို ဖြစ်စေ စိုက်ပျိုးနိုင်သည်။ ကြို့သီးမှည့်၏ အရသာမှာ မချဉ်တချဉ် ဖြစ်၍ နွေရာသီတွင် အေးမြသောအရသာ ရှိသည်ဟု ဆိုကြသည်။ ကြို့သား၏အရောင်မှာ နီကြန့်ကြန့် ဖြစ်သည်။ ပျဉ်းတွဲ မာကျောသောကြောင့် ကြို့သားကို လွှဖြင့် ခဲခဲယဉ်းယဉ်း ဖြတ်ရသည်။ သို့သော် ခိုင်ခံ့၍ လေးလံသဖြင့် လှည်းဘီးဝင်ရိုးများ ပြုလုပ်ရန် အလွန်ကောင်းသည်။ ထွန်၊ ထယ်၊ စူးဆောက် လက်ကိုင်ရိုး၊ ဆီကြိတ်ဆုံ၊ ကြံကြိတ်ဒလိမ့်တုံး၊ ကျည်ပွေ့များ ပြုလုပ်ရန် အတွက်လည်း ကောင်းမွန်သည်။ ပွတ်ခံရန်လည်းကောင်း၍ ရေနံတင်တွဲသဗ္ဗာန်တို့၏ ကုန်းပတ်ကို ကြို့သားဖြင့် ခင်းလေ့ရှိသည်။

မြန်မာနိုင်ငံရှိ ချိပ်ရနိုင်သော အပင်များတွင် ကြို့ပင်လည်း ပါဝင်သည်။ ချိပ်ချိုးချိန်မှာ တန်ခူးလနှင့် သီတင်းကျွတ်လများဖြစ်၏။ ကြို့သီး၏အစေ့ကို ကြိတ်လျှင် ဆီတစ်မျိုးကို ရ၍ ထိုဆီကို ခေါင်းလိမ်းဆီများတွင် ထည့်သုံးလျှင် ဆံပင်သန်စွမ်းသည်ဟု ဆိုသည်။ ကြို့သားမှ ပန်းဘဲမီးသွေး ဖုတ်ယူကြသည်။ ကြို့ခေါက်မှာ ဖန်သည့်အတွက် ချုပ်ဆေးအဖြစ်ဖြင့် အသုံးဝင်သည်။

ကြို့ပင်နှင့် အမည်အားဖြင့် ဆင်တူရိုးမှားဖြစ်သော ကြို့ဖိုပင်လည်း ရှိသေးသည်။ ကြို့ဖိုပင်များကို ပဲခူးရိုးမတောင်နှင့် တနင်္သာရီတိုင်းတို့၌ တွေ့ရသည်။ ကြို့ဖိုပင်သည် ကြို့ပင်လောက်ပင် ရှိသော်လည်း ပင်စည်သက်သက်၏ အလျားမှာတိုသည်။ ကြို့ဖိုသားမှာ မာ၍ လှည်းပုံတောင်း ပြုလုပ်ရန် ကောင်းသည်။ ကြို့ဖိုကို တစ်ခါတစ်ရံ တောသရက်ဟုလည်း ခေါ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Schleichera oleosa" (2019). IUCN Red List of Threatened Species 2019. IUCN. 
  2. "Schleichera oleosa"Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)21 December 2017 တွင် ပြန်စစ်ပြီး
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)