သစ်ယာပင်
Siamese sal | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Malvales |
မျိုးရင်း: | Dipterocarpaceae |
မျိုးရင်းသေး: | Dipterocarpoideae |
မျိုးစု: | Shorea |
မျိုးစိတ်: | S. obtusa
|
ဒွိနာမ | |
Shorea obtusa | |
Synonyms[၂] | |
|
အပင်ကြီးမျိုးဖြစ်သော သစ်ယာပင်သည် ဒစ်တရိုကာပေစီအီးမျိုးရင်းတွင်ပါဝင်၍ အင်၊ အင်ကြင်း၊ ကညင်၊ သင်္ကန်း၊ သင်္ကန်းဒူး၊ ကောင်းမှု၊ ကျည်းလံနှင့်လုမ္ဗဏီ (အိန္ဒိယ) အင်ကြင်းတို့နှင့် မျိုးရင်းတူပေ သည်။ ရုက္ခဗေဒအမည်အားဖြင့် ရှိုရီယာအော့ဗလောင်းဂျီဖိုလီယာဟူ၍လည်းကောင်း၊ ရှိုရီယာအော့စတျူစာ ဟူ၍လည်းကောင်း၊ခေါ်ဝေါ်သည်။ ဈေးကွက်အမည်မှာ သစ်ယာ·အင်ကြင်း ဟူ၍ဖြစ်ပြီးလျှင် အိန္ဒိယ ဈေးကွက်တွင်မူ မြန်မာအင်ကြင်းဟု ခေါ်ဆိုကြလေသည်။
သစ်ယာပင်တို့သည် ယင်းတို့ချည်းသက်သက်စုဝေး ပေါက်ရောက်လေ့ရှိရာ သစ်ယာတောများကို မြန်မာနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ ကမ္ဗောဒီးယားနိုင်ငံတို့၏ စိုစွတ်ထိုင်းမှိုင်းသော တောင်ကုန်းနိမ့်နိမ့် ဒေသများ၌ တွေ့ရှိကြရလေသည်။ မြန်မာနိုင်ငံခြောက်သွေ့သော ဒေသပေါက်သစ်တောများတွင်မူ အင်ကြင်းပင် များနှင့်ရောနှောပေါက်ရောက်သည်ကို တခါတရံ တွေ့ရသည်။ ထိုသစ်ယာတောများသည် မိုးကုတ်ကျောက်တွင်းဒေသနှင့် အထက်ချင်းတွင်းသစ်တောခရိုင် မှော်ကူနှင့် အကျော်ကြီးသစ်တောကြိုးဝိုင်းအထိ မြောက်ဘက်အကျဆုံးပေါက်ရောက်သည်။
သစ်ယာပင်တို့နှစ်ခြိုက်သော ရေမြေဒေသမျိုးတွင် သစ်ယာတောများ ကို အများအပြားတွေ့ရှိနိုင်လေသည်။ ရွက်ကြွေပင်မျိုးဖြစ်သော သစ်ယာပင်သည်လုံးပတ် ခုနစ်ပေမှရှစ်ပေအထိကြီးမားနိုင်၍ ပေ ၁ဝဝ ခန့်အထိ မြင့်မားနိုင်သည်။ လုမ္ဗဏီ (အိန္ဒိယ) အင်ကြင်းနှင့်အပင်ချင်း ဆင်ဆင်တူသော်လည်း သစ်သားမှာမူ မြန်မာအင်ကြင်းသားနှင့် ပို၍ဆင်လေသည်။ အရွက်တို့သည် ရှည်ဝိုင်းဝိုင်း ဖြစ်ပြီးလျှင် အရွက်ရိုးတံသည်တို၍ လက်မဝက်ခန့်သာ အများဆုံးရှိလေသည်။ ထိုကြောင့်အရွက်တိုဝိုင်းဝိုင်း ဖြစ်ပြီးလျှင် အရွက်ရိုးတံရှည် ၍အရွက်ရင်းတွင်ချိုင့်ဝင်နေသော အင်ကြင်းရွက်နှင့် ခြားနားသိသာနိုင်ခြင်းဖြစ်ပေသည်။
ထို့ပြင်သစ်ယာရွက်များသည် ရင့်၍ကြွေလုနီးသည့်အခါ အဝါရောင်သို့ ပြောင်းသော်လည်းအင်ကြင်းရွက်သည် လိမ်မော်ရောင်၊ သို့မဟုတ် အနီရောင်သို့ပြောင်းသဖြင့် အရောင်ချင်းကွဲပြားသည်။ နွေဦးပိုင်းတွင်အရွက်များကြွေလေရာ မတ်လတွင် သစ်ယာပင်များသည် ရိုးတံကျဲကျဲဖြင့် ရှိနေကြ လေသည်။
မတ်လအတွင်း၌ပင် အနံ့သင်း၍ အဝါရောင်ရှိသောပန်းများသည် အခိုင်လိုက်ပွင့်ပြီးနောက် မကြာမီ အသီးများသီးသည်။ အသီးသည် အစေ့တစ်စေ့တည်းပါသော အခွံမာသီးမျိုးဖြစ်၍ မေလခန့်တွင်အသီးများမှည့်သည်။
အသီးများတွင် အတောင်ကဲ့သို့သောအင်္ဂါငါးခုပါသည်။ အတောင်နှစ်ခုသည် တို၍ လက်မဝက်ခန့်သာရှိသည်။ ယင်းသို့ အတောင်များပါရှိသဖြင့် အသီးများရင့်ခြောက်၍ကြွေသည့်အခါ လေဖြင့်လွင့်ပါပြီးလျှင် မျိုးဆက်ပြန့်ပွားလေသည်။ သစ်ယာစေ့များသည် အခြား ဒစ်တရိုကာပေစီအီး မျိုးရင်းဝင်အပင်မျိုးတို့၏ အစေ့များနည်းတူမြေပေါ်သို့ ကျရောက်ပြီနောက် မကြာမီပင်အစေ့မှ အညှောက်များ ထွက်လွယ်သည်။ ထိုအစေ့များကိုကြာရှည်စွာ သိုလှောင်ထားလျှင်မူ အညှောက်ပေါက်နှေးကွေးသွားလေသည်။ အပင်ပေါက်ကလေးများသည် တောမီးလောင်ခြင်း ခံရစေကာမူ အပင်မသေသွားချေ။ အမြစ်ပိုင်းမှ အပင်သစ်များပြန်၍ထွက်ကာ ရှင်သန်ကြီး ထွားလာနိုင်သည်။ အပင်များ၏ ငုတ်တက်များမှလည်း အပင်ပေါက်များ ကောင်းစွာ ထွက်နိုင်လေသည်။
သစ်ယာခေါက်သည်ထူထဲ၍ မီးဒဏ်ကို ခံနိုင်ရည် ရှိသည်။ အခေါက်၏အပြင်ရောင်သည် မီးခိုးရောင်ရင့်ဖြစ်၍ အတွင်းရောင်သည် အညိုရောင်ဖြစ်သည်။ ဤခေါက်တွင် ထောင်လိုက်အက်ကွဲကြောင်း များရှိသည်။ သစ်ယာသားသည် အင်ကြင်းသားနှင့် တူကြောင်း အထက်တွင် ဆိုခဲ့သည်။ သို့ရာတွင် အင်ကြင်းသားထက်ပိုလေး ၍ ကုဗတစ်ပေလျှင် ၆၄ ပေါင်အချိန်စီးလေသည်။ အကာသား သည် မှိုစွဲသော်လည်း အချိန်ကြာလျှင် အရောင်ရင့်လာသည်။ သို့သော် အမျှင်လိမ်များရှိသဖြင့်အလွန်ထက်သောရွေပေါ်ကို သုံးမှသာလျှင် မျက်နှာပြင် ညီညီညာညာရနိုင်လေသည်။ အလွန်မာကြော၍ ကြာရှည်ခံပြီးလျှင် ခြမကိုက်နိုင်သောသစ်ယာသားကို မီးရထားဇလီဖားတုံးများ၊ တံတားများ၊ ပြုလုပ်ရန်အသုံးပြုကြသည်။ ထို့ပြင်အဆောက်အအုံများ၊ လှေများ၊ လှည်းများ၊ ပရိဘောဂပစ္စည်းအကြမ်းစားများ၊ ကရိယာလက်ကိုင်များလုပ်ကိုင်ရန်လည်း သစ်ယာသားကို အသုံးချနိုင်သည်။ သစ်ယာသားကိုအခြောက်ခံ၍ အသားသေအောင်ပြုသည့်အခါ သစ်လုံး၏မျက်နှာပြင်တွင် အက်ကွဲကြောင်းများပေါ်တတ်သည်။ သို့သော်ထိုသစ်ကို အကြမ်းသုံး အဖြစ်သာ အသုံးများကြသဖြင့် မျက်နှာပြင်အပေါ်ယံအက်ကြောင်းများသည် အရေးမဟုတ်ပေ။ သစ်ယာပင်မှ ပွဲလျက်ကဲ့သို့အရည်ကြည်ကြည် အစေးတစ်မျိုးရနိုင်သည်ဟုဆိုကြသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Shorea obtusa" (2017). IUCN Red List of Threatened Species 2017. IUCN.
- ↑ ၂.၀ ၂.၁ Shorea obtusa။ Royal Botanic Gardens, Kew။ 3 January 2021 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)