ခရစ်စမတ်သီချင်းတစ်ပုဒ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
A Christmas Carol
Brown book cover bearing the words "A Christmas Carol by Charles Dickens" in gold.
၁၈၄၃ခုနှစ် ထုတ် မူရင်းစာအုပ်၏ အဖုံး
စာရေးသူချားလ် ဒစ်ကင်း
မူလခေါင်းစဉ်A Christmas Carol. In Prose. Being a Ghost Story of Christmas.
သရုပ်ဖော်သူဂျွန်လိချ်
နိုင်ငံအင်္ဂလန်
ထုတ်ဝေခြင်း၁၈၄၃ ဒီဇင်ဘာ ၁၉
ထုတ်ဝေသူချပ်မန်းနှင့် ဟောလ်
စာသားဝီကီရင်းမြစ် ပေါ်ရှိ A Christmas Carol

ခရစ်စမတ်သီချင်းတစ်ပုဒ် (အင်္ဂလိပ်: A Christmas Carol) သည် ချားလ် ဒစ်ကင်း[မှတ်စု ၁] ရေးသားသော လုံးချင်းဝတ္ထုတို တစ်ပုဒ်ဖြစ်၍ နာမည်အပြည့်အစုံမှာ A Christmas Carol. In Prose. Being a Ghost Story of Christmas ဖြစ်သည်။ ဂျွန်လိချ်က သရုပ်ဖော်ရေးဆွဲပေး၍ ၁၈၄၃ တွင် ချပ်မန်းနှင့် ဟောလ် (Chapman & Hall) စာပေထုတ်ဝေရေးက ပထမဆုံးဖြန့်ချိခဲ့သည်။ ဤဝတ္ထုသည် "အဘန်နဇာ စခရုဂျ်"(Ebenezer Scrooge) ၏ ဇာတ်လမ်းဖြစ်၍ စခရုဂျ်သည် ကပ်စေးနဲကော်တရာလူစား ဖြစ်ကာ ၎င်း၏လုပ်ဖော်ကိုင်ဖက် "ဂျေးကာ့ဘ် မားလီ" (Jacob Marley) ကွယ်လွန်အပြီး ခုနှစ်နှစ်မြောက်တွင် ဘဝပြောင်းသွားပြီဖြစ်သော မားလီက တစ္ဆေဘဝဖြင့် လာရောက်တွေ့ဆုံပြီး ယင်းနောက် အတိတ်ခရစ်စမတ်တစ္ဆေ၊ မျက်မှောက်ခရစ်စမတ်တစ္ဆေ၊ အနာဂတ်ခရစ်စမတ်တစ္ဆေ စသည်တို့ကလည်း လာရောက်တွေ့ဆုံကြသည့် ဇာတ်လမ်းဖြစ်သည်။ ထိုသို့လာရောက်တွေ့ဆုံမှုများအပြီး စခရုဂျ်သည် ကြင်နာစာနာတတ်သော၊ နူးညံ့သောသူအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

ဒစ်ကင်းသည် ဤ ခရစ်စမတ်သီချင်းတစ်ပုဒ် ဇာတ်လမ်းကို ဗြိတိသျှလူမျိုးများ၏ ခရစ်စမတ် ရိုးရာဓလေ့များ၊ ခရစ်စမတ်သီချင်းများနှင့် ခရစ်စမတ်သစ်ပင်ကဲ့သို့သော ဓလေ့အသစ်များကို ပြန်လည်ဖော်ထုတ် မြှင့်တင်တန်ဖိုးထားနေစဉ်အချိန်အတွင်းက ရေးသားခဲ့ကာ ဒစ်ကင်းကို လွှမ်းမိုးဩဇာသက်စေသူများမှာ ဝါရှင်တန် အားဗင်း (Washington Irving)၊ ဒဂ်လာ့စ် ဂျဲရိုးလ် (Douglas Jerrold) တို့ရေးသားသော ခရစ်စမတ်ဇာတ်လမ်းများ ဖြစ်ကြပြီး ၎င်း၏ငယ်စဉ်အတိတ်ဘဝ၏ လွှမ်းမိုးမှုလည်းပါဝင်လေသည်။ ဤ လုံးချင်းဝတ္ထုတို (ဝတ္ထုလတ်) မရေးမီက ခရစ်စမတ်ဇာတ်လမ်းသုံးပုဒ် ရေးသားဖူးလေသည်။ တစ်ရက်၌ ဖီးလ်ဒ် လမ်းကြားရှိ ရက်ဂစ်ကျောင်း (တိုက်ရိုက်အနက်-ဟောင်းနွမ်းစုတ်ပြတ်သည့်ကျောင်း) သို့ရောက်ခဲ့ရာ ထိုကျောင်းမှာ လန်ဒန်မြို့လမ်းမများပေါ်က ကလေးများအတွက် တည်ထောင်ထားသော ကျောင်းမျိုးဖြစ်ပြီး ထိုကျောင်းသို့ ရောက်ပြီးမှ ဤဝတ္ထုရေးရန် စိတ်စေစားခြင်းခံရသည်။ ဆင်းရဲနွမ်းပါးသူများကို ဆက်ဆံပုံနှင့် အတ္တသမားတစ်ဦး၏ လူကောင်းတစ်ယောက်အဖြစ် ပြန်လည်အဖတ်ဆည်ပုံတို့သည် ဤဇာတ်လမ်း၏ အဓိကအကြောင်းအရာပင်ဖြစ်လေ၏။ ဤဝတ္ထုနှင့်ပတ်သက်၍ ဇာတ်လမ်းသည် လောကီသက်သက်ဇာတ်လမ်းဖြစ်သည် သို့မဟုတ် ခရစ်ယာန်ဘာသာရေးပုံဆောင်ဇာတ်လမ်းဖြစ်သည် စသည်ဖြင့် ပညာရှင်များအကြား ဆွေးနွေးပြောဆိုမှုများရှိကြသည်။

ဒီဇင်ဘာ ၁၉ တွင် ထုတ်ဝေခဲ့၍ ခရစ်စမတ်မရောက်မီ ညနေခင်းကာလတွင် ရောင်းကုန်ခဲ့ကာ ၁၈၄၄ အဆုံး၌ ထုတ်ဝေမှုအကြိမ် (၁၃) ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ စာပေဝေဖန်ရေးဆရာတို့ကလည်း ဤဝတ္ထုလတ်ကို နှစ်ခြိုက်အားပေးသုံးသပ်ခဲ့ကြသည်။ ၁၈၄၄ ဇန်နဝါရီတွင် ဇာတ်လမ်းကို တရားမဝင် ခိုးယူထုတ်ဝေမှုများရှိခဲ့ကြပြီး ထုတ်ဝေသူများသည် စာအုပ်ထုတ်ဝေခြင်းမှ ရသော ဒစ်ကင်းအတွက် အကျိုးအမြတ်ကို ပို၍ လျှော့ချခဲ့ကြ၏။ ဒစ်ကင်းသည် ထိုထုတ်ဝေသူများကို တရားစွဲဆိုမှုများပြုခဲ့ရာ ထုတ်ဝေသူများ ဒေဝါလီခံခဲ့ရလေသည်။ ထိုနောက်ပိုင်းနှစ်များ၌ ခရစ်စမတ်ဇာတ်လမ်းလေးပုဒ်ကို ဆက်လက်ရေးသားခဲ့ပြီး ယခုဖော်ပြပါ ခရစ်စမတ်သီချင်းတစ်ပုဒ် ဇာတ်လမ်းကို ဖတ်ကြားမှုတစ်ခုပြုခဲ့ရာ အလွန်အောင်မြင်ခဲ့၍ ၎င်းကွယ်လွန်သော ၁၈၇၀ အထိ ဝတ္ထုဖတ်ရှုမှု (၁၂၇) ကြိမ် ပြုလုပ်ခဲ့သည်။ ဤဝတ္ထုသည် အမြဲလိုလို ရိုက်နှိပ်ထုတ်ဝေခဲ့ရ၍ ဘာသာစကားအချို့သို့ ဘာသာပြန်ဆိုမှုများလည်းရှိသည်။ ဇာတ်လမ်းကို ရုပ်ရှင်၊ ပြဇာတ်၊ အော်ပရာ နှင့် အခြားပုံစံများသို့ ပုံဖော်တင်ဆက်ခြင်းများစွာ ရှိခဲ့သည်။ ခရစ်စမတ်သီချင်းတစ်ပုဒ် သည် ခရစ်စမတ် အားလပ်ရက်ကို ပြန်လည်ဖော်ထုတ်ခဲ့သော ဝိတိုရိယခေတ်၏ ထူးခြားသော အငွေ့အသက်ကို ဖမ်းယူနိုင်ခဲ့သည်။ ဒစ်ကင်းသည် ခရစ်စမတ်ပွဲတော်နှင့်ပတ်သက်၍ အနောက်တိုင်း၏ ခေတ်သစ်လေ့လာစူးစမ်းမှု၏ ဩဇာညောင်းမှုကို အသိအမှတ်ပြုခဲ့၏။ နောက်ပိုင်းကာလများ၌ ဒစ်ကင်းသည် ခရစ်စမတ်ပွဲ၏ သွင်ပြင်လက္ခဏာအချို့ကိုလည်း စေ့ဆော်ပေးနိုင်ခဲ့ရာ မိသားစုများတွေ့ဆုံခြင်း၊ ရာသီပေါ်အစားအစာ၊ ယာမကာ၊ အက၊ ကစားခုန်စားနှင့် ပွဲတော်၏ ရက်ရောတတ်သောအငွေ့အသက်၊ စိတ်ဆန္ဒများ ပါဝင်ပေသည်။

ဇာတ်လမ်း[ပြင်ဆင်ရန်]

The ghost of Marley walking towards Scrooge, who is warming himself by the fire
တစ္ဆေကြီး မားလီ၊ ဂျွန်လိချ်၏ ၁၈၄၃ စာအုပ်မှ မူလလက်ရာ

ဤဝတ္ထုလတ်ကို အခန်းငါးခန်းဖြင့် ဖွဲ့စည်းထား၍ ဒစ်ကင်းက stave ဟူသာ ဝေါဟာရကို သုံးထားသည်။ Stave သည် ဂီတနှင့် ကဗျာတို့တွင် သုံးသော ဝေါဟာရဖြစ်၍ ကိုက်ညီသည့် အကြောင်းအရာတစ်ခုပါရှိသော ကဗျာတစ်ပိုဒ်၊ ဂီတတစ်ပိုဒ် ဟူ၍ ဆိုလိုသည်။

အပိုဒ်တစ်[ပြင်ဆင်ရန်]

ခရစ်စမတ်သီချင်းတစ်ပုဒ် ၏ ဇာတ်လမ်းအစမှာ လန်ဒန်မြို့ ခရစ်စမတ်နေ့မရောက်မီ အလွန်ချမ်းအေးသော ညနေခင်းကာလဖြင့် အစပြု၍ ထိုနေ့သည် စခရုဂျ်၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက် ဂျေးကာ့ဘ် မားလီ သေဆုံးသော ခုနစ်နှစ်မြောက် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ အရွယ်ထောက်ကာ ကပ်စေးလည်းကုပ်သော စခရုဂျ်သည် ခရစ်စမတ်ကာလကို လွန်စွာမနှစ်မြို့သူဖြစ်သည်။ ထိုနေ့၌ ၎င်း၏ ကွယ်လွန်ပြီဖြစ်သောညီမ၏ သား၊ တူတော်သူ ဖရဒ်က ခရစ်စမတ်ညအတွက် အတူစားသောက်ရန် ဖိတ်ကြားမှုကို ငြင်းဆန်လိုက်သည်။ သူဆင်းရဲများအတွက် အစားအသောက်နှင့် အနွေးဓာတ်ထောက်ပံ့ရန် အလှူလာခံသောသူနှစ်ဦးကို မလှူနိုင်ဟု ငြင်းဆိုလွှတ်ကာ သူ့ဆီတွင် အလွန်အလုပ်လုပ်ရရှာ၍ လစာနည်းသော ဘော့ဘ် ခရတ်ချစ် (Bob Cratchit) ခေါ်သော စာရေးကို လူမှုရေးအရ ခရစ်စမတ်နေ့ကို အားလပ်ရက်အဖြစ် ငြူငြူဆူဆူဖြင့်သာ ခွင့်ပြုပေးခဲ့သည်။

ထိုနေ့ည အိမ်သို့ပြန်ရောက်သောအခါ စခရုဂျ်ကို (ပြစ်ဒဏ်အနေဖြင့်) သံချိန်းကြိုးများ၊ ငွေသတ္တာများဖြင့် ရစ်ပတ်ချည်နှောင်ခံထားရသော ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်း မားလီက တစ္ဆေဘဝဖြင့် လာရောက်တွေ့ဆုံသည်။ မားလီသည်လည်း အသက်ရှိစဉ် မသေခင်က လောဘ၊ အတ္တတရားတို့ဖြင့် နေထိုင်ခဲ့ပြီး ယခုအခါတွင် ထိုသို့ တွန့်တိုမှုများကို နောင်တရနေပြီဖြစ်သည်။ သို့သော် အချိန်ကားနှောင်းပြီဖြစ်၏။ မားလီက စခရုဂျ်ကို ၎င်းကဲ့သို့ ကြမ္မာဆိုးမကြုံစေရန်အတွက် အခွင့်အရေးတစ်ခုသာရှိကြောင်း၊ ၎င်းထံသို့ တစ္ဆေသုံးဦးလာရောက်မည်ဖြစ်ကြောင်း၊ ထိုသူများကို သေသေချာချာနားထောင်ရန်နှင့် နားမထောင်ပါက ၎င်းထက်ပိုကြီးမားသော သံချိန်းကြိုးကြီးများဖြင့် ချည်နှောင်ခြင်းခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အပိုဒ်နှစ်[ပြင်ဆင်ရန်]

ပထမတစ္ဆေ[မှတ်စု ၂]ကို အတိတ်ခရစ်စမတ်တစ္ဆေဟု ခေါ်ဆိုကာ ထိုတစ္ဆေက စခရုဂျ်ကို ၎င်း၏ ငယ်စဉ်အတိတ်ကာလအဖြစ်အပျက်များဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ထိုငယ်စဉ်ဘဝများ၏ အပြစ်ကင်းသောစခရုဂျ်၏ ငယ်ကာလများကို ပြန်ပြောင်းအမှတ်ရစေခဲ့သည်။ ထိုကာလများမှာ ဘော်ဒါကျောင်းနေခဲ့ရသော အထီးကျန်ဆန်သည့် ဘဝ၊ အလွန်ချစ်မြတ်နိုးသော ညီမဖြစ်သူ ဖန် (Fan) နှင့်ဆက်ဆံရေး၊ ၎င်း၏ပထမဆုံး အလုပ်ရှင် မစ္စတာ ဖက်ဇိဝစ်ဂ် (Mr Fezziwig) ပြုလုပ်ပေးသော ခရစ်စမတ်ပျော်ပွဲအခမ်းအနား၊ ၎င်း၏ စေ့စပ်ထားသော သတို့သမီးလောင်း ဘဲလ် (Belle) က စခရုဂျ်သည် ငွေကိုချစ်သကဲ့သို့ သူအပေါ်မည်သည့်အခါမျှ ချစ်လိမ့်မည်မဟုတ်ဟု သိမြင်သွားသောကြောင့် ချစ်သူနှစ်ဦး ပျက်စဲခြင်း စသည်တို့ဖြစ်သည်။ နောက်ဆုံးတွင်လည်း လက်ထပ်လိုက်ပြီဖြစ်သည့် ဘဲလ်ကို မားလီသေဆုံးခဲ့သော ခရစ်စမတ်မတိုင်မီညနေ၌ မိသားစုဝင်များနှင့် ပျော်ပျော်ရွှင်ရွှင် တွေ့လိုက်ရသည်။ ထို့နောက် ဘဲလ်က ၎င်းသည် မည်သို့သော လူစားဖြစ်သွားသည်ကို ဖော်ပြပြောဆိုလိုက်ခြင်းအား ကြားလိုက်သောအခါ စိတ်မသက်မသာဖြစ်သွား၍ တစ္ဆေအား သူ့ကို ထိုအိမ်မှ အဝေးသို့ ခေါ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။

အပိုဒ်သုံး[ပြင်ဆင်ရန်]

မျက်မှောက်ခရစ်စမတ်တစ္ဆေသည် ဒုတိယမြောက် လာရောက်တွေ့ဆုံသောသူဖြစ်ပြီး စခရုဂျ်ကို ခရစ်စမတ်ညစာပြုလုပ်ရန် ဝယ်ခြမ်းနေကြသော လူများဖြင့် စည်ကားနေသည့် ပျော်ရွင်ဖွယ် ဈေးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် သတ္တုတွင်းတူးသူ၏ တဲအိမ်လေးနှင့် မီးပြတိုက်တစ်ခု စသည်တို့၌ ခရစ်စမတ်ကျင်းပပုံမြင်ကွင်းတို့ဆီသို့လည်း ခေါ်ဆောင်သွားသည်။ စခရုဂျ်နှင့် တစ္ဆေတို့သည် ဖရဒ်၏အိမ်၌ ခရစ်စမတ်ပျော်ပွဲရွှင်ပွဲပြုလုပ်နေသည်ကိုလည်း လိုက်လံကြည့်ရှုခဲ့ကြ၏။ ဤအခန်း၏ အဓိကအပိုင်းသည် ဘော့ဘ် ခရတ်ချစ်မိသားစု၏ ညစာ စားပွဲပင်ဖြစ်ရာ ဤအခန်း၌ ခရတ်ချစ်၏ အငယ်ဆုံးသားလေး တိုင်နီ တင် ကို မိတ်ဆက်ဖော်ပြထားကာ တိုင်နီ တင်လေးသည် မကျန်းမာသူ (ဒုက္ခိတကလေး) ဖြစ်၏။ သို့သော် ပျော်ရွှင်ဖွယ်နေတတ်သော ကလေးတစ်ဦးလည်း ဖြစ်လေသည်။ တစ္ဆေကြီးက လက်ရှိသွားနေသည့် အဖြစ်အပျက်လမ်းကြောင်း ပြောင်းလဲမှုမရှိပါက တိုင်နီ တင်လေး သေဆုံးရမည်ဟု သတင်းပေးပြောခဲ့လေသည်။ ထို့နောက် တစ္ဆေကြီး မပျောက်ကွယ်ခင် စခရုဂျ်ကို ၎င်း၏ဝတ်ရုံအတွင်း ဖွက်ထား၍ ပိန်ချုံးချိနဲ့နေသော ကလေးနှစ်ဦးကို ပြသခဲ့ပြီး ကောင်လေး၏အမည်မှာ မသိခြင်း (Ignorance) နှင့် ကောင်မလေးကို လိုချင်တပ်မက်ခြင်း (Want) ဟုခေါ်ဆိုကြောင်း ပြောဆိုရင်း အထူးသဖြင့် ကောင်လေးကို သတိထားရန်နှင့် ထိုကောင်လေးကို မသိကျိုးကျွန်ပြုသူများ ကြမ္မာငင်ရလိမ့်မည်ဟု သတိပေးခဲ့ကာ ထိုကလေးနှစ်ဦးအတွက် စိုးရိမ်သောကဖြစ်နေရှာသော စခရုဂျ်ကိုလည်း တစ္ဆေကြီးက လှောင်ပြောင်ပျက်ရယ်ပြုခဲ့လေသည်။

အပိုဒ်လေး[ပြင်ဆင်ရန်]

Black and white drawing of Scrooge and Bob Cratchit having a drink in front of a large fire
စခရုဂျ်နှင့် ဘော့ဘ်ခရတ်ချစ်တို့ ခရစ်စမတ်ကို ဆင်နွှဲနေပုံ၊ ၁၈၄၃ ခုနှစ်ထုတ် စာအုပ်၊ အပိုဒ်ငါး (အခန်းငါး) မှ သရုပ်ဖော်လက်ရာ

တတိယမြောက်တစ္ဆေသည် အနာဂတ်ခရစ်စမတ်တစ္ဆေဖြစ်သည်။ စခရုဂျ်အား အနာဂတ်တွင်ဖြစ်မည့် ခရစ်စမတ်နေ့ဆီသို့ ခေါ်ဆောင်သွား၏။ လူအများမုန်းတီး မနှစ်မြို့ခြင်းခံရသောသူတစ်ဦး၏ ဈာပနပွဲဖြစ်ပျက်ပုံများကိုပြသရာ နေ့လည်စာကြွေးသောကြောင့်သာ ထိုသေသူ၏ လုပ်ဖော်ကိုင်ဖက်အနည်းငယ်မျှ တက်ရောက်သော မြင်ကွင်းဖြစ်သည်။ သန့်ရှင်းရေးအမျိုးသမီး၊ အဝတ်လျှော်သူအမျိုးသမီးနှင့် ထိုအရပ်က သုဘရာဇာတို့သုံးဦးသား သေသူ၏ ဥစ္စာပစ္စည်းများကို ခိုးယူ၍ ခိုးရာပါပစ္စည်းဝယ်သူထံ ရောင်းချနေပုံများကို ပြသပေးသည်။ ထိုသူသေဆုံးမှုအပေါ် စိတ်ခံစားချက်တစ်ခုခု ရှိသူများ ရှိလျှင် ပြသပေးပါရန် စခရုဂျ်က တောင်းဆိုသောအခါ တစ္ဆေကြီးက ဆင်းရဲသားဇနီးမောင်နှံ၏ စိတ်သက်သာယာရရှိမှုကိုသာ ပြသပေး၏။ ထိုနှစ်ယောက်မှာ အဆိုပါသူသေဆုံးသွားသည့်အတွက် ငွေရေးကြေးရေးပြဿနာ ခေတ္တခဏမျှ ပြေလည်သွားသောကြောင့်ပင်ဖြစ်သည်။ အခြားသေဆုံးမှုတစ်ခုရှိပါက ထိုသေဆုံးမှုနှင့်ပတ်သက်၍ နူးညံ့သိမ်မွေ့စာနာတတ်သော သဘောကို မြင်တွေ့လိုပါသည်ဟု ထပ်မံတောင်းဆိုရာ တစ္ဆေကြီးက တိုင်နီ တင်လေး ကွယ်လွန်သဖြင့် ပူဆွေးနေသော ဘော့ဘ်ခရတ်ချစ်နှင့် ၎င်းမိသားစုကို ပြသပေးခဲ့ပြီး "Ebenezer Scrroge" ဟု နာမည်ရေးထိုးထား၍ စွန့်ပစ်လစ်လျူရှုထားသည့် အုတ်ဂူဆီသို့ ခေါ်ဆောင် ညွှန်ပြပေးခဲ့လေသည်။ အစောပိုင်းသေဆုံးသူမှာလည်း သူကိုယ်တိုင်ပင်ဖြစ်ကြောင်းသိရှိသွားကာ ငိုရှိုက်၍ ၎င်း၏မိုက်ပြစ်များကို ပြုပြင်မည်ဖြစ်ကြောင်း၊ ခရစ်စမတ်ကာလကို တန်ဖိုးထားမည်ဖြစ်ကြောင်း စသဖြင့် တောင်းပန်ခယ ပြောကြားခဲ့သည်။

အပိုဒ်ငါး[ပြင်ဆင်ရန်]

ခရစ်စမတ်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုနေ့ မနက်စောစော၌ စခရုဂျ်သည် အစစအရာရာပြောင်းလဲသွားပြီဖြစ်သည့် လူသစ်အသွင်ဖြင့် နိုးထလာခဲ့သည်။ ယမန်နေ့က ၎င်းငြင်းလွှတ်လိုက်သည့် အလှူလာ၍ခံသောသူများကို ငွေကြေးများစွာ လှူဒါန်းခဲ့သည်။ ၎င်း၏စာရေး ခရတ်ချစ်အိမ်သို့ ခရစ်စမတ်ညစာအဖြစ် ကြက်ဆင်ကြီးတစ်ကောင်ကို ၎င်းပေးမှန်း မသိစေဘဲ ပို့ဆောင်ပေးခဲ့ကာ ထို့နောက် တူတော်သူ ဖရဒ်နှင့် မိသားစုထံသို့ နေ့လည်ပိုင်း၌သွားရောက်လည်ပတ်ခဲ့သည်။ နောက်တစ်ရက်တွင် ခရတ်ချစ်ကို လစာတိုးပေးပြီး တိုင်နီ တင် ဟုခေါ်သော မကျန်းမာရှာသည့် ကလေးလေး၏ ဖခင်သဖွယ်အဖြစ်လည်း စိတ်သစ်လူသစ်ဖြင့် လုပ်ဆောင်ခဲ့သည်။ ထိုနေ့မှအစပြု၍ ခရစ်စမတ်ပွဲတော်၏ အငွေ့အသက်များ လွှမ်းခြုံကာ လူတိုင်းအပေါ် ရက်ရက်ရောရော၊ ကြင်ကြင်နာနာ၊ ချစ်ချစ်ခင်ခင် ဆက်ဆံခဲ့လေတော့သည်။

နောက်ခံ[ပြင်ဆင်ရန်]

Small boy asleep at work
ဖရဒ်ဘားနာ့ဒ်၏ စိတ်ကူးဖြင့် မှန်းဆဆွဲထားသော ဖိနပ်အရောင်တင်စက်ရုံ၌ အလုပ်လုပ်နေသည့် ဒစ်ကင်း

ချားလ် ဒစ်ကင်းသည် အလယ်လတ်မိသားစုတစ်ခုတွင်ဖွားမြင်ခဲ့၍ ဖခင် ဂျွန်မှာ အသုံးဖြုန်းကြီးသောကြောင့် မိသားစု၌ ငွေရေးကြေးရေးပြဿနာများရှိသည်။ ၁၈၂၄ တွင် ဖခင်ဂျွန်ကို လန်ဒန်မြို့၊ စဿာ့က် (Southwark) အရပ်ရှိ အကြွေးမဆပ်နိုင်သောသူများကို ထားသည့်ထောင် မာရှယ်လ်ဆီး (Marshalsea) ဆီသို့ ပို့ဆောင်ခဲ့ကြသည်။ ထိုစဉ်အသက် (၁၂) အရွယ်ရှိ ဒစ်ကင်းကိုလည်း ၎င်း၏စာအုပ်များအား ပေါင်နှံရောင်းချစေကာ ကျောင်းမှထွက်ခိုင်း၍ ဖိနပ်များ ပြောင်လက်အောင်တိုက်ချွတ်အရောင်တင်သည့် စက်ရုံတစ်ခုတွင် အလုပ်လုပ်စေခဲ့သည်။ စက်ရုံမှာ ညစ်ပတ်ပေရေပြီး ကြွက်များဖြင့် ပြည့်ဝှမ်းနေသည်။ ဒစ်ကင်း၏ အတ္ထုပ္ပတ္တိရေးဆရာ မိုက်ကယ် စလေးတာ (Michael Slater) က "တစ်ကိုယ်ရေတစ်ကာယနဲ့ လူမှုဘဝ နာကြည်းချက်" ဟုဖော်ပြထားသည်။ ဤသို့ အခြေနေများပြောင်းလဲသွားရခြင်းသည် ၎င်း၏အရေးအသား၊ သဘောထားများအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိခဲ့သည်။[၁]

၁၈၄၂ အကုန်တွင် အဓိကလက်ရာ ခြောက်ခုအပြင်[n ၁] ဝတ္ထုတို၊ ဝတ္ထုလတ်နှင့် အခြားပုံစံအချို့တို့ကို ရေးသားခဲ့ပြီး ထင်ရှားသော စာရေးဆရာတစ်ဦးဖြစ်နေခဲ့ပြီဖြစ်သည်။[၂] ဒီဇင်ဘာ ၃၀ ၌ မာတင် ချာဇယ်လ်ဝစ် (Martin Chuzzlewit) ဝတ္ထုရှည်ကို လစဉ်မဂ္ဂဇင်း အခန်းဆက်ဝတ္ထုအဖြစ် စတင်ရေးသားခဲ့၍ [n ၂]ဒစ်ကင်း၏ အကြိုက်ဆုံးဝတ္ထုလည်းဖြစ်သည်။ သို့သော် ရောင်းအားမှာ စိတ်ပျက်ဖွယ်ရာဖြစ်၏။ ထို့ကြောင့် ယာယီအားဖြင့် ငွေကြေးပြဿနာအချို့ကို ရင်ဆိုင်ရပေသည်။[၃]

ဝိတိုရိယခေတ်ကာလများတစ်လျှောက် ခရစ်စမတ်ရာသီပွဲတော် ကျင်းပခြင်းသည် လူအများကြား ပိုမိုနှစ်သက်လာသည့် ဓလေ့တစ်ခုဖြစ်နေခဲ့ကာ[၄] ခရစ်စမတ်သစ်ပင် ဓလေ့ကို ဗြိတိန်၌ ၁၈ ရာစုအတွင်းက မိတ်ဆက်ပေးနိုင်ခဲ့၍ ဝိတိုရိယဘုရင်မနှင့် မင်းသား အဲလ်ဘတ်လက်ထက်တို့တွင် လူသိများရေပန်းစားလာခဲ့သည်။ ဤဓလေ့ကို တိုင်းပြည်အနှံ့ရှိ အိမ်များစွာက အတုယူလုပ်ဆောင်ခဲ့ကြသည်။[၅] ၁၉ ရာစုအစောပိုင်းတွင် ယခင်နှစ်ရာပေါင်းများစွာက လူကြိုက်များမှုကျဆင်းခဲ့သော ခရစ်စမတ်သီချင်းများ (Christmas carols) များကို တဖန်စိတ်ဝင်စားလာခဲ့ကြသည်။ ဒေးဗစ် ဂစ်လ်ဘာ့တ် (Davies Gilbert) ၏ ၁၈၂၃ လက်ရာဖြစ်သည့် "အင်္ဂလန်အနောက်ပိုင်းတွင် ယခင်သီဆိုကြသော သံစဉ်များနှင့် ရှေးဟောင်းခရစ်စမတ်သီချင်းအချို့" လက်ရာနှင့် ဝီလျံ ဆန်းဒေး၏ ၁၈၃၃ ခုထုတ် စာပေါင်းချုပ်ဖြစ်သည့် "ရှေးရှေးနှင့် ယခု ခရစ်စမတ်သီချင်းများ" တို့သည် ဗြိတိန်တွင် ဤပုံစံအား လူကြိုက်များလာစေခဲ့သည်။[၆]

ဒစ်ကင်းကလည်း ခရစ်စမတ်ကို စိတ်ပါဝင်စားခဲ့၍ ၎င်း၏ပထမဆုံး ဇာတ်လမ်းမှာ "ခရစ်စမတ်ပွဲလမ်းသဘင်" ဖြစ်ကာ ဘဲလ်အပတ်စဉ်သံတော်ဆင့် သတင်းစာမှ ၁၈၃၅ တွင် ထုတ်ဝေခဲ့သည်။ နောက်ပိုင်း ယင်းဇာတ်လမ်းကို "ခရစ်စမတ်ညစာပွဲ"အဖြစ် ၁၈၃၆ ၌ ထုတ်ဝေသော "ဘို့ဇ်၏ စာတိုပေတိုများ" (ယခု - "ဘော့ဇ်" ဟုဖတ်ရန်) (Sketches by Boz) များတွင် ပါဝင်လာခဲ့သည်။[၇] "ဘုရားကျောင်းစောင့်ကို ခိုးသွားတဲ့ ဂေါ်ဘလင်များဇာတ်လမ်း" နှင့် အခြားခရစ်စမတ်ဇာတ်လမ်းတစ်ခုသည်လည်း ၁၈၃၆ခုနှစ်ထုတ် "ပစ်ဝစ်၏ အစီရင်ခံစာများ" (The Pickwick Papers) စာအုပ်၌ ပါဝင်လာခဲ့သည်။ ဇာတ်လမ်းအခန်းတစ်ခု၌ မစ္စတာ ဝါ့ဒ်ဒဲလ်က အထီးကျန်ဆန်ကာ စိတ်ထားမကောင်းသော ဘုရားကျောင်းသုသာန်စောင့် ဂေးဘရီယယ်လ်၏ ဇာတ်လမ်းကို ဆက်စပ်ပြသရာ ဂေးဘရီယယ်လ်ကို ဂေါ်ဘလင်တစ်ကောင်က လာရောက်တွေ့ဆုံ၍ အတိတ်နှင့် အနာဂတ်ကို ပြသပေးပြီးမှ ၎င်းသည် ခရစ်ယာန်ဘာသာသို့ ခံယူခဲ့သည့် ဇာတ်လမ်းဖြစ်သည်။[၈] အတ္ထုပ္ပတ္တိရေးသူ စလေးတာက ခရစ်စမတ်သီချင်းတစ်ပုဒ်ဝတ္ထု၏ အဓိကအခြင်းအရာများသည် ဤဇာတ်လမ်း၌ ပါဝင်နေသည်၊ သို့သော် ဇာတ်လမ်းကား ခိုင်မာသည့်ပုံမရှိသေးချေဟု စဉ်းစားသုံးသပ်ထားကာ[၉] ဤဇာတ်လမ်း၏ နောက်၌ "မစ္စတာဟမ်းဖရေး၏ နာရီ"ဟုခေါ်သော အပတ်စဉ် တည်းဖြတ်ရေးသားသည့် ဇာတ်လမ်းတစ်ပုဒ်မှ စာပိုဒ်တစ်ပိုဒ်လည်း ပါလာခဲ့သေးသည်။[၉] အင်္ဂလိပ်စာပေပါမောက္ခ ပေါလ် ဒေးဗစ်က ဂေါ်ဘလင်ဇာတ်လမ်းသည် ခရစ်စမတ်သီချင်းတစ်ပုဒ် ၏ ပဏမာရှေ့ပြေးပုံစံတူဖြစ်ပုံရသည်၊ ဒစ်ကင်း၏ ခရစ်စမတ်နှင့်ပတ်သက်၍ အစောပိုင်းရေးသားမှုများသည် ခရစ်စမတ်သီချင်းတစ်ပုဒ်ဇာတ်လမ်းကို လွှမ်းမိုးမှုရှိ၏ ဟူ၍ ရေးသားဖော်ပြခဲ့သည်။[၁၀]

စာပေဆိုင်ရာ လွှမ်းမိုးမှုများ[ပြင်ဆင်ရန်]

ခရစ်စမတ်ရာသီပွဲတော်ကို စာပေ၌ ဖော်ကျူးတင်ပြသည်မှာ ဒစ်ကင်းသည် ပထမဆုံးစာရေးဆရာမဟုတ်ပေ။[၁၁] ဒစ်ကင်းကို လွှမ်းမိုးနိုင်ခဲ့သော စာရေးဆရာများ၌ ဝါရှင်တန် အားဗင်း ပါဝင်၍ အားဗင်း၏ ၁၈၁၉-၂၀ လက်ရာ "ဂျက်ဖရီ ခရေးယန် (ကျား) ၏ စာတိုပေတို" (The Sketch Book of Geoffrey Crayon, Gent.) စာအုပ်တွင် အားဗင်း၏ ဘာမင်ဟန်အနီး အက်စတန်ဟော၌နေစဉ် ကြုံတွေ့ခဲ့ရသော ရှေးဟောင်းအင်္ဂလိပ် ခရစ်စမတ်ရိုးရာဓလေ့များအကြောင်း အက်ဆေးလေးပုဒ်ပါဝင်သည်။[၁၂] ထိုဇာတ်လမ်းများ၊ အက်ဆေးများသည်ဒစ်ကင်းကို ဆွဲဆောင်ပြီး ဤစာရေးဆရာနှစ်ဦးလုံးသည် ခေတ်သစ်လောက၌ပျောက်ကွယ်ပြီဟု ခံစားခဲ့ရသော လူမှုရေးရာသဟဇာတဖြစ်မှုအား လွမ်းဆွတ်တသဖွယ် အင်္ဂလိပ်ရိုးရာခရစ်စမတ်ပွဲကို ပြန်လည်စုရုံးကျင်းပခြင်းက ပြန်လည်သက်ဝင်စေမည်ဆိုသည့် ယုံကြည်ချက်မျိုးပိုင်ဆိုင်ထားကြသည်။[၁၃]

ခရစ်စမတ်သီချင်းတစ်ပုဒ် ကိုရေးရာတွင် စာပေလက်ရာအချို့လွှမ်းမိုးမှုရှိရာ ဒဂ်လာ့စ် ဂျဲရိုး (Douglas Jerrold) ၏ အက်ဆေးလက်ရာနှစ်ခုလည်းပါဝင်လေသည်။[၁၄] ပို၍ကျယ်ကျယ်ပြန့်ပြန့်အနေအထားဖြင့် ဒစ်ကင်းကို ရိုးရာနတ်သား/သမီးပုံပြင်များ၊ ကလေးပုံပြင်များက လွှမ်းမိုးမှုရှိခဲ့၍ ထိုပုံပြင်များကို ဒစ်ကင်းက ခရစ်စမတ်သဘောမှ ပြောင်းလဲသွားသော ပုံပြင်များဟု ယူဆသည်။[၁၅]

လူမှုရေးရာ လွှမ်းမိုးမှုများ[ပြင်ဆင်ရန်]

A man with shoulder-length black hair, sitting at a desk, writing with a quill
ခရစ်စမတ်သီချင်းတစ်ပုဒ်ဝတ္ထုမထုတ်မီ ၁၈၄၂ ၌ ဒစ်ကင်း၏ ပုံတူပန်ချီ

ဒစ်ကင်းကို ၁၉ ရာစုအလယ်ပိုင်းတွင် တည်ရှိနေထိုင်ခဲ့ကြသော ဆင်းရဲသည့်ကလေးများစွာက လှုံ့ဆော်စေစားနိုင်ခဲ့သည်။[၁၆] ၁၈၄၃ အစောပိုင်း၌ "ကောနစ်ရှ် သံသတ္တုတွင်းများ"သို့ သွားရောက်ခဲ့ရာ ဆိုးရွားစိတ်ပျက်ဖွယ်ကောင်းသော အခြေနေများတွင် အလုပ်လုပ်နေရသော ကလေးများကိုတွေ့ရှိရသဖြင့် ဒေါသစိတ်များဖြစ်ပေါ်ခဲ့သည်။[၁၇] ထို့နောက် ပို၍ စိတ်ခံစားသွားရသည်မှာ ငတ်တစ်ဝက်ပျက်တစ်ဝက်ဖြစ်နေရှာ၍ စာမတတ်ပေမတတ်သော၊ မြို့တော်၏ လမ်းမပေါ်က ကလေးများအတွက်တည်ထောင်ပေးထားသောကျောင်းဖြစ်သည့် ဖီးလ်ဒ်လမ်းကြားရှိ ရက်ဂစ်ကျောင်း (Ragged School) သို့ရောက်သွားခြင်းပင်ဖြစ်သည်။[၁၈]

၁၈၄၃ ဖေဖော်ဝါရီတွင် "ကလေးများအလုပ်ခန့်ထားရေးကော်မရှင်၏ ဒုတိယမြောက် အစီရင်ခံစာ" ထွက်ပေါ်လာခဲ့သည်။ ပါလီမန်မှ အစီရင်ခံထုတ်ပြန်မှုဖြစ်ကာ အလုပ်လုပ်သော ကလေးများအပေါ် စက်မှုတော်လှန်ရေး၏ အကျိုးအပြစ်များကို ဖော်ထုတ်လှစ်ဟပြထားသည်။ ဖတ်ကြည့်မိသောအခါ တုန်လှုပ်ထိတ်လန့်သွားသောကြောင့် ဒစ်ကင်းက ဈေးချိုသော နိုင်ငံရေးလက်ကမ်းစာဆောင်တစ်ခုကို "သူဆင်းရဲတို့၏ ကလေးများကိုယ်စား အင်္ဂလန်ရှိ ပြည်သူပြည်သားသားတို့အား မေတ္တာရပ်ခံပန်ကြားချက်" ဟု မဝံ့မရဲခေါင်းစဉ်တပ်ပြီး ထုတ်ဝေရန်စီစဉ်ခဲ့သည်။ သို့သော် စိတ်ပြောင်းသွားကာ ထုတ်ဝေမှုကို နှစ်ကုန်ပိုင်းအထိ ရွှေ့ဆိုင်းခဲ့လေ၏။[၁၉] မတ်လရောက်သောအခါ ပါလီမန်ဒုတိယအစီရင်ခံစာအတွက် တာဝန်ရှိသူများအနက် ဒေါက်တာ တောမတ်စ် ဆောက်ဝုဒ် စမစ် ဆီသို့ ၎င်း၏ အစီစဉ်အပြောင်းလဲအကြောင်း စာတစ်စောင်ရေးလေရာ : "ကျုပ်ရဲ့ ပထမဆုံးစိတ်ကူးကို အကောင်ထည်ဖော်လိုက်ရင် ကျုပ်ထုနိုင်လောက်တဲ့အားထက် အဆနှစ်ဆယ် ... ... အဆနှစ်ထောင်လောက်ရှိတဲ့ ဧရာမတူကြီးတစ်ချောင်း ပြုတ်ကျလာပြီလို့ ခင်ဗျား ခံစားရလိမ့်မယ်။"[၂၀]

ရန်ပုံငွေရှာမည့် ဟောပြောပွဲတစ်ခုကို ၁၈၄၃ အောက်တိုဘာ ၅ တွင် မန်ချက်စတာအဖွဲ့အစည်းကလပ်၌ ကျင်းပခဲ့ကြသည်။ ဒစ်ကင်းက အလုပ်သမားများ၊ အလုပ်ရှင်များကို အတူလက်တွဲ၍ ပညာရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ "မသိရှိခြင်း" (ဗဟုသုတ/အသိပညာမဲ့) ကို တိုက်ခိုက်ချေမှုန်းရန် တိုက်တွန်းခဲ့သည်။[၂၁] ယင်းနောက်ပိုင်းနေ့ရက်များတွင် ဤသို့ဆင်းရဲခြင်း၊ တရားမျှတမှုမရှိခြင်း သဘောတရားတို့ကို အများပြည်သူထံသို့ဖြန့်ဝေရာ၌ အကျယ်ပြန့်ဆုံး၊ အထိရောက်ဆုံးနည်းမှာ ဝေဖန်ရေးဆန်သော လက်ကမ်းစာစောင်၊ အက်ဆေးများထက် စိတ်နှလုံးကို နက်နက်နဲနဲညှို့ယူဖမ်းစားနိုင်မည့် ခရစ်စမတ်ဇာတ်လမ်းပုံပြင်တစ်ပုဒ်သာ ဖြစ်သည်ဟု သိမြင်နားလည်သွားခဲ့သည်။[၂၂]

ရေးသားခြင်း[ပြင်ဆင်ရန်]

head and shoulders engraving of a man
မူလလက်ရာ သရုပ်ဖော်ပုံရေးဆွဲပေးသော ဂျွန်လိချ်

၁၈၄၃ အလယ်ပိုင်းလောက်တွင် ဒစ်ကင်းသည် ငွေကြေးပြဿနာများကို စတင်ကြုံတွေ့ခံစားခဲ့ရပြီး မာတင် ချာဇယ်လ်ဝစ် ဝတ္ထုရောင်းအားကျဆင်းသည့်အပြင် ဇနီးသည် ကတ်သရင်းသည်လည်း ပဉ္စမမြောက်ကိုယ်ဝန်ကို လွယ်ထားခဲ့ရ၏။ "ချပ်မန်းနှင့်ဟောလ်" စာပေထုတ်ဝေရေးကလည်း ရောင်းအားဆက်လက်ကျဆင်းနေပါက ဒစ်ကင်း၏ လစဉ်ဝင်ငွေမှ ပေါင် ၅၀ လျှော့ချမည်ဟု ခြိမ်းချောက်ခဲ့ကာ အခြေနေများမှာ ဆိုးသထက်သာ ဆိုး၍နေလေတော့သည်။[၂၃] ၁၈၄၃ အောက်တိုဘာအရောက်၌ "ခရစ်စမတ်သီချင်းတစ်ပုဒ်" ဝတ္ထုကို စတင်ရေးသားသည်။[၂၄] ဒစ်ကင်း၏ အတ္ထုပ္ပတ္တိရေးသူ မိုက်ကယ် စလေးတားက "အလွန့်အလွန် လုံ့လထုတ် ရေးသားသော" စာအုပ်ဖြစ်ပေသည်ဟု ဖော်ပြထားကာ ခြောက်ပတ်အတွင်းပြီးစီးခဲ့၍ နောက်ဆုံးစာမျက်နှာများကို ဒီဇင်ဘာအစောပိုင်း၌ ရေးသားသည်ဟု ဆိုထားသည်။[၂၅] လန်ဒန်မြို့တလျှောက် ညပိုင်းတွင် ၁၅ မီတာ၊ မီတာ (၂၀) ခန်မျှ လမ်းလျှောက်ထွက်လျှက် ဤလက်ရာအတွက် ခေါင်းထဲတွင် ကုန်ကြမ်းများတည်ဆောက်ခဲ့သည်။[၂၆] ဒစ်ကင်း၏ ခယ်မကလည်း "ရေးတဲ့အခါ သူက ငိုလိုက်၊ ရယ်လိုက်၊ ထပ်ငိုလိုက်နဲ့ ပုံမှန်မဟုတ်ဆုံး ပုံစံကြီးနဲ့ကို စိတ်တွေ တလှုပ်ရှားရှားနဲ့ ရေးနေတာပေါ့" ဟူ၍ ဖော်ပြရေးသားခဲ့သည်။[၂၇] စလေးတာက ယခုလို ဆို၏။

"ခရစ်စမတ်သီချင်းတစ်ပုဒ်" ကို ရေးသားရာတွင် စာဖတ်သူများ၏ နှလုံးသားများကို စီးပွားရေးဆိုသော လှေကားကြီး၏ အနိမ့်ဆုံးလှေကားဆန်ပေါ်မှာ တည်မှီရုန်းကန်နေရတဲ့သူများဆီသို့ အရောက်ပို့ဆောင်ရန်နှင့် စေတနာသဘောကို လက်တွေ့ဖော်ဆောင်ဖို့ အားပေးတိုက်တွန်းရန် ရည်ရွယ်သည်။ ထိုမျှမကသေးဘဲ ဆင်းရဲသားများအကြား ဧကန်စင်စစ်ရှိသော အလိုဆန္ဒနှင့် ၎င်းတို့၏ ပညာအသိမဲ့ခြင်းကို သည်းခံရခြင်းက ဖန်တီးဖြစ်ပေါ်စေသော လူမှုအသိုင်းအဝိုင်းအပေါ်ရောက်ရှိလာသည့် ဆိုးရွားလှသော အန္တရာယ်ကိုလည်း သတိပေးရန် ရည်ရွယ်ခဲ့ပါသည်။[၁၆]

၁၈၃၈ လက်ရာ "အောလိဗာ တွစ်တ်" (Oliver Twist) ၊ ၁၈၃၆ လက်ရာ "ဘို့ဇ်၏ စာတိုပေတိုများ" တို့တွင် သရုပ်ဖော်ရေးသားပေးခဲ့သူ ဂျော့ဂျ် ခရွတ်ရှန့်ခ် (George Cruikshank) က ရုပ်ပြောင်ရေးသူ ဂျွန်လိချ်ကို မိတ်ဆက်ပေးခဲ့၍ အောက်တိုဘာ ၂၄ ၌ ဒစ်ကင်းက ဂျွန်လိချ်အား ခရစ်စမတ်သီချင်းတစ်ပုဒ် ဇာတ်လမ်းတွင် ရေးဆွဲပေးရန် ကမ်းလှမ်းခဲ့ရာ လိချ်က လက်ဖြင့်ရေးဆွဲသည့် သတ္တုပြား၌ အရောင်ပါပုံလေးပုံနှင့် သစ်သား​ပေါ်၌ အဖြူအမည်းလေးပုံကို ပန်းချီဆရာက စာသားနှင့် လိုက်ဖက်စေရန် ပြုလုပ်ပေးခဲ့သည်။[၂၈] ဒစ်ကင်း၏ ဇာတ်လမ်းလက်ရေးမူ၌ နောက်ဆုံးမတိုင်ခင် စာပိုဒ်တစ်ခုတွင် တိုင်နီတင်လေး မသေဆုံးခဲ့ပါ ဟူ၍ မပါရှိခဲ့ချေ။ နောက်ပိုင်း ပုံနှိပ်မှသာ ထိုဝါကျ ဖြည့်စွက်ခဲ့သည်။[၂၉][n ၃]

ဇာတ်ကောင်များ[ပြင်ဆင်ရန်]

An engraving, in profile of John Elwes
စခရုဂျ်ဇာတ်ကောင် ဖန်တီးရာ၌ အခြေခံထားသော ပုဂ္ဂိုလ်များထဲက တစ်ယောက်ဖြစ်သည့် ပါလီမန်အမတ် ဂျွန်အားလ်ဝစ်ဇ်

ဤဇာတ်လမ်း၏ အဓိကဇာတ်ဆောင်မှာ အဘန်နဇာ စခရုဂျ် ဖြစ်သည်။ လန်ဒန်မြို့က အလွန်တရာ စေးကပ်သူ စီးပွားရေးသမားတစ်ဦးဖြစ်သော စခရုဂျ်ကို ဝတ္ထု၌ ဒစ်ကင်းက ဝိသေသနများစွာသုံး၍ " ဖျစ်ဖျစ်ညစ်ညစ်၊ ကုတ်ကုတ်ကပ်ကပ်၊ ခြစ်ခြစ်ခြုတ်ခြုတ်၊ ခြစ်ခြစ်ကုတ်ကုတ်၊ တွန့်ရှုံ့ရွဲ့စောင်း၊ လောဘဇောတိုက်သော ငမိုက်သားကြီးပေတကား "[မှတ်စု ၃] ဟူ၍ သုံးနှုန်းရေးသားထားသည်။ ဒစ်ကင်းသည် ၎င်း၏ဖခင်အပေါ်တွင် ချစ်သလို ရွံ့ကြောက်မှုလည်းရှိသဖြင့် ဖခင်အပေါ်ထားရှိသည့် ပဋိပက္ခဖြစ်နေသော ခံစားချက်များက စခရုဂျ် ဇာတ်ကောင်ကို ဖန်တီးရာတွင် ဒစ်ကင်းအပေါ် လွှမ်းမိုးမှုရှိလေသည်ဟု ကယ်လီက ရေးသားထားသည်။ ဤသို့ စိတ်ခံစားချက် ကွဲလွဲမှုသည် ဇာတ်လမ်း၌ စခုရုဂျ်၏ လုံးလုံးလျားလျား မတူညီသော ဘဝအခြေနေ နှစ်ရပ်ကို ဖန်တီးဖြစ်ပေါ်စေသည့် အကြောင်းတရားဖြစ်ခဲ့နိုင်သည်။ ဘဝအခြေနေ နှစ်ရပ်ဆိုရာ၌ တစ်ခုသည် အေးစက်၊ ကုတ်ကပ်၊ အာသာငမ်းငမ်း တစ်ကိုယ်တော်သမားနီးပါးပုံစံနှင့် အခြားတစ်ခုသည် ကြင်နာ၊ သနား၊ နွေးထွေး၊ ဖော်ရွေတတ်သူ ဖြစ်သည်။[၃၁] စခရုဂျ်၏ ငယ်ဘဝတွင် တစ်ကိုယ်တည်း အထီးကျန်ဆန်စွာ မပျော်မရွှင်ဖြစ်ခြင်းနှင့် ဆင်းရဲခြင်းကို ရှောင်ရှားရန် ငွေနောက်လိုက်သည့် ဆန္ဒ စသည်တို့သည် "ဒစ်ကင်း ကိုယ်တိုင်ကြောက်ရွံ့နေခြင်းကို မိမိဘာသာ ပျက်ရယ်ပြုသည့် တစ်ခုခု"၊ "စာအုပ်၌ နောက်ပိုင်းပြောင်းလဲသွားသော စခရုဂျ်အပိုင်းများသည်ကား ဒစ်ကင်းသည် မိမိကိုကိုယ် အကောင်းဖက်ဆန်စွာ ရှုမြင်တတ်ပုံ" ဟု အင်္ဂလိပ်စာပေ ပါမောက္ခ ရောဘတ် ဒဂ်လာ့စ်-ဖဲဟာ့စ်တ်က စဉ်းစားသုံးသပ်သည်။[၃၂]

ဇာတ်ကောင် စခရုဂျ်သည် နှမြောတွန့်တိုသော သူနှစ်ဦးဖြစ်သည့် ပါလီမန်အမတ် ဂျွန်အားလ်ဝစ်ဇ် (John Elwes)[၃၃] (သို့) ဂလောစတာဘဏ်ဟောင်းပိုင်ရှင် ဂျမ်မီ ဝုဒ် (ဂလောစတာ ကော်တရာ ဟုလည်း သိရှိကြ၏။) တို့အပေါ် အခြေခံသည်လည်း ဖြစ်နိုင်ပေသည်။[၃၄] လူမှုဗေဒပညာရှင် ဖရန့် အဲလ်ဝဲလဲ အရ စခရုဂျ်၏ ရှုထောင့်အမြင်များသည် လူမှုစာရင်းအင်းပညာရှင်၊ နိုင်ငံရေးနှင့်ဆိုင်သော စီးပွားရေပညာရှင် တောမတ်စ် မားလ်သာ့စ် (Thomas Malthus) ၏ အမြင်များကို ရောင်ပြန်ဟပ်မှုဖြစ်လေသည်။[၃၅] သို့သော်လည်း ဇာတ်လမ်း၌ စခရုဂျ်က "ထောင်တွေမရှိကြဘူးလား ... စုပေါင်းအလုပ်ရုံဂေဟာတွေရော မရှိကြဘူးလား ... ဒါဆိုရင် စိတ်ပျက်ငြီးငွေ့ဖွယ် အလုပ်အကိုင်တွေနဲ့ သူဆင်းရဲထောက်ပံ့ရေး ဥပဒေတွေ ငွားငွားစွင့်စင့်ဖြစ်သွားကြပြီလား။ ... " စသဖြင့်များသည် စကော့ ဒဿနဆရာ တောမတ်စ် ကားလာ့ယစ် (Thomas Carlyle) ၏ "စိတ်ပျက်ငြီးငွေ့ ပုံသေအလုပ်တွေ မရှိကြဘူးလား၊ ကြိုးစင်တွေရော.... ဆေးရုံတွေ၊ ဆင်းရဲသားထောက်ပံ့ဖို့ စည်းကျပ်ခွန်တွေ၊ ဆင်းရဲသားထောက်ပံ့ ဥပဒေသစ်တွေ အဲဒါတွေ မရှိကြဘူးလား" ဟူသော သရော်သည့်မေးခွန်းစကားများ၏ ရောင်ပြန်ဟပ်ညွှန်းဆိုမှုများဖြစ်ကြသည်။[၃၆][n ၄]

ဒစ်ကင်း၏ကိုယ်တိုင်ရေး လက်ရာများထဲ၌ပင် စာပေဆိုင်ရာ ရှေ့ပြေးနိမိတ်များပါရှိသည်။ ဒစ်ကင်း အတ္ထုပ္ပတ္တိရေးသူ ပီတာ အက်ရော့ဒ်က မာတင် ချာဇယ်လ်ဝစ် ဇာတ်ကောင်နှင့် စခရုဂျ်တို့ကြား တူညီမှုရှိသည်ဟု မြင်သည်။ သို့ရာတွင် ကော်တရာကပ်စေးနဲသူကြီးက ချာဇယ်လ်ဝစ်ထက် ပို၍ဆွဲဆောင်နိုင်ပေ၏။ ချာဇယ်လ်ဝစ်သည်လည်း အလှူတန်းရက်ရောသူအဖြစ် ပြောင်းလဲသွားခြင်းသည်ကား ကော်တရာကပ်စေနဲကြီး၏ ပုံစံနှင့် ဆင်တူနေသည်ဟူ၍ ဖော်ပြသည်။[၃၈] ဒဂ်လာ့စ်-ဖဲဟာ့စ်တ်ကလည်း "ပစ်ဝစ်၏ အစီရင်ခံစာများ" စာအုပ်မှ ဂေးဘရီယယ်လ် ဂရပ်သည် စခရုဂျ်ကို ဖန်တီးရာ၌ လွှမ်းမိုးမှုရှိ၏ဟု မြင်သည်။[၃၉][n ၅] စခရုဂျ်၏ အုတ်ဂူပေါ်ကအမည်သည် ဒစ်ကင်း အဲဒင်ဘာရာကို သွားရာတွင် မြင်ဖူးခဲ့သည့် အုတ်ဂူမှဖြစ်သည်။ ထိုအုတ်ဂူမှအမည်သည် အဘန်နဇာ လန်းနော့ခ်စ် စခရုဂျီဖြစ်၍ အလုပ်နေရာတွင် meal man (အစားစာရောင်းသူ၊ ဂျုံပြောင်းရောင်းဝယ်သူ) ဟုရေးသားထားသည်ကို ဒစ်ကင်းက mean man (တွန့်တိုနှမြောသော) အဖြစ် မှား၍ ဖတ်မိခဲ့လေ၏။[၄၁][n ၆]

ဒစ်ကင်းသည် ငယ်စဉ်အရွယ်က ကုန်သည်တစ်ဦး၏ အနီးအပါး၌ နေထိုင်ဖူး၍ ထိုကုန်သည်၏ အိမ်ရှေ့မျက်နှာစာတွင် "Goodge and Marney" ဟု ဆိုင်းဘုတ်တပ်ထားသည်။ ဤသည်ကပင် စခရုဂျ်၏ လုပ်ဖော်ကိုင်ဖက် မားလီ၏ အမည်ကို ထောက်ပံ့နိုင်သည် ဖြစ်နိုင်ရာ၏။[၄၃] ၁၈၄၂ ၌ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ပစ်ဘာ့ဂ်မြို့ရှိ အနောက်ပိုင်း ပန်နီတန်းတီယာရီထောင်သို့ သွားရောက်လည်ပတ်ခဲ့ရာ ယင်း၌ သံချိန်းကြိုးများဖြင့် ခြည်တွယ်ခံထားရသော ထောင်သားများကို မြင်မိခဲ့၍ ဇာတ်လမ်း၌ မားလီကို ထိုသို့ ပုံဖော်ခဲ့သည်။[၃၆] "တိုင်နီတင်" အတွက်မူ ခရစ်စမတ်သီချင်းတစ်ပုဒ် ရေးသားစဉ်က အသက်ငါးနှစ်သာရှိသေးသော ၎င်း၏တူတော်သူ မသန်စွမ်းတစ်ဦးဖြစ်သည့် ဟန်နရီကိုအခြေပြု ပုံဖော်ခဲ့လေသည်။[၄၄][n ၇] ဝတ္ထုပါ မျက်မှောက်ခရစ်စမတ်တစ္ဆေ၏ ဝတ်ရုံအတွင်း ခိုဝင်နေသော "လိုချင်မှု" နှင့် "မသိခြင်း" ပုံဖော်ကျူးမှုအတွက် လန်ဒန်အရှေ့အစွန်းရှိ ရက်ဂစ်ကျောင်းသို့ အလည်အပတ်သွားရောက်ကြည့်ရာမှ ထိုစိတ်ကူး ဖြစ်ပေါ်လာခဲ့သည်။[၁၈]

အဓိကအကြောင်းအရာ[ပြင်ဆင်ရန်]

Scrooge being shown two small children, depicting Ignorance and Want, by the Ghost of Christmas Yet to Come
၁၈၄၃ မူလစာအုပ်မှ "လိုချင်တပ်မက်ခြင်း" နှင့် "မသိမှု" ကလေးဇာတ်ကောင်နှစ်ဦး

စခရုဂျ်၏ ပြောင်းလဲသွားခြင်းသည် ဇာတ်လမ်း၏ အချက်အချာဖြစ်၏။[၄၆] ဒေးဗစ်က စခရုဂျ်သည် ပြုပြင်ပြောင်းလဲတိုးတက်ရာ၌ ပြောင်းလဲလွယ်သောသူအဖြစ် သုံးသပ်ကာ[၄၇] ကယ်လီက နှစ်ဖက်သွားရှုထောင့်အမြင်ရှိ ဇာတ်ကောင်မှ စတင်ခဲ့သော စခရုဂျ်နှင့်ပတ်သက်သည့် ရေးသားဖော်ပြချက်၌ ပြုပြင်ပြောင်းလဲမှုအား ရောင်ပြန်ဟပ်ညွှန်းဆိုနိုင်သည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်ခုတည်းသော နက်နဲသည့် စိတ်ခံစားချက်ပိုင်ဆိုင်လာကာ ယခင် မပြုခဲ့မိသည့် အခွင့်အရေးများကို နောင်တရရှိသွားသည့်သူဖြစ်သည်ဟု ရေးသားဖော်ပြသည်။[၄၈] ချားဒစ်ကင်းပညာရှင် ဂရေ့စ်မော (Grace Moore) အပါအဝင် အချို့သော စာရေးဆရာများက ဤဝတ္ထုတစ်လျှောက် ပါဝင်နေသည်မှာ ခရစ်ယာန်ဘာသာရေးအခြင်းအရာဖြစ်ပြီး အကောင်းဖက်သို့ ပြန်လည်ကူးခတ်ပေးဆပ်ရာတွင် ဤဝတ္ထုကို ခရစ်ယာန်အယူ ပုံဆောင်ခိုင်းနှိုင်းမှုအဖြစ် ရှုမြင်သင့်သည်ဟု သုံးသပ်ကြလေသည်။[၄၉][n ၈] ဒစ်ကင်းအတ္ထုပ္ပတ္တိရေးသူ ကလဲ တော်မာလင် (Claire Tomalin) ကမူ "အကြီးလေးဆုံးအပြစ်သားတစ်ဦးသည်ပင် နောင်တပိုက်၍ လူကောင်းသူကောင်းတစ်ဦးဖြစ်လာနိုင်ပေ၏" ဟုဆိုသော ခရစ်ယာန်ဘာသာ သတင်းစကားကို သယ်ဆောင်သူအဖြစ် စခရုဂျ်က်ု ရှုမြင်သည်။[၅၂]

အတည်တကျ တရားသေ ဘာသာရေးအပေါ် ဒစ်ကင်း၏ အမြင်သဘောထားသည် ရှုပ်ထွေးကာ[n ၉] ၎င်း၏ အယူအဆ၊ မူနည်းစနစ်များသည် ဓမ္မသစ်ကျမ်း အပေါ်တွင် အခြေခံခဲ့သည်။[၅၁] ဒစ်ကင်း၏ အဆို၌ မားလီတွင် "ကိုယ်တွင်းအူ မရှိ" (had no bowels) ဆိုသည်မှာ ဂျွန်၏ ဟောစာ၌ပါရှိသော "အကြင်နာတရား ကိုယ်တွင်းအင်္ဂါမရှိ" (bowels of compassion)[မှတ်စု ၄] ကို ရည်ညွှန်းကိုးကားချက်ဖြစ်သည်။[၅၅][n ၁၀]

ကယ်လီအပါအဝင် အခြားစာရေးဆရာများက ဒစ်ကင်းသည် ဤဘာသာရေးပွဲအားလပ်ရက်ကို လောကီအမြင်မှသာ တင်ပြသည်ဟု ဆိုကြ၏။[၁၁] စာရေးဆရာ ဂျွန် အို ဂျော်ဒန်က ဤဇာတ်သည် ဒစ်ကင်း၏ မိတ်ဆွေဖြစ်သူ ဂျွန်ဖောစတာထံသို့ရေးစာမှ "ဤဝတ္ထု၏ ဒဿန၊ ပျော်ရွှင်ဖွယ်အမြင်များ၊ humbag (အတုအယောင်) စကားလုံးကို အတိအကျသရုပ်ခွဲခြင်း၊ မြူးထူးဖွယ် စိတ်အခြေနေ၊ ... ဟက်ဟက်ပက်ပက်၊ ရက်ရက်ရောရော၊ ရွှင်ရွှင်မြူးမြူး စသည်များ စီးဆင်းနေသည့် သွေးကြောများ ... စသည်တို့သည် မိသားစု၊ နွေးထွေးမှု၊ အိမ် ဆိုသော အရာရာကို အလင်းပြခြင်းဖြစ်သည်ဟူ၍ ဆွေးနွေးပြောဆိုသည်။[၅၆] ယဉ်ကျေးမှုသမိုင်းပညာရှင် ပန်နီ ရဲစတာ့ဒ်က လောကီရှုထောင်မှနေ၍ စခရုဂျ်၏ ပြုပြင်ပြောင်းလဲမှုသည် ဝတ္ထု၏ ဒဿနဖြစ်သော အလှူအတန်း၊ ပရဟိတတို့၏ ရှေးရိုးဆန်သော၊ ကိုယ်ပိုင်မူဆန်သော၊ အဖိုးအိုတစ်ဦး၏ လူအများလေးစားခံရသော အသွင်ပြင်များကို အလေးပေးဖော်ပြထားသည်ဟု ရှုမြင်ညွှန်းဆိုသည်။[၅၇]

ဒစ်ကင်းက ခရစ်စမတ်သီချင်းတစ်ပုဒ်သည် ဆင်းရဲမွဲတေမှု၊ အထူးအားဖြင့် ကလေးသူငယ် မွဲတေမှု အပေါ်ထားသော ဗြိတိသျှတို့၏ လူမှုရေးအမြင်များကို တုံ့ပြန်သောအနေဖြင့်၊ ထိုအမြင်များကို ဆန့်ကျင်၍ ၎င်း၏တစ်ဖက်မှ ငြင်းခုံဆွေးနွေးမှုကို တင်ပြသောအနေဖြင့် ရေးသားထားခဲ့သည်။[၅၈] ကိုယ်ကျိုးအတ္တနှင့် ဆင်းရဲသူဆင်းရဲသားများကို လျစ်လျူရှုခြင်းက ဖြစ်ပေါ်စေနိုင်သော ဝဲဂယက်အကျိုးဆက်များအတွက် အလွန်ကောင်းသော ဥပမာတစ်ခုအဖြစ် ဤဇာတ်လမ်းက စခရုဂျ်ကို ပြသပေးသည်။ ဆင်းရဲမွဲတေမှုတွင် အထူးသဖြင့် ကလေးသူငယ်များ ဆင်းရဲခြင်းကို ပုံဆောင်ခိုင်းနှိုင်းမှုသဘောအားဖြင့် "လိုချင်တပ်မက်မှု" (Want) နှင့် "မသိမှု" (Ignorance) ဟူ၍ ဇာတ်ကောင်စရိုက်သွင်းကာ ရေးသားဖော်ကျူးထားလေသည်။[၅၉] တိုင်နီတင် ကဲ့သို့ပင် ဤဇာတ်ကောင်နှစ်ခုကိုလည်း စာဖတ်သူများ စာနာစိတ်ဖြစ်စေရန် ဖန်တီးထားသည်။[၆၀] ဒဂ်လာ့စ် ဖဲဟာ့စ်တ်က ဤသို့ဇာတ်ကောင်များအသုံးပြုခြင်းသည် ၎င်း၏ လူမှုအလတ်တန်းစား စာဖတ်ပရိတ်သတ်များနှင့် မကင်းကွာစေဘဲ အလှူအတန်းပြုရန် လိုအပ်ပါသည်ဆိုသော သတင်းစကားကို တင်ပြရန်အတွက် ဒစ်ကင်းကို အခွင့်ပေး၏ဟု ထင်မြင်ချက်ပေးခဲ့သည်။[၆၁]

ထုတ်ဝေခြင်း[ပြင်ဆင်ရန်]

Left-hand page shows Mr and Mrs Fezziwig dancing; the right-hand page shows the words "A Christmas Carol. In Prose. Being a Ghost Story of Christmas by Charles Dickens. With illustrations by John Leech
၁၈၄၃ မူလစာအုပ်မှ ခေါင်းစဉ်တပ်ထားသော ရှေ့စာမျက်နှာနှင့် ဆန့်ကျင်ဘက်ရှိ သရုပ်ဖော်ပုံ

မာတင် ချာဇယ်ဝစ် ဝတ္ထု၏ စီးပွားရေးအရမအောင်မြင်မှုအပေါ် ထုတ်ဝေသူ "ချပ်မန်းနှင့် ဟောလ်"နှင့် သဘောမတူကွဲပြားမှုကြောင့်[၆၂] ဒစ်ကင်းက ထုတ်ဝေမှုကို အမြတ်ရာခိုင်နှုန်းအတွက် ကိုယ်တိုင်အကုန်ကျခံရန် စီစဉ်ခဲ့သည်။[၃၂] ဤဝတ္ထုကို ထုတ်ဝေခြင်းသည်လည်း ပြဿနာကင်းသည်တော့မဟုတ်ပေ။ ပထမမူတွင် စာအုပ်ဖုံးနောက်က စာရွက်များ (endpapers) သည် စိမ်းဝါရောင်မွဲခြောက်ခြောက်ဖြစ်နေသည်ကို ဒစ်ကင်းက လက်မခံနိုင် သဘောမတွေ့ဖြစ်သည်။ ထုတ်ဝေသူက အလျှင်အမြန် အဝါရောင်စာရွက်များဖြင့် အစားထိုးပေးခဲ့သည်။ သို့ရာ၌ ဤသို့အစားထိုးလဲလှယ်လိုက်သည်နှင့် ဝတ္ထုခေါင်းစဉ်ပါစာရွက် (titlepage) နှင့် မလိုက်မဖက်ဖြစ်၍ ထိုခေါင်းစဉ်ပါစာရွက်များကိုလည်း ပြန်လည်ပြုလုပ်ရသည်။[၆၃] နောက်ဆုံးအချောထွက်လာသည်မှာ အနီရောင်အဝတ်ဖြင့် ဖုံးချုပ်ထား၍ ရွှေရောင်အစွန်းပါသော စာရွက်များပါဝင်ကာ ၁၈၄၃ ဒီဇင်ဘာ ၁၉၊ ထုတ်ဝေမည့်နေ့မတိုင်မီ နှစ်ရက်အလို၌ အချောသတ်ပြီးစီးခဲ့လေသည်။[၆၄] ထုတ်ဝေမှုပြီးနောက် ဒစ်ကင်းက ဝတ္ထုလက်ရေးမူကို အနီရောင်ရှိ မောရိုကိုသားရေ (Morocco leather) ဟုခေါ်သော သားရေအမျိုးအစားဖြင့် စာအုပ်ချုပ်ပြီး ၎င်း၏ရှေ့နေ တောမတ်စ် မစ်တန်ဆီသို့ လက်ဆောင်အဖြစ် ပို့ပေးခဲ့သည်။[၆၅][n ၁၁]

တစ်အုပ်ကို ငါးရှီလင် ဈေးနှုန်းဖြင့် ပထမအကြိမ်၌ အုပ်ရေ ၆,၀၀၀ ကို ခရစ်စမတ်မတိုင်မီနေ့၌ ရောင်းချနိုင်ခဲ့သည်။ နှစ်သစ်မရောက်မီတွင်ပင် ချပ်မန်းနှင့် ဟောလ်တို့က ဒုအကြိမ်၊ တအကြိမ်ထုတ်ဝေမှုများကို လုပ်ဆောင်ခဲ့ကြကာ ဝတ္ထုသည် ၁၈၄၄ အထိကောင်းစွာ ရောင်ချနိုင်ခဲ့သည်။[၆၈] ၁၈၄၄ အဆုံးတွင် ထုတ်ဝေမှု (၁၁) ကြိမ် ပြုလုပ်ခဲ့ကြပြီးဖြစ်လေသည်။[၆၉] မူလစတင်ထုတ်ဝေသည်မှစ၍ စာအုပ်ကို ကတ်ထူဖုံး၊ အဖုံးပျော့အသွင်များဖြင့် များစွာရိုက်နှိပ်ထုတ်ဝေခဲ့ရသည့်အပြင် ဘာသာစကားအချို့သို့လည်း ဘာသာပြန်ဆိုမှုများ ရှိခဲ့ကြသည်။ ထို့ကြောင့် အမြဲရိုက်နှိပ်နေရသည့် စာအုပ်ဖြစ်၏။[၇၀] အမေရိကန်ပြည်ထောင်စုတွင်လည်း ဒစ်ကင်း၏ အကျော်ကြားဆုံးစာအုပ်ဖြစ်၍ မူလအချိန်မှစတင်ကာ နှစ်ပေါင်းများစွာအတွင်း အုပ်ရေ (၂) သန်းကျော်ရောင်းချခဲ့ရသည်။[၅၀]

ဒစ်ကင်း၏ ထုတ်လုပ်မှုစရိတ် မြင့်တက်စေမှုကြောင့် အမြတ်အစွန်း လျော့ကျခဲ့၍ ပထမမူတွင် ပေါင် ၂၃၀ သာ အမြတ်ရခဲ့သည်။ မျှော်လင့်ခဲ့သည်က ပေါင် ၁,၀၀၀ ဖြစ်လေသည်။[၇၁] တစ်နှစ်ကြာသော် အမြတ်ငွေမှာ ၇၄၄ ပေါင်သာရရှိခဲ့၍ အလွန်စိတ်ပျက်ခဲ့သည်။[၆၂][n ၁၂]

လက်ခံ ဝေဖန် တုံ့ပြန်မှုများ[ပြင်ဆင်ရန်]

Engraving of Thackery sitting in a chair at his desk
၁၈၆၄ မှ သက်ကာရေး (Thackeray) ၏ပုံ၊ ၎င်းက ဤဝတ္ထုသည် ဖတ်သူ အမျိုးသား၊ အမျိုးသမီးတိုင်းအတွက်ဖြစ်၍ နိုင်ငံ၏ အကျိုးအမြတ်ဖြစ်သည်၊ ပုဂ္ဂိုလ်ရေးကြင်နာစာနာမှုတစ်ခုဖြစ်သည်ဟု ရေးသားဖော်ပြခဲ့သည်။[၇၂]

ဒဂ်လာ့စ် ဖဲဟာ့စ်တ် အဆိုအရ ခရစ်စမတ်သီချင်းတစ်ပုဒ် ကို ခေတ်ပြိုင်သုံးသပ်မှုများက တစ်ညီတည်းလိုလိုဖြစ်ခဲ့၏။[၇၃] ရုပ်စုံလန်ဒန်သတင်းစာက (The Illustrated London News) ဇာတ်လမ်းသည် "အထင်ကြီးစရာကောင်းလောက်အောင် အရေးအဖွဲ့ရှိ၍ ပရိယာယ်ကင်းသော စိတ်နှလုံးပေါ့ပါးဖွယ်ဖြစ်ပြီး မြူးထူး ရွှင်ပျော်ဖွယ် ဟာသများပါသည်။ စာနာထောက်ထားမှု၏ သိမ်မွေ့သောအငွေ့အသက်များစီးဝင်နေ၏။ ဤအခြင်းအရာများသည် စာဖတ်သူများကို ကျွန်တော်တို့နှင့်အတူ၊ မိတ်ဆွေများနှင့်အတူ၊ ပွဲတော်ရာသီနှင့်အတူ၊ စာရေးဆရာနှင့်အတူ ကောင်းသောဟာသတစ်ရပ်ကို ကိန်းဝပ်စေသည်" ဟု ဖော်ပြခဲ့သည်။[၇၄] စာပေမဂ္ဂဇင်းဖြစ်သော "အေသင်နီးယန်"က "စာဖတ်သူကို ရယ်စေ၊ ငိုစေသည့် ဇာတ်လမ်းဖြစ်သည်၊ လက်များနှင့် နှလုံးသားများကို အလှူအတန်းဆီသို့ လမ်းဖွင့်ပေးသည့် ဇာတ်လမ်း၊ အလှူအတန်းမလုပ်နိုင်လောက်သော ဘုရင့်ရှေ့မှောက်ရှိ ပွဲတော်တည်ကာ တင့်တယ်လှသည့် စားပွဲဟင်းလျှာကိုပင် လှူတန်းမှုပြုစေလောက်သည်အထိ စိတ်နှလုံးများကို ဖွင့်၍ ပွင့်စေသည့် ဇာတ်လမ်း" ဟူ၍ ရေးသားခဲ့သည်။[၇၅]

တောမတ်စ် ဟွဒ် (Thomas Hood) ဆိုသော ကဗျာဆရာက ၎င်း၏ဂျာနယ်တွင် "ရှေးဆန်၍ သာသာယာယာ ဓလေ့ထုံးစံများ၊ လူမှုရေးနှင့် အလှူအတန်းကို စွဲစွဲမြဲမြဲပြုခြင်းတို့ဖြင့် ခရစ်စမတ်သည် ယခု၌ ဆွေ့မြေ့ပျက်ယွင်းပါမူ ထိုခရစ်စမတ်အား အရည်အသွေးပြည့်ဝသော အသွင်သစ်ကို ပေးသည်မှာ ဤစာအုပ်ပင်ဖြစ်လေသည်" ဟူ၍ ရေးသားခဲ့၏။[၇၆] ဒစ်ကင်း၏လက်ရာကို အမြဲတစေဝေဖန်သော တိုက်၏ ပဲဒင်ဘာရာမဂ္ဂဇင်းမှ သီယိုဒေါ မာတင်က ဤဝတ္ထုနှင့်ပတ်သက်၍ အကောင်းဖက်က သုံးသပ်ခဲ့ရာ "လူမှုကောင်းကျိုးများစွာအတွက် ဖြစ်မြောက်စေမည်ဟု ကောင်းစွာ ခံစား တွက်ချက်ထားသော လက်ရာမွန်စာအုပ်ဖြစ်သည်" ဟု ဆိုသည်။[၇၃][၇၇]

စာအုပ်နှင့်ပတ်သက်၍ ဝေဖန်မှုများလည်း ညံခဲ့သည်။ "လစဉ်မဂ္ဂဇင်းသစ်" (The New Monthly Magazine) က "ဝတ္ထုကို ချီးကျူးပါ၏။ သို့သော် စာအုပ်သည် ရွှေရောင်စက္ကူစွန်း၊ အခကြီးသော အဖုံးဖြင့် ဟိတ်ဟန်ကြီးသည်၊ ဈေးမြင့်၏ ၊ သူဆင်းရဲများအဖို့ မတတ်နိုင်" ဟူ၍ ထင်မြင်ချက်ပေးခဲ့သည်။ ဆက်လက်သုံးသပ်ဝေဖန်သည်မှာ "ဈေးချိုသော စာရွက်ဖြင့်သာထုတ်သင့်၍ ရောင်းဈေးလည်း သင့်ရမည်" ဖြစ်သည်။[၇၈] ဝက်စ်မင်စတာ ဝေဖန်သုံးသပ်စာဆောင် (The Westminster Review) မှ အမည်မသိစာရေးဆရာတစ်ဦးက ဒစ်ကင်း၏ စီးပွားရေးအပေါ် နားလည်သဘောက်ပေါက်မှုကို ပျက်ရယ်ပြု၍ "ဘော့ဘ် ခရတ်ချစ်ကြီး ကြက်ဆင်၊ ယာမကာ ရစေဖို့အတွက် အဲဒါတွေမပါဘဲနဲ့ ဘယ်သူများ ဖြတ်သန်းကြသလဲ၊ ဘာလို့လဲဆိုတော့ ကြက်ဆင်၊ ယမကာတွေသာ အလုံအလောက် အပိုအလျှံမရှိခဲ့ရင် တစ်ယောက်ယောက်ကတော့ ဒီကာလကို အဲဒါတွေမပါဘဲ ဖြတ်ရမယ်ဗျို့" ဆိုကာ ရေးသားဖော်ပြခဲ့သည်။[၇၉]

အခြားအကောင်း အဆိုး သုံးသပ်ဝေဖန်မှုများစွာလည်း ရှိခဲ့သည်။

ထုတ်ဝေမှုအပြီးကာလ[ပြင်ဆင်ရန်]

The Ghost of Christmas Present sitting in front of a roaring fire, and a large spread of food, talking to a scared Scrooge
၁၈၄၃ မူလစာအုပ်မှ "မျက်မှောက်ခရစ်စမတ်တစ္ဆေပုံ

၁၈၄၄ ဇန်နဝါရီတွင် ပါလီ၏ အီလျူမီနေးတစ်ဒ် စာကြည့်တိုက် (Parley's Illuminated Library) က ခွင့်ပြုချက်မရသောမူတစ်ခုကို အကျဉ်းချုပ်ပုံစံဖြင့် ထုတ်ဝေ၍ ၂ပန့်စ် (၁/၁၂၀ ပေါင်စတာလင်) ဈေးဖြင့်ရောင်းချခဲ့ကြသည်။[n ၁၃] ဒစ်ကင်းက ၎င်းရှေ့နေဆီသို့ စာရေးရာ :

ဒီစည်းမရှိကမ်းမရှိကောင်တွေကို တားနိုင်မယ်ဆို တားရမှာကိုတော့ သံသယအလျှင်း မရှိပါဘူး။ ... ဒီနေရာမှာတော့ ဧရာမတူကြီးတစ်ချောင်းလို ကျုပ်တို့ကျင့်ကြမယ် သို့မဟုတ်ရင်တော့ ကျုပ် ဇာတ်လမ်းရှည်တစ်ပုဒ်ရေးပြီး ထုတ်တဲ့အခါ(တိုင်း) အဲဒီလိုလူမျိုး ရာပေါင်းများစွာက ကျုပ်ဘေးနားပတ်လည်ဝိုင်း ဒုက္ခပေးလိမ့်မယ်။[၈၁]

ပါလီ၏မူ ထုတ်ဝေအပြီး နှစ်ရက်မြောက်တွင် ဒစ်ကင်းက မူပိုင်ခွင့်ဖြင့် တရားစွဲဆိုရာ အနိုင်ရခဲ့သည်။ ထုတ်ဝေသူများက ဒေဝါလီခံကြောင်း ကြေငြာခဲ့၍ ဒစ်ကင်းကို (တရားရုံး)ကုန်ကျစရိတ်အတွက် ပေါင် ၇၀၀ ပေးစေသည်။[၈၂] ဝတ္ထုမှရသော အမြတ်နည်းပါးသောကြောင့် ထုတ်ဝေသူများနှင့်လည်း ဆက်ဆံရေးတင်းမာခဲ့လေသည်။[၁၆]

ဒစ်ကင်းသည် ၎င်းသက်တမ်းတစ်လျှောက် ဤဇာတ်လမ်းဝတ္ထုကို စကားစု၊ ပုဒ်ဖြတ် ပုဒ်ရပ်များ ပြင်ဆင်မှု အကြိမ်အချို့ရှိခဲ့သည်။ ဤဝတ္ထု၏ အောင်မြင်မှုအပေါ် အခြားခရစ်စမတ်ဇာတ်လမ်းများရေးသား၍ အမြတ်ထုတ်နိုင်ခဲ့သည်။ ထုတ်ဝေခဲ့သော ခရစ်စမတ်ဇာတ်လမ်းများမှာ The Chimes (၁၈၄၄)၊ The Cricket on the Hearth (၁၈၄၅)၊ The Battle of Life (၁၈၄၆) နှင့် The Haunted Man and the Ghost's Bargain (၁၈၄၈) တို့ဖြစ်ကြသည်။

ဖျော်ဖြေမှုနှင့် ပုံဖော်တင်ဆက်ခြင်းများ[ပြင်ဆင်ရန်]

၁၈၄၉ အရောက်တွင် ဒစ်ကင်းသည် "ဒေးဗစ်ကော်ပါဖီးလ်ဒ်" ဝတ္ထုကို ရေးသားနေ၍ အခြားခရစ်စမတ်နှင့်ပတ်သက်သော စာအုပ်ထုတ်ရန် အချိန်၊ ဆန္ဒမရှိခဲ့ချေ။ [၈၃] ဤဝတ္ထု၏အတွေးအခေါ်ကို ပရိတ်သတ်ဆီ အရောက်ပို့ရန် အကောင်းဆုံးနည်းမှာ အများပြည်သူကြား ဖတ်ရှုပေးခြင်းပင်ဖြစ်သည်။[၈၄] ၁၈၅၂ ခရစ်စမတ်ကာလအတွင်း ဘာမင်ဟန်မြို့တော်ခန်းမ၌ စက်မှုနှင့်စာပေအဖွဲ့အစည်းသို့ ဖတ်ကြားပေးမှုတစ်ခု လုပ်ဆောင်ခဲ့ကာ ထိုသို့ဖတ်ကြားခြင်းသည် အလွန်အောင်မြင်ခဲ့၏။[၈၅] ထို့နောက် ၎င်းသေဆုံးသော ၁၈၇၀ ရောက်သည်အထိ ဇာတ်လမ်းဖတ်ကြားပေးမှု (၁၂၇) ကြိမ် ဆောင်ရွက်ခဲ့သည်။[၈၆]

ပထမဆုံး မှီငြမ်းရိုက်ကူးခဲ့သော "စခရုဂျ် (သို့) မားလီတစ္ဆေ" ရုပ်ရှင် (၁၉၀၁)

ဤဝတ္ထုထုတ်ဝေအပြီး နောက်ပိုင်းကာလများတွင် ဤဇာတ်လမ်းကို တုံ့ပြန်သောအနေဖြင့် စာရေးဆရာအချို့က အခြားစာအုပ်များစွာကိုလည်း ထုတ်ဝေခဲ့ကြသည်။[၈၇]

ဤလုံးချင်းဝတ္ထုတိုကို ထုတ်ဝေအပြီး ချက်ချင်းဆိုသလို ပြဇာတ်အတွက်လည်း မှီငြမ်းတင်ဆက်ခဲ့သည်။ ဇာတ်စင်တင်ဆက်ထုတ်လုပ်ခြင်း သုံးခုကို ၁၈၄၄ ဖေဖော်ဝါရီတွင် ပြုလုပ်ခဲ့ကြကာ ထိုအထဲမှ တစ်ခုမှာ အဒ်ဝါ့ဒ် စတားလင်က ဒစ်ကင်း ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး တင်ဆက်မှု ညအကြိမ် လေးဆယ်ကျော်ရှိခဲ့သည်။[၈၈] လန်ဒန်မြို့၌ ဖေဖော်ဝါရီအကုန်ခန့်တွင် အပြိုင်အဆိုင်အားဖြင့် ဇာတ်စင်ထုတ်လုပ်တင်ဆက်မှု ရှစ်ခုအထိရှိခဲ့သည်။[၇၃] ရုပ်ရှင်၊ ရုပ်သံအတွက် မှီငြမ်းတင်ဆက်ပုံဖော်မှုများစွာရှိရာ[၈၉] ၁၉၀၁ ၌ အသံတိတ် အဖြူအမည်း ဗြိတိသျှရုပ်ရှင် "စခရုဂျ် (သို့) မားလီတစ္ဆေ" (Scrooge, or, Marley's Ghost) ဟူသော အမည်ဖြင့် ထုတ်လုပ်ခဲ့၍ သိရှိသမျှ ဒစ်ကင်းလက်ရာများထဲက ပထမဆုံးရုပ်ရှင်ဖြစ်သည်။ သို့သော် ယခု၌ ထိုဇာတ်လမ်းအပိုင်း အများစုမှာ ပျောက်ဆုံးပြီဖြစ်၏။[၉၀] ၁၉၂၃ တွင် ဘီဘီစီ ရေဒီယိုအတွက် တင်ဆက်မှုပြုခဲ့ကာ[၉၁] အခြားပုံစံများဖြစ်သော အော်ပရာ၊ ဘဲလေး၊ ကာတွန်းရုပ်ရှင်၊ ပြဇာတ်၊ ဂီတရုပ်ရှင်များဖြင့်လည်း ပုံဖော်တင်ဆက် ထုတ်လုပ်မှုများစွာ ပြုလုပ်ခဲ့ကြပေသည်။ ဘီဘီစီကထုတ်လုပ်သော ခြေဟန်လက်ဟန်ဖြင့် သရုပ်ဖော်တင်ဆင်ခြင်း (mime) ကို မာဆယ် မားဆို (Marcel Marceau) က သရုပ်ဆောင်ခဲ့သည်။[၉၂]

အမွေအနှစ်[ပြင်ဆင်ရန်]

Scrooge pushing a large candle damper over the first ghost
ပထမတစ္ဆေကို ကွယ်ပျောက်အောင်ပြုနေသည့် စခရုဂျ်

ခရစ်စမတ်တွင်ပြောလေ့ရှိသော Merry Christmas စကားသည် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၏။ အစောဆုံးသိရသော အသုံးပြုထားမှုတစ်ခုမှာ ၁၅၄၃ ခုနှစ်က စာတစ်စောင်တွင်ဖြစ်သည်။ သို့သော် ဒစ်ကင်းအသုံးပြုသော A Christmas Carol စကားစုသည်ကား ဝိတိုရိယခေတ် အများသူငါကြား၌ ရေပန်းစားခဲ့သည်။[၉၃] အာမေဍိတ်သံ Bah! Humbug! ဟူသည် အင်္ဂလိပ်ဘာသာစကားထဲသို့ လူကြိုက်များသော အသုံးပြုမှုအဖြစ် ဝင်ရောက်လာကာ "ပွဲကို အလွန်အမင်းပျော်ချင်ပါးချင်သော (သို့) စိတ်ခံစားချက်နှင့်ဆိုင်သော တစ်ခုခု" ကို မနှစ်မြို့သဖြင့် ခွန်းတုံ့ပြန်ရာ၌ သုံးသော စကားစုဖြစ်လာသည်။[၉၄] "Scrooge" ဆိုသည့်အမည်ကိုလည်း ကပ်စေးနဲသောသူ အဖြစ် ရည်ရွယ်သတ်မှတ် အသုံးပြုလာခဲ့၍ ၁၉၈၃ အောက်စဖို့ဒ် အင်္ဂလိပ်အဘိဓာန်တွင် ထိုသို့အနက်မျိုးဖြင့် ထည့်သွင်းခဲ့ကြသည်။[၉၅]

ဒစ်ကင်းသည် ခရစ်စမတ်ပွဲတော်အားလပ်ရက်၏ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးထောက်ခံခဲ့၍[၉၆] ထိုသို့ အားပေးခြင်းက အနောက်တိုင်းယဉ်ကျေးမှုတွင် ပွဲတော်၏သွင်ပြင်အချို့ကို လွှမ်းမိုးနိုင်ခဲ့ရာ ဥပမာအားဖြင့် မိသားစုတွေ့ဆုံခြင်းများ၊ ရာသီပေါ်အစားအစာ၊ ယာမကာ၊ အက၊ ကစားပွဲများ၊ ပွဲနှင့်ပတ်သက်သော ရက်ရောတတ်သည့် စိတ်အခြေနေများ ပါဝင်သည်။[၉၇][n ၁၄] သမိုင်းဆရာ ရော်နယ် ဟတ္တန် (Ronald Hutton) က ဒစ်ကင်းသည် လူမှုရေး စေ့စပ်ညှိနှိုင်းမှုအဝန်းအဝိုင်းအတွင်း၌ ဝတ်ပြုပွဲနှင့် စားသောက်ပွဲကို ချိတ်ဆက်ပေးခဲ့သည်ဟု ရေးသားခဲ့သည်။[၉၈]

ခရစ်စမတ်သီချင်းတစ်ပုဒ်၏ မူများစွာထဲက အချို့

ဒေးဗစ်က ခေတ်အဆက်ဆက် မှီငြမ်းပုံဖော်တင်ဆက်ခြင်များစွာ၌ အပြောင်းအလဲများကို အသေးစိတ်လေ့လာခဲ့၍ ဇာတ်လမ်း၏ အလေးပေးမှုပြောင်းလဲခြင်းနှင့် ဇာတ်ကောင်ပြောင်းလဲခြင်းများသည် ခေတ်တစ်ခေတ်၏ အဓိကအတွေးအခေါ်ပုံစံကို ရောင်ပြန်ဟပ်သည်ဟု သုံးသပ်သည်။ ဒစ်ကင်းရှိစဉ် ဝိတိုရိယခေတ် ပရိတ်သတ်များက စိတ်ပိုင်းဆိုင်ရာ၊ သို့သော် လောကီပုံဆောင်ဇာတ်လမ်း အဖြစ်ရှုမြင်ခဲ့ကြသည်။ ၂၀ ရာစုအစောပိုင်းသို့ရောက်သော် ဇာတ်လမ်းသည် ကလေးပုံပြင်ဖြစ်သွားခဲ့၍ မိဘများက ၎င်းတို့ငယ်စဉ်က ၎င်းတို့အဖေ၊ အမေများဖတ်ပြခဲ့သည်ကို အမှတ်ရကြသဖြင့် ကလေးသူငယ်များကို ပြန်လည်ဖတ်ပြခဲ့ကြသည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဖြစ်ခါနီးနှင့် ဖြစ်ပွားချိန်အတွင်း ဇာတ်လမ်းသည် အရင်းရှင်ဝါဒကို ရှုတ်ချခြင်းဖြစ်၍ အများစုက ဖိနှိပ်ခံထားရသော စီးပွားရေး အရှိတရားများမှ လွတ်မြောက်သည့်နည်းလမ်းအနေဖြင့် ဖတ်ရှုခဲ့ကြသည်ဟု ဒေးဗစ်ကပြောဆိုသည်။[၉၉] ၁၉၃၀ နှစ်များ၌ ယူအက်စ်နှင့် ယူကေတို့တွင် ဤဇာတ်လမ်း၏ ရုပ်ရှင်ပုံစံများမှာ မတူညီကြပေ။ ဗြိတိသျှရုပ်ရှင်များက မိရိုးဖလာ ဇာတ်လမ်းပြောသည့်ပုံစံဖြင့် တင်ဆက်ကြသော်လည်း အမေရိကန်လက်ရာများက ခရတ်ချစ်ကို အလေးပိုထား၍ ဥရောပဘဏ်သမားများက ဖြစ်စေသော ပျက်ကပ်ကို လွတ်မြောက်၍ သာမန်သူတစ်ဦး၏ ခရစ်စမတ်ကျင်းပခြင်းကို အလေးပေးထားသည်ဟု ဒေးဗစ်ကပင် ဆက်လက်သုံးသပ်ခဲ့သည်။[၁၀၀] ၁၉၆၀နှစ်များတွင် စခရုဂျ်ကို ပုံဖော်ရာ၌ ၎င်းသည် မသိစိတ်ကလှုံဆော်ခံရသော ပုံစံဖြင့်ဖြစ်၍ မိမိ၏ အတိတ်နှင့် နပမ်းလုံးနေရသော သူအဖြစ် တင်ဆက်ကြသည်။ ၁၉၈၀ နှစ်များရောက်သော် စခရုဂျ်ကို စီးပွားရေးပျက်ကပ်ကမ္ဘာ၊ စီးပွားရေးဆိုင်ရာ မသေချာမရေရာမှု ကမ္ဘာ၌ ရုပ်လုံးဖော်ထားတင်ဆက်ကြခဲ့သည်။[၁၀၀]

မှတ်စု[ပြင်ဆင်ရန်]

  1. These were Sketches by Boz (1836); The Pickwick Papers (1836); Nicholas Nickleby (1837); Oliver Twist (1838); The Old Curiosity Shop (1841); and Barnaby Rudge (1841).[၂]
  2. Serialisation was in 20 parts, which concluded on 30 June 1844.[၃]
  3. The addition of the line has proved contentious to some.[၂၉] One writer in The Dickensian – the journal of the Dickens Fellowship wrote in 1933 that "the fate of Tiny Tim should be a matter of dignified reticence ... Dickens was carried away by exuberance, and momentarily forgot good taste".[၂၉]
  4. Carlyle's original question was written in his 1840 work Chartism.[၃၇]
  5. Grub's name came from a 19th-century Dutch miser, Gabriel de Graaf, a morose gravedigger.[၄၀]
  6. Scroggie was unlike Scrooge in nature, and was described as "a well-known hedonist who loved wine, women, and parties ... a dandy and terrible philanderer who had several sexual liaisons which made him the talk of the town ... a jovial and kindly man".[၄၂]
  7. Henry was also used as the basis for Paul Dombey Jr in Dombey and Son.[၄၅]
  8. Others who have examined the Christian theme include Geoffrey Rowell,[၂၄] Claire Tomalin[၅၀] and Martin Sable.[၅၁]
  9. The author G. K. Chesterton wrote of Dickens's religious views that "the tone of Dickens towards religion, though like that of most of his contemporaries, philosophically disturbed and rather historically ignorant, had an element that was very characteristic of himself. He had all the prejudices of his time. He had, for instance, that dislike of defined dogmas, which really means a preference for unexamined dogmas."[၅၃] Dickens stated that "I have always striven in my writings to express the veneration for the life and lessons of our Saviour."[၅၄]
  10. The full verse of I John 3:17 is "But whoso hath this world's good, and seeth his brother have need, and shutteth up his bowels of compassion from him, how dwelleth the love of God in him?"[၅၅]
  11. In 1875 Mitton sold the manuscript to the bookseller Francis Harvey – reportedly for £50 (equal to £Error when using &#၁၂၃;&#၁၂၃;Inflation&#၁၂၅;&#၁၂၅;: &#၁၂၄;index&#၆၁;UK (parameter ၁) not a recognized index. in ၂၀၂၁ pounds) –[၆၆] who sold it to the autograph collector, Henry George Churchill, in 1882; in turn Churchill sold the manuscript to Bennett, a Birmingham bookseller. Bennett sold it for £200 to Robson and Kerslake of London, which sold it to Dickens collector Stuart M. Samuel for £300. It was purchased by J. Pierpont Morgan for an undisclosed sum and is now held by the Pierpont Morgan Library, New York.[၆၇]
  12. Dickens's biographer, Claire Tomalin, puts the first edition profits at £137, and those by the end of 1844 at £726.[၅၀]
  13. The Parley version was titled A Christmas Ghost Story reoriginated from the original by Charles Dickens Esquire and analytically condensed for this work.[၈၀]
  14. One example of this was the introduction of turkey as the main meat of the Christmas meal. In Britain the tradition had been to eat roast goose, but a change to turkey followed the publication of the book. By 1868 Mrs Beeton, in her Book of Household Management, advised her readers that "A Christmas dinner, with the middle-class of this empire, would scarcely be a Christmas dinner without its turkey."[၉၄]

ရှင်းချက်[ပြင်ဆင်ရန်]

  1. Charles Dickens ကို အင်္ဂလိပ်အသံထွက်ဖြင့် "ချားလ်ဇ် ဒစ်ကင်ဇ်" ဟု အနီးစပ်ဆုံး ထွက်ရှိနိုင်သည်။
  2. ပထမတစ္ဆေ၊ ဒုတိယတစ္တေ... စသဖြင့် ရေးသားရာ၌ ပထမဆုံးလာရောက်တွေ့ဆုံသော မားလီတစ္ဆေကို ထည့်သွင်းခြင်းမပြုဘဲ ရေးသားဖော်ပြခြင်းသာဖြစ်သည်။
  3. မူရင်း စာရေးဆရာသုံးထားသော အင်္ဂလိပ်နာမဝိသေသနများမှာ a squeezing, wrenching, grasping, scraping, clutching, covetous old sinner! ဖြစ်၍ အထက်၌ ထိုစကားလုံးများအတွက် တိုက်ရိုက်အနက်ထက် ခြုံငုံနိုင်သည့် ဝိသေသစကားလုံးများဖြင့် ဖလှယ်ထားသည်။[၃၀]
  4. bowel ကို တိုက်ရိုက်အနက်အားဖြင့် အူ၊ ကိုယ်တွင်းအင်္ဂါ ဟုဆိုသော်လည်း bowels ၏ တင်စားချက်အနက်သည် စိတ်ခံစားချက်အထွေထွေဖြစ်၍ ဤနေရာ၌ပါသော bowels of compassion သည် အကြင်နာတရား၊ ချစ်ခြင်းမေတ္တာတရား ကိုဆိုလိုသည်။

ကိုးကားအညွှန်းများ[ပြင်ဆင်ရန်]

  1. Ackroyd 1990, pp. 67–68; Slater 2011.
  2. ၂.၀ ၂.၁ Diedrick 1987, p. 80.
  3. ၃.၀ ၃.၁ Ackroyd 1990, p. 392.
  4. Callow 2009, p. 27.
  5. Lalumia 2001; Sutherland, British Library.
  6. Rowell 1993; Studwell & Jones 1998, pp. 8, 10; Callow 2009, p. 128.
  7. Callow 2009, p. 30.
  8. Kelly 2003, pp. 19–20; Slater 2003, p. xvi.
  9. ၉.၀ ၉.၁ Slater 2003, p. xvi.
  10. Davis 1990a, p. 25.
  11. ၁၁.၀ ၁၁.၁ Kelly 2003, p. 12.
  12. Kelly 2003, p. 20.
  13. Restad 1996, p. 137.
  14. Douglas-Fairhurst 2006, p. viii; Ledger 2007, p. 117.
  15. Douglas-Fairhurst 2006, p. xxiv.
  16. ၁၆.၀ ၁၆.၁ ၁၆.၂ Slater 2011.
  17. Childs & Tredell 2006, p. 92.
  18. ၁၈.၀ ၁၈.၁ Lee, British Library.
  19. Callow 2009, p. 38.
  20. Ledger 2007, p. 119.
  21. Kelly 2003, p. 15; Sutherland, British Library.
  22. Kelly 2003, p. 15; Douglas-Fairhurst 2006, p. xvi.
  23. Douglas-Fairhurst 2006, p. xvi; Callow 2009, p. 38.
  24. ၂၄.၀ ၂၄.၁ Rowell 1993.
  25. Douglas-Fairhurst 2006, p. xix; Slater 2011.
  26. Tomalin 2011, pp. 148–149.
  27. Davis 1990a, p. 7.
  28. Douglas-Fairhurst 2006, p. xix; Tomalin 2011, p. 148.
  29. ၂၉.၀ ၂၉.၁ ၂၉.၂ Davis 1990a, p. 133.
  30. Dickens 1843, p. 3.
  31. Kelly 2003, p. 14.
  32. ၃၂.၀ ၃၂.၁ Douglas-Fairhurst 2006, p. xix.
  33. Gordon 2008; DeVito 2014, 424.
  34. Jordan 2015, Chapter 5; Sillence 2015, p. 40.
  35. Elwell 2001; DeVito 2014, 645.
  36. ၃၆.၀ ၃၆.၁ Douglas-Fairhurst 2006, p. xiii.
  37. Carlyle 1840, p. 32.
  38. Ackroyd 1990, p. 409.
  39. Douglas-Fairhurst 2006, p. xviii; Alleyne 2007.
  40. Alleyne 2007.
  41. DeVito 2014, 392.
  42. DeVito 2014, 412.
  43. DeVito 2014, 548.
  44. Ackroyd 1990, pp. 519–520.
  45. Ackroyd 1990, p. 519.
  46. Kelly 2003, p. 25; Garry & El Shamy 2005, p. 132.
  47. Davis 1990b, p. 111.
  48. Kelly 2003, pp. 25–26.
  49. Moore 2011, p. 57.
  50. ၅၀.၀ ၅၀.၁ ၅၀.၂ Tomalin 2011, p. 150.
  51. ၅၁.၀ ၅၁.၁ Sable 1986, p. 67.
  52. Tomalin 2011, pp. 149–150.
  53. Chesterton 1989, p. 163.
  54. Hammond 1871, p. 308.
  55. ၅၅.၀ ၅၅.၁ Douglas-Fairhurst 2006, p. 421.
  56. Jordan 2001, p. 121.
  57. Restad 1996, p. 139.
  58. Douglas-Fairhurst 2006, p. xvi; Sutherland, British Library.
  59. Moore 2011, p. 18.
  60. Jaffe 1994, p. 262.
  61. Douglas-Fairhurst 2006, p. xvi.
  62. ၆၂.၀ ၆၂.၁ Kelly 2003, p. 17.
  63. Douglas-Fairhurst 2006, p. xxxi; Varese 2009.
  64. Douglas-Fairhurst 2006, p. xix; Varese 2009; Sutherland, British Library.
  65. Provenance, The Morgan Library & Museum.
  66. UK CPI inflation.
  67. Douglas-Fairhurst 2006, p. xxx; Provenance, The Morgan Library & Museum.
  68. Douglas-Fairhurst 2006, pp. xix–xx; Standiford 2008, p. 132.
  69. Jackson 1999, p. 6.
  70. Douglas-Fairhurst 2006, p. viii; A Christmas Carol, WorldCat.
  71. Kelly 2003, p. 17; Douglas-Fairhurst 2006, pp. xx, xvii.
  72. Thackeray 1844, p. 169.
  73. ၇၃.၀ ၇၃.၁ ၇၃.၂ Douglas-Fairhurst 2006, p. xx.
  74. Literature, The Illustrated London News.
  75. Chorley 1843, p. 1127.
  76. Hood 1844, p. 68.
  77. Martin 1844, p. 129.
  78. Christmas Carol, New Monthly Magazine.
  79. Senior 1844, p. 186.
  80. Kelly 2003, p. 18.
  81. Kelly 2003, pp. 18–19.
  82. Ackroyd 1990, p. 416; Tomalin 2011, p. 150.
  83. Douglas-Fairhurst 2006, p. xxvii.
  84. Douglas-Fairhurst 2006, p. xxviii.
  85. Slater 2009, p. 353; Ledger 2007, p. 119.
  86. Billen 2005, pp. 8–10; Douglas-Fairhurst 2006, p. xxviii; Ledger 2007, p. 119.
  87. Douglas-Fairhurst 2006, p. xxi.
  88. Standiford 2008, p. 168.
  89. Sutherland, British Library.
  90. Scrooge, or, Marley's Ghost, BFI Screenonline.
  91. A Christmas Carol, BBC Genome.
  92. Douglas-Fairhurst 2006, p. viii.
  93. Cochrane 1996, p. 126; Martin 2011.
  94. ၉၄.၀ ၉၄.၁ Standiford 2008, p. 183.
  95. Scrooge, n. OED.
  96. Forbes 2008, p. 62.
  97. Kelly 2003, pp. 9, 12.
  98. Hutton 1996, p. 113.
  99. Davis 1990a, pp. 13–14.
  100. ၁၀၀.၀ ၁၀၀.၁ Davis 1990a, p. 14.

ကိုးကားရင်းမြစ်များ[ပြင်ဆင်ရန်]

စာအုပ်များ[ပြင်ဆင်ရန်]

အွန်လိုင်းပေါ်ရှိ ရင်းမြစ်များ[ပြင်ဆင်ရန်]

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ[ပြင်ဆင်ရန်]

  • "Real Scrooge 'was Dutch gravedigger'"၊ The Daily Telegraph၊ 24 December 2007။ 
  • "Charles Dickens; Works of Charles Dickens. Household Edition"၊ The New York Times၊ 19 December 1863။ 
  • "A Christmas Carol" (23 December 1843). The Athenaeum (843): 1127–1128. 
  • "Christmas Carol" (January 1844). The New Monthly Magazine 70 (277): 148–149. 
  • "Literary History: Retelling A Christmas Carol: Text and Culture-Text" (Winter 1990b). The American Scholar 59 (1): 109–15. 
  • တမ်းပလိတ်:Cite ODNB
  • "A Christmas Carol" (January 1844). Hood's Magazine 1 (1): 68–75. 
  • Jackson, Crispin (December 1999). "Charles Dickens, Christmas Books and Stories". The Book and Magazine Collector (189). 
  • "Spectacular Sympathy: Visuality and Ideology in Dickens's A Christmas Carol" (March 1994). PMLA 109 (2): 254–265. doi:10.2307/463120. 
  • "Literature"၊ The Illustrated London News၊ 23 December 1843။ 
  • "Bon Gaultier and his Friends" (February 1844). Tait's Edinburgh Magazine 11 (2): 119–131. 
  • "Notice of Books" (January 1844). The Christian Remembrancer 7 (37): 113–121. 
  • "The Day of Atonement in Charles Dickens' 'A Christmas Carol'" (Autumn 1986). Tradition: A Journal of Orthodox Jewish Thought 22 (3): 66–76. 
  • Senior, Nassau William (June 1844). "Spirit of the Age". The Westminster Review 41 (81): 176–192. 
  • တမ်းပလိတ်:Cite ODNB
  • "A Box of Novels" (February 1844). Fraser's Magazine 29 (170): 153–169. 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]