ရှင်ယောဟန်ဩဝါဒစာပထမစောင်

ဝီကီပီးဒီးယား မှ

၁။ စံတော်မှီဝိသေသလက္ခဏာ

ရှင်ယောဟန်ဩဝါဒစာ ပထမစာစောင်ဖတ်ရှုခြင်းသည် မိသားစုအယ်လ်ဘမ် ကြည့်ရှုရသကဲ့သို့ ဖြစ်သည်။ ဘုရားသခင်၌ မိသားစုသဖွယ် ပါဝင်သူများအကြောင်း ဖြစ်သည်။ ကလေးသူငယ်များက မိဘရင်ခွင်တွင် ခိုနားသကဲ့သို့ ဘုရား သခင်သားသမီးများ၏ ခိုနားရာ ဖြစ်သည်။ သခင်ဘုရားသည် သားတော် ဖြစ်ရသည်နှင့်အညီ ထိုအခွင့်အရေးမျိုး ခံစားရသည်။ ဘုရားသခင်၌ အသက်တာထာဝရ အသက်ရရှိသည်။ ထိုအသက်တာ ရရှိခြင်းသည် အခြားအရာများနှင့် မတူဘဲ၊ တမူထူးခြားပါသည်။ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် သိရှိခွင့် ရသူသည် ဘုရားသခင်ကို ချစ်သည်။ ဘုရားသခင် ၏သားသမီးများကိုလည်း ချစ်သည်။ ကိုယ်တော်၏ ပညတ်တော်များကို နာခံသည်။ အပြစ်မလုပ်ချင်ပါ။ ထာဝရအသက်၏ အင်္ဂါရပ်များပေတည်း။ ဤဩဝါဒစာစောင်ကို ဖတ်ရှုခြင်းဖြင့် လူအပေါင်းသည် ဘုရားသခင်ကို သိရှိ၍ထာဝရ အသက်ရကြမည်ဟု ဆိုထားသည်။ (၁ယော ၅:၁၇)။

ဤကျမ်းသည် အခြားကျမ်းများနှင့် မတူဘဲ ထူးခြားချက်များစွာ ရှိသည်။ စာရေးသူနှင့် လိပ်စာရှင် မရေးထားသော်လည်း အမှန်တကယ် ပေးစာဖြစ်သည်။ လူတိုင်းသံသယ ကင်းရှင်းစွာ လက်သင့်ခံသည်။ အခြားထူးခြားချက်တစ်ခုမှာ ဝိညာဉ်ရေးရာ တန်ခိုးအပြည့်အဝ ပါရှိ၍  လွယ်ကူသော ဝေါဟာရများ ဖြင့်ချစ်စဖွယ် ရေးသားထားသည်။ လေးနက်သော သမ္မာတရားမှန်လျှင် အဘိဓမ္မာဆန်ဆန် ရေးသားရသည်ဟု မည်သူ ပြောဝံ့တော့မည်နည်း။ အချို့က လေးနက်သယောင် မရှင်းမလင်း ဟောကြားသွန်သင်ချက်များကို လေးနက်သည်ဟု မိုက်မဲစွာယူဆတတ်ကြသည်။

ဤကျမ်းစာသည် စနစ်တကျလေ့လာ၍ ကြာရှည်စွာဆင်ခြင် အာရုံပြုအပ်သော ကျမ်းစာဖြစ်သည်။ တစ်ခုနှင်တစ်ခု မတိမ်းမယိမ်းကြော့၍ ကြော့၍ သွန်သင်ထားသည်ကို သတိပြုရမည်။

၂။   ကျမ်းရေးသူ

                  အပြင်ပန်း လက္ခဏာအားဖြင့် ကျမ်းစာရေးသားသူ နာမည် မဖော်ပြထားပါ။ သို့သော်လည်း အတွင်း သရုပ်ကို ကြည့်ခြင်းအားဖြင့် စာရေးသူအား သိရှိနိုင်သည်။

ပထမအပိုဒ်ငယ် လေးခုကို ဖတ်ရှုသည်နှင့် စာရေးသူသည် ခရစ်တော်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ကြောင်း သိသာသည်။ ယောဟန်၏ မူကိုယ်ပိုင်ရေးဟန် တစ်လမ်းသွား ရိုးရာ အစဉ်အလာပုံစံ ဖြစ်သောကြောင့် တပည့်တော်ယောဟန်ဖြစ်ကြောင်း ထင်ရှားသည်။

တပည့်တော် တစ်ယောက်၏ လေသံဖြင့် ခွန်အားပေးစာ ဖြစ်သည်။ အမိန့်အာဏာဆန်ဆန် ရေးထားသည်။ ဝိညာဉ် ရေးရာဘိုးအေကြီးသဖွယ် ” သားတို့သမီးတို့ ” အစရှိသဖြင့် ခေါ်ဝေါ်သုံးစွဲသည်။

” အထဲမှာ” ”အလင်းရောင်” ”အသစ်” ”ပညတ်တော်”  ” နှုတ်ကပတ်” စသည့်ဝေါဟာရများအပြင် ”ထာဝရအသက်” ” မိမိအသက်တာ” ”သေခြင်းမှအသက်ရှင်ခြင်းသို့” ” လောကကိုကယ်တင်သူ” အပြစ်များယူဆောင် သွားသည်” ”မကောင်းမှုဒုစရိုက်” စသည်များ သုံးထားသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း အပြင်အခြား ရှင်ယောဟန် ဩဝါဒစာစောင်(၂)ခုနှင့်လည်း ထေရာတည်းဖြစ်သည်။

ဟေဗြဲဩဝါဒစာ ရေးသားဟန်နှင့် အပြိုင်ယောဟန်ခရစ်ဝင်ကျမ်းနှင့် ဤဩဝါဒစာစောင်များတွင်လည်း ရှင်းလင်းလွယ်ကူသော ဝါကျများဖြင့် ဖွဲ့စည်းရေးသားထားသည်။ ခပ်တိုတိုပြောရလျှင် အကယ်၍ ယောဟန် ခရစ်ဝင်ကျမ်းစာကို လက်သင့်ခံလျှင် ထိုတပည့်တော်က ရေးသားကြောင်း အငြင်းပွားရန်အကြောင်း မရှိတော့ပါ။

၃။   အချိန်ကာလ

         ဤဩဝါဒစာ(၃)စောင်ကို ယေရှုရှလင်မြို့ ရောမသားများ မဖျက်ဆီးမှီ နှစ်ပေါင်း(၆ဝ)ခန့်တွင် ရေးသားသည် ဟုအချို့က ထင်မြင်ယူဆကြသည်။ များသောအားဖြင့်အေဒီ၁ ရာစု(၈ဝ မှ ၉၅အကြား)တွင် ရေးသည်ဟုယုံကြည် ကြသည်။ ဖခင်လေသံဖြင့်” သားတို့၊ သမီးတို့အချင်းချင်း ချစ်ခင်ကြလော့”ဟူသော ဆုံးမစကားကို ကြည့်ခြင်းအားဖြင့် ထို တပည့်တော်သည် အိုမင်းရင့်ရော်သော အချိန်ကျမှ ရေးသားစာ ဖြစ်နိုင်သည်။

၄။   သမိုင်းနောက်ခံနှင့်ရည်ရွယ်ချက်

         ဤကျမ်းစာရေးသားချိန်သည် ဂိုဏ်းဂဏများ(ဂရိ Gnosis = knowledge ) Gnosticism  ပေါ်ထွန်းချိန် ဖြစ်သည်။ ခရစ်တော်ကို လက်ခံကြသော်လည်း အသိဉာဏ်ပညာဖြင့် ထပ်မံဖြည့်စွက်ကြချိန် ဖြစ်သည်။ အထူးသဖြင့် တမန်တော်များ၏ သွန်သင်ချက်ကို အလေးပေးကြသည်။ သမ္မာတရား၌ နက်ရှိုင်းစွာ ဝင်ရောက်မှု မရှိမခြင်း လူသည်ပြည့်စုံခြင်း မရှိနိုင်ဟု သွန်သင်ကြသည်။ အချို့ကမူ လူသည် မကောင်းမှုအခံ ရှိသောကြောင့် ယေရှုသည်လည်း ဘုရား မဖြစ်နိုင်ဟု သွန်သင်ကြသည်။ ယေရှုနှင့် ခရစ်တော်အကြားရှိ ခြားနားမှုကို ရှာဖွေဖော်ပြကြသည်။ ”ခရစ်တော်” ဆိုသည်မှာ ဘုရားသခင်၏ ဘုန်းတန်ခိုးကို နှစ်ခြင်း မင်္ဂလာခံယူချိန်တွင် ဆင်းသက်အပ်နှင်း ထားခဲ့ခြင်း ဖြစ်ပြီး၊ ကိုယ်တော်၏ အသေခံခြင်း ဂေသရှေမန် ဥယျာဉ်တိုင်အောင် ပါရှိသွားသည်။ ထို့ကြောင့်ယေရှုသည် အသေခံတော်မူ သော်လည်း ခရစ်တော်မသေခြင်း ဖြစ်သည်။ ”ကောင်းကင်ဘုံရှင် ခရစ်တော်သည် အလွန်မြင့်မြတ်စင်ကြယ်ပြီး ဝိညာဉ်တန်ခိုး ပြည့်စုံသူ ဖြစ်သော်လည်း လူ့အသွေးအသား ဇာတိနှင့် ထိတွေ့နိုင်သူ ဖြစ်သည်” ကို မခံယူနိုင်ဘဲ မိက္ခေလကဲ့သို့ သဘောထားသူက ထားသည်။ တိုတိုပြောရလျှင် ယေရှုသည် ခရစ်တော်ဖြစ်၍ ထိုယေရှုသည် ဘုရားလည်းဟုတ်သည်၊ လူလည်းဟုတ်သည် ဟူသော အယူဝါဒကို ငြင်းပယ်ကြသည်။ ထိုသူများသည် စစ်မှန်သော ခရစ်ယာန်မဟုတ်ကြောင်း ရှင်ယောဟန်က သတ်မှတ်သည်။ စာဖတ်ပရိသတ်များကိုလည်း ထိုအတွေးအခေါ်အသိပညာရှင်ကြီးများအား ဆန့်ကျင် ကြဖို့ သတိပေးထားသည်။

ရှင်ယောဟန်၏ဩဝါဒစကားနာရသူသည် ဘုရားသခင်၏သား ဟုတ်မဟုတ်ကို ဤကမ္ဘာပေါ်မှာ မခွဲခြား နိုင်ပါ။ ထို့ကြောင့်ဤကျမ်းစာတွင် ဆန့်ကျင်ဖက်အစွန်းများဖြစ်သော အလင်းနှင့်အမှောင်ချစ်ခြင်းမေတ္တာနှင့် မုန်းတီး ခြင်း၊ အမှန်တရားနှင့်မုသာ၊ ဗသခြင်းနှင့်ရှင်ခြင်း၊ ဘုရားသခင်နှင့်စာတန်တို့ဖြင့် ရှင်းပြပေးသည်။ တစ်ချိန်ထဲတွင် ပရိ သတ်များကိုလည်း တမန်တော်များကျင့်သကဲ့သို့ ကျင့်ကြံကြရန်အားပေးထားသည်။ ခရစ်ယာန်နှင့်ခရစ်ယာန်မဟုတ် သူများအကြားတွင် အပြစ်ကျူးလွန်သောအမှုဖြင့် မစီရင်သော်လည်း အကျင့်သီလဖြင့် အံ့ဩကြသည်။ မကောင်းသော နာရီသည် (၂၄)နာရီတွင် အချိန်မှန်(၂)ခါပြချင်ပြနိုင်သည်။ ကောင်းသောနာရီမူကား အချိန်တိုင်းတွင် အချိန်မှန်ကို ပြနိုင်သည်။ သို့ကြောင့် ခရစ်ယာန်ဖြစ်ရိုးမှန်လျှင် နေ့စဉ်နေ့တိုင်း ဘုရားသခင်သားသမီးပီသစွာ ဖြောင့်မတ်မှန် ကန်ရမည်။ ”သိရှိခြင်း” ဟူသော စကားလုံးကို ဤကျမ်းတွင် ကြိမ်ဖန်များစွာ သုံးထားသည်။ Gnostic များသည်လည်း အမှန်တရားကို သိရှိကြသည်။ သို့သော် ဤနေရာတွင် ရှင်ယောဟန်ပြောလိုသော အမှန်တရားမှာ ခရစ်ယာန်ယုံကြည် ခြင်းဖြစ်သည်။ ဘုရားသခင်သည် အလင်း(၁:၅)၊ ချစ်ခြင်းမေတ္တာ(၄:၈)၊ သမ္မာတရား(၅:၆)နှင့် အသက်(၅:၂ဝ) ဖြစ်သည်။

ထိုသို့ပြောခြင်းအားဖြင့် ဘုရားသခင်သည် လူမဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဘုရားသခင်သည် ဤ ကောင်းချီး မင်္ဂလာ(၄)ဖြာ၏ အရင်းအမြစ် ဖြစ်သည်ဟု ဆိုလိုသည်။ ရှင်ယောဟန်က ဘုရားသခင်သည် ဖြောင့်မတ်မှန် ကန်ခြင်း(၂:၂၉၊၃:၇)၊ စင်ကြယ်ခြင်း(၃:၃)နှင့် အပြစ်ကင်းစင်​ကြောင်း(၃:၅) ထုတ်ဖော်ထားသည်။

ရိုးစင်းသော စကားလုံးများ သုံးနှုန်းထားသော်လည်း ဤကျမ်းစာသည် အဓိပ္ပာယ်လေးနက်သည်။ တစ်ခါတရံရိုး စင်းသောကြောင့် နားလည်ရခက်သည်။ ထို့ကြောင့် ဤကျမ်းစာကို လေ့လာသောအခါ နှုတ်ကပတ်တော် နားလည်နိုင် ဖို့ ဆုတောင်းခြင်းဖြင့် လေ့လာချဉ်းကပ်ရမည်။

ပါဝင်သည့်အချက်များ

၁။ စကားချီး၊ ခရစ်ယာန်မိဿဟာယ(၁:၁-၄)၊

၂။ မိဿဟာယ ထိန်းသိမ်းစောင့်ရှောက်ရေး နိယာမ(၁:၅-၂:၂)

၃။ ခရစ်ယာန်မိဿဟာယအမှတ်လက္ခဏာနာခံခြင်းနှင့်ချစ်ခြင်းမေတ္တာ(၂:၃-၁၁)၊

၄။ မိဿဟာယတိုးတက်ခြင်းအဆင့်ဆင့်(၂:၁၂-၁၄)၊

၅။ မိဿဟာယ၏ အန္တရာယ်(၂)ခု။ လောကီနှင့်မှားယွင်းသောဆရာ(၂:၁၅-၁၈)၊

၆။ ခရစ်ယာန်မိဿဟာယ အမှတ်လက္ခဏာများ (အဆက်) ဖြောင့်မတ်မှန်ကန်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်စိတ် ချမှု (၂:၂၉-၃:၂၄)၊

၇။ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်ရန်လိုအပ်ခြင်း(၄:၁-၆)၊

၈။ မိဿဟာယအမှတ်လက္ခဏာများအဆက်(၄:၇-၅:၂ဝ)၊

(က)ချစ်ခြင်းမေတ္တာ(၄:၇-၂၁)၊

(ခ)ဒေါင်ဒေါင်မြည်သော အယူဝါဒ(၅:၁က)၊

(ဂ)ချစ်ခြင်းမေတ္တာနာခံခြင်းနှင့်အသီးအပွင့်များ(၅:၁ခ-၃)၊

(ဃ) ယုံကြည်ခြင်းဖြင့် လောကကိုအောင်ခြင်း(၅:၄-၅)၊

(င) ဒေါင်ဒေါင်မြည်သော အယူဝါဒ(အဆက်)(၅:၆-၁၂)၊

(စ)နှုတ်ကပတ်တော်၏ယုံကြည်စိတ်ချမှု(၅:၁၃)၊

(ဆ) ဆုတောင်းခြင်း၌ ယုံကြည်မှု(၅:၁၄-၁၇)၊

(ဇ) ဝိညာဉ်ရေးရာစစ်မှန်မှု သိရှိခြင်း(၅:၁၈-၂ဝ)၊

၉။ နိဂုံး(၅:၂၁)၊

TAGS: ရှင်ယောဟန်ဩဝါဒစာပဌမစောင်

ကိုးကား[ပြင်ဆင်ရန်]