ကောင်း၊ ဦး (စည်သူ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စည်သူ
ဦးကောင်း
SiThuUKung.jpg
ကိုယ်ရေး အချက်အလက်များ
မွေးဖွား မောင်ကောင်း
(1904-10-30)၃၀ အောက်တိုဘာ၊ ၁၉၀၄
မြင်းခြံမြို့ဗြိတိသျှဘားမား
ကွယ်လွန် ၁၉ ဖေဖော်ဝါရီ၊ ၁၉၅၇(1957-02-19) (အသက် ၅၂)
ကာလကတ္တားမြို့အိန္ဒိယနိုင်ငံ
ကြင်ဖော်(များ) ဒေါ်သိန်း
သားသမီး စည်သူဒေါက်တာသော်ကောင်း
ဒေါ်ရီမေကောင်း
ဒေါ်ကြည်မေကောင်း
မိဘ ဦးဘသော် + ဒေါ်ကြင်မြိုင်
မိခင်ကျောင်း ရန်ကုန်တက္ကသိုလ်
လန်ဒန်တက္ကသိုလ် ဘုရင့်ကောလိပ်
အလုပ်အကိုင် ပညာမင်းကြီး
ကျော်ကြားမှု မြန်မာနိုင်ငံတော် ငွေကြေးဘုတ်အဖွဲ့ဝင်
ပထမဆုံးသော မြန်မာနိုင်ငံသမိုင်း ကော်မရှင် ဥက္ကဋ္ဌ
ဆုတံဆိပ်များ စည်သူဘွဲ့

စည်သူ ဦးကောင်း (၁၉၀၄- ၁၉၅၇)သည် ပထမဆုံးသော မြန်မာနိုင်ငံ၏ သမိုင်းကော်မရှင်ဥက္ကဋ္ဌ ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရသည် ၁၉၅၅-ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် မြန်မာနိုင်ငံ သမိုင်းကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ပထမဆုံး ခန့်အပ်ခံရသူမှာ ပညာမင်းကြီး စည်သူဦးကောင်းပင် ဖြစ်သည်။ ပညာမင်းကြီး ဦးကောင်းသည် မြန်မာ့ပညာရေးလောကတွင် ထူးခြားသော အယူအဆတစ်ရပ် ရှိသူဖြစ်သည်။ ဦးကောင်း၏ ပညာရေးအယူအဆတစ်ရပ်မှာ စာမေးပွဲအတွက်သာ ဦးစားပေးသော ပညာရေးမျိုး မဟုတ်ဘဲ အသိပညာကြွယ်ဝမှုနှင့် ဘက်စုံပညာ တတ်ကျွမ်းမှုတို့ကို အလေးထားအားပေးသော အယူအဆဖြစ်ပါသည်။ ပညာမင်းကြီး ဦးကောင်းက ပညာသင်ကြားခြင်းသည် ကျောင်းနေစဉ်သာမဟုတ် ဘဝတစ်လျှောက်လုံးအတွက် ဖြစ်ရမည်ဟု မိန့်ဆိုခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးကောင်းအား ၁၉၀၄-ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၌ ယစ်မျိုးမင်းကြီး ဦးဘသော်နှင့် ဒေါ်ကြင်မြိုင်တို့က မြင်းခြံမြို့၌ ဖွားမြင်ခဲ့သည်။ မွေးချင်းခြောက်ဦးအနက် ပဉ္စမမြောက်သား ဖြစ်သည်။ ၁၉၀၉-ခုနှစ် အသက် ငါးနှစ်အရွယ်တွင် မြင်းခြံမြို့ ဘက်ပလစ်ကျောင်း၌ စတင်ပညာသင်ကြားခဲ့သည်။ ယင်းနောက် ရန်ကုန်မြို့သို့ပြောင်းရွှေ့လာကာ အလုံမြို့နယ် ကူရှင်အထက်တန်းကျောင်း၊ စိန့်ပေါလ် အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) တွင် ပညာဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၂၀-ပြည့်နှစ်တွင် အစ်ကိုဖြစ်သူ ဦးဘဦး၏ ထောက်ပံ့မှုဖြင့် အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ပြည်နယ် တွန်တန်ဘုရင့်ကောလိပ် သီးသန့်အထူးပညာသင်ကျောင်း (Taunton Public School,Somerset)၌ ပညာဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၂၂-ခုနှစ်တွင် လန်ဒန် မက်ထရစ်စာမေးပွဲကို ဂုဏ်ထူး ငါးဘာသာဖြင့် အောင်မြင်ခဲ့သည်။

ပညာဆက်လက်ဆည်းပူးခြင်း[ပြင်ဆင်ရန်]

၁၉၂၃-ခုနှစ်တွင် ဦးကောင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တက္ကသိုလ်၌ ဥပစာ ဒုတိယနှစ်မှ စတင်သင်ယူခဲ့ရာ သုံးနှစ်ကြာသင်ယူပြီးနောက် ၁၉၂၆-ခုနှစ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ရရှိခဲ့သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ်၌ အင်္ဂလိပ်ဘာသာနှင့် စာပေအထက်တန်း နည်းပြဆရာအဖြစ် ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံခြား ပညာတော်သင်ဆုကို ရရှိကာ လန်ဒန်တက္ကသိုလ် ဘုရင့်ကောလိပ်တွင် တစ်နှစ်ပညာသင်ကြားခွင့် ရရှိခဲ့သည်။ ၁၉၂၇-ခုနှစ်တွင် သင်ကြားရေး ဒီပလိုမာ ရရှိခဲ့သည်။ ၁၉၂၉-ခုနှစ် နှစ်နှစ်အကြာတွင် မဟာဝိဇ္ဇာ(ပညာရေး)ဘွဲ့ကို ရရှိခဲ့သည်။

ပညာရေးဝန်ထမ်း[ပြင်ဆင်ရန်]

ဦးကောင်းသည် ၁၉၃ဝ ပြည့်နှစ်တွင် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊အစိုးရအထက်တန်းကျောင်းအုပ် ဖြစ်လာခဲ့သည်။ ယင်းနောက် ၁၉၃၂-ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် စစ်ကိုင်းတိုင်း လက်ထောက်ပညာဝန်အဖြစ်၎င်း၊ ၁၉၃၃-၃၄-ခုနှစ်များတွင် ဧရာဝတီတိုင်း ပညာဝန်၊ မကွေးတိုင်း ပညာဝန်၊ ၁၉၃၄-၃၅-ခုနှစ်များတွင် ရခိုင်တိုင်း ပညာဝန် အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၁၉၃၅-ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ပညာရေးဝန်ထမ်း အဆင့်(၁) ဖြစ်လာခဲ့သည်။ ၁၉၃၅နှင့် ၁၉၄ဝနှစ်များအတွင်း ရန်ကုန်အစိုးရအထက်တန်းကျောင်း (ယခု လသာအ.ထ.က-၁)တွင် ကျောင်းအုပ်ဆရာကြီး ဖြစ်လာခဲ့သည်။ ၁၉၄၀-၄၁တွင် တနင်္သာရီတိုင်း ပညာဝန်၊ ၁၉၄၁-၄၂တွင် ရှမ်းပြည်နယ် ပညာရေး အရာရှိချုပ် ဖြစ်လာပြန်သည်။

အင်္ဂလန်သို့[ပြင်ဆင်ရန်]

ဂျပန်ခေတ်ကာလ (၁၉၄၂-၄၅)တွင် ဦးကောင်းကို ရန်ကုန်ခရိုင်ပညာရေး အရာရှိ၊ ပညာမင်းကြီးရုံး အထူးအရာရှိ၊ လက်ထောက် ပညာမင်းကြီးရာထူးများ ခန့်အပ်ခဲ့ပါသည်။ ယင်းနောက် ၁၉၄၆-၄၇ ခုနှစ်တွင် တွဲဘက် လက်ထောက်ပညာမင်းကြီး၊ လွတ်လပ်ရေးကာလတွင် အင်္ဂလန်နိုင်ငံပညာတော်သင်များအတွက် အကြံပေးအရာရှိအဖြစ် အမှုထမ်းခဲ့ရသည်။ ထို့ပြင် အင်္ဂလန်နိုင်ငံရှိ မြန်မာသံရုံး ပညာရေးသံမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရသည်။ အင်္ဂလန်နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် ၁၉၄၇-၄၉ ခုနှစ်၌ မြန်မာနိုင်ငံတော် ငွေကြေးဘုတ်အဖွဲ့ဝင် အဖြစ် ခန့်အပ်ခံရကာ ငွေစက္ကူများပေါ်တွင် `မောင်ကောင်း´ ဟူ၍ လက်မှတ်ရေးထိုး ခဲ့ရပါသည်။

ပညာမင်းကြီး[ပြင်ဆင်ရန်]

Sithu U Kaung.JPG
Kaung U Min Gyi Artist.jpg

လွတ်လပ်ရေး ရရှိပြီး ၁၉၄၉ ခုနှစ်တွင် ဦးကောင်း မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကာ လက်ထောက် ပညာမင်းကြီး အဖြစ် ခန့်အပ်ခံရ၏။ ထို့နောက် ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပညာမင်းကြီး အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရပါသည်။ ဦးကောင်းသည် ပညာရေး ဝန်ထမ်း တဦး အနေဖြင့်လည်း မြန်မာနိုင်ငံ တက္ကသိုလ် ဖွဲ့စည်းရေး ကော်မတီ အတွင်းရေးမှူး (၁၉၄၆-၄၇)၊ ယူနက်စ်ကို ပညာရေး မစ်ရှင် အဖွဲ့ အကြံပေး အရာရှိ (၁၉၅၀-၅၁) အဖြစ်ပါ တာဝန် ယူခဲ့ရပါသည်။

၁၉၅၃ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ပညာမင်းကြီးအား 'စည်သူ' ဘွဲ့ ပေးအပ်ခဲ့သည်။

သမိုင်းကော်မရှင် ဥက္ကဋ္ဌ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ သမိုင်း ကော်မရှင်နှင့် ပတ်သက်၍ ၂၁ အောက်တိုဘာ ၁၉၅၄ တွင် ဝန်ကြီးချုပ် ဦးနုက အတွင်းဝန် ဦးဝင်ဖေအား သမိုင်း ကော်မရှင် အဖွဲ့ ဖွဲ့စည်းလိုကြောင်း၊ အိန္ဒိယနိုင်ငံတွင် သမိုင်း ကော်မရှင် တခု ရှိပြီးဖြစ်ကြောင်း စတင် ပြောကြားခဲ့သည်။ ထို့နေ၌ပင် အိန္ဒိယနိုင်ငံ မြန်မာသံရုံးသို့ အိန္ဒိယနိုင်ငံ သမိုင်းကော်မရှင် ဖွဲ့စည်းပုံ ဥပဒေကို မှာယူခဲ့ရာ အောက်တိုဘာလ ၂၈ နေ့၌ ရောက်ရှိလာခဲ့သည်။

ယင်းဥပဒေကို လေ့လာပြီးနောက် မြန်မာနိုင်ငံ သမိုင်းကော်မရှင်အား ၂၆ ဇန်နဝါရီ ၁၉၅၅ တွင် စတင် ဖွဲ့စည်းလိုက်ပါသည်။ ထိုစဉ် ပညာမင်းကြီး ဦးကောင်းကို မြန်မာနိုင်ငံ သမိုင်း ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ရာ ၁၉၅၅ ခုနှစ်၊ ဇန်နဝါရီလမှ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ အထိ သမိုင်းကော်မရှင် ဥက္ကဋ္ဌ ရာထူးကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။

စာအုပ်စာပေ[ပြင်ဆင်ရန်]

ပညာမင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ ပညာရေး တိုးတက် မြင့်မားမှုကို ရည်သန်လျက် စာအုပ်စာပေ အချို့ကိုလည်း ရေးသား ပြုစုခဲ့ပါသည်။ ဦးကောင်း၏ မဟာဝိဇ္ဇာ ဘွဲ့ယူစာတမ်း (၁၉၂၉) ဖြစ်သော "ဗြိတိသှျတို့ မသိမ်းပိုက်မီနှင့် သိမ်းပိုက်ပြီးခေတ် မြန်မာနိုင်ငံ ပညာရေး သမိုင်း" အင်္ဂလိပ်ဘာသာ စာတမ်းကို မြန်မာနိုင်ငံ သမိုင်းသုတေသန ဂျာနယ် ၁၉၆၃ ဒီဇင်ဘာတွင် သီးခြား ပုံနှိပ်ခဲ့ပြီး ၁၉၉၅ ခုနှစ်၍ ဦးခင်မောင်ကြည်က မြန်မာဘာသာသို့ ပြန်ဆို ထုတ်ဝေခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် ကြည်နူးဖွယ်ရာ ကဗျာစာအုပ်ကို ထုတ်ဝေခဲ့သည်။

ထို့ပြင် ရန်ကုန် အထက်တန်းကျောင်းအုပ် အဖြစ် အမှုထမ်းနေစဉ်၌လည်း "မြန်မာကျောင်းများတွင် စာစီစာကုံး သင်ကြားနည်း" စာအုပ်ကို ရေးသား ပြုစုခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် အစီရင်ခံစာ အချို့ ရေးသား ပြုစုရာ၌လည်း "မြန်မာနိုင်ငံ တက္ကသိုလ် ဖွဲ့စည်းရေး ကော်မတီ အစီရင်ခံစာ (၁၉၄၇)"၊ "မြန်မာနိုင်ငံ ပညာရေး ရှစ်နှစ် (၁၉၄၇-၅၅) အစီရင်ခံစာ" စသည်တို့မှာ ထင်ရှားခဲ့၏။ ထို့ပြင် ၁၉၅၅-၅၆ မြန်မာနိုင်ငံ ပညာရေး တိုးတက်မှု အစီရင်ခံစာကိုလည်း ရေးသား ပြုစုခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၅၇ ခုနှစ်တွင် ကျင်းပမည့် သတ္တမတန်း စာမေးပွဲ မေးခွန်းများကို လုံခြုံ စိတ်ချမှု ရှိစေရန် အတွက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ ပုံနှိပ်ရေး ကိစ္စကို ပညာရေး မင်းကြီး ဦးကောင်းက တာဝန်ယူ ဆောင်ရွက်ခဲ့ရ၏။ သို့ဖြစ်၍ ပညာမင်းကြီး ဦးကောင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရသည်။ ၁၄ ဖေဖော်ဝါရီ ၁၉၅၇ တွင် ယူနက်စကို ဒါရိုက်တာ တဦး၏ ကားဖြင့် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့တွင်းသို့ လိုက်ပါသွားစဉ် မရိုးလမ်းနှင့် ချောင်ရင်ဂီ လမ်းထောင့်တွင် မြူနှင်းများ ထူထပ်စွာ ကျရောက်နေမှုကြောင့် ကားက လမ်းဘေး သံတိုင်အား အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိသွား၏။ ကားမောင်းသူ ကိုယ်စားလှယ်မှာ ဒဏ်ရာအနည်းငယ်သာ ရရှိသော်လည်း ပညာမင်းကြီး ဦးကောင်းမှာမူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ နံရိုးသုံးချောင်း ကျိုးသွားသဖြင့် ကာလကတ္တား ဆေးရုံသို့ တက်ရောက် ကုသခဲ့ရ၏။

ဒဏ်ရာမှာ ပြင်းထန်လှသည့် အလျောက် ၁၉ ဖေဖော်ဝါရီ ၁၉၅၇ တွင် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့၌ ကွယ်လွန် သွားပါသည်။ နောက်တနေ့တွင် ပညာမင်းကြီး ရုပ်ကလာပ်အား ရန်ကုန်သို့ လေယာဉ်ဖြင့် သယ်ယူပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သင်္ဂြိုဟ်ခဲ့၏။

ပညာမင်းကြီး ဦးကောင်း ကွယ်လွန်စဉ် ဇနီး ဒေါ်သိန်း၊ သား ဦးသော်ကောင်း (နောင် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး)၊ သမီး ဒေါ်ရီမေကောင်း၊ ဒေါ်ကြည်မေကောင်းတို့ ကျန်ရစ်ပါသည်။

ပညာမင်းကြီး ဦးကောင်း၏သား ဆရာကြီး ဒေါက်တာ (ဦး) သော်ကောင်းမှာ ဖူကူအိုကာဆုရ စာကြည့်တိုက် ပညာရှင် တဦး ဖြစ်ပါသည်။ ပညာမင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သကဲ့သို သားဖြစ်သူ ဆရာကြီး ဒေါက်တာ ဦးသော်ကောင်းမှာလည်း ၁၆ ဇန်နဝါရီ ၂၀၀၂ မှ စ၍ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် အချိန်ပြည့် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ [၁] ဆရာကြီး စည်သူဒေါက်တာသော်ကောင်းသည် ၂၀၁၆ ခုနှစ် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခြင်းခံရသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး ရေး ပထမဆုံး မြန်မာသမိုင်းကော်မရှင်နာ ဥက္ကဋ္ဌ ပညာမင်းကြီး စည်သူဦးကောင်း
  2. ဇန်နဝါရီလ ၂၀၊ ၂၀၁၇ ကြေးမုံသတင်းစာ စာမျက်နှာ ၁၆

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာသမိုင်းအဖွဲ့ နောက်ခံသမိုင်းနှင့် အဖွဲ့ဝင်များ အတ္ထုပ္ပတ္တိ၊
  2. ပညာမင်းကြီး ဦးကောင်းနှင့် (မောင်ဇေယျာ) စံပယ်ဖြူ မဂ္ဂဇင်း အမှတ် (၇)၊ ၂၀၀၀၊ ဩဂုတ်၊
  3. စည်သူဦးကောင်း နှစ်တရာပြည့် အထိမ်းအမှတ် (၁၉၀၄-၂၀၀၄) ပညာတန်ဆောင် အထူးစာစဉ်၊