မြန်မာနိုင်ငံသမိုင်း ကော်မရှင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကော်မရှင်ကို ၁၉၅၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်သည်။

  1. ပြည့်စုံခေတ်မီ၍ သိပ္ပံနည်းကျသော မြန်မာနိုင်ငံသမိုင်းကို ပြုစုရန်၊ ပြုစုရာ၌ စီးပွားရေးစနစ်ကို အခြေပြုသော လူနေမှု ဖွဲ့စည်းပုံစနစ်နှင့် လူမှုရေး ပြောင်းလဲလာပုံတို့ကို အလေးပေး၍ ရေးသား ပြုစုရန်၊
  2. ပစ္စက္ခမြန်မာနိုင်ငံသမိုင်းအတွက် အထောက်အထားအချက်အလက်များကို စုဆောင်းသိုမှီးရန်ဟူ၍ ရည်ရွယ်ချက် နှစ်ခုရှိသည်။

ကော်မရှင်၏ ဥက္ကဋ္ဌများကာ အောက်ပါတို့ဖြစ်ကြသည်။

  • စည်သူ ဦးကောင်း (အချိန်ပြည့်)၊ ၁၉၅၅ ခုနှစ် ဇန်နဝါရီလမှ ၁၉၅၆ ခုနှစ် ဇူလိုင်လအထိ။
  • စည်သူ ဦးကောင်း (အချိန်ပိုင်)၊ ၁၉၅၆ ခုနှစ်ဇူလိုင်လမှ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ။
  • ဒေါက်တာထင်အောင် (အချိန်ပိုင်း)၊ ၁၉၅၉ ခုနှစ် ဇန်နဝါရီလ အထိ။
  • သီရိပျံချီ ဦးသိန်းဟန် (အချိန်ပိုင်း)၊ ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလအထိ။
  • ဦးဖေမောင်တင် (အချိန်ပြည့်)၊ ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလမှ ၁၉၆၄ ခုနှစ် စက်တင်ဘာလအထိ။
  • ဒေါက်တာကျော်သက် (အချိန်ပိုင်း)၊ ယနေ့အထိ။

ကော်မရှင်အဖွဲ့ဝင်များကား စတင်ဖွဲ့စည်းစဉ်၊ ဥက္ကဋ္ဌ အပါအဝင် (၁ဝ)ဦး၊ ယခု ဥက္ကဋ္ဌ အပါအဝင် (၁၁)ဦးတို့ဖြစ်သည်။

မှုထမ်းရာထမ်းများမှာ စတင်ဖွဲ့စည်းစဉ်၊ ဥက္ကဋ္ဌ အပါအဝင်(၈)ဦး၊ ယခု ဥက္ကဋ္ဌ အပါအဝင် (၃၆) ဦးတို့ ဖြစ်သည်။

  • အုပ်ချုပ်မှု ဌာနစု
  • သုတေသန ဌာနစု
  • ဂီတသုတေသနဌာနစု
  • မော်ကွန်းဌာနစုဟူ၍ ဌာနစုလေးခုရှိသည်။

ယခင်က ဆပ်ကော်မရှင် ငါးခုရှိသည်။ ယခုတစ်ခုသာရှိသည်။

  • မှီငြမ်း အထောက်အထားများကို စုဆောင်းခြင်း၊
  • စုဆောင်းပြီး အထောက်အထားများကို စိစစ်လျက် အချက်အလက်များ ထုတ်နုတ်ခြင်း၊
  • ထိုအချက်အလက်များကို ညှိုနှိုင်းလျက် သမိုင်းရေးသားခြင်းဟူ၍ သမိုင်း ရေးသားရေးအတွက် လုပ်ငန်း အဆင့်သုံးဆင့်ရှိသည်။

မှီငြမ်း အထောက်အထားများကို စုဆောင်းခြင်းတွင် အောက်ပါ လုပ်ငန်းစဉ်လေးခု ပါဝင်သည်။

  1. တိမ်မြုပ်နေသော အထောက်အထားများကို ဖော်ထုတ်ခြင်း၊
  2. သိပြီးသော အထောက်အထားများကို စုဆောင်ရယူခြင်း၊
  3. တစ်ကွဲတစ်ပြား ဖြစ်နေသော အထောက်အထားများကို စုဆောင်းဆက်စပ်ခြင်း၊
  4. ထိုသို့ စုဆောင်းရာတွင် ခေတ်အလိုက် အမျိုးအစား ကွဲပြားနေသော အထောက်အထားများကို ဆီလျော်သော နည်းအမျိုးမျိုးဖြင့် ရှာဖွေစုဆောင်းခြင်း။

ကျောက်စာကူး အမှုထမ်းတို့သည် ရက်ပေါင်း ၁၇ဝဝ ကြာမျှ ၇၂ ကြိမ်ခရီးထွက်ပြီး၍ ကျောက်စာတိုင်ပေါင်း၃၅၉၄ကို မင်လှိမ့် ကူးယူရာ၊ ရွက်ရေပေါင်း ၁၂ဝ၄၉ ရွက်စုဆောင်းခဲ့ကြသည်။ ရှေးဟောင်းမင်စာသည် ကျောက်စာကဲ့သို့ အလားတူ အရေးကြီးသည်။ ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ အသုံးဝင်သည်။

ရှေးဟောင်း ဘုရားပုထိုး စေတီအဆောက်အအုံတို့၏ အတွင်းနံရံများပေါ်၌ တွေ့ရှိနိုင်သည်။

  • ရှေးဟောင်းမင်စာ ဓာတ်ပုံပေါင်း ၇၆၄ ပုံရိုက်ကူးပြီးပြီ။
  • ရှေးဟောင်း မင်စာကူး ရွက်ရေပေါင်း ၂၅၅၈ ကူးယူပြီးပြီ။

ရှေးက ရေးသားခဲ့သော ရာဇဝင်ကျမ်းများသည် မင်းများနှင့် နန်းတွင်းရေးရာများ အကြောင်းကိုသာ ကျယ်ပြန့်စွာ ဖော်ပြထားသည်။ ထိုကြောင့် သမိုင်း၊ အရေးတော်ပုံ၊ မော်ကွန်း၊ ဧချင်း၊ စစ်တမ်း၊ အိုင်ချင်း၊ ပျို့၊ ဘွဲ့၊ ရတု၊ လူးတား၊ မေတ္တာစာ၊ ဆုံးမစာစသည်များကို လေ့လာရန် လိုအပ်သည်။

  • စာမူစာတမ်း ၇၈ ခုကို မိုက္ကရိုဖလင် ရိုက်ကူးပြီးပြီ။
  • စာမူစာတမ်း ၁၉၂ ခုကို စာမျက်နှာ ၈၃၅၇ ကူးယူပြီးပြီ။

မြန်မာနိုင်ငံ သမိုင်းနှင့် စပ်ဆိုင်သော တရုတ်ရာဇဝင်ကျမ်းများနှင့် မှတ်တမ်းများ စုစုပေါင်း ၄၄၈၅ ခုကို စုဆောင်းပြီးပြီ။ ရှေးဟောင်း သုတေသန အထောက်အထားများသည် စာဖြင့် ရေးသားထားသော အထောက်အထားများထက် စိတ်ချရသည်။ ယင်းတို့သည်

  • ရှေးဟောင်း ဘုရားပုထိုး စေတီများ၊
  • ရှေးဟောင်း အဆောက်အအုံများ၊
  • ရှေးဟောင်း အနုပညာ လက်ရာပစ္စည်းများ၊
  • ရှေးဟောင်း လူအသုံးအဆောင်ပစ္စည်းများ ဖြစ်ကြသည်။

ထိုအထောက်အထားများကို ခရီးထွက်၍လည်းကောင်း၊ ရန်ကုန်မြို့ ရှေးဟောင်းသုတေသနဌာနနှင့် နယ်ဌာနခွဲများ၌ လည်းကောင်း လေ့လာရသည်။

  • နိုင်ငံအတွင်း သမိုင်းဆိုင်ရာဒေသ ၆၁ ခုသို့ ၇၂ ကြိမ်၊
  • နိုင်ငံအပ သမိုင်းဆရာ ဒေသ ၁၈ ခုသို့ ၁၄ ကြိမ်၊ ကွင်းဆင်းသုတေသန ခရီးထွက်၍ ရှာဖွေစုဆောင်းခဲ့သည်။

ထိုခရီးများနှင့် အောက်ပါတို့ကို စုဆောင်းရရှိခဲ့သည်။

  • ဆွဲပုံနှင့် ဓာတ်ပုံပေါင်း ၄၆ဝဝ ခန့်၊
  • ဓာတ်ပုံဖလင် ကွက်ပေါင်း ၁၂ဝဝ ခန့်၊
  • မိုက္ကရိုဖလင်အလိပ်ပေါင်း ၅၉၈၊
  • မိုက္ကရိုဖလင် အကွက်ပေါင်း (၂ဝ၉၃ဝဝ)၊
  • ရှေးဟောင်း မြို့ပြအဆောက်အအုံပုံစံ ၄၄၊
  • မြေပုံနှင့် မြေပုံဓာတ်ပုံပေါင်း ၇၅၇၊
  • အဖြူအမဲနှင့် ရောင်စုံ ဆလိုက်ပေါင်း ၄ဝဝ၊
  • ဆေးရေး ပန်းချီကောက်ကြောင်း ပုံပေါင်း ၁၁၆၊
  • ကူးယူပြီး ဓာတ်ပုံပေါင်း ၂၉၁၆။

အထောက်အထား စာအုပ်စာတမ်းများကို စာရင်းပြု၍ လည်းကောင်း၊ အသေးစိတ် လေ့လာမှတ်စုထုတ်၍ လည်းကောင်းကပ်ပြားတင်ရသည်။ တင်ပြီး ကပ်ပြားပေါင်း ၅၈၃၉ဝ ခုဖြစ်သည်။

ဘာသာပြန်ဆိုခြင်း[ပြင်ဆင်ရန်]

တရုတ်ဘာသာပြန်တစ်ဦးကို ၁၉၅၆ ခုနှစ်မှစတင်ခန့်ထား၍ လည်းကောင်း၊ ရှမ်းဘာသာပြန်တစ်ဦးကို ပုတ်ပြတ်စနစ်ဖြင့် ငှါးရမ်း၍လည်းကောင်း ဘာသာပြန်ဆိုခဲ့ရာ အောက်ပါအတိုင်း ပြီးစီးသည်။

  • တရုတ်စာမူပေါင်း ၃၅ ခုကို အင်္ဂလိပ်ဘာသာပြန်ဆိုရာ၊ လက်နှိပ်စက် စာမျက်နှာပေါင်း ၁၇ဝဝ။
  • ယင်းစာမူများမှ မှတ်စုကပ်ပြားထုတ်ရာ ကပ်ပြား ပေါင်း ၃ဝ၂၈၊
  • ရှမ်းပုရပိုက် ၆၄၂ မျက်နှာကို မြန်မာဘာသာပြန်ဆိုပြီး၊
  • ကုန်းဘောင်ခေတ်နှင့် ဗြိတိသျှခေတ်ကျမ်းပြု အရာရှိများက မြန်မာမှတ်တမ်း ၁၁ ခုကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး။

ပြည်ထောင်စု မြန်မာနိုင်ငံလူမျိုးစု ဘာသာစကား သုတေသန လုပ်ငန်း၏ ရည်ရွယ်ချက်သည် သမိုင်းအလျင် ခေတ်၏ သမိုင်းနှင့် ယဉ်ကျေးမှု၊ လူမျိုးစုများ ရွှေ့ပြောင်းခဲ့ပုံနှင့် ယဉ်ကျေးမှုများ ရောယှက်ခဲ့ပုံ၊ ဆက်သွယ်ပုံနှင့် ယင်းတို့မှရရှိသော သမိုင်းအထောက်အထားများကို ရယူရန်ဖြစ်သည်။ အချို့လူမျိုးစုတို့၏ စကားများမှာ ကွယ်ပျောက်လုနီးပြီဖြစ်၍ လျင်မြန်စွာ လေ့လာစူးစမ်းရန် လိုသည်။

သုတေသနစာတမ်းနှင့် ကျမ်းများ ရေးသားခြင်း[ပြင်ဆင်ရန်]

ပြုစုထုတ်ဝေပြီးသော သုတေသန စာစောင် စာတမ်းနှင့် ကျမ်းများကား အောက်ပါတို့တည်း။

  1. သမိုင်းတံခွန် အတွဲ(၁)၊ အမှတ်(၁)
  2. သမိုင်းတံခွန် အတွဲ(၁)၊ အမှတ်(၂)
  3. သမိုင်းတံခွန် အတွဲ(၂)၊ (ရိုက်နှိပ်ဆဲ)
  4. သမိုင်းတံခွန် အတွဲ(၃)(ပုံနှိပ်တိုက်သို့ အပ်နှံပြီး)
  5. ရှေးခေတ်ဟောင်း မြန်မာနိုင်ငံကျမ်း (ရိုက်နှိပ်ဆဲ)
  6. လောကထိပ်ပန်
  7. စလင်းမင်း မောင်ပေါင်းချောင် ဧချင်း
  8. မြန်မာန္ထအင်္ဂလိပြက္ခဒိန် (အေဒီ ၁၇ဝဝ မှ ၁၈၂ဝ)
  9. ဗင်္ဂလားသွား မှတ်တမ်း (ရိုက်နှိပ်ဆဲ)
  10. ရတနာသိမြို့ထွက် ရဲတင်းမော်ကွန်း (ရိုက်နှိပ်ဆဲ)
  11. မှတ်တမ်းစဉ် (၁)၊ (ရိုက်နှိပ်ဆဲ)
  12. အလောင်းမင်းတရားကြီး အမိန့်တော် (ပုံနှိပ်တိုက်သို့ အပ်နှံန် အဆင်သင့်)
  13. င်္မိမဒေသ အရေးတော်ပုံ (ပုံနှိပ်တိုက်သို့ အပ်နှံရန် အဆင်သင့်)
  14. ယဉ်ကျေးမှု စာစောင်၊ သမိုင်းတံခွန်၊ မြန်မာနိုင်ငံသုတေသန အသင်း ဂျာနယ်တို့တွင် ထည့်သွင်းပြီးနှင့် ထည့်သွင်းရန်ပေးပို့ပြီးသော သုတေသန ဆောင်းပါးပေါင်း ၄ဝ ခန့်။

မြန်မာနိုင်ငံသမိုင်း အခြေပြကျမ်းငယ်[ပြင်ဆင်ရန်]

ခေတ်မီပြည့်စုံသိပ္ပံနည်းကျသော မြန်မာနိုင်ငံသမိုင်း ကျမ်းကြီးကို ပြုစုရေးသားရေးတွင် ကာလအတန်ကြာ အချိန်ယူ၍ စေ့စပ်သေချာစွာ ဆောင်ရွက်ရမည်ဟု မူလကတည်းက ယူဆခဲ့သည်။ လုပ်ငန်း အတွေ့အကြုံများအရလည်း အောက်ပါအချက်တို့ကို တွေ့ရှိရသည်။

  1. သမိုင်းအထောက်အထားများမှာ အလွန်မြောက်မြားလှသဖြင့် ဆက်လက် ရှာဖွေရန် လိုနေသေးခြင်း၊
  2. ကမ္ဘာ့ သုတေသန အဆင့်အတန်းမီ သမိုင်းဆိုင်ရာ ကျမ်းစဉ်များကို အခါအားလျော်စွာ တည်းဖြတ်ရန်နှင့် ပြုစုရန် လိုအပ်ခြင်း၊
  3. သမိုင်း အထောက်အထားများကို ဆက်လက်ရှာဖွေ စုဆောင်းသွား၍၊ ပြုစုပြီး သမိုင်းကျမ်းစဉ်များကိုလည်း ပြန်လည်ဖြည့်စွက် ပြင်ဆင်သွားရန် လိုမည်ဖြစ်ခြင်း။

ထိုကြောင့် မြန်မာနိုင်ငံ သမိုင်းစဉ်မှ မြန်မာ့ လူနေမှုစနစ်ဖြစ်သော စီးပွားရေးနှင့် ယဉ်ကျေးမှုအချက် အလက်များကို အဓိကထား၍ မြန်မာနိုင်ငံသမိုင်း အခြေပြကျမ်းငယ်ကို ပြုစုဆောင်ရွက်လျက်ရှိသည်။

မော်ကွန်းဌာနလုပ်ငန်း[ပြင်ဆင်ရန်]

နိုင်ငံတော် မော်ကွန်းဌာန တည်ထောင်၍ အခြေစိုက်ဆောင်ရွက်ရန် လိုအပ်သဖြင့် အောက်ပါလုပ်ငန်း အစီအစဉ်များကို ချမှတ်ထားသည်။

  1. အစိုးရဌာနအသီးအသီးတွင် မှတ်တမ်းများကို မည်သို့ ထိန်းသိမ်း သိုမှီးနေသည်ကို စုံစမ်းထောက်လှမ်းရန်၊
  2. ထိုသို့ထိန်းသိမ်းရေးလုပ်ငန်း၌ ကော်မရှင်နှင့် အစိုးရဌာနများတို့ ညှိုနှိုင်းဆောင်ရွက်ရန်၊
  3. လိုအပ်သော ဥပဒေများကို ရေးဆွဲတင်ပြ ပြဋ္ဌာန်းရန်၊
  4. နိုင်ငံတော်မော်ကွန်းဌာန တည်ထောင်ရေးအတွက် စီမံကိန်း ရေးဆွဲရန်။

သို့သော် အကြောင်းကြောင်းတို့ကြောင့် တကယ်တမ်းမဆောင်ရွက်နိုင်သေးချေ။ ထိုကြောင့် မော်ကွန်းဌာနစုသည် သမိုင်းပြုစုသည့် လုပ်ငန်းတွင် အောက်ပါတို့ကို ဆောင်ရွက်လျက်ရှိနေသည်။

  1. အထောက်အထားများ စုဆောင်းရေး လုပ်ငန်းတွင် ကူညီဆောင်ရွက်ခြင်း၊
  2. ထိုအထောက်အထားများကို စနစ်တကျ စီစဉ်ထိန်းသိမ်းခြင်း၊
  3. ကော်မရှင်တွင်း ပုဂ္ဂိုလ်များအား အစီအစဉ်ဖြင့် ငှားရမ်းထုတ်ပေးခြင်း၊

မော်ကွန်းဌာနစုသည် အောက်ပါတို့ကို စုဆောင်း သိုမှီးခဲ့သည်။

  1. တရုတ်အထောက်အထား ၄၄၈၅ ခုနှင့် ယိုးဒယားအထောက်အထား ၅၄ ခု အပါအဝင် စာအုပ်စာတမ်းပေါင်း ၈ဝ၆၄ခု၊
  2. မဂ္ဂဇင်း စာအုပ်ပေါင်း ၇၁၉၊
  3. သတင်းစာ လစဉ်အုပ်တွဲပေါင်း ၁၅ဝဝ ခန့်၊
  4. ပြည်ပသုတေသန စာစောင် စတမ်း ၅ဝဝ ခန့်၊
  5. အစိုးရ ဌာနခွဲငါးခုမှ လစဉ် အစီရင်ခံစာများ၊
  6. အထက်ဖော်ပြပါ ကျောက်စာ၊ မင်စာ၊ စာပေအထောက်အထား၊ တရုတ်အထောက်အထား၊ သုတေသန ခရီးမှ ရှာဖွေရသော အထောက်အထား၊ ကပ်ပြား၊ ဘာသာပြန်၊ သာဘာစကားတို့ကို စုဆောင်း သိုမှီးထားပြီးဖြစ်သည်။

မော်ကွန်းလုပ်ငန်း တိုးချဲ့စီစဉ်ချက်နှင့် မြေ|ာ်မှန်းချက်[ပြင်ဆင်ရန်]

လုပ်အားနှင့် လုပ်ဆောင်ခွင့် အာဏာများကို မရရှိခဲ့၍ အစိုးရမှတ်တမ်းများ ထိန်းသိမ်းရေး မော်ကွန်းလုပ်ငန်း စစ်စစ်ကို ထိရောက်စွာ စတင် မဆောင်ရွက်နိုင်ခဲ့သေးချေ။

  1. နိုင်ငံ၏ နေ့စဉ်မှတ်တမ်း မော်ကွန်းကို စီရင်ပြုစုခြင်း၊
  2. ထိုမှတ်တမ်း မော်ကွန်း၏ အညွှန်းများကို ပြုစုခြင်း၊
  3. နိုင်ငံတော် မော်ကွန်းဌာန တည်ထောင်ရေးအတွက် မေးခွန်းလွှာများ ရေးဆွဲလျက် စုံစမ်းထောက်လှမ်းခြင်း၊
  4. စီမံကိန်းနှင့် ဥပဒေကြမ်းအမိန့်များ ရေးဆွဲတင်ပြခြင်း စသည်တို့ကို ဆောင်ရွက်ရန် အစီအစဉ်ရှိသည်။
  5. ထိုမှတစ်ဆင့် နိုင်ငံတော်မော်ကွန်းကို တည်ထောင်ရန် မျှော်မှန်းသည်။

ဂီတသုတေသနလုပ်ငန်း[ပြင်ဆင်ရန်]

ကော်မရှင်၏ မူလလုပ်ငန်းများတွင် ဖြည့်စွက်ဆောင်ရွက်နိုင်ရန်၊ ဂီတသုတေသနဌာနစု တစ်ခုကို ၁၉၆ဝ ပြည့်နှစ် နိုဝင်ဘာလမှ စတင်ထားရှိခဲ့သည်။ အောက်ပါလုပ်ငန်းစဉ်များကို ချမှတ်၍ ကော်မရှင်အဖွဲ့ဝင်လူကြီး သီရိပျံချီ ဦးသိန်းဟန်ကို ကြီးကြပ်သည်

  1. ရှေးသီးချင်းကြီးများနှင့် သက်ဆိုင်သော ရာဇဝင်အဖြစ်အပျက် အကြောင်းအရာများကို စုံစမ်းရှာဖွေရေးသားရန်၊
  2. ထိုသီချင်းကြီးများကို ရေးသားခဲ့ကြသော ပုဂ္ဂိုလ်များ၏ အထုပ္ပတ္တိများကို စုံစမ်းရှာဖွေ ရေးသားရန်၊
  3. ထိုသီချင်းကြီး များနှင့် သက်ဆိုင်သောခေတ်၏ အခြေအနေ အကြောင်းများကို လည်းကောင်း၊ ပေ၊ ပုရပိုက်၊ အမှတ်အသား စသည်တို့ကို လည်းကောင်း စုံစမ်း ရှာဖွေ၍ ရေးသားရန်နှင့် ရေးကူးရန်၊
  4. ထိုသီချင်းကြီးများ၏ အနက်အဓိပ္ပါယ်တို့ကို စုံလင်နိုင်သမျှ စုံလင်စွာ စုံစမ်း ရှာဖွေ ရေးသားရန်၊
  5. သုတေသန ပြုပြီးသောအခါ ပုံနှိပ်ထုတ်ဝေရန်။

ဂီတသုတေသနမှူးသည် သုတေသန စာတမ်း ၅ဝ ကျော်ကိုပြုစုပြီးပြီ။ အောက်တွင် အနည်းငယ်ဖော်ပြသည်။

  1. ကြောက်ဖွယ် ဘုန်းတန်ကြိုးအဖြေ၊
  2. မူးတော်ခေါ် တူးမြောင်းတော်ကြီး၊
  3. အလောင်း မင်းတရားကြီး ဘုရားဖြစ်မည့် တဘောင်များ၊
  4. သင်ရိုးကြိုး ငါးပုဒ်၊
  5. စိန်ကြယ် လင်းညီး ရောင်နွယ် မွန်သံ သီချင်းအဖြေ၊
  6. ဘုရင်မ ရှင်စောပု၏ ရာဇဝင်အကျဉ်း၊
  7. စိန်ကြယ်လင်းညီး မွန်သီချင်း၊
  8. မြဝတီမင်းကြီး စာမူ၊
  9. အမျက်ကျောက်ရတနာ၊
  10. နန္ဒယော်ဓာကို ဝန်ကြီးခန့် ပြန်တမ်း အမိန့်တော်၊ (သက္ကရာဇ် ၉၉၉ ခုနှစ်)
  11. အောင်ပင်လယ် (ကန်တော်) ကြိုးစာတမ်း၊
  12. ဘိုးတော်ဘုရား လက်ထက် ကုန်သည် ဦးနု ဗင်္ဂလားသွား နေ့စဉ်မှတ်တမ်း၊
  13. အလောင်းဘုရား မူးမြစ်တော် ဆည်ပုံ (မြေပုံ)၊
  14. ကင်းဝန်မင်းကြီး အဖွဲ့အိန္ဒိယနှင့် ဥရောပသွား ခရီးစဉ် ဆောင်းပါး ရကန်လင်္ကာများ၊
  15. သက္ကရာဇ် ၉၉၆ ခု၊ သာလွန်မင်းတရား အမိန့်တော်၊ (ဝင်းအဆောင် စသည့်အမိန့်)၊
  16. မိုးည|င်းမင်းတရား၊
  17. ရှစ်ဌာနကင်းစာရင်း၊
  18. ဘကြီးတော်ဘုရားလက်ထက် နိုင်ငံတော် လေးမျက်နှာ တာဝန်ခံ စည်းကြပ်သော ရဲမက်တော် စာရင်း၊
  19. အစု အငန်း တိုက်စု မြို့စု ရာဇဝင်အမိန့်တော်တမ်း၊
  20. မင်းကြိး ပဒေသရာဇာ၏ အစုအငန်းဘွဲ့ စာတမ်း၊
  21. လူမျိုး ၁ဝ၁ ပါး ရေတွက်ပုံ၊ မှုထမ်းဖွဲ့ပုံ၊ လက်နက်၊ စည်းကမ်းများ၊
  22. ဂီတသံများကို သုတေသနပြုထားသော ဂီတဝါဒီတ စာတမ်း၊
  23. လယ်ထွန်မင်္ဂလာ စာတမ်း။

လက်ထောက် ဂီတသုတေသနမှူးသည် သီချင်းကြီး၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ ကြိုး၊ ဘွဲ့စသည့် ရှေးသီချင်း ကြီးပေါင်း ၂ဝ ကျော်ကို အသံသွင်းပြီးပြီ။ အချို့သော သီချင်းကြီးတို့ကို မူကွဲအမျိုးမျိုးနှင့် တိုက်ဆိုင်လေ့လာပြီးလျှင် ဥယျောဇဉ် အဓိပ္ပါယ်ရှင်းတမ်း၊ အသံ၊ စည်း၊ ဝါးနှင့်တကွ အသံသွင်းခြင်း စသည်တို့ ပြုခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)