ကုလားအုတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ကုလားအုတ်
ကုလားအုပ်


သဲကန္တရမှာ ခရီးအသွားရ အလာရ ခက်ခဲသော အရပ်ဒေသဖြစ်သော်လည်း အလွယ်တကူ ဖြတ်ကျော် သွားလာနိုင်ရန် သဘာဝက တိရစ္ဆာန်ထူးတစ်မျိုးကို ဖန်တီးပေးထားလေသည်။ ထို တိရစ္ဆာန်မှာ အခြားမဟုတ်။ အရုပ်ဆိုးသလောက် အဖိုးတန်သော ကုလားအုပ်ပင်ဖြစ်၏။

သွင်ပြင်လက္ခဏာ[ပြင်​ဆင်​ရန်​]

ကုလားအုပ်သည် လည်ပင်းမှာ ကိုယ်ထည်နှင့် စာလျင် အလွန် ရှည်လျားနေရုံသာမက အကြည့်ရလည်း ဆိုးလေသည်။ ခြေ များမှာလည်း ခွာပါ၍ နှစ်ခြမ်းကွဲနေ၏။ ဤကဲ့သို့ ကွဲနေသည်မှာ ခြေမျက်စိအနီးသို့ပင် ရောက်နေသည်။ ဦးခေါင်းမှာ သေးငယ်ရုံသာမက အရုပ်လည်းဆိုး၏။ အညိုရောင်မျက်လုံးမှာလည်း အပြင်ဖက်သို့ အတန်ငယ်ပြူးထွက်လျက် နေပေသည်။ သူ၏ နှာခေါင်းမှာ အခြားတိရစ္ဆာန်များနှင့်မတူဘဲ ထူးထူးခြားခြား အကွဲကလေးများရှိသည်ကို တွေ့ရ၏။ နှာခေါင်းပေါက်ကို အလိုရှိသလို ကျယ်လာအောင်လုပ်နိုင်၍ သဲကန္တာရအတွင်း၌ ပြင်းထန်သော သဲမုန်တိုင်းများ ကျရောက်လျင် လေဝင်ပေါက်မရှိ အောင်လည်း တင်းကျပ်စွာပိတ်ဆို့ ထားနိုင်သည်။ ကိုယ်ပေါ်၌ ပေါက်သော အမွေးများမှာ ကြမ်းတမ်းရုံသာမက မညီမညာ ဖရိုဖရဲ ဖြစ်လျက်ရှိသည်။ အဖုအထစ်များသော ဒူးနှင့် ကွေးညွတ်လျက်ရှိသော ရင်ရိုးများပေါ်တွင် ကြမ်းတမ်းသော သားရေ ကဲ့သို့ အခံများကို တွေ့ရလေ့ရှိသည်။ ကုလားအုပ်၏ လပို့မှာ အလွန် ကြည့်ရဆိုးသည်။

ကန္တာရသင်္ဘော[ပြင်​ဆင်​ရန်​]

သဲကန္တာရထဲတွင် ကုလားအုပ်လောက်အဖိုးတန် အသုံးဝင်သော တိရစ္ဆာန် မရှိသဖြင့် ကုလားအုပ်ကို “ကန္တာရသင်္ဘော” ဟူ၍ ခေါ်ဝေါ် ကြသည်။ ကုလားအုပ်သည် သဲကန္တာရထဲ၌ အဖိုးတန်ရခြင်းမှာ အလွန်ရှည်လျားဝေးလံသောခရီးကို အစာရေစာ အနည်းငယ်မျှစား သောက်ရုံနှင့် တာရှည်သွားလာနိုင်သောကြောင့် ဖြစ်ပေသည်။ ထူးဆန်းသည်မှာ ကုလားအုပ်၌ အာဟာရကို သိုလှောင်ထားသော လပို့ ပါရှိခြင်းပင်ဖြစ်သည်။

ခရီးလမ်းအကြား၌ အစာရေစာရှားပါးသောအခါ ကုလားအုပ်သည် လပို့ထဲ၌ အဆီအဖြစ် သိုလှောင်ထားသော အာဟာရကို သုံးစွဲသည်။ ထို့ကြောင့် အလွန်ရှည်လျားပင်ပန်းသော ခရီးကြမ်းကို နွမ်းနယ်စွာသွားပြီးသည့်နောက်တွင် ကုလားအုပ်၏ လပို့မှာ ပျောက်ကွယ်လု မတတ်ငယ်သွားတတ်သည်။ သို့သော် လိုရာခရီးသို့ရောက်၍ ကောင်းစွာနားနေပြီးသော် အစာကောင်းကောင်း စားရလျှင် ထိုလပို့မှာ ချက်ခြင်းပင် ပြန်လည်ဖေါင်းကြွ လာတတ်ပေသည်။

ကုလားအုပ်သည် အစာကို သိုလှောင်နိုင်ရုံသာမက ရေကိုလည်း ကျယ်ဝန်းသော အစာအိမ်ထဲရှိသည့် အထူးရေခန်းများ၌ ခရီးရှည်လျှင်ရှည်သည့်အလျောက် ရက်ပေါင်းများစွာခံနိုင်ရန် သိုမှီးထားနိုင်ပေသည်။ ဤကဲ့သို့ ရေကို သိုမှီးထားနိုင်ခြင်းကြောင့် ကုလားအုပ်သည် သဲကန္တာရထဲတွင် အသုံးဝင်ဆုံးဖြစ်သည်။ ကြမ်းတမ်းပြင်းထန်သော သဲမုန်တိုင်းကျလာသောအခါ နှာခေါင်းကို လေဝင်ပေါက်မရှိအောင်ပိတ်ထားနိုင်သည်။ ထို့ပြင် မျက်လုံးများကိုလည်း အလွန်တရာ ထူထဲလေးလံသော မျက်တောင်တို့ဖြင့် သဲမဝင်အောင် ကာကွယ်ထားနိုင်သေးသည်။

အကျင့်စရိုက်[ပြင်​ဆင်​ရန်​]

ကုလားအုပ်တွင်ထူးခြားသောအချက်မှာ သူ၏ဦးခေါင်းအနီးသို့ ကပ်လာလျှင် အကြောင်းရှာမရဘဲ ဒေါသထွက်တတ်သော အလေ့ ဖြစ်သည်။ ဤသို့ ဒေါသထွက်လာလျှင် ကုလားအုပ်သည် နီးရာလူကို ကိုက်ခဲခြင်း၊ ကန်ကျောက်ခြင်း စသည်တို့ကို ပြုလုပ်တတ်သည်။ ကုလားအုပ်အစာဝါးပုံမှာ လူနှင့်မတူဘဲ၊ သူ၏ အောက်မေးရိုးကို နံဘေးတစ်ဖက်တစ်ချက်သို့ ထိုမှဤသို့ ပုခက်လွှဲသကဲ့သို့ လှုပ်ရှား ကာကြိတ်ဝါးသည်။ ကုလားအုပ်သည် နှစ်ပေါင်းများစွာကပင် သဲကန္တာရအတွင်း သွားလာသူတို့ အတွက် အသုံးအဝင်ဆုံး တိရစ္ဆာန် ဖြစ်ခဲ့သည်။ အသုံးအဝင်ဆုံးဖြစ်ရခြင်းမှာလည်း အပူဒါဏ်ကိုခံနိုင်ခြင်း၊ အစာငတ်ရေငတ်တာရှည်စွာခံ နိုင်ခြင်းတို့အပြင် ကြီးမားသော ခွန်အားရှိခြင်းကြောင့်ပင် ဖြစ်သည်၊ သို့သော်လည်း ကုလားအုပ်သည် အကောင်ကြီး သလောက် ထုံထိုင်းသည်။

ကုလားအုပ်ကို ဒူးထောက်ခိုင်းရန်မှတစ်ပါး အခြားအရာတို့ကို အလွယ်တကူမစေခိုင်းနိုင်ပေ။ ဤကဲ့သို့ ဒူးထောက်သည့်အခါတွင် ကုလားအုပ်သည် မည်မျှမာကျောသော မြေကြီးပေါ်တွင် ဒူးထောက်ရသည်ဖြစ်စေကာမူ နာကျင်ခြင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ဒူးဆစ်ပေါ်တွင် ဒူးအခံအင်္ဂါတစ်မျိုးရှိနေသောကြောင့်ဖြစ်သည်။ ဒူးထောက်ခိုင်းသည့်အခါ မိမိကိုယ်ပေါ်သို့ လေးလံသော ဝန်ထုပ် ဝန်ပိုးကြီးများ တင်တော့မည်ကိုသိ၍ ကျယ်လောင်စွာ ညည်းညူတတ်သည်။ ကုလားအုပ်သည် ကျယ်ပြန်၏သော သဲကန္တာရကြီးများ ကိုကျော်ဖြတ်၍ တစ်တန်. ၄ ပုံတစ်ပုံခန့် ရှိသော အလေးချိန်ကို မိုင်ပေါင်းများစွာ လွယ်ကူသက်သာစွာ သယ်ဆောင်နိုင်သည်။ ကုလားအုပ်လမ်းလျှောက်ပုံမှာ ရိုးရိုးသာမန်တိရစ္ဆာန်တို့ လမ်းလျှောက်ပုံနှင့် အလျင်းမတူချေ။ ကုလားအုပ်စီးရသည်မှာ သင်္ဘော စီးရသည်နှင့်တူသဖြင့် လှိုင်းမူးတတ်သူများ ကုလားအုပ်စီးရန် မသင့်ပေ။ ကုလားအုပ်သည် လမ်းလျှောက်ရာ၌ ကိုယ်နံဘေးရှိ ခြေ တစ်စုံလုံးကို တစ်ချိန်တည်းပင့်မြှောက်ပြီးလျှင် ခြေလှမ်းလှမ်းရုံသာမကသေးဘဲ ကိုယ်ထည်ကြီးတစ်ခုလုံးကိုလည်း နံဘေးသို့ ပစ်လွှဲ လျက် စောင်းငဲ့ကာသွားလေ့ ရှိသည်။

ထိုကြောင့် ကုလားအုပ်စီးသောသူမှာ လှိုင်းစီးနေသော လှေကဲ့သို့ နိမ့်လိုက်မြင့်လိုက်ဖြစ်လျက် ရာသီဥတုကြမ်းတမ်း ပြင်းထန်နေစဉ် သင်္ဘောဖြင့်ခရီးသွားရသည်နှင့် မည်သို့ မျှ မခြားပေ၊ ကုလားအုပ်များ၏ လှုပ်ရှားသွားလာပုံမှာ ပြင်းထန်လှသည် ဖြစ်ရာ ကုန်စည် များကို တိတ်တဆိတ်ခိုးသွင်းရောင်း ချမှုကို လိုက်လံဖမ်းဆီးရသည့် အီဂျစ်နိုင်ငံမှ ကုလားအုပ်စီး ပုလိပ်များမှာ တစ်နေကုန် တစ်နေ ခန်း ကုလားအုပ်စီး၍ ခရီးသွားရာတွင် သူတို့၏ ကိုယ်ကို ရှည်လျားသော အဝတ်တို့ဖြင့် တင်းကျပ်စွာ ချည်နှောင်၍ ထားရသည်။

ကုလားအုပ်မှာ အသုံးဝင်သည်မှန်သော်လည်း စိတ်နှလုံးကောင်းမရှိသောကြောင့် လူတို့.ချစ်ခင်မှုကို ခံယူရရှိခြင်း မရှိပေ၊ ရန်လို သောစိတ်ရှိ၍ အခွင့်သာတိုင်း အဖော်အပေါင်း ကုလားအုပ်များကို ကန်ကျောက်ကိုက်ဖဲ့ရန် အမြဲကြံစည်တတ်သည်။ အခါအခွင့် ကောင်းလျှင် အနီးကပ်လာသောလူကိုပင် ရန်မူတတ်သည်။ သခင်ကိုကောင်းစွာမှတ်မိသိရှိသော်ငြားလည်း ချစ်ခင် မြတ်နိုးပုံမပြဘဲ ရိုင်းစိုင်းသည့်အသွင်ကိုသာပြ၏။ ပင်ပန်းဆင်းရဲလှသောကြောင့် သနားညှာတာသည့်စိတ်နှင့် သူတို့အား မည်ကဲ့သို့ပင် ချစ်ခင် ကြင်နာ စေကာမူ သခင်ကို တုံ့၍ ပြန်ချစ်ခင်ခြင်း လုံးဝမရှိကြပေ။ ကုလားအုပ်မှာ နူးညံ့ ပျော့ပျောင်းသောစိတ် ထားဟု အလျင်းမရှိဟု ထင်ရ သော်လည်း မိခင်အဖြစ်ဖြင့်မူ သားငယ်တို့ကို အလွန်ဂရုစိုက် ခင်မင်ကြင်နာပုံရပေသည်။

ကုလားအုပ်ငယ်မှာ မွေးမွေးခြင်း ၃ ပေမျှ မြင့်၏။ နွားပေါက်စကလေးထက်ပင်ပို လေးသော်လည်း ခြေထောက်များမှာ လွန်စွာအား လျော့ ပျော့ညံ့လှသောကြောင့် လမ်း ကောင်းကောင်းမလျှောက်နိုင်ချေ၊ မိခင်ကုလားအုပ်မကြီးမှာ သားကိုချစ်ခင်သော်လည်း အခြား ကုလားအုပ်များနှင့် ရောနှောအုပ်ဖွဲ့ကာ ခြစ်ခြစ်တောက်ပူပြင်းလှသော သဲပြင်များကို ကျော်ဖြတ်၍ တစ်နေ့လျှင် ၂၅ မိုင်နှုန်းမျှနှင့် ခရီးသွားနေရရှာသည်။ ထိုအခါမျိုးတွင် အမြဲပူးတွဲယုယနေရန် မဖြစ်နိုင်သောကြောင့် ကုလားအုပ်ငယ်ကို ပုခက်တစ်ခုထဲတွင် ကုန်စည် များနှင့်အတူ အခြားကုလားအုပ်တစ်ကောင်က ခရီးပြင်း တစ်လျှောက် သယ်ဆောင်သွားရပေသည်။

ကုလားအုပ်ငယ်ကို မိခင်လုပ်သူ၏ ကျောကုန်းပေါ်တွင် မတင်ဘဲ အခြားကုလားအုပ်တွင် တင်ဆောင်ရသည်မှာ မည်သည့်အတွက် ကြောင့်နည်းဟူ၍ မေးဖွယ်ရှိ၏။ ဆိုခဲ့သည့်အတိုင်း ကုလားအုပ်မှာ အလွန်ထုံထိုင်းလှသည်ဖြစ်ရာ မိမိ၏ သားငယ်ကို ကုန်းပေါ်တွင် ကိုယ်တိုင်တင်ထားလျက်နှင့် သားငယ် ပျောက်ဆုံးသွားပြီ သို့မဟုတ် ကျန်ရစ်ခဲ့လေပြီဟု ပူပန်စိုးရိမ်ခြင်း ဖြစ်တတ်သည်။ ထိုကြောင့် ဤကဲ့သို့သော စိုးရိမ်ပူပန်ခြင်းမျိုး မဖြစ်ပေါ်ရအောင် မိခင်ကုလားအုပ်မကြီး၏ ရှေ့မှ ကုလားအုပ် တစ်ကောင်ပေါ်တွင် မိခင် မြင်သာ အောင် တင်ဆောင်သယ်ယူစေရခြင်းဖြစ်သည်။ ရှေ့မှသွားသော ကုလားအုပ် တွင် ကုလားအုပ်ငယ်သည် ပုခက်ထဲ ပါနေသည်ကို တွေ့ရလျှင် မိခင်ကုလားအုပ်မကြီးသည် ကျေနပ်နှစ်သိမ့်စွာ ခရီး သွားနိုင် လေတော့သည်။

ကုလားအုပ်မှာ အစာရေစာနှင့်စပ်လျဉ်း၍ လူတို့အား ဒုက္ခမရှာတတ်ဆုံးသတ္တဝါဟုဆိုနိုင်သည်။ တစ်နေ့တာမျှ ခရီးသွားပြီးလျှင် ပဲစေ့ခြောက် သို့မဟုတ် မာကျောသော [[စွန်ပလွံခြောက် အနည်းငယ်ကိုသာ ကျွေးရသည်။ ဤမျှနှင့် မတင်းတိမ်သောအခါ တွင် ကုလားအုပ်သည် သဲကန္တာရတစ်လျှောက် နေရာအနှံ့အပြား ပေါက်ရောက်သော ဆူးပင်ချုံဖုတ် စသည်တို့ကို ဝါးစား၏။ ကုလားအုပ် များသည် တွေ့မရှောင် မရွေးချယ်ဘဲ ရရာကို စားတတ်သည်။ သူတို့ကိုယ်တွင် တတ်ဆင်ထားသော သားရေဇက်ကြိုးများကိုသော် ၄င်း၊ တဲဖျင်အဝတ်များကို၄င်း၊ လွယ်ရာကို ဝါးစားတတ်၏။ ကုလားအုပ်၏ အစာချေချက်နိုင် သောသတ္တိမှာ အလွန်ကောင်းသဖြင့် အဆိပ်များကိုပင်လျှင် အတန်ခံနိုင်ရည် ရှိသည်။

ကုလားအုပ်၏ ခြေထောက်များမှာ နူးညံ့ပျော့ပျောင်း၍ ကူရှင်ဖုံများကဲ့သို့ ငြိမ့်ငြောင်းလျက်ရှိနေရာ သဲထဲတွင်နင်းလျှောက်သွားနိုင် ရန်အတွက် အကောင်းဆုံးဖြစ်သည်။ ဒူးဆစ်များနှင့် ရင်အုပ်မှာ ထူထဲကြမ်းတမ်းသောအခံများဖြင့် ကွယ်ကာ ထားသောကြောင့် မြေကြီးပေါ်တွင် ဒူးတုပ်ထိုင်ချလိုက်သည့် တိုင်အောင် မည်ကဲ့သို့မျှ နာကျင်ခြင်းမရှိပေ။ ပူပြင်းခြောက်သွေ့သော သဲန္တာရများတွင် ကုလားအုပ်မှာ ကုန်သည်များအဖို့ မြင်းလည်းမည်၏၊ နွားအဖြစ်ဖြင့်လည်း အသုံးချနိုင်၏။ သိုးအဖြစ်ဖြင့်လည်းအသုံးဝင်၏၊ ကုလားအုပ်သည် အလေးအလံ ဟူသမျှကို ခရီးဝေးသယ်ပိုး သွားလာနိုင်သည်။ လူတို့ စားသောက်ရန် အစာရေစာအဖြစ်ဖြင့်လည်း အသား၊ နို့ စသည်တို့ကိုပေးသည်။ ထိုမျှသာမက သူ၏အမွေးကို အဝတ်အထည် ရက်လုပ်၍ ဝတ်ဆင်နိုင်သေး၏။ ဤအရုပ်ဆိုး ထုံထိုင်းသော တိရစ္ဆာန်မျိုးသာမရှိလျှင် သဲန္တာရတွင် နေထိုင်မည့်သူ တစ်ယောက်မျှ မရှိဘဲ လွင်တီးခေါင်ကြီးသာ ဖြစ်နေပေလိမ့်မည်။

ကုလားအုပ် ၂မျိုး[ပြင်​ဆင်​ရန်​]

ကုလားအုပ် ၂ မျိုးရှိသည်၊ အာရေဗျကုလားအုပ်မျိုးမှာ အရပ်မြင့်မြင့် ခြေတံရှည်ရှည်နှင့် ကျောကုန်းပေါ်တွင် လပို့တစ်ခုတည်းသာ ရှိသည်။ ယင်းကုလားအုပ်မျိုးကို ဒရွမ်မီဒရီကုလားအုပ်ဟုလည်းကောင်း၊ ဘို့တစ်လုံးကုလားအုပ်ဟုလည်းကောင်း ခေါ်တွင်သည်။ ယင်းတို့ကို အပြေးပြိုင်ရန်နှင့် ခရီးမြန်သွားရန်အတွက် အထူးလေ့ကျင့်ပေးနိုင်သေးသည်။

အခြားကုလားအုပ်တစ်မျိုးမှာ ဗက်ထရီယန်ကုလားအုပ်မျိုးဖြစ်၍ အာရှတိုက်အလယ်ပိုင်းတွင် နေထိုင်သည်။ ထိုကုလားအုပ်မျိုးတွင် လပို့ ၂ ခုရှိသည်။ ဘို့နှစ်လုံးကုလားအုပ်ဟုလည်း ခေါ်တွင်သည်။ ဗက်ထရီယန်ကုလားအုပ်မှာ ဆွေနီးမျိုးစပ်ဖြစ်သော အာရေဗျ ကုလားအုပ်ထက်ပို၍ ကိုယ်လုံးကိုယ်ထည် ကြီးပြီးလျှင် ခြေထောက်မှာတို၍ သန်မာတောင့်တင်းသည်။ ကိုယ်ပေါ်ရှိအမွေးမှာလည်း ပို၍ ထူကာ ဖားလျားကျနေ၏။ သို့သော် ခြေထောက်မှာ ကူရှင်ကဲ့သို့ ငြိမ့်ငြောင်းခြင်း မရှိရုံ သာမက မပျော့ပျောင်းသည်ကိုလည်း တွေ့ရ၏။ ဤကုလားအုပ်မှာ လပို့ ၂ ခုရှိသည်နှင့်အညီ အပူအအေး ၂ ဌာနစလုံး၏ခံနိုင်ရည်ရှိသည်။ သန်စွမ်းသော ဤကုလားအုပ် သည် အလွန် ပြင်းထန်သောအပူနှင့် ချမ်းမြလှသောအအေးဒါဏ် ၂ ခုစလုံးကို ကောင်းစွာခံနိုင်ရာ တရုတ်နိုင်ငံနှင့် တိဗက်ပြည် များမှ အနောက်ဘက်ဒေသများသို့ လက်ဖက်ခြောက်နှင့် အခြား ကုန်စည် စလယ်များ ပို့ဆောင်ရန်အတွက် များစွာအသုံး ဝင်သည်။

ကုလားအုပ်ရိုင်းများရှိသည်ဟူ၍ ရှေးယခင်ကမကြားဘူးချေ၊ သို့ဖြစ်ရာ ကုလားအုပ်များသည် ရှေးပဝေဏသီကာလကပင် ယဉ်ပါးလာကြပြီးဖြစ်သည်ဟု ယူဆယုံကြည်ရပေမည်။ ဖမ်းဆီးစေခိုင်းခြင်းမပြုဘဲ လွတ်လပ်နေသော ကုလားအုပ်အချို့ကို တာကီစတန်နယ်မြောက်ပိုင်းတွင် တွေ့မြင်ရသည်။ ထိုကုလားအုပ်ကို တစ်စုံတစ်ရာခိုင်းစေရန်အတွက် ဖမ်းဆီးခြင်းမရှိသော် လည်း အသားကို အလိုရှိသဖြင့် လိုက်လံ သတ်ဖြတ်ကြသည်။

အာရေဗျကျွန်းဆွယ်ဒေသတွင် ခြောက်သွေ့ပူပြင်းသော သဲကန္တာရများ ရှိသည့်နည်းတူ တောင်ကမ္ဘာလုံးခြမ်းရှိ ဩစတြေးလျတိုက်တွင်လည်း ကျယ်ပြန့်သောသဲကန္တာရကြီး ရှိလေသည်။ ထိုကြောင့် အာရေဗျကုလားအုပ်မျိုးကို ဩစတြေးလျ တိုက်တွင် စမ်းသပ်မွေးမြူ ကြည့်ရာ အခက်အခဲ မရှိဘဲ ကောင်းမွန်စွာထမြောက်အောင်မြင်ခဲ့သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)