ကမ္ဘာအေး ဗုဒ္ဓသုတေသန စာကြည့်တိုက်

ဝီကီပီးဒီးယား မှ
ကမ္ဘာ​အေးဗုဒ္ဓသု​တေသနစာကြည့်တိုက်
တည်ထောင်၂၁ ဇူလိုင် ၂၀၁၅
တည်နေရာကမ္ဘာအေးကုန်း​မြေ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့

ကမ္ဘာ​အေးဗုဒ္ဓသု​တေသနစာကြည့်တိုက် သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသာသနာ​တော်ထွန်းကားပြန့်ပွား​ရေး ဦးစီးဌာနလက်​အောက်ရှိ စာကြည့်တိုက်တစ်ခု ဖြစ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

ကမ္ဘာအေး ဗုဒ္ဓသုတေသန စာကြည့်တိုက်သည် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေပေါ်ရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသဏလိုဏ်ဂူတော်ကြီး၏မြောက်ဘက် ပိဋကတ်တိုက်အဆောက်အဦကြီး၏ ဘယ်ဘက်ခြမ်းတွင် တည်ရှိသည်။ စာကြည့်တိုက်အမျိုးမျိုးရှိသည့်အနက် အခြားစာကြည့်တိုက်များနှင့်မတူဘဲ သုတေသနပြုစုလေ့လာ သူများအတွက် ဘာသာရေးနှင့်သက်ဆိုင်သည်များကို အထူးဦးစားပေးလေ့လာနိုင်သော (သုတေသန)အထူးစာကြည့်တိုက် ဖြစ်သည်။

သုတေသနစာကြည့်တိုက်ကြီးကို သာသနာရေး ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနမှ ဘာသာရေးဆိုင်ရာ သုတေသီများ၊ သမိုင်းသုတေသီများနှင့် လေ့လာသူများအတွက် လိုအပ်သော စာအုပ်စာတမ်းများနှင့် အထောက်အထားများ ရှာဖွေပေးနိုင်ရန်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ဗုဒ္ဓစာပေကို လေ့လာနေသော စာသင်စာချရဟန်းတော်များ၊ နိုင်ငံခြားသားရဟန်း/ သီလရှင်/လူပုဂ္ဂိုလ်များ ရန်ကုန်တက္ကသိုလ်နှင့် အခြားတက္ကသိုလ်များမှ အရှေ့တိုင်းပညာဘာသာရပ်၊ မြန်မာစာပေ၊ သမိုင်းစသော ဘာသာရပ်များကို အထူးလေ့လာသုတေသနပြုလိုကြသည့် ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ကထိက၊ ပါမောက္ခများလာရောက် သုတေသန ပြုနိုင်ကြစေရန် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏ သမိုင်းပြုစုခြင်း၊ ကျမ်းပြုစုခြင်း၊ ဘာသာ ပြန်ခြင်း၊ စာစောင်ထုတ်ဝေခြင်းတို့တွင် အထောက်အထားရှာဖွေနိုင်စေရန် ရည်ရွယ်၍ ဤစာကြည့်တိုက်ကို တည်ထောင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ဘာသာကြီးလေးရပ်ဖြစ်သော ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာအစ္စလာမ်ဘာသာအပြင် အခြားကိုးကွယ်မှုများနှင့် ရှေးကျသော အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာစာ၊ သမိုင်းဆိုင်ရာစသည့် ရည်ညွှန်းစာအုပ်များကို ဘာသာရပ်အလိုက် စုဆောင်း ထားရှိသည်။ [၁]

စုဆောင်းထားမှုများ[ပြင်ဆင်ရန်]

စာကြည့်တိုက်တွင် စုဆောင်းထားရှိသော စာအုပ်အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်သည်။[၁]

  • မြန်မာဘာသာ - ၂၅၇၆၉ အုပ်
  • အင်္ဂလိပ်ဘာသာ - ၁၅၄၃၇ အုပ်
  • အခြားဘာသာ - ၂၂၈၆ အုပ်

ရှေးဟောင်းလက်ရေးစာမူများ[ပြင်ဆင်ရန်]

သုတေသနစာကြည့်တိုက်တွင် စာအုပ်စာတမ်းများအပြင် ရှေးဟောင်း ပေစာပုရပိုက်စာကမ္မဝါစာ၊ မင်ကူးကျောက်စာနှင့် စာချွန်တော်များ ထိန်းသိမ်းထားရှိသည်။ ပေစာများမှာ အနည်းဆုံး နှစ်(၁၀၀)ကျော် သက်တမ်းရှိပြီး ဝိသုဒ္ဓိမဂ်ကျမ်း(မြန်မာသက္ကရာဇ် ၁၀၂၇ ခုနှစ်)သည် နှစ်အရှည်ဆုံး ကျမ်းအဖြစ် မှတ်တမ်းတင်ထားရှိသည်။[၁]

စုဆောင်းထားသော လက်ရေးစာမူများ[ပြင်ဆင်ရန်]

  • ပေစာထုပ် - ၁၁၈၂၀ ထုပ်
  • ပုရပိုက် - ၁၂၄၄ ထုပ်
  • မင်ကူးကျောက်စာ - ၁၆၈ ခု
  • ကမ္မဝါစာ - ၁၁၁ ခု
  • စာချွန်တော် - ၁၉ ခု

စာကြည့်တိုက်နှင့် ပေစာဌာနတွင် စုဆောင်းထိန်းသိမ်းထားသော ပေစာထုပ်များကို ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းနှင့် ပူးပေါင်းပြီး ဒီဂျစ်တယ်ဓာတ်ပုံမူ(Digitization Project)ပြုလုပ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ ၂၀၁၅ ခုနှစ်၊ မတ်လအထိ ပေစာထုပ် (၁၇၀၆) ထုပ်၊ ကျမ်းခေါင်းစဉ်(၄၇၀၀)ကျမ်း၊ စာမျက်နှာပေါင်း(၈၄၈၄၃၂)မျက်နှာကို (Digitization) ပြောင်းလဲပြီးဖြစ်သည်။[၁]

စာနယ်ဇင်းစုဆောင်းထားရှိမှု[ပြင်ဆင်ရန်]

မြန်မာ့အလင်းကြေးမုံ၊ New Light of Myanmar စသော သတင်းစာများ စုဆောင်း ထားရှိသည်။ ထို့အပြင် ဌာနထုတ်စာစောင်များဖြစ်သော သာထွန်းပြန့်ဓမ္မစာစောင်နှင့် သာသနာ့ ရောင်ခြည်စာစောင်များကိုလည်း စုဆောင်းထားရှိသည်။ မြန်မာတိုင်း(မ်)ဂျာနယ်(အင်္ဂလိပ်၊ မြန်မာ)၊ မြဝတီမဂ္ဂဇင်းနှင့် အင်္ဂလိပ်မဂ္ဂဇင်းများဖြစ်သော Time, Reader’s Digest, National Geographic မဂ္ဂဇင်းများကို ဝယ်ယူစုဆောင်းထားရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Library History။ ၂၂-၀၇-၂၀၁၄ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]