ကင်မရွန်းနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကင်မရွန်း သမ္မတနိုင်ငံ
Republic of Cameroon
République du Cameroun
Flag of Cameroon.svg Coat of arms of Cameroon.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "Paix – Travail – Patrie"  (French)
"Peace – Work – Fatherland"
နိုင်ငံတော်သီချင်း - Ô Cameroun, Berceau de nos Ancêtres  (French)
O Cameroon, Cradle of our Forefathers 1
ပထဝီ
LocationCameroon.svg
မြို့တော် Yaoundé
ဧရိယာ
  • ဧရိယာ - 475,442 km2 (183,568 sq mi) (အဆင့်: 53)
  • ရေဖုံးလွှမ်းမှု - 1.3%
လူနေမှု
ရုံးသုံးဘာသာများ ပြင်သစ်ဘာသာအင်္ဂလိပ်ဘာသာ
လူဦးရေ
လူမျိုးများ Cameroonian
နိုင်ငံရေး
အမျိုးအစား သမ္မတနိုင်ငံ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Paul Biya
  • ဝန်ကြီးချုပ် - Philémon Yang
ထူထောင်မှု
  • ပြင်သစ်ထံမှ လွတ်လပ်ရေးရရှိ - 1 January 1960
  • ယူကေထံမှ လွတ်လပ်ရေးရရှိ - 1 October 1961
စီးပွားရေး
GDP(PPP) $42.778 billion[၁] (အဆင့် - )
GDP(PPP) $2,147[၁] (အဆင့် - )
HDI 0.532 (အဆင့် - 153rd)
ငွေ Central African CFA franc (XAF)
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .cm
Calling code 237

ကင်မရွန်းနိုင်ငံ၏ ရုံးသုံးအမည်မှာ ကင်မရွန်းသမ္မတနိုင်ငံ ဖြစ်ပြီး အလယ်အာဖရိကတွင် တည်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။ အနောက်ဘက်တွင် နိုင်ဂျီးရီးယားနိုင်ငံ၊ အရှေ့ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ချဒ်နိုင်ငံ၊ တောင်ဘက်တွင် အီကွေတာဂီနီနိုင်ငံဂါဘွန်နိုင်ငံနှင့် ကွန်ဂိုသမ္မတနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ ကင်မရွန်းနိုင်ငံ၏ ကမ်းရိုးတန်းသည် အတွင်းဟိုက်ပင်လယ်ကွေ့ တစ်ခု ဖြစ်သော ဘွန်နီပင်လယ်အော်ပေါ်တွင် တည်ရှိပြီး ၎င်းမှာ ဂီနီပင်လယ်ကွေ့နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့၏ တစိတ်တဒေသ ဖြစ်သည်။နိုင်ငံအတွင်းတွင် ပထဝီဝင်အနေအထားပေါင်းစုံနှင့် ယဉ်ကျေးမှုပေါင်းစုံ ရောနှောလျှက်ရှိနေသောကြောင့် ကင်မရွန်းနိုင်ငံကို အာဖရိကတိုက်ငယ်ကလေး ဟုလည်း တင်စားခေါ်ဆိုကြသည်။သဘာဝ ပထဝီဝင် အနေဖြင့် အပန်းဖြေကမ်းခြေများ၊ သဲကန္တာရများ၊ တောင်တန်းများ၊ မိုးသစ်တောများ၊ ဆာဗားနားမြက်ခင်းပြင် များအစုံရှိသည်။ အမြင့်ဆုံးတောင်ထွတ်မှာ နိုင်ငံအနောက်တောင်ပိုင်းရှိ ကင်မရွန်းတောင်ထိပ် ဖြစ်သည်။ အကြီးဆုံးမြို့တော်များမှာ ဒူဝါလာ (Douala)၊ ယောင်အွန်ဒေး (Yaoundé) နှင့် ဂရူဝါ (Garoua) တို့ဖြစ်ကြသည်။ ကင်မရွန်းတွင် ဘာသာစကားမျိုးကွဲပေါင်း (၂၀၀) ကျော်ရှိသည်။ ကင်မရွန်းနိုင်ငံသည် သူတို့၏ တစ်မူထူးခြားသည့် makossa နှင့် bikutsi ဂီတအနုပညာများကြောင့်လည်းကောင်း၊ ကင်မရွန်းဘောလုံးအသင်းကြောင့်လည်းကောင်း ကမ္ဘာ့အလယ်တွင် လူသိများထင်ရှားသည်။ နိုင်ငံ၏ တရားဝင် ရုံးသုံးဘာသာစကား အနေဖြင့် အင်္ဂလိပ် နှင့် ပြင်သစ်ဘာသာစကားများကို သတ်မှတ်ထားသည်။

အစောပိုင်း လူနေမှုများမှာ ချဒ်ရေကန် ကြီးဝန်းကျင်ရှိ ဆောင် ယဉ်ကျေးမှု လူ့အဖွဲ့အစည်း၊ အရှေ့တောင်ပိုင်း မိုးသစ်တောအတွင်းရှိ ဘာကာ မုဆိုးရွာများ ဖြစ်ကြသည်။ ထိုဒေသ ကမ်းရိုးတန်းသို့ ၁၅ ရာစုနှစ်တွင် ပေါ်တူဂီလူမျိုး စူးစမ်းရှာဖွေသူတို့ ရောက်ရှိလာကြပြီး ရိုင်ယိုဒေါ့စ်ကင်မရိုးစ် (Rio dos Camarões) ဟု အမည်ပေးခဲ့ကြသည်။ အဓိပ္ပါယ်မှာ ပုစွန်မြစ် ဟု ဖြစ်သည်။ ထိုအမည်မှတဆင့် ယခုခေါ်တွင်နေသော ကင်မရွန်းအမည် ဖြစ်ပေါ်လာသည်။ ၁၉ ရာစုနှစ်က နိုင်ငံမြောက်ပိုင်းတွင် ဖူလာနီ စစ်သားများက အာဒါမဝါစော်ဘွားနိုင်ငံ ကို တည်ထောင်ခဲ့သည်။ နိုင်ငံအနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် အမျိုးမျိုးသော လူမျိုးစု နိုင်ငံငယ်များ ရှိခဲ့သည်။ ၎င်းနိုင်ငံငယ်များကို chiefdoms သို့မဟုတ် fondoms များဟုခေါ်ဆိုသည်။ ၁၈၈၄တွင် ဂျာမနီနိုင်ငံကိုလိုနီဖြစ်ခဲ့သည်။

ပထမကမ္ဘာစစ်ကြီးအပြီးတွင် နိုင်ငံပေါင်းချုပ် အသင်းကြီး ၏ ဆုံးဖြတ်ချက်အရ ပြင်သစ် နှင့် ဗြိတိန် တို့၏ နှစ်ပိုင်းခွဲခြမ်း သိမ်းပိုက်ခြင်းခံရပြန်သည်။ ကင်မရွန်းပြည်သူ့သမဂ္ဂပါတီ က ဦးဆောင်၍ လွတ်လပ်ရေးကို ကြေညာခဲ့သည်။ ၁၉၅၀ တွင် ပြင်သစ်တို့က လက်မခံသဖြင့် ပြင်သစ်နှင့် တိုင်းရင်းသား စစ်တပ်များကြား ၁၉၇၁ အထိ စစ်မက်ဖြစ်ပွားခဲ့သည်။ ၁၉၆၀ တွင် ပြင်သစ်တို့အုပ်ချုပ်သော ကင်မရွန်းအပိုင်းသည် လွတ်လပ်ရေးရရှိလာပြီး အမာဒူအဟစ်ဂျို က သမ္မတအဖြစ် ဦးဆောင်ခဲ့သည်။ ၁၉၆၁ တွင် ဗြိတိသျှတို့အုပ်ချုပ်သော တောင်ပိုင်းကင်မရွန်းနှင့် ပေါင်းစပ်ပြီး ကင်မရွန်းဖက်ဒရယ်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ကြသည်။ ၁၉၇၂ တွင် ကင်မရွန်း ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ်လည်းကောင်း၊ ၁၉၈၄ တွင် ကင်မရွန်းသမ္မတနိုင်ငံအဖြစ်လည်းကောင်း အမည်ပြောင်းလဲခဲ့သည်။

အခြားသော အာဖရိကနိုင်ငံများနှင့်နှိုင်းစာလျှင် ကင်မရွန်းသည် နိုင်ငံရေး၊ လူမှုရေး အတော်ပင် တည်ငြိမ်သည်။ သို့ဖြစ်၍ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် မီးရထားလမ်းများ၊ ရေနံနှင့် စက်မှုလုပ်ငန်းကြီးများ အများအပြားထွန်းကားလာခဲ့သည်။ သို့သော်လည်း ကင်မရွန်းနိုင်ငံသားအများစုမှာ ဆင်းရဲလျှက်ပင်ရှိနေသေးသည်။ အဘယ်ကြောင့် ဆိုသော် လယ်သမား အများစုဖြစ်သောကြောင့် ဖြစ်သည်။ အာဏာသည် သမ္မတ ပေါလ်ဘီယာ နှင့် ကင်မရွန်းပြည်သူ့ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ ၏ လက်ထဲတွင် ၁၉၈၂ ခုနှစ်မှစတင်၍ ခိုင်မြဲလျှက်ရှိသည်။ အင်္ဂလိပ်စကားပြောသော ကင်မရွန်းတောင်ပိုင်းမှ နိုင်ငံရေးသမား များသည် ဗဟိုအစိုးရမှ ချုပ်ကိုင်မှုများကို လျှော့ချပေးရန် မှသည် တောင်ပိုင်းကို သီးခြားခွဲထွက်ရန် တောင်းဆိုသည်အထိ ပဋိပက္ခသဘောများ တိုးပွားလာလျှက် ရှိသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ဘာမွန်စာ

ယနေ့ခေတ် ကင်မရွန်းနိုင်ငံ တည်ရှိရာဒေသသည် ကျောက်ခေတ်သစ် အချိန်ကပင် လူသားတို့ အခြေချ နေထိုင်ခဲ့ကြသည်။ အချိန်ကာလ ကြာမြင့်စွာပင် အစဉ်တစိုက် နေထိုင်ခဲ့ကြသူများမှ ဘာကာ ဟုခေါ်သော ပစ်ဂမီ လူပုလေးများ ဖြစ်သည်။[၂] ထို့နောက် ဘန်တူ လူမျိုးတို့၏ ရွှေ့ပြောင်း နေထိုင်မှုသည် လွန်ခဲ့သော နှစ် နှစ်ထောင် ခန့်ကပင် စတင်ခဲ့သည်ဟု ယုံကြည်ရသည်။ ဆောင်ယဉ်ကျေးမှုမှာ အေဒီ ၅၀၀ ခန့်တွင် ချဒ်ရေကန် ဝန်းကျင် ဒေသ၌ ဖွံ့ဖြိုးလာခဲ့ပြီး ထိုမှ တဆင့် ကနန် အင်ပိုင်ယာနှင့် ၎င်းတို့ကို ဆက်ခံသော ဘော်နု အင်ပိုင်ယာတို့ ဖြစ်ပေါ်လာခဲ့သည်။ အနောက်ဘက်တွင်မူ ကင်းဒမ်းများ၊ ဖောင်ဒမ်းများ နှင့် ချိဖ်ဒမ်းများ အဖြစ် အုပ်ချုပ်နေထိုင်ကြလေသည်။

၁၄၇၂ ခုနှစ်တွင် ပေါ်တူဂီ သင်္ဘောသားတို့ ကမ်းရိုးတန်းဒေသသို့ စတင် ရောက်ရှိခဲ့ကြသည်။ ထိုသူတို့မှ ဝေါ်ရီမြစ် အတွင်း များပြားလှသော ပုစွန်များကို သတိပြုမိခဲ့ကြပြီး ထိုမြစ်ကို ပေါ်တူဂီ ဘာသာဖြင့် ပုစွန်မြစ် (ရိုင်ယို ဒေါ့စ် ကင်မရော့စ်) ဟု ခေါ်ဆိုခဲ့ရာမှ အင်္ဂလိပ် ဘာသာဖြင့် ကင်မရွန်းနိုင်ငံဟူ၍ ဖြစ်လာခဲ့သည်။ နောက် ရာစုနှစ်များတွင် ဥရောပသားတို့က ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများ နှင့် ပုံမှန် ကုန်သွယ်မှု ပြုခဲ့ကြပြီး ခရစ်ယာန် သာသနာပြုများကမူ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

၁၉ ရာစု အစောပိုင်းတွင် မိုဒီဘို အဒါမာက ဖူလာနီ စစ်သားတို့ကို ဦးဆောင်၍ မြောက်ပိုင်းဒေသရှိ မွတ်ဆလင် မဟုတ်သူများနှင့် မွတ်ဆလင် တစ်စိတ်တစ်ပိုင်း လူမျိုးများ ပေါ်တွင် ဂျီဟတ်ဒ်စစ်ပွဲ ဆင်နွှဲခဲ့ပြီး အဒါမာဝါ စော်ဘွားနိုင်ငံကို တည်ထောင်ခဲ့သည်။ ဖူလာနီတို့၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြသော အခြေချ နေထိုင်သူတို့မှာ အဓိက ပျံ့နှံ့သွားသော လူမျိုးများပင် ဖြစ်သည်။ ကင်မရွန်းနိုင်ငံ မြောက်ပိုင်းသည် အာရပ် ကျွန်ရောင်းဝယ်ရေး ကွန်ယက်၏ အဓိက နေရာ တစ်ခု ဖြစ်ခဲ့သည်။

ဘာမွန် လူမျိုးများတွင် ဘာမွန်စာ သို့မဟုတ် ရှူးမန် ဟုခေါ်သော မူလ စာရေးသားခြင်း စနစ် ရှိသည်။ ထိုစာကို စူလ်တန် ဘုရင် အီဘရာဟင် အန်ဂျိုယာ က ၁၈၉၆ တွင် တီထွင် ခဲ့ပြီး[၃][၄] ကင်မရွန်းနိုင်ငံတွင် ဘာမွန်စာ နှင့် မော်ကွန်း စီမံကိန်း အဖြစ် သင်ကြားခဲ့သည်။[၄] ဂျာမန် အင်ပိုင်ယာမှ ၁၈၈၄ တွင် ကင်မရွန်း နိုင်ငံအား ကာမယ်ဝန် ကိုလိုနီဒေသ အဖြစ် သိမ်းပိုက်ခဲ့ပြီး အတွင်းပိုင်းသို့ တစ်စတစ်စ ချင်းနင်း ဝင်ရောက်ခဲ့သည်။ ဂျာမန်တို့က ကိုလိုနီ အခြေခံ အဆောက်အအုံကို အဓမ္မ ခိုင်းစေခြင်း စနစ် အသုံးပြု၍ တိုးတက်အောင် ပြုလုပ်ခဲ့ကြသည်။[၅]

ဂျာမန်တို့ ပထမ ကမ္ဘာစစ်တွင် ရှုံးနိမ့်ခဲ့ကြပြီးနောက် နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ကြီးစိုးခွင့် အရ ထိုနယ်မြေကို ပြင်သစ် ကင်မရွန်း နှင့် ဗြိတိသျှ ကင်မရွန်း ဟူ၍ ၁၉၁၉ တွင် နှစ်ပိုင်း ခွဲခြား ခဲ့သည်။ ပြင်သစ်တို့က ကင်မရွန်း၏ စီးပွားရေးကို ပြင်သစ် စီးပွားရေး နှင့် ပေါင်းစပ်ခဲ့ကြပြီး အခြေခံ အဆောက်အအုံများကို တိုးတက်အောင် ငွေပင်ငွေရင်း နှင့် ကျွမ်းကျင် လုပ်သားများကို အသုံးပြု လုပ်ဆောင်ခဲ့သော်လည်း အဓမ္မ ခိုင်းစေသည့် စနစ်ကို ဆက်လက် ကျင့်သုံးခဲ့ကြသည်။

ဗြိတိသျှ တို့ကမူ ၎င်းတို့၏ နယ်မြေကို အိမ်နီးချင်းနိုင်ငံ ဖြစ်သော နိုင်ဂျီးရီးယားနိုင်ငံ မှ တဆင့် အုပ်ချုပ်ခဲ့ကြသည်။ ဒေသခံတို့ကမူ ထိုသို့ ပြုလုပ်မှုကြောင့် အမေ့လျော့ခံ ကိုလိုနီ၏ ကိုလိုနီ ဖြစ်ခဲ့သည်ဟု စောဒက တက်ကြသည်။ နိုင်ဂျီးရီးယား အလုပ်သမားတို့ ကင်မရွန်းတောင်ပိုင်းကို အလုံးအရင်း ပြောင်းရွှေ့ကြသဖြင့် အဓမ္မ စေခိုင်းမှု ပျောက်ကွယ်ခဲ့သော်လည်း မူရင်းနေထိုင်သူများကို ဒေါသဖြစ်စေခဲ့သည်။[၆] ၁၉၄၆ တွင် နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ကြီးစိုးခွင့် မှ ကုလသမ္မဂ္ဂ အပ်နှင်းခံ ကောင်စီ အောက်သို့ ရွှေ့ပြောင်းခဲ့သည်။ လွတ်လပ်ရေး နှင့် သက်ဆိုင်သော ကိစ္စမှာ ပြင်သစ် ကင်မရွန်းတွင် အရေးပါသော ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

ပြင်သစ်တို့က တော်လှန်ရေးစိတ် အပြင်းဆုံး နိုင်ငံရေး ပါတီ ဖြစ်သော ကင်မရွန်းပြည်သူ့သမ္မဂ္ဂ ပါတီကို ၁၉၅၅ ဇူလိုင်လ ၁၃ တွင် တရားမဝင် ကြေငြာခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ကာလရှည် ပြောက်ကျားစစ် ဖြစ်ပွားခဲ့ပြီး ပါတီခေါင်းဆောင် ဖြစ်သော ရူဘင် အမ် နျိုဘီ မှာ လုပ်ကြံခံခဲ့ရသည်။ ဗြိတိသျှ ကင်မရွန်း အတွက် မေးခွန်းမှာမူ ပြင်သစ် ကင်မရွန်းနှင့် ပြန်လည် ပေါင်းစည်းမည်လော သို့မဟုတ် နိုင်ဂျီးရီးယားနှင့် ပေါင်းစပ်မည်လော ဟူသည့် မေးခွန်းပင် ဖြစ်သည်။

လွတ်လပ်ရေးရခြင်း (၁၉၆၀)[ပြင်​ဆင်​ရန်​]

ယခင် သမ္မတ အာမာဒို အာဟီဒဂျို သည် ၁၉၆၀ မှ ၁၉၈၂ ခုနှစ် အထိ အုပ်ချုပ်ခဲ့သည်။

၁၉၆၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြင်သစ်ကင်မရွန်းသည် သမ္မတ အာမာဒို အာဟီဒဂျို၏ အုပ်ချုပ်မှု အောက်သို့ လွှဲပြောင်း၍ လွတ်လပ်ရေး ရခဲ့သည်။ ၁၉၆၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ယခင် ဗြိတိသျှ ကင်မရွန်း တောင်ပိုင်းသည် ပြင်သစ် ကင်မရွန်းနှင့် ပူးပေါင်း၍ ကင်မရွန်း ဖက်ဒရယ် သမ္မတ နိုင်ငံကို တည်ထောင်ခဲ့သည်။ အာဟီဒဂျိုသည် ယူပီစီ နှင့် ဖြစ်ပွားနေသော စစ်ပွဲကို အကြောင်းပြု၍ သူ၏ သမ္မတ အာဏာကို ခိုင်မြဲအောင် ပြုလုပ်ခဲ့ပြီး ၁၉၇၁ ခုနှစ် ယူပီစီအား အပြီးသတ် ချေမှုန်း ပြီးသော်လည်း ဆက်လက်၍ ထိုအတိုင်းပင် ဆက်လက် အုပ်ချုပ်ခဲ့သည်။[၇]

ပေါလ်ဘီယာသည် ကင်မရွန်းအား ၁၉၈၂ ခုနှစ်မှ စတင် အုပ်ချုပ်ခဲ့သည်။

သူ၏ နိုင်ငံရေး ပါတီဖြစ်သော ကင်မရွန်း အမျိုးသား သမ္မဂ္ဂ (စီအင်န်ယူ)သည် ၁၉၆၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မှစ၍ တခုတည်းသော တရားဝင် နိုင်ငံရေး ပါတီ အဖြစ် ရပ်တည်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဖက်ဒရယ် အစိုးရ စနစ်ကို ဖျက်သိမ်း၍ ယောင်အွန်ဒေး မြို့မှ ဦးစီးအုပ်ချုပ်သော ညီညွတ်သော ကင်မရွန်း သမ္မတ နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။ [၈] အဟီဒိုဂျိုသည် စီးပွားရေး ပေါ်လစီအားဖြင့် စီမံကိန်း လစ်ဘရယ် စနစ်ကို ကျင့်သုံးခဲ့ပြီး ငွေရမည့် သီးနှံများနှင့် ရေနံ ရှာဖွေရေးတို့ကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။ အစိုးရသည် ရေနံမှ ရသော ငွေကြေးကို အသုံးပြု၍ နိုင်ငံဆိုင်ရာ အရံငွေကြေးကို တည်ဆောက်ကာ လယ်သမားများကို ပေးကမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အဓိက စီမံကိန်းများကို ထောက်ပံ့ခဲ့သည်။ သို့သော်လည်း အာဟီဒိုဂျို အနေနှင့် လုပ်ငန်း မကျွမ်းကျင်သော သူနှင့် ရင်းနှီးကျွမ်းဝင်သူများကို ခန့်အပ်ကာ ညွှန်ကြားစေသဖြင့် စီမံကိန်း အများအပြားမှာ မအောင်မြင်ခဲ့ပေ။[၉]


အာဟီဒိုဂျိုသည် ၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၄ ရက် တွင် ရာထူးမှု နှုတ်ထွက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သူ့အား ဆက်ခံမည့်သူ ပေါလ်ဘီယာ အား အာဏာလွှဲအပ်ခဲ့သည်။ သို့သော်လည်း အာဟီဒိုဂျိုသည် စီအင်န်ယူ ပါတီကို ချုပ်ကိုင်ပြီး နိုင်ငံအား နောက်ကွယ်မှ အုပ်ချုပ်ရန် ကြိုးစားခဲ့သည်မှာ ဘီယာ နှင့် သူ၏ မဟာမိတ်များမှ သူ့အား အာဏာကို လုံးဝ စွန့်လွှတ်ရန် ဖိအားပေးချိန် အထိ ပင် ဖြစ်သည်။ ဘီယာသည် သူ၏ အုပ်ချုပ်ရေးအား ဒီမိုကရေစီ နည်းလမ်း ပိုကျသော အုပ်ချုပ်ရေး စနစ် အဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မအောင်မြင်သော အာဏာသိမ်းရန် ကြိုးပမ်းမှု ပြီးနောက်တွင် သူ၏ ရှေ့ဆောင် လမ်းပြ ဖြစ်သော အာဟီဒိုဂျို၏ ပုံစံသို့ ပြောင်းလဲ သွားခဲ့သည်။[၁၀]

၁၉၈၀ ခုနှစ်များ၏ အလယ်ပိုင်းနှင့် ၁၉၉၀ ခုနှစ် နှောင်းပိုင်းတို့တွင် ကမ္ဘာ့စီးပွားရေး အခြေအနေများ၊ မိုးခေါင်ခြင်း၊ ဓာတ်ဆီဈေး ကျဆင်းခြင်း၊ နှစ်ပေါင်းများစွာ အကျင့်ပျက် ခြစားခြင်း၊ အုပ်ချုပ်မှု ညံ့ဖျင်းခြင်း နှင့် ခရိုနီ စနစ် တို့ကြောင့် ကင်မရွန်းတွင် စီးပွားပျက်ကပ် ဖြစ်ခဲ့သည်။ ကင်မရွန်းသည် နိုင်ငံခြားမှ အကူအညီများ ရယူခဲ့ပြီး အစိုးရ၏ အသုံးစရိတ်ကို လျှော့ချကာ စီးပွားရေး လုပ်ငန်းများအား ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၉၀ ဒီဇင်ဘာတွင် ပါတီစုံ စနစ်ကို ပြန်လည် မိတ်ဆက်ခဲ့ပြီးနောက် ယခင် ဗြိတိသျှ ကင်မရွန်တောင်ပိုင်းမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုမိုရရှိရန် တောင်းဆိုခဲ့ကာ တောင်ပိုင်း ကင်မရွန် အမျိုးသား ကောင်စီမှ အန်ဘာဇိုးနီးယား သမ္မတ နိုင်ငံ အဖြစ် ခွဲထွက်ရန် ထောက်ခံ အားပေးခဲ့သည်။[၁၁] ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကင်မရွန်းသည် ၁၅ နှစ် အတွင်း အဆိုးရွားဆုံးသော အကြမ်းဖက် ဆန္ဒပြမှုနှင့် ရင်ဆိုင်ရပြီး ဒူဝါလာ ပို့ဆောင်ရေး သမ္မဂ္ဂ ဆန္ဒပြမှု မှ တဆင့် စည်ပင်သာယာ နယ်နိမိတ် ၃၁ ခုတွင် အကြမ်းဖက် ဆန္ဒပြမှုများ အဖြစ် ပြောင်းလဲ သွားခဲ့သည်။[၁၂][၁၃]

၂၀၁၄ ခုနှစ် မေလတွင် ချီဘော့ခ် ကျောင်းသူများ ပြန်ပေးဆွဲမှု အပြီးနောက်တွင် ကင်မရွန်း သမ္မတ ပေါလ် ဘီယာ နှင့် ချဒ်မှ အီဒရစ် ဒက်ဘီ တို့မှ ဘိုကို ဟာရမ် သူပုန်တို့အား တိုက်ခိုက်ရန် ကြေငြာခဲ့ပြီး နိုင်ဂျီးရီးယား နယ်စပ်တွင် တပ်များ ချထားခဲ့ကြသည်။[၁၄]

အစိုးရနှင့် နိုင်ငံရေး[ပြင်​ဆင်​ရန်​]

သမ္မတ နေထိုင်ရာ ယူနတီ နန်းတော်

ကင်မရွန်း သမ္မတသည် အရွေးချယ်ခံ တစ်ဦး ဖြစ်ပြီး ပေါ်လစီများ ဖန်တီးရန်၊ အစိုးရ အေဂျင်စီများကို အုပ်ချုပ်ရန်၊ စစ်တပ်ကို အမိန့်ပေးရန်၊ စာချုပ် စာတမ်းများကို ညှိနှိုင်း အတည်ပြုရန် နှင့် အရေးပေါ် အခြေအနေ ကြေငြာရန် လွှတ်တော်နှင့် တိုင်ပင် လုပ်ဆောင်ရသည်။ [၁၅] သမ္မတသည် အစိုးရ အရာရှိများကို အဆင့်အမျိုးမျိုးတွင် ခန့်အပ် တာဝန်ပေးရပြီး ဝန်ကြီးချုပ် ( အစိုးရ၏ တရားဝင် ဦးစီးပြုသူ) မှ စ၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများ နှင့် တိုင်းဒေသ အရာရှိ များ အထိ ပါဝင်သည်။[၁၆] သမ္မတသည် ခုနစ်နှစ် တစ်ကြိမ် မဲဆန္ဒဖြင့် ရွေးချယ် တင်မြောက်ရသည်။[၁၇]

အမျိုးသား လွှတ်တော်သည် ဥပဒေများကို ပြဌာန်းရေးဆွဲသည်။ အမျိုးသား လွှတ်တော်တွင် အမတ် ၁၈၀ ပါဝင်ပြီး ၅ နှစ် သက်တမ်း အတွက် ရွေးချယ်ကာ တစ်နှစ်လျှင် သုံးကြိမ် တွေ့ဆုံ ဆွေးနွေးကြသည်။[၁၆] ဥပဒေများကို မဲဆန္ဒများသည့် အပေါ် မူတည်၍ ပြဌာန်းကြသည်။ သမ္မတက တင်ပြသော ဥပဒေကို ပြင်ဆင်ခြင်း တားမြစ်ခြင်းသည် ကင်မရွန်း လွှတ်တော်တွင် အလွန် တွေ့ရခဲသည်။[၁၇]

၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒုတိယ လွှတ်တော်ဖြစ်သည့် အမတ် ၁၀၀ ပါဝင်သော ဆီးနိတ် လွှတ်တော်အား ၂၀၁၃ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့သည်။ ဆီးနိတ်လွှတ်တော်အား ဆီးနိတ် ဥက္ကဌမှ ဦးဆောင်၍ ဆီးနိတ်ဥက္ကဌမှာ အရေးပေါ် သမ္မတ နေရာ လစ်လပ် သွားခဲ့လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဆက်ခံမည့်သူ ဖြစ်သည်။ အစိုးရသည် ရိုးရာ အကြီးအကဲများ၊ ဖောင် နှင့် လာမီဒိုခေါ် အုပ်ချုပ်သူများ၏ ဒေသ ဆိုင်ရာ အုပ်ချုပ်မှုကို အသိအမှတ်ပြုပြီး ဥပဒေ နှင့် မငြိစွန်းပါက ၎င်းတို့၏ အငြင်းပွားမှု ဖြေရှင်းချက်တို့ကို လက်ခံပေးသည်။[၁၈][၁၉]

ကင်မရွန်း တရားစီရင်ရေး စနစ်သည် ပြင်သစ် တရားမဥပဒေစနစ် အပေါ်တွင် များစွာ အခြေခံထားပြီး စီရင်ထုံး ဥပဒေ စနစ်၏ လွှမ်းမိုးမှုလည်း ရှိသည်။[၁၇] ပုံမှန်အားဖြင့် တရားစီရင်ရေး စနစ်မှာ လွတ်လပ်စွာ တည်ရှိသော်လည်း တရားစီရင်ရေး ဝန်ကြီးဌာန၏ အာဏာ သက်ရောက်မှု ရှိသည်။[၁၈]

သမ္မတသည် တရားသူကြီး အဆင့်အမျိုးမျိုးကို ခန့်အပ်လေ့ ရှိသည်။ တရားရုံးများကို ခုံရုံး၊ အယူခံရုံး နှင့် တရားလွှတ်တော် ဟူ၍ တရားဝင် ခွဲခြား ထားသည်။ အကယ်၍ အစိုးရ အဖွဲ့ဝင် တစ်ဦးဦးမှ နိုင်ငံတော် သစ္စာဖောက်မှု သို့မဟုတ် နိုင်ငံတော်၏ လုံခြုံရေးကို ထိပါးစေမှု တို့ဖြင့် တရားစွဲဆိုခြင်း ခံရပါက ဆုံးဖြတ်ရန် အဖွဲ့ဝင် ကိုးဦး ပါဝင်သော တရားရုံးချုပ်ကို အမျိုးသား လွှတ်တော်မှ ရွေးချယ်တင်မြှောက်သည်။[၂၀][၂၁]

နိုင်ငံရေး ပုံစံ[ပြင်​ဆင်​ရန်​]

ကင်မရွန်းနိုင်ငံသည် အစိုးရ၏ အဆင့်အမျိုးမျိုးတွင် ခြစားမှုများဖြင့် ပြည့်နှက်နေသော နိုင်ငံ အဖြစ် ရှုမြင်ကြသည်။ ၁၉၉၇ ခုနှစ်တွင် ဝန်ကြီးဌာန ၂၉ ခု၌ ခြစားမှု တိုက်ဖျက်ရေး အဖွဲ့များကို ဖွဲ့စည်းခဲ့သော်လည်း ၂၅% မျှသာ အလုပ်လုပ်ကြသည်။ ၂၀၁၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့က နိုင်ငံပေါင်း ၁၇၆ နိုင်ငံအား ခြစားမှု အနည်းဆုံးမှ အများဆုံး အထိ အဆင့်သတ်မှတ် ဖော်ပြရာတွင် ကင်မရွန်းနိုင်ငံအား အဆင့် ၁၄၄ တွင် ဖော်ပြခဲ့သည်။[၂၂] ၂၀၀၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် သမ္မတ ဘီယာ က အမျိုးသား ခြစားမှုတိုက်ဖျက်ရေး စောင့်ကြည့် အဖွဲ့၏ လမ်းညွှန်မှုဖြင့် ခြစားမှု တိုက်ဖျက်ရေး လုပ်ဆောင်ရန် အစပျိုး ခဲ့သည်။ [၂၃] ကင်မရွန်းနိုင်ငံတွင် အကြီးအကျယ် ခြစားမှု ရှိနိုင်သော နေရာများ ရှိပြီး ဥပမာ အားဖြင့် အကောက်ခွန်ဌာန၊ အများပြည်သူ ဆိုင်ရာ ကျန်းမာရေး ဌာန နှင့် အစိုးရ ဝယ်ယူရေး ဌာန တို့တွင် ဖြစ်သည်။[၂၄]

ကင်မရွန်း အနောက်ပိုင်း ဘာနာရှိ ချိဖ်၏ ရုပ်ထု

လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းများက ရဲနှင့် စစ်တပ်တို့အား မှုခင်းဆိုင်ရာ မသင်္ကာသူများ၊ လူနည်းစု လူမျိုးများ၊ လိင်တူ ချစ်သူများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား အကြမ်းဖက် ကိုင်တွယ်ခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့ အတွက် စွပ်စွဲခဲ့ကြသည်။[၂၅][၂၆]

[၂၇][၂၇][၂၈] အကျဉ်းထောင်များမှာ ပြည့်သိပ်နေပြီး လုံလောက်သော အစားအစာ နှင့် ဆေးဝါးများကို ရရှိရန် အလွန်ခက်ခဲသည်။[၂၇][၂၈] ထို့ပြင် ရိုးရာ အုပ်ချုပ်သူများ ဦးစီးသော မြောက်ဘက်ပိုင်းရှိ အကျဉ်းထောင်များတွင် အစိုးရ ကိုယ်စား နိုင်ငံရေး ပြိုင်ဘက်များကို ထိန်းသိမ်းထားသည်ဟု စွပ်စွဲကြသည်။ သို့သော်လည်း ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်မှ စ၍ ရဲများအား မသင့်လျော်သော စီမံခန့်ခွဲမှုများ အတွက် တရားစွဲဆိုခြင်းများ ပိုမို၍ များပြားလာသည်ကို တွေ့ရသည်။[၂၇]

၁၉၉၀ ဒီဇင်ဘာလ အထိ သမ္မတ ဘီယာ၏ ကင်မရွန်း ပြည်သူ့ ဒီမိုကရက်တစ် လှုပ်ရှားမှု (စီပီဒီအမ်) ပါတီသည် တစ်ခုတည်းသော တရားဝင် ပါတီ ဖြစ်သည်။ ထို့နောက်တွင် ဒေသတွင်း နိုင်ငံရေး အဖွဲ့အစည်းများ ပေါ်ပေါက် လာခဲ့သည်။ အဓိက အတိုက်အခံမှာ ဆိုရှယ် ဒီမိုကရက်တစ် တပ်ဦးဖြစ်ပြီး အန်ဂလိုဖုန်း ဒေသတွင် အများဆုံး အခြေစိုက်က ဂျွန်ဖရူနဒီမှ ဦးဆောင်သည်။[၂၉]

ဘီယာနှင့် ၎င်း၏ ပါတီသည် သမ္မတရာထူးနှင့် အမျိုးသား လွှတ်တော်ကို တစ်နိုင်ငံလုံး ဆိုင်ရာ ရွေးကောက်ပွဲများ၌ ချုပ်ထိန်းထားနိုင်ဆဲ ဖြစ်ပြီး ပြိုင်ဘက်များကမူ ထိုရွေးကောက်ပွဲများမှာ တရားမျှတမှု မရှိဟု အခိုင်အမာ ပြောကြသည်။ လူ့အခွင့်အရေး အဖွဲ့စည်းများက အစိုးရသည် ဆန္ဒပြမှုများကို တားမြစ်ခြင်း၊ အစည်းအဝေးများတွင် ဝင်ရောက် နှောက်ယှက်ခြင်း၊ အတိုက်အခံ ခေါင်းဆောင်များ နှင့် သတင်းစာသမားများကို ဖမ်းဆီးခြင်းအားဖြင့် အတိုက်အခံ အဖွဲ့အစည်းများ၏ လွတ်လပ်မှုကို ဖိနှိပ်သည်ဟု စွပ်စွဲကြသည်။ ဖရီးဒမ်း ဟောက်စ် မှ ကင်မရွန်းအား နိုင်ငံရေး ဆိုင်ရာ အခွင့်အရေး နှင့် ပြည်သူ့ လွတ်လပ်မှုများတွင် "လွတ်လပ်မှု မရှိ" အဆင့်ဖြင့် သတ်မှတ်ကြသည်။[၃၀] ကင်မရွန်းနိုင်ငံ၏ နောက်ဆုံး ရွေးကောက်ပွဲကို ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပခဲ့သည်။[၃၁]

နိုင်ငံခြား ဆက်ဆံရေး[ပြင်​ဆင်​ရန်​]

ကင်မရွန်းနိုင်ငံသည် ဓနသဟာယ နိုင်ငံများ အဖွဲ့ နှင့် လာ ဖရန်ကိုဖိုနီ အဖွဲ့တို့၏ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည်။ ၎င်း၏ နိုင်ငံခြားရေး ပေါ်လစီသည် အဓိက မဟာမိတ်နိုင်ငံ ဖြစ်ပြီး ယခင်က ကိုလိုနီ အုပ်ချုပ်သူ ဖြစ်ခဲ့သော ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီနှင့် နီးကပ်စွာ တူညီသည်။[၃၂][၃၃] ကင်မရွန်းနိုင်ငံ၏ စစ် အသုံးစရိတ်မှာ အခြားသော ဌာနများ၏ အသုံးစရိတ်နှင့် ယှဉ်လျှင် အလွန်များပြား သော်လည်း[၃၄] ကာကွယ်ရေး ကိစ္စများ အတွက် ပြင်သစ်ကို များစွာ အားကိုးသည်။,[၁၈] သမ္မတ ဘီယာသည် ရေနံ ပေါကြွယ်ဝသော ဘာကာစီ ကျွန်းဆွယ် ကိစ္စနှင့် ပတ်သက်၍ နိုင်ဂျီးရီးယားနိုင်ငံ နှင့် အငြင်းပွားမှု ဖြစ်ခဲ့ပြီး (သို့သော် ထိုအငြင်းပွားမှုကို ဂရင်းထရီး သဘောတူညီချက်ဖြင့် ပြေလည်မှု ရခဲ့သည်။) ဂါဘွန်းနိုင်ငံ သမ္မတ အယ်လ် ဟတ်ဒ် အိုမာ ဘွန်ဂို နှင့် ကိုယ်ရေးကိုယ်တာ ပြိုင်ဆိုင်မှုများ ကြောင့် အငြင်းပွားခဲ့ဖူးသည်။[၂၉]

အုပ်ချုပ်ရေး ဒေသများ[ပြင်​ဆင်​ရန်​]

ကင်မရွန်းနိုင်ငံကို ဒေသ ၁၀ ခု အဖြစ် ခွဲခြားထားသည်။

ကင်မရွန်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကင်မရွန်းနိုင်ငံအား တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၁၀ ခုဖြင့် ဖွဲ့စည်းထားပြီး ဒေသ တစ်ခုချင်းစီတွင် ရွေးကောက်တင်မြှောက်ထားသော ဒေသဆိုင်ရာ ကောင်စီ ရှိသည်။ ဒေသတစ်ခုချင်းစီအား သမ္မတမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး တစ်ဦးစီမှ အုပ်ချုပ်သည်။[၁၅]

ထိုခေါင်းဆောင်များသည် သမ္မတ၏ ဆန္ဒကို အကောင်အထည် ဖော်ပေးခြင်း၊ ဒေသဆိုင်ရာ အထွေထွေ အခြေအနေ နှင့် အနေအထားများကို ပြန်လည် သတင်းပို့ရခြင်း၊ အစိုးရ ရုံးလုပ်ငန်းများကို အုပ်ချုပ်ရခြင်း၊ ငြိမ်းချမ်းရေး ထိန်းသိမ်း ရခြင်း နှင့် ပိုမို၍ သေးငယ်သော အုပ်ချုပ်ရေး ယူနစ်များကို စောင့်ကြပ်ကြည့်ရှု ရခြင်းတို့ကို ပြုလုပ်ရသည်။ အုပ်ချုပ်ရေးမှူးများတွင် ကျယ်ပြန့်သော အာဏာစက် ရှိကြပြီး သူတို့၏ နယ်တွင် ဝါဒဖြန့်ဖြင်း ဆောင်ရွက်နိုင်သည့် အပြင် စစ်တပ်၊ ရဲ နှင့် ဂျန်ဒါမီ ရဲတို့ကို လိုအပ်ပါက ခေါ်သုံးနိုင်သည်။ အားလုံးသော ဒေသဆိုင်ရာ အစိုးရ အရာရှိများမှာ ဗဟိုအစိုးရ၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဝန်ကြီး ဌာနမှ ဝန်ထမ်းများ ဖြစ်ကြပြီး ဒေသဆိုင်ရာ အစိုးရများ အနေနှင့်လည်း ထိုဝန်ကြီးဌာနမှ ဘတ်ဂျက် အများဆုံးကို ရရှိကြသည်။[၃၅]

ဒေသများကို တိုင်း ၅၈ တိုင်း အဖြစ် ဆက်လက် ခွဲခြားထားပြီး ထိုတိုင်းများကို သမ္မတမှ ခန့်အပ်ထားသော တိုင်းဒေသဆိုင်ရာ အရာရှိများက ဦးဆောင်ကြသည်။ ထိုတိုင်းများကို တိုင်းငယ်များ အဖြစ် ဆက်လက် ခွဲခြားထားပြီး ထိုတိုင်းငယ်များကို လက်ထောက် တိုင်းဒေသဆိုင်ရာ အရာရှိများက အုပ်ချုပ်ကြသည်။ ခရိုင်မှူးမှ အုပ်ချုပ်သော ခရိုင်များမှာ အသေးဆုံးသော အုပ်ချုပ်ရေး ဆိုင်ရာ ယူနစ်များ ဖြစ်သည်။[၃၆]

မြောက်ဘက် အကျဆုံး ဒေသ ၃ ခုမှာ မြောက်ဖျား ဒေသ၊ မြောက်ပိုင်း ဒေသ နှင့် အဒါမဝါ ဒေသ တို့ဖြစ်သည်။ ၎င်းတို့၏ တောင်ဘက်တွင် အလယ်ပိုင်းဒေသ နှင့် အရှေ့ပိုင်း ဒေသတို့ ရှိသည်။ တောင်ပိုင်း ဒေသသည် ဂီနီပင်လယ်အော်ပေါ်တွင် တည်ရှိပြီး တောင်ဘက် နယ်နိမိတ်လည်း ဖြစ်သည်။ ကင်မရွန်း၏ အနောက်ဘက်ပိုင်းကို ဒေသ ၎ ခု ခွဲခြား ထားသည်။ လစ်တော်ရယ် ဒေသ နှင့် အနောက်တောင်ပိုင်း ဒေသ တို့မှာ ကမ်းရိုးတန်းပေါ်တွင် တည်ရှိကြကာ အနောက်မြောက်ပိုင်း ဒေသ နှင့် အနောက်ပိုင်း ဒေသတို့မှာ အနောက်ပိုင်း မြက်ခင်းပြင် ဒေသများတွင် တည်ရှိကြသည်။

ပညာရေး နှင့် ကျန်းမာရေး[ပြင်​ဆင်​ရန်​]

ကင်မရွန်းရှိ ကျောင်းသား ကလေးများ

၂၀၁၀ ခုနှစ်တွင် ကင်မရွန်းနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၇၁.၃ % (အမျိုးသား ၇၈.၃ %၊ အမျိုးသမီး ၆၄.၈%)မျှ ရှိမည်ဟု ခန့်မှန်းရသည်။[၁၇] ကလေး အများစုမှာ ကိုင်ပိုင် စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းများထက် အဖိုးနှုန်းထား သက်သာသော အစိုးရ ကျောင်းများတွင် စာသင်ကြားကြသည်။[၃၇] ပညာရေး စနစ်မှာ ပြင်သစ် နှင့် ဗြိတိသျှတို့၏ ပညာရေး စနစ်ကို ရောနှော ဆက်ခံထားခြင်း ဖြစ်ပြီး[၃၈] သင်ကြားရာတွင် အင်္ဂလိပ်ဘာသာ နှင့် ပြင်သစ်ဘာသာတို့ကို အသုံးပြု၍ သင်ကြားကြသည်။[၃၉]

ကင်မရွန်းနိုင်ငံသည် အာဖရိကရှိ ကျောင်းတက်မှု အများဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။[၃၇] မိန်းကလေးများမှာ ယောက်ျားလေးများ နှင့် ယှဉ်လျှင် ကျောင်းပုံမှန် တက်ရောက်မှု မရှိပေ။ အကြောင်းမှာ ရိုးရာ ယဉ်ကျေးမှု အစွဲအလမ်းများ၊ အိမ်မှုကိစ္စများ၊ စောစီးစွာ အိမ်ထောင်ပြုခြင်းများ၊ ပဋိသန္ဓေ တည်ရှိခြင်းများ နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ဖိနှိပ်မှုများကြောင့် ဖြစ်သည်။ တောင်ဘက်ပိုင်းတွင် ကျောင်းတက်ရောက်မှု ပိုများသဖြင့်[၃၇] ဆရာ ဆရာမများ အများအပြား တောင်ဘက်ပိုင်းတွင် တာဝန်ထမ်းဆောင်ကြခြင်းကြောင့် မြောက်ဘက်ပိုင်းရှိ ကျောင်းများတွင် ဆရာ ဆရာမ ဦးရေ မလုံလောက်ပေ။[၂၇]

ကျောင်းတက်ရောက်မှု နည်းပါးခြင်း၏ အကြောင်းရင်း နောက်တစ်ခုမှာ ကလေး အလုပ်သမား များပြားခြင်းကြောင့် ဖြစ်သည်။ အမေရိကန် အလုပ်သမားဝန်ကြီးဌာန၏ အဆိုးရွားဆုံး ကလေး အလုပ်သမား အစီရင်ခံစာ အရ အသက် ၅ နှစ်မှ ၁၄ နှစ် အထိ ကလေး သူငယ်၏ ၅၆% မှာ အလုပ်လုပ်နေသော ကလေးများ ဖြစ်ပြီး အသက် ၇ နှစ် မှ ၁၄ နှစ် အထိ ကလေးသူငယ်များ၏ ၅၃% မှာ ကျောင်းတက်ရင်း အလုပ်လုပ်နေရသော ကလေးများ ဖြစ်သည်။[၄၀] ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နိုင်ငံတကာ အလုပ်သမားရေးရာ ဗျူရို မှ ထုတ်ပြန်သော ကလေးသူငယ်များ သို့မဟုတ် အဓမ္မ ခိုင်းစေခြင်း ခံရသူများ ထုတ်လုပ်သော ပစ္စည်းများ စာရင်းတွင် ကင်မရွန်းနိုင်ငံသည် ကိုကိုး ထုတ်လုပ်ရာတွင် ကလေး အလုပ်သမားများကို အသုံးပြုကြောင်း ဖော်ပြထားသည်။[၄၁]

ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးမှာလည်း ပုံမှန်အားဖြင့် နိမ့်ကျသည်။[၄၂] ကင်မရွန်းနိုင်ငံတွင် လူ ၅,၀၀၀ အတွက် ဆရာဝန်တစ်ဦးနှုန်းသာ ရှိသည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုသည်။[၄၃] ကျန်းမာရေး စောင့်ရှောက်မှု စနစ် အတွင်း ဘဏ္ဍာငွေ နည်းပါးမှုကြောင့် ပရော်ဖက်ရှင်နယ် အနည်းငယ်မျှသာ ရှိသည်။ ကင်မရွန်းနိုင်ငံ အတွင်း လေ့ကျင့်သင်ကြားထားသော ဆရာဝန် နှင့် သူနာပြု အများစုမှာ အလုပ်များ၍ လုပ်ခနည်းပါးသောကြောင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားကြသည်။ သူနာပြု လိုအပ်သော်လည်း အလုပ်မရှိသော သူနာပြု အများအပြား ရှိသည်။ အချို့မှာ သူတို့၏ ကျွမ်းကျင်မှုများ လျော့ကျမသွားစေရန် အခမဲ့ အကူအညီ ပေးကြသည်။[၄၄] အဓိက မြို့ကြီးများ၏ အပြင်ဘက်ရှိ ဆေးရုံဆေးခန်းများမှာ အများအားဖြင့် ညစ်ပတ်နေတတ်ပြီး ပစ္စည်းကိရိယာလည်း အစုံအလင် မရှိတတ်ပေ။[၄၅]

၂၀၁၂ ခုနှစ် ခန့်မှန်းချက်အရ မွေးစမှ ပျမ်းမျှသက်တမ်းကို ၅၄.၇၁ နှစ် သတ်မှတ်သဖြင့် ကမ္ဘာ့ ပျမ်းမျှသက်တမ်း အနိမ့်ဆုံး နိုင်ငံများတွင် ပါဝင်သည်။[၄၆] ပုံမှန် တွေ့ရလေ့ ရှိသော ရောဂါများမှာ သွေးလွန်တုပ်ကွေးဖီလာရီယာသန်စွဲနာလီရှမာနီယာပိုးစွဲနာငှက်ဖျားရောဂါဦးနှောက်အမြှေးရောင် ရောဂါရှစ်စတိုဆိုမာသန်စွဲနာအာဖရိကန် ထရစ်ပနိုစိုမီရေးစစ် တို့ ဖြစ်သည်။[၄၇] အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ် တွေ့ရှိမှုနှုန်းမှာ ၅.၄ ရာခိုင်နှုန်း ဖြစ်သော်လည်း ထိုရောဂါနှင့် ပတ်သက်၍ လူမှုရေးအရ ရှက်ကြောက်၍ ထုတ်မပြောကြသောကြောင့် နည်းပါးခြင်း ဖြစ်သည်။[၄၂] ကင်မရွန်းနိုင်ငံတွင် ကျင့်သုံးလေ့ ရှိသော ရိုးရာ အလေ့အထ တစ်ခုဖြစ်သည့် အပျိုဖော်ဝင်စ အမျိုးသမီးတို့၏ ရင်သားကို မာကျောသော အရာဝတ္ထု သို့မဟုတ် အပူပေးထားသော အရာဝတ္ထုဖြင့် ပျောက်ပျက်သေးငယ်အောင် လုပ်ခြင်းသည်လည်း အမျိုးသမီးတို့၏ ကျန်းမာရေးကို ထိခိုက်စေသည်။ [၄၈][၄၉][၅၀][၅၁] အမျိုးသမီးတို့၏ မအင်္ဂါစေ့ကို ဖြတ်တောက်သည့် အလေ့အထမှာလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိသော်လည်း လူဦးရေ တစိတ်တပိုင်းတွင် ကျင့်သုံးလျှက် ရှိသည်ဟု ၂၀၁၃ ခုနှစ် ယူနီဆက်ဖ်၏ အစီရင်ခံစာ အရ သိရပြီး ကင်မရွန်း အမျိုးသမီးထု၏ ၁ ရာခိုင်နှုန်းမှာ မအင်္ဂါစေ့ ဖြတ်တောက်ထားခြင်း ခံရသည်။ ရိုးရာ တိုင်းရင်းဆေးမှာလည်း အနောက်တိုင်းဆေးပညာအပြင် အခြား ရွေးချယ်စရာ တစ်ခု အဖြစ် လူကြိုက်များဆဲပင် ဖြစ်သည်။[၅၂]

ပထဝီဝင်[ပြင်​ဆင်​ရန်​]

မြောက်ဖျားဒေသ ရွမ်းစီးကီးရှိ မီးတောင်အဆို့ မြင်ကွင်း

ကင်မရွန်းနိုင်ငံသည် ၁၈၃,၅၆၉ စတုရန်းမိုင် (၄၇၅,၄၄၂ စတုရန်းကီလိုမီတာ) မျှ ရှိသဖြင့် ကမ္ဘာပေါ်တွင် ၅၃ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်သည်။[၅၃] ဆွီဒင်နိုင်ငံထက် အနည်းငယ်မျှ ပို၍ ကြီးမားပြီး ပါပူဝါနယူးဂီနီနိုင်ငံ နှင့် အရွယ်အစားတူမျှ ဖြစ်သည်။ ကင်မရွန်းနိုင်ငံသည် အလယ်အာဖရိကနှင့် အနောက်အာဖရိကရှိ ဘွန်နီပင်လယ်အော်ပေါ်တွင် တည်ရှိပြီး ဂီနီပင်လယ်ကွေ့ နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့၏ တစိတ်တဒေသ ဖြစ်သည်။[၅၄] မြောက်လတ္တီကျု ၁ ဒီဂရီမှ ၁၃ ဒီဂရီ အတွင်း အရှေ့လောင်ဂျီကျု ၈ ဒီဂရီမှ ၁၇ ဒီဂရီ အတွင်းတွင် တည်ရှိသည်။

ကမ္ဘာလှည့် ခရီးသွားစာပေများတွင် ကင်မရွန်းနိုင်ငံအား အာဖရိကတိုက် အသေးစားလေးဟု ဖော်ပြလေ့ ရှိပြီး အကြောင်းမှာ ကင်မရွန်းနိုင်ငံ အတွင်း အာဖရိက၏ အဓိက ရာသီဥတုများ နှင့် သဘာဝပေါက်ပင်များ အားလုံး ရှိပြီး ကမ်းရိုးတန်း၊ ကန္တာရ၊ တောင်ကုန်းများ၊ မိုးသစ်တောများ နှင့် ဆာဗားနား မြက်ခင်းပြင်များ အားလုံး ရှိသောကြောင့် ဖြစ်သည်။ [၅၅] အိမ်နီးချင်း နိုင်ငံများမှာ အနောက်ဘက်တွင် နိုင်ဂျီးရီးယားနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ချဒ်နိုင်ငံ၊ အရှေ့ဘက်တွင် ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ တောင်ဘက်တွင် အီကွေတာဂီနီနိုင်ငံ၊ ဂါဘွန်နိုင်ငံ နှင့် ကွန်ဂိုသမ္မတနိုင်ငံ တို့ ဖြစ်ကြသည်။[၁၇]

ကင်မရွန်းနိုင်ငံအား အဓိက ပထဝီဝင်ဇုန်ကြီး ၅ ဇုန် အဖြစ်ခွဲခြားထားပြီး ၎င်းတို့မှာ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် လည်းကောင်း၊ ရာသီဥတု အားဖြင့် လည်းကောင်း၊ သဘာဝ ပေါက်ပင်အားဖြင့် လည်းကောင်း အသွင် ကွဲပြားခြားနားသည်။ ကမ်းရိုးတန်း လွင်ပြင်သည် ဂီနီ ပင်လယ်ကွေ့မှ[၅၆] အတွင်းပိုင်းသို့ ၉ မိုင်မှ ၉၃မိုင် (၁၅ ကီလိုမီတာမှ ၁၅၀ ကီလိုမီတာ) အထိ ထိုးဖောက်ဝင်ရောက်သွားပြီး ပျမ်းမျှ အမြင့်အားဖြင့် ၂၉၅ပေ (၉၀ မီတာ) မျှ ရှိသည်။[၅၇] ထိုဒေသမှာ အလွန်ပူ၍ စွတ်စိုထိုင်းမှိုင်းပြီး တိုတောင်းသော ခြောက်သွေ့ရာသီ ရှိကာ ထိုရပ်ဝန်းဒေသသည် သစ်တောထူထပ်စွာ ပေါက်ရောက်နေပြီး ကမ္ဘာပေါ်တွင် အစိုစွတ်ဆုံး ဒေသ အများအပြား ပါဝင်ကာ ခရော့စ် ဆာနာဂါ ဘိုင်အိုကို ကမ်းရိုးတန်း သစ်တော ဒေသ၏ တစိတ်တပိုင်း ဖြစ်သည်။[၅၈][၅၉]

တောင်ပိုင်း ကင်မရွန်း ကုန်းမြေမြင့်ဒေသသည် ကမ်းရိုးတန်း လွင်ပြင်မှ ပျမ်းမျှ အမြင့် ၂,၁၃၃ ပေ (၆၅၀ မီတာ) အထိ မြင့်တက်သွားသည်။[၆၀] ထိုဒေသတွင် အီကွေတာ မိုးသစ်တောများ အဓိက တည်ရှိပြီး စိုစွတ်သော ရာသီဥတုနှင့် ခြောက်သွေ့သော ရာသီဥတု အပြောင်းလဲ ရှိခြင်းကြောင့် ကမ်းရိုးတန်းဒေသထက် စိုထိုင်းမှု ပိုနည်းသည်။ ထိုဒေသသည် အတ္တလန္တိတ် အီကွေတာ ကမ်းရိုးတန်းသစ်တော ဇီဝရပ်ဝန်း၏ တစိတ်တဒေသ ဖြစ်သည်။[၆၁]

ကင်မရွန်းနိုင်ငံ အဒါမဝါ ဒေသရှိ နျုန်းဒယ် အနီး ကျေးလက်မြင်ကွင်း

ကင်မရွန်းတောင်တန်း ဟုခေါ်သည့် ပုံသဏ္ဍန်မှန်သော တောင်ကုန်းများ၊ တောင်တန်းများ နှင့် ကုန်းမြေမြင့်များသည် ကမ်းရိုးတန်းရှိ ကင်မရွန်းတောင်မှ မြောက်ဘက်ပိုင်း ကင်မရွန်းနယ်စပ် လတ္တီကျု ၁၃ ဒီဂရီ ၅ မိနစ် ချဒ်ရေကန် အထိ ရှည်လျားစွာ တည်ရှိပြီး ကင်မရွန်းတောင်မှာ ၁၃,၄၃၅ ပေ( ၄,၀၉၅ ပေ)[၆၂] ဖြင့် အမြင့်ဆုံး ဖြစ်သည်။ ထိုဒေသတွင် မိုးရွာကျမှု များသော်လည်း ပြင်းထန်သော ရာသီဥတု ရှိကာ အထူးသဖြင့် အနောက်ဘက် ကုန်းမြေမြင့် တွင် ဖြစ်သည်။ ထိုဒေသရှိ မြေကြီးများအာ ထွန်ယက်စိုက်ပျိုးရန် အကောင်းဆုံးသော မြေများ ဖြစ်ပြီဂ အထူးသဖြင့် မီးတောင်ဒေသဖြစ်သော ကင်မရွန်းတောင် ပတ်ဝန်းကျင်တွင် ဖြစ်သည်။[၆၂] မီးတောင်ကြောင့် မီးတောင်ထိပ်ဝရေကန်များ ဖြစ်ပေါ်လျှက် ရှိသည်။ ၁၉၈၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်တွင် ထိုသို့သော ရေကန်တစ်ခု ဖြစ်သည့် နျိုရေကန်မှ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့များ ထုတ်လွှတ်သဖြင့် လူ ၁,၇၀၀ မှ ၂,၀၀၀ ကြား သေဆုံး ခဲ့ရသည်။[၆၂][၆၃] ထိုဒေသအား ကမ္ဘာ့သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့မှ ကင်မရွန်းကုန်းမြင့်သစ်တော ဇီဝရပ်ဝန်းဒေသ အဖြစ် သတ်မှတ် ဖော်ပြထားသည်။[၆၄]

တောင်ဘက် ကုန်းမြေမြင့်မှာ မညီညာ၍ မြက်ခင်းထူထပ်သော အဒါမဝါ ကုန်းမြေမြင့် ဆီသို့ မြင့်တက်သွားသည်။ ထို မြေမျက်နှာသွင်ပြင်သည် အနောက်ဘက် တောင်ကုန်းဒေသသို့ ဆန့်တန်းသွားပြီး နိုင်ငံ၏ မြောက်ပိုင်းနှင့်တောင်ပိုင်းကြား အရံအတား အဖြစ်ကာဆီးလျှက်ရှိသည်။ ၎င်း၏ ပျမ်းမျှ အမြင့်ပေမှာ ၃,၆၀၉ပေ (၁,၁၀၀ မီတာ) ဖြစ်ပြီး။[၆၀] ပျမ်းမျှ အပူချိန်မှာ ၂၂ ဒီဂရီ စင်တီဂရိတ် မှ ၂၅ ဒီဂရီ စင်တီဂရိတ် အထိ ဖြစ်သည်။ ဧပြီလနှင့် အောက်တိုဘာလကြား မိုးအများဆုံး ရွာကျပြီး မိုးရေချိန် အမြင့်ဆုံးမှာ ဇူလိုင်လ နှင့် ဩဂုတ်လ တို့ ဖြစ်ကြသည်။[၆၅][၆၆] မြောက်ပိုင်းမြေနိမ့်ဒေသမှ အဒါမဝါ၏ အစွန်းမှ ချဒ်ရေကန်အထိ သွယ်တန်းလျှက် ရှိပြီး ပျမ်းမျှ အမြင့်ပေမှာ ၉၈၄ ပေ မှ ၁,၁၄၈ပေ (၃၀၀ မီတာ မှ ၃၅၀ မီတာ) အထိ ဖြစ်သည်။.[၆၂] ၎င်းတွင် တွေ့ရသော သဘာဝပေါက်ပင်များမှာ ဆာဗားနား ချုံထနောင်းတော နှင့် မြက်ခင်းများ ဖြစ်သည်။ ထိုဒေသမှာ မိုးခေါင်သော ဒေသဖြစ်ပြီး မိုးကွက်ကျား ရွာကျကာ ပျမ်းမျှ အပူချိန် မြင့်မားသည်။[၆၇]

ကင်မရွန်းနိုင်ငံတွင် ရေဆင်းစနစ် ၄ မျိုးရှိသည်။ တောင်ဘက်ရှိ အဓိကမြစ်များမှာ အန်တမ်မြစ် ၊ နျောင်မြစ် ၊ ဆာနာဂါမြစ် နှင့် ဝူရီ မြစ်တို့ ဖြစ်ကြသည်။ ထိုမြစ်များမှာ အနောက်တောင်ပိုင်း နှင့် အနောက်ပိုင်းသို့ စီးဆင်းသွားကြပြီး ဂီနီပင်လယ်ကွေ့ အတွင်းသို့ စီးဝင်သည်။ ဂျာမြစ် နှင့် ကဒဲမြစ်တို့မှာ အရှေ့တောင်ပိုင်းရှိ ကွန်ဂိုမြစ် အတွင်းသို့ စီးဝင်ကြသည်။ ကင်မရွန်းမြောက်ပိုင်းတွင်မူ ဘန်နောင်းမြစ်သည် မြောက်ဘက် နှင့် အနောက်ဘက်သို့ စီးဆင်းသွားပြီး နိုင်ဂျာမြစ်အတွင်းသို့ စီးဝင်သည်။ လိုဂုန်းမြစ်မှာမူ မြောက်ဘက်သို့ စီးဆင်းသွားပြီး ချဒ်ရေကန် အတွင်းသို့ စီးဝင်သည်။ ကင်မရွန်းသည် ချဒ်ရေကန်အား အိမ်နီးချင်း ၃ နိုင်ငံ နှင့် အတူ ဝေမျှ ပိုင်ဆိုင်သည်။[၆၈]

စီးပွားရေး နှင့် အခြေခံ အဆောက်အအုံ[ပြင်​ဆင်​ရန်​]

ကင်မရွန်းနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်ဿော ဒူဝါလာမြို့
လင်းဘေးမြို့မှ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာနေရာ
ယောင်အွန်ဒေးမြို့မှ အားကစားနန်းတော်

ကင်မရွန်းနိုင်ငံ၏ လူတစ်ဦးချင်း ဂျီဒီပီ (ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း အပါအဝင်) သည် အမေရိကန် ဒေါ်လာ ၂၃၀၀ မျှ ရှိမည်ဟု ခန့်မှန်းရပြီး[၁၇] အာဖရိက တောင်ပိုင်းနိုင်ငံများထဲတွင် အဆင့် ၁ မှ ၁၀ အတွင်း ရှိသည်။[၆၉] အဓိက ကုန်ပစ္စည်းတင်ပို့ ရောင်းချသော နိုင်ငံများမှာ ပြင်သစ်၊ အီတလီ၊ တောင်ကိုရီးယား၊ စပိန် နှင့် ယူနိုက်တက် ကင်းဒမ်းတို့ ဖြစ်ကြသည်။[၁၇] ကင်မရွန်းသည် ၂၀၃၅ တွင် အရေးပါသော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာရန် ရည်မှန်းထားသည်။

ကင်မရွန်းနိုင်ငံသည် ဆယ်စုနှစ် တစ်ခုစာမျှ စီးပွားရေး တိုးတက်မှု ကောင်းမွန်ခဲ့ပြီး တစ်နှစ်လျှင် ဂျီဒီပီ ၄ ရာခိုင်နှုန်းမျှ တိုးမြင့်လာခဲ့သည်။ ၂၀၀၄ မှ ၂၀၀၈ အတွင်း အများပြည်သူ ဆိုင်ရာ ချေးငွေသည် ဂျီဒီပီ၏ ၆၀ ရာခိုင်နှုန်းကျော်မှ ၁၀ ရာခိုင်နှုန်းကျော် အထိ လျော့ကျသွားခဲ့ပြီး နိုင်ငံ၏ အရန်ငွေကြေးမှာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ အထိ ၄ ဆမျှ မြင့်တက်သွားခဲ့သည်။[၇၀] ကင်မရွန်းနိုင်ငံများသည် အာဖရိကအလယ်ပိုင်းနိုင်ငံများ၏ ဘဏ် အဖွဲ့ ၊အလယ်အာဖရိက နိုင်ငံများ၏ အကောက်ခွန် နှင့် စီးပွားရေး သမဂ္ဂ အဖွဲ့၊ အာဖရိကနိုင်ငံများ၏ စီးပွားရေး ဥပဒေ ညီညွတ်ရေး အဖွဲ့တို့၏ တစိတ်တဒေသ ဖြစ်သည်။[၇၁] ကင်မရွန်းနိုင်ငံ၏ငွေကြေးမှာ စီအက်ဖ်အေ ဖရန့် ဖြစ်သည်။[၁၇]

၂၀၀၁ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်းမှာ ၃၀ ရာခိုင်နှုန်းမျှ ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ နိုင်ငံတကာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်း ဖြစ်သော တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၁.၂၅ အောက်တွင် ရှင်သန်နေထိုင်ကြသည်။[၇၂] ၁၉၈၀ ခုနှစ်များ၏ နောက်ပိုင်းမှ အစပြု၍ ကင်မရွန်းနိုင်ငံသည် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ စီးပွားရေး လုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြောင်းလဲရေး နှင့် စီးပွားရေး ဖွံ့ဖြိုးမှု တိုးတက်ရေး တို့အတွက် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့တို့ အကြံပေးထားသော အစီအစဉ်များ ကို လိုက်နာဆောင်ရွက်ခဲ့သည်။[၁၈] အစိုးရသည် နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးသည့် အစီအစဉ်များ ပြုလုပ်ခဲ့သည်။[၇၃]

ကင်မရွန်းနိုင်ငံ၏ သဘာဝ အရင်းအမြစ်များမှာ စိုက်ပျိုးမွေးမြူရေး နှင့် သစ်ပင်စိုက်ပျိုးရေး အတွက် အထူး သင့်လျော်သည်။ ခန့်မှန်းခြေအားဖြင့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေး ပြုလုပ်ကြပြီး ၂၀၀၉ ခုနှစ် စုစုပေါင်း ပြည်တွင်း ထုတ်ကုန်တွင် စိုက်ပျိုးမွေးမြူရေးမှာ ၁၉.၈ ရာခိုင်နှုန်းမျှ ပါဝင်သည်။[၁၇] စိုက်ပျိုးရေး လုပ်ငန်း အများစုကို ဒေသခံ လယ်သမားများက ဝမ်းစာဖူလုံရုံမျှ အတွက် ရိုးရှင်းသော ကိရိယာများကို အသုံးပြု၍ လုပ်ဆောင်ကြသည်။ သူတို့သည် ပိုလျှံသော ထွက်ကုန်များကို ရောင်းချကြပြီး အချို့မှာ စီးပွားရေးအတွက် လယ်ကွင်းသီးသန့်များကို ထိန်းသိမ်း စိုက်ပျိုးကြသည်။ မြို့ပြများက ၎င်းတို့၏ အစားအစာအတွက် လယ်သမားတို့၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားကိုး အားထား ပြုရသည်။ ကမ်းရိုးတန်းဒေသရှိ မြေသားများနှင့် ရာသီဥတုတို့က ငှက်ပျော၊ ကိုကိုး၊ ဆီအုန်း၊ ရာဘာ နှင့် လက်ဖက်တို့ကို စီးပွားဖြစ် စိုက်ပျိုးနိုင်ရန်အတွက် အထောက်အပံ့ပေးသည်။ ကုန်းတွင်းပိုင်းရှိ တောင်ပိုင်း ကင်မရွန်းကုန်းမြင့်ဒေသတွင် ဝင်ငွေရရှိနိုင်သော ကော်ဖီ၊ သကြား နှင့် ဆေးရွက်ကြီးတို့ကို စိုက်ပျိုးကြသည်။ အနောက်ဖက် ကုန်းမြင့်ဒေသရှိ အဓိကဝင်ငွေရ သီးနှံမှာ ကော်ဖီ ဖြစ်ပြီး မြောက်ပိုင်းတွင် ဝါ၊ မြေပဲ နှင့် စပါးတို့ကို သဘာဝအလျောက် စိုက်ပျိုးထုတ်လုပ်နိုင်သည်။ ပြည်ပထွက်ကုန်အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အားထားသောကြောင့် ကင်မရွန်းအနေနှင့် ၎င်းတို့၏ ဈေးနှုန်းများကို ပြောင်းလဲရန် အတွက် အန္တရာယ်ကြီးမားသည်။[၁၇]

ကင်မရွန်းမြောက်ပိုင်းတွင် ဖူလာ နွားကျောင်းသမားက သူ၏ နွားများကို မောင်းနှင်နေပုံ။

တိရိစ္ဆာန်များကို နိုင်ငံအနှံ့တွင် မွေးမြူကြသည်။[၇၄] ငါးဖမ်းခြင်း မှ လူပေါင်း ၅,၀၀၀ ကျော်ကို အလုပ်ပေးထားပြီး နှစ်စဉ်နှစ်တိုင်းတွင် ပင်လယ်စာ ၁၀၀,၀၀၀ တန် ကျော်ကို ပံ့ပိုးပေးနိုင်သည်။[၇၅][၇၆] ယခင်က ကျေးလက်နေ ကင်မရွန်းပြည်သူမျာအတွက် ပင်မ အစားအစာ ဖြစ်ခဲ့သော တောကောင်သားများမှာ ယခု အခါတွင် နိုင်ငံရှိ မြို့ပြကြီးများအတွက် အထူးအစားအစာ ဖြစ်လာခဲ့သည်။ တောင်ကောင်သားများကို စီးပွားဖြစ် ရောင်းဝယ်ခြင်းသည် ကင်မရွန်းရှိ တောရိုင်းတိရိစ္ဆာန်များအတွက် ခြိမ်းခြောက်မှု အနေဖြင့် သစ်တောပြုန်းတီးခြင်းကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။[၇၇][၇၈]

တောင်ပိုင်း မိုးသစ်တောများတွင် အလွန်များပြားသော သစ်ထုတ်လုပ်ရန် သစ်များရှိပြီး ကင်မရွန်းနိုင်ငံ စုစုပေါင်း ကုန်းမြေ ဧရိယာ၏ ၃၇% မျှ ရှိသည်။ [၇၆] သို့သော်လည်း သစ်တော နေရာ အတော်များများကို ရောက်ရှိရန် ခက်ခဲသည်။ သစ်ထုတ်လုပ်ငန်းအား နိုင်ငံခြားပိုင် ကုမ္ပဏီများမှ အများဆုံး လုပ်ကိုင်ကြပြီး[၇၆] ၁၉၉၈ ခုနှစ် စာရင်းအရ အစိုးရအား အမေရိကန်ဒေါ်လာ သန်း ၆၀ မျှ အထောက်အပံ့ပေးသည်ကို တွေ့ရသည်။ ဥပဒေအရ သစ်ထုတ်လုပ်ရာတွင် အန္တရာယ် ကင်းရှင်းစေရန် နှင့် ရေရှည် ထုတ်လုပ်နိုင်ရန် ပြဌာန်းထားသော်လည်း သစ်ထုတ်လုပ်ငန်းသည် ကင်မရွန်းနိုင်ငံတွင် ကြီးကြပ်မှု အနည်းဆုံး လုပ်ငန်း တစ်ခု ဖြစ်သည်။[၇၉]

၂၀၀၉ ခုနှစ်တွင် စက်ရုံလုပ်ငန်းများမှာ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၂၉.၇ ရာခိုင်နှုန်းမျှ ရှိသည်။[၁၇] ကင်မရွန်းနိုင်ငံ၏ စက်ရုံလုပ်ငန်းများ၏ ၇၅ ရာခိုင်နှုန်းမှာ ဒူဝါလာမြို့ နှင့် ဘိုနာဘယ်ရီမြို့ တို့တွင် တည်ရှိကြသည်။ ကင်မရွန်းနိုင်ငံတွင် သတ္တုတွင်းထွက်များ အတော်အတန် ရှိသော်လည်း ထိုတွင်းထွက်များကို ကျယ်ပြန့်စွာ တူးဖော်ခြင်း မပြုကြပေ။ [၁၈] ရေနံ ရှာဖွေမှုမှာ ၁၉၈၆ ခုနှစ်မှ စ၍ ကျဆင်းလာခဲ့သော်လည်း အတော်အသင့် အရေးပါသော ကဏ္ဍ တစ်ခု အဖြစ် ကျန်ရှိနေပြီး ရေနံ ဈေးကျဆင်းပါက နိုင်ငံ့ စီးပွားရေးကို အပြင်းအထန် ရိုက်ခတ်လေ့ ရှိသည်။[၈၀] ရေမော်များ နှင့် ရေတံခွန်များက တောင်ဘက်ပိုင်းရှိ မြစ်များတွင် အရံအတား များ အဖြစစ် ရှိနေကြသော်လည်း ထိုနေရာများက ရေအားလျှပ်စစ် ထုတ်လုပ်ရန် အခွင့်အလမ်းများ ရရှိစေပြီး ကင်မရွန်းနိုင်ငံ၏ စွမ်းအင် လိုအပ်မှုကို ဖြည့်ဆီးပေးလျှက် ရှိသည်။ ဆာနာဂါ မြစ်မှ အီဒီယာရှိ အကြီးဆုံသော ရေအားလျှပ်စစ် စက်ရုံကို စွမ်းအင် ပေးလျှက် ရှိသည်။ ကျန်ရှိသော ကင်မရွန်းနိုင်ငံ၏ စွမ်းအင် လိုအပ်မှုများကို ဆီဖြင့်မောင်းနှင်ရသော ဓာတ်အားပေးစက်များမှ ဖြည့်တင်းပေးလျှက် ရှိသည်။ သို့သော်လည်း နိုင်ငံ၏ ဒေသ အတော်များများတွင် အားထားရသော လျှပ်စစ်မီး မရှိသေးပေ။[၈၁]

ကင်မရွန်းနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးမှာ အများအားဖြင့် ခက်ခဲသည်။ အဓိက မြို့ကြီးများကို ဆက်သွယ်ပေးထားသော အခြားလမ်းများနှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်သော အခကြေးငွေကောက်ခံသည့် လမ်းများ (အားလုံးမှာ ကားတစ်စင်းသာ မောင်းနိုင်သည်။)သာ ရှိပြီး ထိုလမ်းများမှာလည်း ပြုပြင်ထိန်းသိမ်းမှု မရှိသလောက် ဖြစ်ပြီး ၁၀% မျှသာ ကတ္တရာ ခင်းထားသဖြင့် ဆိုးရွားသော ရာသီဥတုရှိလျှင် သွားလာ မရပေ။ လမ်းတွင်ရှိသော စစ်ဆေးရေးဂိတ်များမှာလည်း ရဲများ နှင့် ဂျန်ဒါမီ ရဲများ အတွက် ခရီးသွားများ ထံမှ ငွေညှစ်ရုံမှ အပ အခြားကောင်းမွန်သော ရည်ရွယ်ချက် မရှိပေ။[၈၂] လမ်းဓားပြတိုက်ခြင်းကလည်း အရှေ့ဘက် နှင့် အနောက်ဘက် နယ်စပ်များရှိ သယ်ယူပို့ဆောင်ရေးကို အဟန့်အတား ဖြစ်စေပြီး ၂၀၀၅ ခုနှစ်မှ စ၍ ဗဟိုအာဖရိကသမ္မတနိုင်ငံ မတည်မငြိမ် ဖြစ်မှုကြောင့် ပြသနာမှာ ပိုမိုဆိုးရွားလာခဲ့သည်။[၈၃]

လူဦးရေ ပျံ့နှံ့နေထိုင်ပုံ[ပြင်​ဆင်​ရန်​]

ဒုက္ခသည်များ[ပြင်​ဆင်​ရန်​]

ဘာသာစကား[ပြင်​ဆင်​ရန်​]

ကိုးကွယ်ယုံကြည်မှု[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ဂီတ နှင့် အက[ပြင်​ဆင်​ရန်​]

စားသောက်ဖွယ်ရာ[ပြင်​ဆင်​ရန်​]

ပြည်တွင်း အနုပညာ နှင့် လက်မှုပညာ[ပြင်​ဆင်​ရန်​]

ရုပ်ရှင်နှင့် စာပေ[ပြင်​ဆင်​ရန်​]

အားကစား[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ Cameroon။ International Monetary Fund။ 2010-04-21 တွင် ပြန်စစ်ပြီး။
  2. DeLancey and DeLancey 2.
  3. DeLancey and DeLancey 59
  4. ၄.၀ ၄.၁ Bamum။ National Museum of African Art, Smithsonian Institution။ 29 January 2012 တွင် ပြန်စစ်ပြီး။
  5. DeLancey and DeLancey 125.
  6. DeLancey and DeLancey 4.
  7. DeLancey and DeLancey 6.
  8. DeLancey and DeLancey 19.
  9. DeLancey and DeLancey 7.
  10. DeLancey and DeLancey 8.
  11. DeLancey and DeLancey 9.
  12. Nkemngu, Martin A. (11 March 2008). "Facts and Figures of the Tragic Protests", Cameroon Tribune. Accessed 12 March 2008.Template:Subscription needed
  13. Matthews, Andy (12 March 2008). "Cameroon protests in USA", Africa News. Accessed 13 March 2008.
  14. Cameroon, Chad Deploy Troops to Fight Boko Haram – NigeriaReliefWeb။ 10 June 2014 တွင် ပြန်စစ်ပြီး။
  15. ၁၅.၀ ၁၅.၁ Neba 250.
  16. ၁၆.၀ ၁၆.၁ Cameroon: Government။ Michigan State University: Broad College of Business။ 12 April 2013 တွင် ပြန်စစ်ပြီး။
  17. ၁၇.၀၀ ၁၇.၀၁ ၁၇.၀၂ ၁၇.၀၃ ၁၇.၀၄ ၁၇.၀၅ ၁၇.၀၆ ၁၇.၀၇ ၁၇.၀၈ ၁၇.၀၉ ၁၇.၁၀ CameroonWorld Factbook။ CIA။ 24 September 2011 တွင် ပြန်စစ်ပြီး။
  18. ၁၈.၀ ၁၈.၁ ၁၈.၂ ၁၈.၃ ၁၈.၄ "U.S. Relations With Cameroon". United States Department of State. Accessed 6 April 2007.
  19. Neba 252.
  20. Abdourhamane, Boubacar Issa။ Cameroon: Institutional Situation။ Montesquieu University of Bordeaux။ 12 April 2013 တွင် ပြန်စစ်ပြီး။
  21. Government in Cameroon။ Commonwealth of Nations။ 12 April 2013 တွင် ပြန်စစ်ပြီး။
  22. "Corruption Perceptions Index 2012". Transparency International.
  23. "Cameroon: New anti-corruption drive leaves many sceptical". 27 January 2006. IRIN. UN Office for the Coordination of Humanitarian Affairs. Accessed 6 April 2007.
  24. Business Corruption in Cameroon။ Business Anti-Corruption Portal။ 24 March 2014 တွင် ပြန်စစ်ပြီး။
  25. Template:Wayback. Amnesty International Report 2006. Amnesty International Publications. Accessed 6 April 2007.
  26. "Cameroon (2006)", Country Report: 2006 Edition. Freedom House. Retrieved on 6 April 2007. 
  27. ၂၇.၀ ၂၇.၁ ၂၇.၂ ၂၇.၃ ၂၇.၄ "Cameroon". Country Reports on Human Rights Practices, 6 March 2007. Bureau of Democracy, Human Rights, and Labor, U.S. Department of State. Accessed 6 April 2007.
  28. ၂၈.၀ ၂၈.၁ Template:Wayback. May 2006. Amnesty International Publications. Accessed 6 April 2007.
  29. ၂၉.၀ ၂၉.၁ West 11.
  30. Cameroon is rated at six in both categories on a scale of one to seven, with one being "most free" and seven being "least free". Freedom House.
  31. Kandemeh, Emmanuel (17 July 2007). "Journalists Warned against Declaring Election Results", Cameroon Tribune. Accessed 18 July 2007 Template:Subscription needed.
  32. DeLancey and DeLancey 126
  33. Ngoh 328.
  34. DeLancey and DeLancey 30.
  35. Cameroon။ US Department of State (25 August 2011)။ 24 September 2011 တွင် ပြန်စစ်ပြီး။
  36. Core document forming part of the reports of States Parties: Cameroon။ UNHCHR။ 12 April 2013 တွင် ပြန်စစ်ပြီး။
  37. ၃၇.၀ ၃၇.၁ ၃၇.၂ Mbaku 15.
  38. DeLancey and DeLancey 105–6.
  39. Mbaku 16.
  40. 2013 Findings on the Worst Forms of Child Labor -Cameroon. Dol.gov. Retrieved on 29 June 2015.
  41. List of Goods Produced by Child Labor or Forced Labor. Dol.gov. Retrieved on 29 June 2015.
  42. ၄၂.၀ ၄၂.၁ DeLancey and DeLancey 21.
  43. Staff, CNN. "3 medical marvels saving lives". 18 November 2013တွင် ပြန်စစ်ပြီး. 
  44. Rose Futrih N. Njini (December 2012)။ The need is so great။ D+C Development and Cooperation/ dandc.eu။
  45. West 64.
  46. Life Expectancy ranksCIA World Factbook။ 12 April 2013 တွင် ပြန်စစ်ပြီး။
  47. West 58–60.
  48. Joe, Randy. (23 June 2006) Africa | Cameroon girls battle 'breast ironing'. BBC News. Retrieved on 2015-06-29.
  49. BBC World Service – Outlook, Fighting 'Breast Ironing' in Cameroon. Bbc.co.uk (16 January 2014). Retrieved on 2015-06-29.
  50. Campaigners warn of 'breast ironing' in the UK – Channel 4 News. Channel4.com (18 April 2014). Retrieved on 2015-06-29.
  51. Bawe, Rosaline Ngunshi (24 August 2011) Breast Ironing : A harmful traditional practice in Cameroon. Gender Empowerment and Development(GeED)
  52. Lantum, Daniel M., and Martin Ekeke Monono (2005). "Republic of Cameroon", Who Global Atlas of Traditional, Complementary and Alternative Medicine. World Health Organization, p. 14.
  53. Demographic Yearbook 2004. United Nations Statistics Division.
  54. Country Profiles။ UCLA African Studies Center။ 12 April 2013 တွင် ပြန်စစ်ပြီး။
  55. DeLancey and DeLancey 16.
  56. Cite error: Invalid <ref> tag; no text was provided for refs named Fomensky
  57. Neba 14.
  58. Neba 28.
  59. Cite error: Invalid <ref> tag; no text was provided for refs named Extremes
  60. ၆၀.၀ ၆၀.၁ Neba 16.
  61. ICAM of Kribi Campo။ UNIDO။ 12 April 2013 တွင် ပြန်စစ်ပြီး။
  62. ၆၂.၀ ၆၂.၁ ၆၂.၂ ၆၂.၃ Neba 17.
  63. DeLancey and DeLancey 161 report 1,700 killed; Hudgens and Trillo 1054 say "at least 2,000"; West 10 says "more than 2,000".
  64. Cameroon Highlands Forests။ WWF။ 12 April 2013 တွင် ပြန်စစ်ပြီး။
  65. Cite error: Invalid <ref> tag; no text was provided for refs named Gwanfogbe
  66. Neba 29.
  67. Cite error: Invalid <ref> tag; no text was provided for refs named Green
  68. Country Files: Cameroon။ UN Food and Agriculture Organization။ 3 March 2013 တွင် ပြန်စစ်ပြီး။
  69. Cite error: Invalid <ref> tag; no text was provided for refs named Musa_Biya_plan
  70. Cameroon Financial Sector Profile။ MFW4A။ 24 September 2011 တွင် ပြန်စစ်ပြီး။
  71. The business law portal in Africa။ OHADA။ 22 March 2009 တွင် ပြန်စစ်ပြီး။
  72. Table 3: Human and income povertyHuman Development Indices။ UN။ 1 June 2009 တွင် ပြန်စစ်ပြီး။
  73. Cameroon Business Mission Fact Sheet 2010–2011။ Netherlands-African Business Council (2011)။
  74. Cameroon livestock production map။ FAO။ 12 April 2013 တွင် ပြန်စစ်ပြီး။
  75. Som, Julienne။ Women's role in Cameroon fishing communities။ FAO။ 12 April 2013 တွင် ပြန်စစ်ပြီး။
  76. ၇၆.၀ ၇၆.၁ ၇၆.၂ Cameroon။ AWF။ 12 April 2013 တွင် ပြန်စစ်ပြီး။
  77. "UK project tackles bushmeat diet", BBC, 10 April 2002. 12 April 2013တွင် ပြန်စစ်ပြီး. 
  78. "Cameroon's bushmeat dilemma", BBC, 14 March 2008. 12 April 2013တွင် ပြန်စစ်ပြီး. 
  79. Logging in the Green Heart of Africa။ WWF။ 12 April 2013 တွင် ပြန်စစ်ပြီး။
  80. Cossé, Stéphane (2006)။ Strengthening Transparency in the Oil Sector in Cameroon။ IMF။ 12 April 2013 တွင် ပြန်စစ်ပြီး။
  81. Prevost, Yves။ Harnessing Central Africa's Hydropower Potential။ Climate Parliament။ 12 April 2013 တွင် ပြန်စစ်ပြီး။
  82. Hudgens and Trillo 1036.
  83. Cite error: Invalid <ref> tag; no text was provided for refs named Musa_Gunmen