မာတိကာသို့ ခုန်သွားရန်

သွေးလွန်တုပ်ကွေး

ဝီကီပီးဒီးယား မှ
သွေးလွန်တုပ်ကွေး
Photograph of a person's back with the skin exhibiting the characteristic rash of dengue fever
The typical rash seen in dengue fever
အထူးပြုကူးစက်ရောဂါ

သွေးလွန်တုပ်ကွေး (UK: /ˈdɛŋɡ/ သို့မဟုတ် US: /ˈdɛŋɡ/)ကို အရိုးကွဲဖျား (breakbone fever) ဟုလည်း လူသိများပြီး ၎င်းသည် သွေးလွန်တုပ်ကွေး ရောဂါပိုး(dengue virus)ကြောင့် ဖြစ်ပွားသော ကူးစက်တတ်သည့် အပူပိုင်းဒေသ ရောဂါ တစ်မျိုးဖြစ်သည်။ ပုံမှန် ရောဂါလက္ခဏာများမှာ ဖျားခြင်းခေါင်းကိုက်ခြင်း၊ ထူးခြားသော အရေပြားတွင် အနီစက်များထွက်ခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်းတို့ ဖြစ်သည်။ အနည်းအကျဉ်းမှာ အသက်အန္တရာယ် ပေးသည်အထိ ရှုပ်ထွေးမှုများကို ဖြစ်စေသည့် သွေးလွန်တုပ်ကွေး(သွေးယိုစီးခြင်းကို ဖြစ်စေနိုင်သည်)နှင့် သွေးလန့် ရောဂါလက္ခဏာစု (ခန္ဓာကိုယ်အတွင်း သွေးဖိအား အလွန် ကျဆင်းသဖြင့် ခန္ဓာကိုယ်တွင်း ကလီစာများ အလုပ်လုပ်ခြင်းကို ကစဉ့်ကလျားဖြစ်စေနိုင်သည့်)တို့ ဖြစ်ပေါ်စေသည်။

သွေးလွန်တုပ်ကွေးသည် အေးဒီး(စ်) အေဂျစ်ပ္ပတီ ခြင် မှတဆင့် ကူးစက်လေ့ရှိပြီး အေးဒီ(စ်) အာဘိုပစ်တပ် ခြင်မှလည်း ရှားရှားပါးပါး ကူးစက်တတ်သည်။ ရောဂါပိုး အမျိုးအစား လေးမျိုးရှိသည်။ ရောဂါပိုးတစ်မျိုး ကူးစက်ခံရပါက ၎င်းပိုးကို တသက်တာ ခံနိုင်ရည်ရှိသွားသည်။ သို့သော် အခြားပိုးများအတွက် ခေတ္တသာ ခံနိုင်ရည် ရှိသည်။ လောလောဆယ်တွင် ၎င်းရောဂါအတွက် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ကာကွယ်နိုင်သော ကာကွယ်ဆေး မရှိသေးပေ။ လက်ရှိအချိန် ထုတ်လုပ်နိုင်သော ကာကွယ်ဆေးမှာ အသက် ၉ နှစ်မှ အသက် ၄၅ နှစ်အထိသာ အသုံးပြုနိုင်ခြင်း၊ ကာကွယ်နိုင်အားမှာလည်း အမြင့်ဆုံး ၇၀ ရာခိုင်နှုန်းအထိသာ ရရှိနိုင်ခြင်းနှင့် နိုင်ငံအချို့တွင်သာ အသုံးပြုခွင့်ပြုထားခြင်းတို့ကြောင့် ထိရောက်မှု နည်းပါးနေသေးသည်။ ခြင်များ ပေါက်ပွားရာနေရာနှင့် ခြင်ကောင်အရေအတွက်ကို နည်းအောင် ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ခြင်ကိုက်ခံရခြင်းမှ နည်းအောင် နေခြင်းဖြင့်လည်းကောင်း ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်သည်။

မပြင်းထန်သော ရောဂါ သို့မဟုတ် သာမန်အဆင့် ရောဂါများအတွက် သောက်ဆေးပေးခြင်း သို့မဟုတ် သွေးပြန်ကြောတွင်းမှတဆင့် ရေဓာတ်ပြန်လည်သွင်းခြင်း၊ ပိုမိုပြင်းထန်သော ရောဂါများအတွက် အကြောဆေး ထိုးခြင်း သို့မဟုတ် သွေးသွင်းခြင်းတို့ ပြုလုပ်ခြင်းသည် ရောဂါကုသမှုကို အထောက်အကူ ဖြစ်စေသည်။ သွေးလွန်တုပ်ကွေးသည် လွန်ခဲ့သည့် နှစ် ၅၀ အတွင်း တုန်လှုပ်ချောက်ချားဖွယ်ရာ ပြန့်ပွားလာခဲ့ရာ နှစ်စဉ် လူသန်း ၅၀ မှ ၁၀၀ ခန့်သည် သွေးလွန်တုပ်ကွေး ကူးစက်ခံခဲ့ရသည်။ နိုင်ငံပေါင်း ၁၁၀ ကျော်တွင် သွေးလွန်တုပ်ကွေးသည် ကပ်ရောဂါသဖွယ် ဖြစ်ပွားလျက် ရှိသည်။ ၁၇၇၉ ခုနှစ်မှစ၍ ရောဂါအခြေအနေ ရှင်းလင်းဖော်ပြချက်များအပြင် ၎င်း၏ ရောဂါပိုးဆိုင်ရာ အကြောင်းရင်းနှင့် ပျံ့နှံ့ကူးစက်ခြင်းတို့ကို ၂၀ ရာစု အစောပိုင်းတွင် ရှင်းလင်းဖော်ပြခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မှစတင်၍ သွေးလွန်တုပ်ကွေးသည် ကမ္ဘာ့ပြဿနာ ဖြစ်လာခဲ့သည်။

ရောဂါ လက္ခဏာများ

[ပြင်ဆင်ရန်]

သွေးလွန်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူများတွင် အများအားဖြင့် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် ရိုးရိုးဖျားခြင်းကဲ့သို့ သာမန် ရောဂါလက္ခဏာသာ ရှိသည်။ အခြားသူများတွင် ပိုမိုပြင်းထန်သော ဖျားနာမှုမျိုး ရှိပြီး အနည်းစုမှာ အသက်အန္တရာယ် ရှိသည်။ ရောဂါပျိုးသည့်ကာလ(ရောဂါဖြစ်သည်မှ စ၍ ရောဂါလက္ခဏာများ ပေါ်ပေါက်ချိန်)သည် ၃ ရက်မှ ၁၄ ရက်အထိ ကြာသည်။ သို့ရာတွင် အများအားဖြင့် ၄ ရက်မှ ရ ရက်ကြာတတ်သည်။ ဆိုလိုသည်မှာ ရောဂါဖြစ်ပွားလေ့ရှိသော ဒေသများသို့ ခရီးသွားခဲ့သူသည် အိမ်သို့ ပြန်ရောက်ပြီး ၁၄ ရက်အတွင်း အဖျားနှင့် အခြားရောဂါလက္ခဏာများ ပေါ်ပေါက်ခြင်းမရှိပါက သွေးလွန်တုပ်ကွေး ကူးစက်ခံခဲ့ရခြင်းမရှိဟု ယူဆရသည်။ ကလေးများသည် သာမန်အအေးမိခြင်းနှင့် အစာအိမ်အချဉ်ပေါက်ခြင်း (အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း) လက္ခဏာများနှင့် ဆင်ဆင်လက္ခဏာများ မကြာခဏ ဖြစ်ပွားတတ်သော်လည်းပြင်းထန်သည့် ရောဂါများဖြစ်ပွားရန် ပိုမို၍ အလားအလာ ရှိသည်။

ဆေးကုသမှု အစီအစဉ်

[ပြင်ဆင်ရန်]

သွေးလွန်တုပ်ကွေး၏ ထူးခြားသော လက္ခဏာများမှာ ရုတ်တရက် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း (ပုံမှန်အားဖြင့် မျက်ရိုးကိုက်ခြင်း)၊ ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်း၊ အနီဖုများ ထွက်ခြင်းတို့ဖြစ်သည်။ သွေးလွန်တုပ်ကွေး၏ အခြားအမည်ဖြစ်သော "အရိုးကွဲဖျား" ဟူသော အမည်သည် ကြွက်သားနှင့် အဆစ်များ နာကျင်မှုတို့ကြောင့် ဆက်စပ် ခေါ်ဆိုခြင်း ဖြစ်သည်။ ရောဂါဖြစ်ပွားမှုကို သုံးပိုင်း ခွဲခြားထားသည်။ ၎င်းတို့မှာ ဖျားနာသည့်ကာလ၊ အရေးကြီးကာလ၊ နာလန်ထကာလ တို့ဖြစ်သည်။

ဖျားနာချိန်တွင် အဖျားကြီးသည်။ မကြာခဏဆိုသလို အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) ရှိတတ်ပြီး ယေဘုယျ နာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းသည်လည်း တွဲ၍ ပါလာသည်။ ဤအခြေအနေသည် ၂ ရက်မှ ၇ ရက်ထိ ကြာတတ်သည်။ ပါးစပ်နှင့် နှာခေါင်းမှ ချွဲသလိပ်ထွက်သော အမြှေးများမှ သွေးအနည်းငယ် ထွက်ခြင်းကြောင့် အရေပြားနီလာခြင်း၊ ဆံခြည်မျှင်သွေးကြောလေးများ ပေါက်ကွဲသဖြင့် သွေးခြေဥ ဟု ခေါ်သော အနီစက်ကလေးများ ပေါ်ပေါက်ခြင်းတို့သည် ဤကာလတွင် ဖြစ်ပေါ်နိုင်သည်။ ။

အရေးကြီးကာလ ရောက်ရှိလာပါက အဖျားကြီးခြင်းသည် ပုံမှန်အားဖြင့် တစ်ရက်မှ နှစ်ရက်ထိ ကြာတတ်သည်။ ဤကာလတွင် ဆံခြည်မျှင်သွေးကြောများမှ သွေးများ ယိုစိမ့်ထွက်မှုများ ပျံ့နှံ့လာသောကြောင့် ရင်ဘတ်နှင့် ဝမ်းခေါင်းတွင် အရည်များ သိသာစွာ စုပုံလာနိုင်သည်။ ဤသို့ဖြင့် ခန္ဓာကိုယ်တွင် လှည့်ပတ်နေသော သွေးများ လျော့ပါးသွားပြီး အဓိကကျသော ကိုယ်တွင်း အစိတ်အပိုင်းများဆီသို့ သွေးရောက်ရှိမှု လျော့နည်းသွားသည်။ ဤကာလတွင် ကိုယ်တွင်း အစိတ်အပိုင်းများ လုပ်ဆောင်မှု ပျက်ပြားကာ (ပုံမှန်အားဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းမှ) အလွန်အမင်း သွေးထွက်ခြင်း ဖြစ်ပေါ်နိုင်သည်။ သွေးလန့်ခြင်းနှင့် သွေးပေါင်ကျခြင်း ဖြစ်သူများသည် သွေးလွန်တုပ်ကွေး ဖြစ်သူများ အားလုံး၏ ၅% ထက် နည်းပါးသော်လည်းအခြားသော မျိုးကွဲ သွေးလွန်တုပ်ကွေး ရောဂါပိုးများ (“ဆင့်ပွား ရောဂါကူးစက်ခြင်း”) ယခင်က ကူးစက် ခံခဲ့ရပါက အခြေအနေ ပိုမိုဆိုးရွားစေနိုင်သည်။

ယိုစိမ့်သွားသောသွေးများကို သွေးလှည့်ပတ်မှုလမ်းကြောင်းအတွင်း ပြန်ရောက်ရန်ပို့ဆောင်ခြင်းသည် နာလန်ထကာလဖြစ်သည်။ ဤကာလသည်နှစ်ရက်မှသုံးရက်ကျော်ဖြစ်လေ့ရှိသည်။ ရောဂါသက်သာမှု သိသာသည်။ သို့ရာတွင် ပြင်းထန်စွာ ယားယံခြင်းနှင့် နှလုံးခုန် နှေးခြင်းတို့ ရှိတတ်သည်။ဤကာလတွင် သွေးများ ခန္ဓာကိုယ်တွင် အဆမတန် များပြားလာတတ်ပြီး အကယ်၍ ဦးနှောက်ကို သက်ရောက်မှု ရှိပါက သတိထိန်းချုပ်မှုစွမ်းအား လျော့နည်းစေခြင်း သို့မဟုတ် တက်ခြင်းများ ဖြစ်စေနိုင်သည်။

ကူးစက်ခြင်း

[ပြင်ဆင်ရန်]

သွေးလွန်တုပ်ကွေး ရောဂါပိုးသည် အခြေခံအားဖြင့် အေးဒီး(စ်) ခေါ် ခြင်ကျားများ၊ အထူးသဖြင့် အေ အေဂျစ်ပ္ပတီ မှ ကူးစက်တတ်သည်။ဤခြင်များသည် ပုံမှန်အားဖြင့် မြောက်လတ္တီတွဒ် ၃၅ ဒီဂရီနှင့် တောင်လတ္တီတွဒ် ၃၅ ဒီဂရီ၊ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၀၀ မီတာ (၃၃၀၀ ပေ)တွင် နေသည်။ ၎င်းတို့သည် အများအားဖြင့် နေ့ပိုင်းတွင် ကိုက်တတ်သည်။ အခြားသော ခြင်မျိုးစိတ်များဖြစ်သော အေ အာဘိုပစ်တပ်၊ အေ ပိုလီနီးဆီးယန်စစ် နှင့် အမျိုးမျိုးသော အေ စကူတဲလာရစ် ခြင်များသည်လည်း သွေးလွန်တုပ်ကွေး ရောဂါပိုးကို ကူးစက်ပြန့်ပွားစေသည်။ လူသည် မူလအခြေခံ ရောဂါပိုး လက်ခံသူ ဖြစ်သော်လည်းလူမဟုတ်သော လူဝံ၊ မျောက် အစရှိသည့် အဆင့်မြင့် နို့တိုက်သတ္ထဝါများတွင်လည်း သယ်ဆောင်ပျံ့နှံ့နိုင်သည်။ ကူးစက်မှုကို ခြင်တချက် အကိုက်ခံရခြင်းဖြင့် ရရှိနိုင်သည်။ ရောဂါဖြစ်ပွားနေသော သူ၏ သွေးကို ရရှိထာသော ခြင်သည် ၎င်းကိုယ်တိုင် ကူးစက်မှု ခံရလျှက် ၎င်း၏ အူဆဲ(လ်)ထဲတွင် ရောဂါပိုးများ အစီအရီ ရှိနေသည်။ ၈ ရက်မှ ၁၀ ရက်ကြာပြီးနောက် ရောဂါပိုးသည် ၎င်းခြင်၏ တံတွေးဂလင်းများ အပါအဝင် အခြားသော တစ်ရှူးများသို့ ပျံ့နှံ့သွားသည်။ နောက်ပိုင်း၌ တံတွေးတွင်း ရောက်ရှိသွားသည်။ ရောဂါပိုးသည် ခြင်ကို အန္တရာယ် ပေးဟန်မတူဘဲ ခြင်တွင် တသက်တာ ရှိနေသည်။ အေ အေဂျစ်ပ္ပတီ ခြင်သည် ၎င်း၏ ဥများကို လူတို့လုပ်ထားသော ရေထည့်ရာ ပစ္စည်းများတွင် ဥလေ့ရှိပြီး လူနှင့် နီးနီးကပ်ကပ်နေကာ အခြားသော ကျောရိုးရှိ သတ္တဝါများထက် လူထံမှ အာဟာရ ရယူရန် ပိုမိုနှစ်သက်သည်။

သွေးလွန်တုပ်ကွေးကို ကူးစက်ခံနေရသော သွေးပစ္စည်းကို သွင်းခြင်းနှင့် ကိုယ်တွင်း အစိတ်အပိုင်းများ လှူဒါန်းခြင်းများ မှတဆင့်လည်း ကူးစက်နိုင်သည်။ ရောဂါဖြစ်ပွားလေ့ရှိသော စင်္ကာပူကဲ့သို့သော နိုင်ငံများတွင် သွေးသွင်းမှု ၁၀၀၀၀ တွင် ၁.၆ မှ ၆ ခါ ရောဂါကူးစက်မှု အန္တရာယ် ရှိသည်ဟု ခန့်မှန်းသည်။ တိုက်ရိုက် ကူးစက်ခြင်း (မိခင်မှ ကလေးသို့ ကူးစက်ခြင်း)မှာ ပဋိသန္ဓေကာလ သို့မဟုတ် မီးဖွားစဉ်ကာလတို့တွင် ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိရသည်။ အခြား လူမှလူသို့ ကူးစက်ပျံ့နှံ့ခြင်းများလည်းရှိသည်ဟု သတင်းရရှိခြင်း ရှိသော်လည်း ရှားပါး၍ဖြစ်လေ့မရှိပါ။

ရောဂါခံစားရခြင်း

[ပြင်ဆင်ရန်]

နို့စို့ကလေးများနှင့် ကလေးငယ်များတွင် ရောဂါပြင်းထန်စွာ ဖြစ်ပွားလေ့ရှိသည်။ အခြားသော ရောဂါဖြစ်မှုများနှင့် ဆန့်ကျင်စွာ သွေးလွန်တုပ်ကွေးသည် အာဟာရပြည့်ဝသော ကလေးများတွင် ပိုမို အဖြစ်များသည်။ အမျိုးသမီးများသည် အမျိုးသားများထက် အန္တရာယ်ပိုရှိသည်။ သွေးလွန်တုပ်ကွေးသည် နာတာရှည်ရောဂါများဖြစ်သော ဆီးချိုရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါတို့ ရှိသော သူများအတွက် အသက်အန္တရာယ် ရှိနိုင်သည်။

  • ရောဂါ စစ်ဆေးသတ်မှတ်ခြင်း
  • အထွေထွေ ဝမ်းဗိုက် နာကျင်မှု
  • အဆက်မပြတ် အော့အန်ခြင်း
  • အသည်း ကြီးခြင်း
  • သလိပ်တွင် သွေးပါခြင်း
  • သွေးနီဥပါဝင်မှု များပြီး သွေးဥမွှား နည်းခြင်း

အားအင်ကုန်ခမ်းခြင်း

[ပြင်ဆင်ရန်]

သွေးလွန်တုပ်ကွေး ရောဂါစစ်ဆေးသတ်မှတ်ခြင်းကို ပုံမှန်အားဖြင့် လူနာက ပြောကြားလားသော ရောဂါလက္ခဏာများနှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းတို့ကို အခြေခံ၍ နည်းလမ်းတကျပြုလုပ်သည်။ အထူးသဖြင့် ရောဂါဖြစ်ပွားလေ့ရှိသော ဒေသများတွင် ပြုလုပ်လေ့ရှိသည်။ သို့သော် ရောဂါဖြစ်စတွင် အခြားသော ရောဂါပိုးမှ ကူးစက်ခြင်းများနှင့် ခွဲခြားသိနိုင်ရန် ခက်ခဲသည်။ ဖြစ်နိုင်ခြေရှိသော ရောဂါစမ်းသပ်သတ်မှတ်ခြင်းသည် အဖျားရှိနေခြင်းအပြင် အောက်ပါအချက်များမှ နှစ်ချက်နှင့် ကိုက်ညီသော တွေ့ရှိချက်များအပေါ် အခြေခံသည်- ပျို့ခြင်းနှင့် အော့အန်ခြင်း၊ အနီဖုထွက်ခြင်း၊ ယေဘုယျ နာကျင်မှုများ၊ သွေးဖြူဥအရေအတွက် နည်းခြင်း၊ သွေးတိတ်ပတ်တီးစည်း စစ်ဆေးခြင်းတွင် သေချာကြောင်းအဖြေ ရရှိခြင်း၊ သို့မဟုတ် ရောဂါဖြစ်ပွားလေ့ရှိသော ဒေသတွင် နေထိုင်သောသူတွင် အခြား သတိပေးချက် (ဇယားကို ကြည့်ပါ) တခုခု။

သတိပေးချက်များသည် အများအားဖြင့် ပြင်းထန်သော သွေးလွန်တုပ်ကွေး မဖြစ်ပွားမီ တွေ့ရလေ့ရှိသည်။ သွေးတိတ်ပတ်တီးစည်း စစ်ဆေးခြင်းတွင် ငါးမိနစ်စာ သွေးဖိအားတိုင်းစက် အသုံးပြုခြင်း ပါဝင်ပြီး အနီစက်များ ထွက်လာသော သွေးယိုစိမ့်မှုများကို ရေတွက်ခြင်း ပြုလုပ်သည်။ အရေအတွက် များလျှင် သွေးလွန်တုပ်ကွေးဟု သတ်မှတ်နိုင်ရန် အလားအလာများသည်။ သွေးလွန်တုပ်ကွေးနှင့် ချီကွန်ဂန်ယာအဖျားရောဂါ နှင့် ခွဲခြားရန် ခက်ခဲနိုင်သည်။ ချီကွန်ဂန်ယာအဖျားရောဂါသည် အလားတူ ရောဂါကူးစက်မှုတစ်မျိုးဖြစ်ပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားလေ့ရှိသော ဒေသများတွင် ဖြစ်ပွားလေ့ရှိကာ ရောဂါလက္ခဏာ အတော်များများသည် သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများနှင့် ဆင်တူသည်။ မကြာခဏပင် ရောဂါစစ်ဆေးခြင်းများသည် အလားတူ ရောဂါလက္ခဏာများရှိသော ငှက်ဖျားရောဂါ၊ ကြွက်မှတဆင့်ကူးစက်တတ်သော အသားဝါရောဂါ၊ တိုက်ဖွိုက်ရောဂါ၊နှင့် ဦးနှောက်အမြှေးရောင်ရောဂါ ကဲ့သို့သော အခြား အခြေအနေများကို ချွင်းချန်ထားရန် ပြုလုပ်လေ့ရှိသည်။

ကြိုတင်ကာကွယ်ခြင်း

[ပြင်ဆင်ရန်]

လောလောဆယ်အားဖြင့် သွေးလွန်တုပ်ကွေး ရောဂါပိုးအတွက် အတည်ပြုထားသော ကာကွယ်ဆေးများ မရှိသေးပေ။ ကြိုတင်ကာကွယ်ခြင်းသည် ရောဂါကူးစက်စေသော ခြင်အကိုက်ခံရခြင်းကို ထိန်းချုပ်မှုနှင့် ကာကွယ်မှုအပေါ် မူတည်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အချက် ငါးချက်ပါသည့် ပေါင်းစပ်ဖွဲ့စည်းထားသော ဗက်တာခေါ် ကူးစက်ရောဂါပိုး ထိန်းချုပ်ရေး အစီအစဉ်ကို တိုက်တွန်းထားသည်။ (၁) ထောက်ခံအားပေးမှု - လူမှုရေးရာ ပြောင်းရွှေ့ နေထိုင်ခြင်းနှင့် လူထုကျန်းမာရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ခိုင်မာမှု ရှိသေရန် ဥပဒေ အတည်ပြု ပြဋ္ဌာန်းခြင်း၊ (၂) ကျန်းမာရေး နှင့် အခြားသော ကဏ္ဍများ(အများပြည်သူနှင့် ပုဂ္ဂလိက) နှစ်ခုကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ (၃) ရောဂါထိန်းချုပ်ရန် ရင်းမြစ်များကို အများဆုံး အသုံးပြုနိုင်ရေးအတွက် စုပေါင်းဆောင်ရွက်ခြင်း၊ (၄) ဆောင်ရွက်ခြင်းများသည် လျော်ကန်စွာ ရည်မှန်းထားကြောင်း သေချာစေရန် သက်သေ အထောက်အထားအပေါ် အခြေခံသော ဆုံးဖြတ်ချက်များ ချခြင်း နှင့် (၅) ဒေသတွင်း အခြေအနေအတွက် လုံလောက်သော တုံ့ပြန်မှု သေချာစွာ ရရှိစေရန် စွမ်းအား တည်ထောင်ခြင်း တို့ဖြစ်သည်။

အေ အေဂျစ်ပ္ပတီကို ထိန်းချူပ်မှု အခြေခံနည်းစနစ်မှာ ၎င်းခြင်များ ပေါက်ပွားရာ နေရာများကို ဖျက်ဆီးသုတ်သင်ခြင်းပင် ဖြစ်သည်။ဤသို့ သုတ်သင်မှုကို ရေသိုလှောင်ရာ ပစ္စည်များကို သွန်ပစ်ခြင်း သို့မဟုတ် ၎င်းတို့ထဲသို့ ပိုးသတ်ဆေး သို့မဟုတ် ဇီဝထိန်းချုပ်ပစ္စည်းများ ထည့်ခြင်း ပြုလုပ်နိုင်သည်။ အမိုးအကာ မရှိသော ရေသိုလှောင်ရာများကို ပတ်ဝန်းကျင် ပြုပြင်ပြောင်းလဲခြင်းဖြင့် အရေအတွက် နည်းပါးအောင် ပြုလုပ်ခြင်းသည် ပို၍ ကောင်းမွန်သော ထိန်းချုပ်မှုနည်းစနစ်ဖြစ်သည်။ ဤနည်းသည် ပိုးသတ်ဆေးများကြာင့် ကျန်းမာရေး ထိခိုက်နစ်နာမှုအပြင် ထိန်းချုပ် ပစ္စည်းများနှင့် ပတ်သက်၍ ပိုမိုကြီးမားသော ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲများကို ဂရုပြုဆောင်ရွက်သည်။ လူများသည် အရေပြားကို လုံခြုံစွာ ဖုံးအုပ်သော အဝတ်အစားများ ဝတ်ခြင်းဖြင့် ခြင်ကိုက်ခံရခြင်းကို ကာကွယ်နိုင်သည် သို့မဟုတ် အင်းဆက်အကိုက်မခံရအောင် ကာကွယ်သော လိမ်းဆေး(DEET သည် အထိရောက်ဆုံးဖြစ်သည်)ကို အသုံးပြုနိုင်သည်။

ကိုးကား

[ပြင်ဆင်ရန်]