မင်းသုဝဏ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မင်း​သု​ဝဏ်
MinThuWun.jpg
မွေးသက္ကရာဇ် ၁​၉​၀​၉-ခု​နှစ်၊ ဖေဖေါ်​ဝါ​ရီ​လ (၁​၀)ရက်၊ ဗုဒ္ဓဟူးနေ့
မိဘ​များ ဦး​လွမ်း​ပင်+ဒေါ်​မိ
အမည်​ရင်း ဦး​ဝန်
နိုင်ငံသား Flag of Myanmar.svg မြန်မာ
မွေး​ရာဇာ​တိ ရန်ကုန်တိုင်း၊ ဟံ​သာ​ဝ​တီ​ခ​ရိုင်၊ ကွမ်း​ခြံ​ကုန်း​မြို့
အလုပ်အကိုင် စာရေး​ဆရာ၊
ထင်​ရှားကျော်​ကြား​မှု ထင်ရှား​သော စာရေး​ဆရာ
ကိုးကွယ်​သည့် ဘာသာ ဗုဒ္ဓ​ဘာသာ
မင်း​သု​ဝဏ်

မင်း​သု​ဝဏ်(၁​၉​၀​၉-၂​၀⁠၀​၄)[ပြင်​ဆင်​ရန်​]

ရန်ကုန်တိုင်း၊ ဟံ​သာ​ဝ​တီ​ခ​ရိုင်၊ ကွမ်း​ခြံ​ကုန်း​မြို့​တွင် ကုန်သည်​များ​ဖြစ် ကြ​သော ဦး​လွမ်း​ပင်​နှင့်ဒေါ်​မိ​တို့​က ၁​၉​၀​၉-ခု​နှစ်၊ ဖေဖေါ်​ဝါ​ရီ​လ ၁​၀ ရက်၊ ဗုဒ္ဓဟူးနေ့​တွင် မွေး​ဖွား​သည်။ မွေး​ချင်း (၇) ယောက်​တွင် ဒုတိယ​မြောက်​ဖြစ် ပြီး မွန်-မြန်မာ​မျိုး​ရိုး​ဖြစ်​သည်။ အမည်​ရင်း ဦး​ဝန်။ ရက်ချုပ်​အရ ငယ်​မည်​မှာ မောင်​လှ​မောင် ဖြစ်​သည်။ အရပ်​ထဲ​တွင် မောင်​လှ​မောင်​အမည်​ရှိ​သူ​များ​မှာ အများ​အား​ဖြင့် ဆိုး​ကြ​၍ မောင်​လှ​ဝံ ဟု အမည်​ပြောင်း​သည်။ မန္တလေး​ပုဏ္ဏား ဆရာ​ညွန့်​က ဇာတာဖွဲ့​ပေး​သည်။ ဘုန်းကြီး​ကျောင်း​တွင် ဆရာတော်​က စိန်​ဝံ ဟူ၍ လည်းကောင်း အရပ်​ထဲ​မှ ဦး​ရွှေ​ဒုံး​ဆို​သူ​က ခွေးဝံ၊ ဝက်ဝံ ဟူ၍​လည်းကောင်း ချစ်​စ​နိုးခေါ်​ကြ​သည်။ မြို့​အနီး​တွင် ရွှေဘို​မှ ပြောင်း​လာ​သူ​များ​နေထိုင်​သည့် ရွှေဘို​တန်း​ရှိ​သည်။ ငယ်​စဉ်​က အစား​ကောင်း၊ အသား​ညို​ပြီး ရွှေဘို​တန်း​က မဲ⁠မဲ​ဝ​ဝ၊ ထောင်⁠ထောင်​မောင်း​မောင်း င​ပန်​ဆို​သူ​နှင့်​တူ​သ​ဖြင့် အချို့​က င​ပန် ဟူ၍​လည်း ခေါ်​ကြ​သည်။ နောင်​တွင် မောင်​ဝံ​ဟု​သာ​တွင်​၍ မိမိ​စိတ်​ကြိုက် ဝ, ကို န,ငယ် သတ်​ပြီး မောင်​ဝန် ဟု ပြင်​သည်။ [၁]

၁​၉​၁​၆(ခန့်) - အသက် ရ နှစ်​ရွယ်​၌ ကွမ်း​ခြံ​ကုန်း​မြို့ ကြား​ကျောင်း ခေါ် ရွှေကျင်​ကျောင်းတိုက် (ဆရာ​ဦး​ဖိုး​လှိုင် ကျောင်း)တွင် မြန်မာ​စာ​စတင် သင်​ယူ။ (ကျောင်း​အုပ်-ဆရာတော်​ဦး​ဣန္ဒ​ဝံ​သ​ဖြစ်​၍ ဆဌမ​တန်း​ထိ​နေ​ခဲ့။

၁​၉​၂​၁ - ကွမ်း​ခြံ​ကုန်း အမျိုးသား​ကျောင်း​ဖွင့်​၍ ပြောင်း​တက်။ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာ​သင်​ယူ။ ကဗျာ​ရေး နည်း​ကို ထို​ကျောင်း​မှ ဆရာ​ဦး​အာကာ​သန်း​ထံ​မှ​သင်​ယူ​သည်။ ဆဌမ​တန်း​ထိ​နေ​ခဲ့။

၁​၉​၂​၃ ဇူလိုင် ၃​၀ ရက်​တွင် ရန်ကုန်မြို့​ဆရာ​မှတ်​ကြီး​ကျောင်း (ခေါ်) စိန်​ဂျွန်း​ကျောင်း​ကို​ဝင်​၍ ပ​ဥ​မ​တန်း​မှ​စ​တက်။

၁​၉​၂​၆ မတ်​လ​တွင် အင်္ဂလိပ်-မြန်မာ အလယ်​တန်း စ​ကော​လား​ရှစ်​စာ​မေး​ပွဲ (စတုတ္ထ​ရ​၍) အောင်သည်။ အဌမ တန်း​မှ​စ​၍ ဆရာ​မှတ်​ကြီး​အိပ်​ဆောင်​တွင် ကျောင်းသား​မှူး​လုပ်​ရ။ ဗုဒ္ဓ​ဘာသာ​မိန်း​ကလေး​ကျောင်း(ည​ကျောင်း)၌ အပတ်​စဉ် အလှည့်ကျ​စာ​သင်ပေး​ရ။ ဤ​နှစ်​မှာ​ပင် ဒ​ဂုန်​မဂ္ဂဇင်း​၌​ပထမ​ဆုံး​က​ဗျာဖော်​ပြ​ခံ​ရ။

၁​၉​၂​၉ မတ်​လ​တွင် ၁​၀ တန်း​ကို ပထဝီ​ဝင်​ဂုဏ်​ထူး​ဖြင့်​အောင်။ ဇွန်​လ​တွင် ယူ​နီ​ဗာ​စ​တီ​ကော​လိပ်​ရောက်။ ပဲခူး​ဆောင်​တွင်​နေ။

၁​၉​၃​၀ - ဥပစာ​တန်း​တွင် အထူး​ကျောင်းသား​အဖြစ် အရွေး​ခံ​ရ​၍ တစ်​နှစ်​အတွင်း​တွင် မတ်​လ​မှာ​ကျင်းပ​သော ဥပစာ​အထက်​တန်း​စာ​မေး​ပွဲ​ဖြေ​ရ။ အောင်မြင်။ မိုး​ရာသီ​ထုတ်​ကော​လိပ်​မဂ္ဂဇင်း (အမှတ်-၁)တွင် ကဗျာ​များ​စတင် ထည့်​သွင်း​ခြင်း​ခံ​ရ။

၁​၉​၃​၁ မတ်​လ​တွင် ပထမ​နှစ် (ဝိဇ္ဇာ) မြန်မာ​စာ​ဂုဏ်​ထူး အစမ်း​စာ​မေး​ပွဲ​အောင်။ ထို​နှစ်​တွင် မိဘ​များ​စီးပွား​ပျက် ၍ ကျောင်း​ထွက်​ပြီး ကွမ်း​ခြံ​ကုန်း​မြို့​အမျိုးသား​ကျောင်း​တွင် ကျောင်း​အုပ်​ဝင်​လုပ်။ ကလေး​ကဗျာ​များ စတင်​ရေး သား။ တက္ကသိုလ်​ဖွင့်သော် ပါ​မောက္ခ​ဦး​ဖေ​မောင်​တင်​ပြန်ခေါ်​၍ အလုပ်​မှ​ထွက် တက္ကသိုလ်​ပြန်​တက်။

၁​၉​၃​၃ မတ်​လ​တွင် ဝိဇ္ဇာ​ဂုဏ်​ထူး​တန်း​ကို (မြန်မာ​စာ-ပထမ​အဆင့်​ဖြင့်) အောင်မြင်။ ဇွန်​လ​မှ ၁​၉​၃​၅ မေ​ထိ မြန်မာ​စာ​ဌာန၊ အချိန်​ပိုင်း​နည်း​ပြ​လုပ်။ ပဲခူး​ဆောင်​တွင် ကျောင်း​ဆောင်​နည်း​ပြ​လုပ်​ပြီး မဟာ​ဝိဇ္ဇာ​တန်း​ကို အချိန် ပိုင်း​တက်။

၁​၉​၃​၅ မတ်​လ-မဟာ​ဝိဇ္ဇာ-မြန်မာ​စာ​ဂုဏ်​ထူး စာ​မေး​ပွဲ​ကို (ဒုတိယ​အဆင့်)ဖြင့်​အောင်မြင်။ အချိန်​ပြည့်​နည်း​ပြ​ခန့်။ ပင်း​ယ​ဆောင်​ပြောင်း။ ကျောင်း​ဆောင်​နည်း​ပြ​ဆရာ​လုပ်။ တက္ကသိုလ်​ကျောင်းတိုက်၊ မြန်မာ​စာ​အသင်း အတွင်း ရေး​မှူး။ တက္ကသိုလ်​ဗုဒ္ဓ​ဘာသာ​အသင်း အတွင်း​ရေး​မှူး။ ကော​လိပ်​မဂ္ဂဇင်း​မြန်မာ​ပိုင်း အယ်​ဒီ​တာ။ ဂန္ထ​လောက မဂ္ဂဇင်း အယ်​ဒီ​တာ​လုပ်​ခဲ့။

၁​၉​၃​၆ - ပညာသင်​ဆု​ရ​၍ အင်္ဂလန်​နိုင်ငံ၊ အောက်​စ​ဖို့​တက္ကသိုလ်​သို့​သွား​ရောက်​ပညာသင်။ စိန့်​ကက်​သ​ရင်း ကျောင်း​တွင် သက္က​ဋ၊ ပါဠိ၊ တိ​ဗက်၊ အထွေ​ထွေ​ဘာသာ​ဗေဒ​ပညာ​ရပ်​များ​ကို သင်​ယူ။

၁​၉​၃​၈ အောက်တိုဘာ​တွင် လန်ဒန်​တက္ကသိုလ်၊ အရှေ့ တိုင်း​နှင့် အာ​ဖ​ရိ​က​ဘာသာ​ရပ်​များ​လေ့​လာ​ရေး​ကျောင်း (School of Oriental and African studies) သို့ ပြောင်း​ရွှေ​ပညာသင်။

၁​၉​၃​၉ အောက်တိုဘာ​တွင် အောက်​စ​ဖို့​တက္ကသိုလ်​မှ ဘီ​လစ် (B.Litt) ခေါ် စာပေ​ဝိဇ္ဇာ​ဘွဲ့​ရ​ရှိ။ စက်တင်ဘာ​တွင် မြန်မာ​နိုင်ငံ​ပြန်။ အောက်တိုဘာ ၁ တွင် လက်ထောက်​က​ထိ​က​ဖြစ်။ မြန်မာ​နိုင်ငံ​ပညာ​ပြန့်​ပွား​ရေးကော်​မ​တီ​ဝင်။

၁​၉​၄​၀ - မောင်​ခွေး​ဖို့ ကလေး​ကဗျာ​များ​ထွက်​ရှိ။

၁​၉​၄​၁ - သပြေ​ညို​နှင့်​အခြား​ကဗျာ​များ ထွက်​ရှိ။

၁​၉​၄​၂ - ဒုတိယ​ကမ္ဘာ​စစ်အတွင်း ပညာ​ရေး​ဌာန၊ ဘာသာ​ပြန်​ဌာန​ခွဲ​တွင်​အမှုထမ်း၊ ပ​ညာ့​တံခွန်​အသင်း။ အဘိဓာန်​လုပ်​ငန်း​ကို ဦးဆောင်။(ကွမ်း​ခြံ​ကုန်း​မြို့​တွင် ဇန်နဝါရီ ၁​၀ ရက်​တွင်​စတင်​ပြုစု)

၁​၉​၄​၅ ဧပြီ ရ ရက်​တွင် စစ်​ဘေး​အန္တရာယ်​ကြောင့် အဘိဓာန်​လုပ်​ငန်း​ကို ခေတ္တ​ရပ်ဆိုင်း​ထား​ရ။ ဗြိတိသျှ​များ​ပြန် ရောက်။ အုပ်ချုပ်​ရေး​ကိုင်။ ကွမ်း​ခြံ​ကုန်း​မြောက်​ပိုင်း​တွင် မြို့အုပ်​လုပ်​ခိုင်း​၍ ၂ လ​မျှ​လုပ်​ရ။ ဩဂုတ် ၆ တွင် ရန်ကုန် မဂို​လမ်း​၌ အရေးပေါ် တက္ကသိုလ်​သင်​တန်း​များ​ဖွင့်​၍ မြန်မာ​စာ လက်ထောက်​က​ထိ​က​အဖြစ် အလုပ်​ဝင်။

၁​၉​၄​၆ ဇွန် ၁ ရက်​တွင် က​ထိ​က​အဖြစ် တိုး​မြင့်​ခန့်ထား​ခြင်း​ခံ​ရ။

၁​၉​၄​၇ - အိန္ဒိယ​နိုင်ငံ၊ ဒေ​လီ​မြို့​သစ်​၌​ကျင်းပ​သော အာ​ရှ​တိုက် ဆက်ဆံ​ရေး​ညီလာခံ​သို့၊ ဝတ်​လုံတော်​ရ ဦးကျော်​မြင့်​ခေါင်းဆောင်​သော​အဖွဲ့​နှင့် တက်​ရောက်။ ထို​နှစ် မြန်မာ​နိုင်ငံ ဘာသာ​ပြန်စာ​ပေ​အသင်း​ဖြစ်ပေါ်​လာ​သော အခါ ဝေါဟာရ ကော်မတီ​တွင် ဝင်​လုပ်​ရ။

၁​၉​၄​၈ - တက္ကသိုလ်​ဘာသာ​ပြန်​နှင့် စာအုပ်​ထုတ်​ဝေ​ရေး​ဌာန၊ ဌာန​မှူး။ အဘိဓာန်​လုပ်​ငန်း​ပြန်​လုပ်။ အခြေ​ခံ ဥပဒေ​မြန်မာ​စာ​မူ​ကို လေ့​လာ​အကြံပေး​ရ။ မြန်မာ​နိုင်ငံ​သု​တေ​သန​အသင်း အမှုဆောင်​အဖွဲ့​တွင်​ဝင်​ရောက်။ သု​တေ​သန အသင်း​ဂျာနယ်​တွင် စာတည်း​အဖြစ်​ဆောင်ရွက်။ ဇော်ဂျီ​နှင့်​တွဲ​၍ စာပေ​လောက စာအုပ် ထွက်​ရှိ။

၁​၉​၅​၀ - ဝဏ္ဏကျော်​ထင်​ဘွဲ့ချီး​မြင့်​ခံ​ရ။

၁​၉​၅​၂ - အမေ​ရိ​ကန်​ပြည်၊ န​ယူး​ဟေ​ဗင်​မြို့၊ ယေးလ်​တက္ကသိုလ်​တွင် ၆ လ​ခန့်​ဘာသာ​ဗေဒ ပညာ​ဆည်း​ပူး။

၁​၉​၅​၃ ဇွန် ၁ ရက်​တွင် ရန်ကုန်​တက္ကသိုလ် ဘာသာ​ပြန်​နှင့်​ထုတ်​ဝေ​ရေး​ဌာန စာတည်း​မှူး။

၁​၉​၅​၅ - သိပ္ပံ​မောင်​ဝ၊ ဇော်ဂျီ​တို့​နှင့်​တွဲ​၍ သုံး​ပွင့်​ဆိုင် ခေတ်​စမ်း​စာပေ ထွက်​ရှိ။

၁​၉​၅​၇​အောက်တိုဘာ​တွင် မြန်မာ​နိုင်ငံ​ယဉ်ကျေး​မှု ကိုယ်စားလှယ်​အဖွဲ့​နှင့်​အတူ တရုတ်​ပြည်​သူ့​သမ္မတ​နိုင်ငံ၊ ဆိုဗီယက် ရုရှား၊ ပို​လန်၊ ချက်​ကို​စ​လို​ဗက်​ကီး​ယား၊ အရှေ့​ဂျာမနီ​နိုင်ငံ​များ​သို့ လှည့်လည်​ခဲ့။- တိ​ပိ​ဋ​က​ပါဠိ​မြန်မာ အဘိဓာန်​လုပ်​ငန်း၊ မွန်မြန်မာ​အဘိဓာန်​လုပ်​ငန်း​များ​တွင် ဝင်​ရောက်​ကူညီ။ စာပေ​ဗိ​မာန်​စွယ်စုံ​ကျမ်း​အဖွဲ့၊ စာပေ​ဆု ပေး​ရေး​အဖွဲ့၊ သုခမိန်​အဖွဲ့၊ ပန်​တျာ​မူ​မှန်​ပြုလုပ်​ရေးကော်​မ​တီ၊ ပိ​ဋ​ကတ်တော်​မြန်မာ​ပြန်ကော်​မီ​တီ၊ ဥပဒေ​ဘာသာ ပြန် ကော်မတီ​တို့​တွင် ဝင်​ရောက်​ဆောင်ရွက်။

၁​၉​၆​၁​မတ်​လ ၁ ရက်​မှ ၁​၉​၆​၂ မေ ၁​၂ ထိ၊ တက္ကသိုလ် မြန်မာ​စာ​ဌာန​တွင် ပါ​မောက္ခ​အဖြစ်​အမှုထမ်း။ အောက်တိုဘာ​တွင် မြန်​မာ့​ယဉ်ကျေး​မှု​ကိုယ်စားလှယ်​အဖွဲ့​နှင့်​အတူ တရုတ်​ပြည်​သူ့​သမ္မတ​နိုင်ငံ​သို့​သွား​ရောက်။ တက္ကသိုလ်​စာအုပ်​ထုတ်​ဝေ​ဖြန့်ချိ​ရေးကော်​မ​တီ​ဥက္ကဌ။ မြန်မာ​နိုင်ငံ သ​မိုင်းကော်​မရှင်​အဖွဲ့​ဝင်​အဖြစ်​ဆောင်ရွက်။

၁​၉​၆​၂​မေ ၁​၃ ရက်​တွင် ပါ​မောက္ခ​ရာထူး​စွန့်၊ ဘာသာ​ပြန်​နှင့်​စာအုပ်​ထုတ်​ဝေ​ရေး​ဌာန​တွင် ပြန်လည်​အမှုထမ်း။ သီ​ရိ​ပျံ​ချီဘွဲ့​ချီး​မြင့်​ခံ​ရ။

၁​၉​၆​၃ - မင်း​ယု​ဝေ​နှင့်​တွဲ​၍ က​ဗျာ့​ပရိယာယ် စာအုပ်​ထွက်။

၁​၉​၆​၄ - ၁​၉​၅​၂ မှ​ပြုစု​ခဲ့​သည့် မြန်မာ​အဘိဓာန် ၅ ပိုင်း​ထွက်​ရှိ။

၁​၉​၆​၅ - ပန်း​နှင့်​ပင်စည်မြန်မာ​စာ မြန်မာ​မှု့ခရီး သည် (ဇော်​ဂျီ​နှင့်​တွဲ​လျက်) စာအုပ်​များ​ထွက်။

၁​၉​၆​၆ - မြန်မာ​နိုင်ငံ စာမ​တတ်​သူ​ပပျောက်​ရေး​အတွက် သက်ကြီး​စာ​သင်​နည်း (၀၊ ထ၊ က၊ လ၊ သ-နည်း)ကို တီထွင်။

၁​၉​၆​၈ - တက္ကသိုလ်​ဘာသာ​ပြန်​နှင့် စာအုပ်​ထုတ်​ဝေ​ရေး​ဌာန၊ စာတည်း​မှူး​အဖြစ်​မှ အငြိမ်းစား​ယူ​၍ ပညာ​ရေး ဌာန အထူး​အရာရှိ​အဖြစ် ဆက်လက်​ဆောင်ရွက်။ ပျဉ်းမ​ငုတ်​တို စာအုပ်​ထွက်။

၁​၉​၇​၀ - မြန်မာ​နိုင်ငံ​သု​တေ​သန​အသင်း (နှစ်-၆​၀ ပြည့် နှစ်) တွင် အသင်း​၏​ဥက္ကဌ​အဖြစ်​အရွေး​ခံ​ရ။ ရေ​ချမ်း​စင် စာအုပ်​ထွက်​ရှိ။

၁​၉​၇​၁ မေ ၃​၁ ရက်​တွင် ပညာ​ရေး​အရာရှိ​အဖြစ်​မှ အနား​ယူ။

၁​၉​၇​၄ - အင်း​ယား​ကန်​သို့​အို​ကု​တို့ ကဗျာ​စာအုပ် ထွက်​ရှိ​သည်။

၁​၉​၇​၅ မှ ၁​၉​၇​၉ ထိ ဂျပန်​နိုင်ငံ၊ အို​ဆာ​ကာ​နိုင်ငံ​ခြား​ဘာသာ​သင်​တက္ကသိုလ်​၌ ဧည့်သည်​ပါ​မောက္ခ​အဖြစ် သွား​ရောက် တာဝန်​ထမ်း​ဆောင်ခဲ့​သည်။

၁​၉​၈​၀ ဖေဖော်ဝါရီ​လ - ဟိုက္ကူ​ကဗျာ မြည်း​စရာ စာအုပ် ထွက်​ရှိ​သည်။

၁​၉​၈​၄ - လီ​ယာ​မင်းကြီး စာအုပ်​ထွက် (ယင်း​နှစ်​အတွက် ဘာသာ​ပြန်​ရသ​ဆု​ရ)

၂​၀⁠၀​၂ - ကဗျာ​ပေါင်းချုပ်မင်း​သု​ဝဏ်​ဝတ္ထု​တို​များစာအုပ်​များ​ထွက်​ရှိ။ မင်း​သု​ဝဏ်​သည် မြန်မာ​နိုင်ငံ သု​တေ​သန​အသင်း​အတွက် ဂါမ​ဏိ​စန္ဒ​ပျို့၊ တောင်ငူ​ဆို​ရတု​အဖြေ၊ ဥမ္မာ​ဒန္တီ​ပျို့၊ သျှင်​မဟာ​ရ​ဌ​သာ​ရ​၏ ပ​ကိဏ္ဏ​က စာ​စု(ဦး​အုန်း​ရွှေ​နှင့်​တွဲ​ဖက်​လျက်) တို့​ကို တည်း​ဖြတ်​ပေး​ခဲ့​သည်။

ကလောင်​ခွဲ​များ[ပြင်​ဆင်​ရန်​]

  • (၁) မေ​ဃ​ဝန်-ကွမ်း​ခြံ​ကုန်း​မြို့
  • (၂) စိန်​ဂျွန်းပျော်-ကွမ်း​ခြံ​ကုန်း​မြို့
  • (၃) ကွမ်း​ခြံ​ကုန်း တောင်​စု​အစွန်​က မောင်​သု​ဝဏ်
  • (၄) ကွမ်း​ခြံ​ကုန်း တောင်​စု​အလွန်​က မောင်​သု​ဝဏ်
  • (၅) ခင်​သိင်္ဂီ (ဟံ​သာ​ဝ​တီ)
  • (၆) စန်းသော်​တာ
  • (၇) မောင်​ဝန်
  • (၈) ကွမ်း​ခြံ​ကုန်း-သု​ဝဏ်-၁​၀ တန်း [၁]

ဘဝ​နိဂုံး[ပြင်​ဆင်​ရန်​]

၂​၀⁠၀​၄-ခု၊ ဩဂုတ် ၁​၅ ရက်၊ တနင်္ဂနွေနေ့​နံနက် ၁​၁:၃​၀ နာရီ​တွင် ရန်ကုန်မြို့၊ ကမာ​ရွတ် သပြေ​ညို​နေအိမ်​၌ ကွယ်​လွန်​သည်။

ထင်ရှား​သော​စာအုပ်​အချို့[ပြင်​ဆင်​ရန်​]

  1. မြန်မာ​စာ၊ မြန်မာ​မှု
  2. ပန်း​နှင့်​ပင်စည်
  3. ပျဉ်းမ​ငုတ်​တို
  4. ရေ​ချမ်း​စင်
  5. သ​ဘာ​ဝ​ပြက္ခဒိန်
  6. အာကာ​တ​ခွင် မြေပြင်​တစ်​ဝှမ်း
  7. စာပေ​လောက (+ဇော်​ဂျီ)
  8. ခရီးသည် (+ဇော်​ဂျီ)
  9. လီ​ယာ​မင်းကြီး (ဘာသာ​ပြန်)
  10. ဟိုက္ကူ​ကဗျာ​မြည်း​စရာ
  11. ငါး​ရာ့​ငါး​ဆယ်​ဇာတ်​ပင်လယ်
  12. ကဗျာ​ရေး​ချင်​စာစပ်​သင်
  13. မိုးပေါ်​မှာ​ကြယ်​တစ်​လုံး
  14. မောင်​ခွေး​ဖို့​ကဗျာ​များ
  15. အင်းလျား​ကန်​သို့ အို​ကူးတို့
  16. ကဗျာ​ပေါင်းချုပ်
  17. ဓမ္မ​ပ​ဒ
  18. နှလုံး​လှ​ပုံပြင်​များ
  19. တက္ကသိုလ်​မြန်မာ​အဘိဓာန် (၅-ပိုင်း)
  20. မြန်မာ​သတ်​ညွှန်း​ကျမ်း
  21. ဝတ္ထု​တို​များ[၂]

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ စာဆိုမင်းသုဝဏ်၏ စာပေ​နှင့် ဘဝ​ဖြစ်​စဉ်​မှတ်တမ်း. Retrieved on ၂​၃၂​၀​၁​၄။ Retrieved on ၈ ၂​၀​၁​၄။
  2. http://www.myanmarbookshop.com

အခြား​ကြည့်​စရာ[ပြင်​ဆင်​ရန်​]

www.minthuwun.com