မောလျဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မောလျဲ၏ ပုံတူပန်းချီကားတစ်ခု

မောလျဲ (Molière) (ဇန္နဝါရီ ၁၅၊ ၁၆၂၂-ဖေဖော်ဝါရီ ၁၇၊ ၁၆၇၃)သည် ပြင်သစ်လူမျိုး ကမ္ဘာကျော် စာရေးဆရာ ဖြစ်၏။ အမည်ရင်းမှာ Jean-Baptiste Poquelin ဖြစ်သည်။ (French pronunciation: [mo.ljɛːʁ]) အထူးသဖြင့် ဟာသပြဇာတ်များ ရေးရာတွင် ပြောင်မြောက်သည်။ မောလျဲဟူသည်မှာ ကလောင်အမည်ဖြစ်၍ စာဆို၏အမည်ရင်းကား ဂျီအင်းဗက်ပတစ် ပေါ့ကလင်ဖြစ်၏။

မောလျဲသည် ၁၆၂၂ ခုနှစ် ဇန်နဝါရီလတွင် ပါရီမြို့၌ မွေးဖွားသည်။ သူ၏ ဖခင်မှာ အိမ်ထောင်ပရိဘောဂ လုပ်ငန်းပိုင်ရှင်ဖြစ်ကာ နန်းတွင်းသုံး ပရိဘောဂကို ဆက်သွင်းရန် ဘုရင်က ခန့်အပ်ခြင်းခံရသောကြောင့် တော်သုံး ပရိဘောဂလုပ်ငန်းရှင်လည်းဖြစ်သည်။ ငယ်စဉ်က ဂျက်ဇူးအစ်ကောလိပ် ကျောင်းတစ်ကျောင်းတွင် ပညာဆည်းပူးခဲ့၏။ ဂရိပညာရှင်တို့၏ သဘာဝတ္တဗေဒများကို သင်ယူ လေ့လာဘူးသည်။

ထိုပြင် ဥပဒေပညာကိုလည်း သင်ယူခဲ့သည်။ သို့သော် မောလျဲသည် မိမိသင်ယူသော ဥပဒေပညာဖြင့်လည်းကောင်း၊ ဖခင်၏ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်းဖြင့်လည်းကောင်း ပရိယေသနဝမ်းရေးကို မရှာမှီးဘဲ၊ အသက် ၂၁ နှစ် အရွယ် ၁၆၄၃ ခုနှစ်တွင် မက်ဒလင်းဗေးဇား ဆွေမျိုးစု၏ ဇာတ်အဖွဲ့တွင် ဝင်ရောက်ပြီးသကာလ သူ၏ ဘဝသက်တမ်း တစ်လျှောက်လုံးတွင် ပြဇာတ်များကိုရေး၊ ကိုယ်တိုင်လည်း ပါဝင်ကပြခဲ့ရာ၊ ကွယ်လွန်သည့်အခါတွင်လည်း ပြဇာတ်အပြီး နာရီဝက် အတွင်းပင်ကွယ်လွန်ခဲ့သည်ဖြစ်သောကြောင့် ပြဇာတ် လောကတွင်သာ ကျင်လည်ခဲ့သည်ဟု ဆိုရပေမည်။

ပြဇာတ်လောကတွင်းသို့ ဝင်ရောက်သည့် အချိန်မှစ၍ပင် မောလျဲဟူသော အမည်ကိုယူကာ ယခုတိုင် ထိုအမည်ဖြင့် ထင်ရှားသည်။ ပြဇာတ်လောကတွင်းသို့ ဝင်ရောက်ပြီးနောက် ၂ နှစ် အတွင်း၌ မောလျဲအဖို့ အခြေမလှခဲ့သေးပေ။ ပါရစ်မြို့တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရ၏။ ထိုနောက် မောလျဲတို့ လူစုသည် နယ်များသို့ လှည့်လည်ကပြသောအဖွဲ့တွင် ပါဝင်ကပြခဲ့၏။ ဗနာင်သော် မောလျဲသည် ထိုအဖွဲ့၏ ဦးစီးခေါင်းဆောင်ဖြစ်လာသည်။ မောလျဲသည် ၁၃ နှစ်မျှ ဤသို့လှည့်လည်ကပြခဲ့ရာတွင် ဗဟုသုတများစွာ ရရှိခဲ့၏။

သူတို့၏ အဖွဲ့သည် ပါရစ်မြို့သို့ ပြန်လည်ရောက်ရှိ၍ ၁၄ ဆက်မြောက် လူဝီဘုရင်၏ ရှေ့တော်မှောက်၌ ကပြအသုံးတော်ခံရာတွင် ဘုရင်မင်းမြတ်က နှစ်ခြိုက်တော်မူရကား မောလျဲတို့ဇာတ်အဖွဲ့ကို ပါရစ်မြို့တော်တွင်နေစေကာ ဘုရင့်ဇာတ်ရုံတွင် အမြဲတမ်းကပြစေခဲ့သည်။ သို့အားဖြင့် ၁၆၅၉ ခုနှစ်မှစ၍ မောလျဲတို့ အဖွဲ့သည် အခြေခိုင်မြဲလာခဲ့၏။ မောလျဲသည် ၁၆၆၂ ခုနှစ် ဖေဖော်ဝါရီလတွင် မက်ဒလင်းဗေးဇား၏ ညီမ အာမန်ဒီဗေးဇားနှင့် လက်ထပ်သည်။ သို့သော် သူတို့၏ အိမ်ထောင်ရေးသည် သာယာချမ်းမြေ့ခြင်း မရှိသဖြင့် အိမ်ထောင့်သုခကို မခံစားရပေ။ မောလျဲသည် ထိုအချိန်တွင် ပြဇာတ်အဖွဲ့၏ ဦးစီးခေါင်းဆောင် ဖြစ်နေခဲ့ပေပြီ။ မောလျဲသည် ပြဇာတ်သဘင်သည် အနေဖြင့် ပထမတန်းစားဖြစ်ကာ ပြဇာတ်အဖွဲ့ကို ဦးဆောင်စီမံရာ၌လည်းအလွန်နိုင်နင်းသည်ဟုဆို၏။ မောလျဲသည် မင်းခမ်းမင်းနားများ၌ ဘုရင်မင်းမြတ် ရှေ့တော်မှောက်၌ ကပြ အသုံးတော်ခံရသည့်အခါလည်း ရှိ၏။

ဇာတ်ညွှန်းများကို ရေးရသည့်အခါများလည်း ရှိ၏။ ဤသို့ ကပြရာ၌ မောလျဲသည် အသောခန်းများတွင် ပါဝင်ကပြ၏၊ ၁၆၅၉ ခုနှစ်မှသည် သူကွယ်လွန်သည့် ၁၆၇၃ ခုနှစ်အထိ ပြဇာတ်ပေါင်း ၂၈ ခုရေးသားခဲ့လေရာ၊ ယင်းတို့အနက် ထင်ရှားသော ပြဇာတ်တို့ကား 'ရယ်ဖွယ်ကောင်းသော အပြာရောင်ခြေစွပ်ရှည်' (၁၆၅၉)၊ 'တားတပ်'(၁၆၆၄)၊ 'လူတို့ကိုမုန်းတီးသူ'(၁၆၆၆)၊ 'ဆရာဝန်ပါဘဲ'(၁၆၆၆)၊ 'စေးနဲသူ'(၁၆၆၈)၊ 'မဟာဆန်ချင်သူ'၊ ' ပညာတတ်အမျိုးသမီး များ'၊ 'အတွေးဖြင့်မမာသူ'(၁၆၇၃) စသည်တို့ဖြစ်၏။

'ဆရာဝန်ပါဘဲ' ပြဇာတ်သည် ဆရာဝန်တို့ကို စောင်းမြောင်းပြောင်လှောင် ရေးသားထားသော ပြဇာတ် ဖြစ်သည်။ ယင်းကိုသခင်ဘသောင်းက မြန်မာဘာသာသို့ ပြန်ဆိုထားပေသည်။ 'မဟာဆန်ချင်သူ' ပြဇာတ်မှာ ကြွယ်ဝသော ကုန်သည်တစ်ဦးက မှူးမတ်သူကောင်းဟန် ပြုမူနေပုံကို သရုပ်ပြထားပေသည်။ ယင်းကို ဦးသိန်းဟန်က 'ဇော်ဂျီ' ကလောင်အမည်ဖြင့် ဆီလျော်အောင် မြန်မာဘာသာသို့ ပြန်ဆိုထားလေသည်။

ပြင်သစ်နိုင်ငံတွင် ထိုခေတ်ထိုအခါက အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ပညာတတ်များ အသွင်ဆောင်လိုသောအလေ့ ခေတ်စားနေ၏။ ဤသည်ကို မောလျဲသည် 'ပညာတတ်အမျိုးသမီးများ' ပြဇာတ်တွင် သရုပ်ဖော်ထား၏။ မောလျဲနောက်ဆုံး ရေးသားကပြသော ပြဇာတ်သည် 'အတွေးဖြင့် မမာသူ' ပြဇာတ်ဖြစ်၏။ ထိုစဉ်က မောလျဲသည် ကိုယ်တိုင်ကောင်းစွာ မမာမကျန်းဖြစ်နေ၏။ ထိုပြဇာတ်တွင် ပါဝင်ကပြ၍ ပြီးသည်နောက် နာရီဝက်အတွင်းပင်ကွယ်လွန်ခဲ့သည်။ ထိုနေ့ကား ၁၆၇၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဖြစ်သည်။

မောလျဲသည် ပြဇာတ်များ ရေးရာတွင်အလွမ်းနှင့် အသောကို ဆီလျော်အောင် တွဲဖက်နိုင်မှုကြောင့် သူ့ကို ရှိတ်စပီးယားနှင့် နှိုင်းတတ်ကြပေသည်။ သို့သော် ရှိတ်စပီးယားကဲ့သို့ လူ့လောကသဘာဝကို လေးလေးနက်နက် သုံးသပ်ခြင်း၊ စိတ်ကူးယဉ်ခြင်းမျိုးမရှိကဗျာလည်းမဆန်ပေ။ မောလျဲသည် ဟန်ဆောင်မှုလောကကို သဘောနှင့် မတွေ့ရကား အယောင်ဆောင်သမားတို့ကို မိမိရရ ထေ့ငေါ့ပြောင်လှောင်တတ် ပေသည်။ သို့ဖြစ်လေရာ အထေ့အငေါ့ အပြောင်အလှောင်ခံရသူ တို့သည် မောလျဲအား ရန်ငြိုးဖွဲ့ကြသည်။ သို့သော်မောလျဲသည် ဘုရင်မင်းမြတ်နှင့် သင့်မြတ်သည့်အတွက် ဘုရင်၏ကာကွယ်မှုကို ရသဖြင့် မလိုသူတို့၏ ဘေးရန်မှ လုံခြုံ၏။ မောလျဲ၏ ပြဇာတ်များသည် သူ၏ ခေတ်ကို ရောင်ပြန်ဟပ်စေသော ခေတ်ပြကြေးမုံသဖွယ် ဖြစ်၏။ မောလျဲသည် သူမြင်ရ၊ ကြားရသည်တို့ကို အခြေခံပြုကာ ဇာတ်အိမ်ဖွဲ့၏။ လူအမျိုးမျိုးတို့၏ အပြစ်ကို မြင်လည်းမြင်၊ သရုပ်ပါအောင်လည်းဖော်ပြ၏။

မည်သည့်လူတန်းစားမျှ သူ၏ အပြောင်အလှောင် ခံရခြင်းမှ မလွတ်ကင်းခဲ့ပေ။ ဤသို့ ပြောင်လှောင်ရေးသားသည်မှာလည်း လူအများ မိမိတို့ကိုယ် မိမိတို့ ပြုပြင်နိုင်ကြစေရန် ရည်သန်၍ ခေတ်ပြင်ဆရာအနေနှင့် ရေးသားခြင်းဖြစ်၏။ ထိုကြောင့် နှစ်ပေါင်း ၃ဝဝ ကျော်လွန်ပြီဖြစ်သော်လည်း သူ၏စာပေတို့ ကား ယနေ့တိုင် မရိုးနိုင်သေးပေ။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)