ဝ၊ မောင် (သိပ္ပံ)
နှောင်းခေတ် စာဆိုတော်များ အနက် ‘သိပ္ပံမောင်ဝ’ ဟူသော စာဆိုတော်ကြီးကိုကား စာပေ လိုက်စားသူတိုင်း မသိသူမရှိ၊ သိကြသည်ပင်။ တဖန် ‘ခေတ်စမ်းစာပေ’ အကြောင်း ပြောလျှင်လည်း ခေတ်စမ်း စာပေကို ရှေ့တန်းမှ မားမားမတ်မတ် ရပ်လျက် ပြုစု ပျိုးထောင် ခဲ့သူများတွင် သိပ္ပံမောင်ဝကို မထည့်၍ မဖြစ်၊ ထည့်ရမည်ပင်။ ထို ‘သိပ္ပံမောင်ဝ’ ခေါ် စာဆိုတော်ကြီးသည်ကား အခြားမဟုတ် ဦးစိန်တင်၊ ဘီအေ၊ အိုင်-စီ-အက်စ်ပင် ဖြစ်ပါသတည်း။ [၁][၂][၃]
မာတိကာ |
ငယ်ဘဝ [ပြင်ဆင်ရန်]
ဦးစိန်တင်သည် မော်လမြိုင်မြို့ မုပွန် နတ်ကျွန်းရပ်တွင် အဖ ဦးအုန်းရွှေ၊ အမိ ဒေါ်သစ်တို့မှ ဖွားမြင်သူ ဖြစ်သည်။ ငယ်စဉ်ကပင် မိခင်ဆုံးသဖြင့် အဖွားနှင့် ကြီးဒေါ်တို့လက်တွင်ကြီးပြင်းခဲ့ရသည်။ ငယ်စဉ်ကပင် မြန်မာစာပေပိဋကတ် ကျမ်းဂန်တို့တွင် များစွာပင် ကျွမ်းကျင် လှပေသော အဘိုးဖြစ်သူ ဦးလူကလေး၏ ပြောကြား ဆုံးမရာ ဝတ္ထု၊ ပုံပြင်၊ ရာဇဝင် အစ ရှိသည်တို့ကို ကောင်းစွာ နာယူ ကျက်မှတ် ခဲ့ရသဖြင့် မြန်မာဘက်ဆိုင်ရာ အဖြာဖြာသော ပညာရပ်တို့၌ အခြေအမြစ် ကောင်းစွာ ရရှိခဲ့သူ ဖြစ်လေသည်။ ကျောင်းသား အရွယ်သို့ ရောက်၍ အင်္ဂလိပ်ကျောင်းတွင် နေစဉ်အခါ ကာလ၌လည်း မိမိ၏ ဘကြီးဖြစ်သူ တောင်ဝိုင်းကြီး ရွှေကျင်တိုက်၌ သီတင်းသုံးလျက် ရှိသော ဘုန်းတော်ကြီး ဦးပညာဇောတ ထံသို့မကြာမကြာ သွားရောက်ကာ ပညာရင်နို့ကို သောက်စို့ မှီဝဲခြင်း အားဖြင့်လည်း ဦးစိန်တင်သည် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဆိုင်ရာ ဗဟုသုတ အဖြာဖြာတို့ကို တိုးတက် မှတ်သား စုဆောင်းရမိသည်။
ပညာ [ပြင်ဆင်ရန်]
ဦးစိန်တင်သည် ၁၉ဝ၅ ခုနှစ်ခန့်မှ ၁၉၁၉ ခုနှစ်ထိ မော်လမြိုင် မုပွန်ရပ် ခရာ ဦးချစ်လှ ကျောင်းတွင် စတင် ပညာ သင်ကြား ခဲ့သည်။ ထို့နောက် မောင်ငံ ရပ်ရှိ စိန်အောဂတ်စတင်း အက်စ်ပီဂျီ (S.t. Augustine’s Society for the Propagation of the Gospel) သာသနာပြု ကျောင်းသို့ ပြောင်းရွှေ့၍ သတ္တမတန်း အောင်မြင်သည် အထိ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ပညာ သင်ယူ ခဲ့ပြီးနောက် အဋ္ဌမတန်း ရောက်သော အခါ မဟာ ဗုဒ္ဓဃောသ ကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ကြားခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဆယ်တန်း စာမေးပွဲကို မြန်မာ ဘာသာနှင့် ပါဠိဘာသာ တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
သတ္တမတန်း စာမေးပွဲကို အောင်မြင်၍ ရှင်မဟာ ဗုဒ္ဓဃောသ ကျောင်းကြီးတွင် ပညာ ဆက်လက် သင်ကြားကာ နေသည့် အတွင်း၌လည်း မြန်မာ ဘာသာကို အထူး လေ့လာလျက် ဝါသနာ အလျောက် ‘ဝဇီရာတင့်’ ဟူသော အမည်နှင့် မြန်မာ သတင်းစာများတွင် ဆောင်းပါးများ ရေးသား ထည့်သွင်းခြင်း ပြုလေ့ ရှိပေသည်။ သို့နှင့် ဆယ်တန်း စာမေးပွဲကို မြန်မာ ဘာသာနှင့် ပါဠိဘာသာ တို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်ပြီးနောက် ရန်ကုန်မြို့ ကောလိပ် သိပ္ပံ ကျောင်းကြီးတွင် ပညာ ဆက်လက် သင်ကြားကာ နေရာ များမကြာမီပင် အင်္ဂလိပ် သက္ကရာဇ် ၁၉၂ဝ ပြည့်နှစ် ကျောင်းသား သပိတ်ကြီး ပေါ်ပေါက် လာသဖြင့် ကျောင်းမှ ထွက်ပြီးလျှင် မြို့မ အထက်တန်းကျောင်း တွင် ကျောင်းဆရာ အဖြစ် ခေတ္တ ခဏမျှ ဝင်ရောက် လုပ်ကိုင် နေလေသည်။
ထို့နောက် သက္ကရာဇ် ၁၂၈၅ ခုနှစ် (အင်္ဂလိပ်သက္ကရာဇ် ၁၉၂၃ ခုနှစ်) တွင် တိုင်းရင်းသားကျောင်းများ အစိုးရ အထောက်အပံ့ ခံယူကြ၍ ပြည်သူပြည်သားနှင့် ပညာဘက်ဆိုင်ရာ အစိုးရတို့ သင့်မြတ်သည့် အခါကာလ ဦးစိန်တင်သည် ကောလိပ် သိပ္ပံကျာင်းကြီးတွင် တစ်ဖန် ဝင်ရောက်၍ မဆုတ်မနစ်သော လုံ့လ ဝီရိယဖြင့် ဥပစာ ဝိဇ္ဇာ အောက်တန်း ကျောင်းသား (အိုင်အေ ဂျူနီယာ) အဖြစ် ပညာ သင်ကြား ခဲ့သည်။
၁၉၄၂ ခုနှစ်တွင် အိုင်အေ အထက်တန်း စာမေးပွဲကို မြန်မာဘာသာ အတွက် ပထမဆု ရသူတို့ကို ချီးမြှင့်သည့် သာဒိုးအောင် ဆုတံဆိပ်တို့ကို ရရှိ အောင်မြင် ခဲ့သည်။ ထို့ပြင် ကျောင်းအုပ်ကြီး၏ တလ (၂ဝိ/-) နှင့် နှစ်နှစ် ချီးမြှင့်သည့် ဆုငွေ ရရှိခဲ့သည့် အပြင် နှစ်နှစ်စေ့သော အခါ နောက်ထပ် တလ (၂၅) ကျပ်ဖြင့် အစိုးရ၏ ထောက့်ပံ့ငွေပါ ရရှိခဲ့သည်။ ၁၉၂၇ ခုနှစ် ဘီအေ စာမေးပွဲတွင် မြန်မာဘာသာ၌ ပထမတန်း ဂုဏ်ထူးဖြင့် အောင်မြင်၍ ဒယ်လီဂျမ်ရှယ်ဂျီနယ် ဆုတံဆိပ် ချီးမြှင့်ခြင်း ခံရသည်။ ထို့နောက် ပါမောက္ခ ဦးဖေမောင်တင်၏ ကြိုးပမ်းချက်ဖြင့် မြန်မာစာ ဂုဏ်ထူးတန်းသို့ ထိုနှစ်တွင် တဦးတည်းသော စာသင်သား အဖြစ် တက်ရောက် စာသင်ကြား ခဲ့ရာ ပထမတန်းကို ပထမ အဆင့်ဖြင့် အောင်မြင် ခဲ့သည်။ ထို့နောက် ယူနီဘာ စီတီ ကောလိပ် သိပ္ပံကျောင်း၌ မြန်မာ ဘာသာရပ် ဆိုင်ရာ ဆရာ အဖြစ် စာသင်ရင်း အမ်အေ အတန်းကို ဆက်တက် ခဲ့သည်။
ဤတွင် ရှေးယခင်က ဆိုလျှင် မြန်မာ ဘာသာကို အထူးဘာသာ အဖြစ် သင်ကြား လေ့လာခွင့် မပြုခဲ့။ ဦးစိန်တင်တို့ အိုင်အေကို အောင်မြင်သည့် နှစ်မှ စ၍သာ ကောလိပ် သိပ္ပံ ကျောင်းကြီးများတွင် မြန်မာ ဘာသာကို အထူး ဘာသာရပ် အဖြစ် ပထမဦးဆုံး သင်ကြား လေ့လာခွင့် ရကြသည့် အလျောက် ဦးစိန်တင်သည် “မြန်မာ လူမျိုးမှန်လျှင် မြန်မာဘာသာ ကိုသာလျှင် ရှေးဦး ပထမ အရေးယူ၍ ဂရုပြုကာ သင်ကြား လေ့လာ သင့်ပေသည်” ဟူသော နှလုံးသွင်းဖြင့် မြန်မာဘာသာ ဂုဏ်ထူး ဘီအေတန်းတွင် အမည်သွင်း၍ ဝင်ရောက် သင်ကြားခြင်း ဖြစ်ပေသည်။
ထို့နောက် ဦးစိန်တင်သည် အိုင်စီအက်စ် ခေါ် အိန္ဒိယ ပဋိညာဉ် ဝန်ထမ်း စာမေးပွဲကို ဝင်ရောက် ဖြေဆိုပြန်ရာ အောင်မြင် ရွေးချယ်ခြင်း ခံရသဖြင့် ၁၉၂၇ မှ ၁၉၂၉ အထိ တက္ကသိုလ် ကျူတာ ဘဝဖြင့် တာဝန် ထမ်းဆောင်ပြီး ငါးလ အကြာတွင် အိန္ဒိယနိုင်ငံ ဝန်ထမ်း အိုင်စီအက်စ် အဖြစ်ဖြင့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် ခရိုက်ချပ်ချ် ကောလိပ်တွင် ပညာ သင်ကြား ဆည်းပူးရန် စေလွှတ်ခြင်း ခံရသည်။
ဦးစိန်တင်သည် ၁၉၂၉ မှ ၁၉၄၂ ထိ မြို့အုပ်၊ နယ်ပိုင် ဝန်ထောက်၊ အရေးပိုင်၊ ဒုတိယ အတွင်းဝန် စသည့် ရာထူးဌာန အမျိုးမျိုးဖြင့် စစ်ကိုင်း၊ မိတ္ထီလာ၊ မင်းဘူး၊ ဟင်္သာတ၊ မြောင်းမြ၊ ဇလွန်၊ ညောင်တုန်း၊ ရန်ကုန် (အင်းစိန်)၊ စလင်း၊ ကျောက်ဆည်၊ ရွှေဘို၊ မန္တလေး စသော မြို့ပေါင်း ၁၂ မြို့တို့၌ နိုင်ငံ့ တာဝန်များကို ထမ်းဆောင် ခဲ့သည်။
အိမ်ထောင်ရေး [ပြင်ဆင်ရန်]
၁၉၂၉ ခုနှစ်တွင် အင်္ဂလန် နိုင်ငံမှ ပြန်လာ ပြီးနောက် မော်လမြိုင် ဒိုင်းဝန်ကွင်း ဆီဆုံရပ်နေ ပညာဝန်ထောက် ဦးချစ်စု၊ ဒေါ်သိန်းရင် တို့၏ ဒုတိယ သမီး မလှသန်းနှင့် အိမ်ထောင် ပြုခဲ့သည်။ ကိုးလတာမျှ ပေါင်းသင်း ခဲ့ရပြီး မလှသန်း ကျန်းမာရေး မကောင်းသဖြင့် ကွယ်လွန် သွားခဲ့သည်။
၁၉၃၂ တွင် ကျိုက်လတ်မြို့ ဆန်စက်ပိုင်ရှင် ဦးဘိုးကြီး၊ ဒေါ်ချစ်၏ သမီး မခင်မြင့်နှင့် အိမ်ထောင်ကျကာ သား တင်မောင်မြင့် (မောင်လူမွှေး)၊ သမီး တင်မေမြင့်၊ တင်ဆွေမြင့်တို့ ထွန်းကား ခဲ့သည်။
စာပေ [ပြင်ဆင်ရန်]
‘ခေတ်စမ်း စာပေ’ ကို မြတ်နိုးသူတိုင်၊ တနည်းအားဖြင့် မြန်မာ့ စာပေကို လေးစားသူတိုင်း သိပ္ပံမောင်ဝ ခေါ် ဦးစိန်တင်၏ စာပေများကို မဖတ်ရှုဖူးသူ ဟူ၍လည်း မရှိ။ မနှစ်ခြိုက်သူ ဟူ၍လည်း မပေါ်ခဲ့။ ထိုအတောအတွင်း အမည်ရင်း၊ အမည်ဝှက်များဖြင့် စာပေဆိုင်ရာ ဆောင်းပါး အများကို ရေးသား ခဲ့ရာတွင် အင်္ဂလိပ် သက္ကရာဇ် ၁၉၃ဝ ပြည့်နှစ် တဝိုက်က သူရိယ သတင်းစာတွင် အမြဲမပြတ် ပါရှိသော ‘မြန်မာမှု’ ဆောင်းပါးများကို ရေးသားသူ ‘သိပ္ပံ ကျောင်းသား မောင်မြသွင်’ သည် ဦးစိန်တင်ပင် ဖြစ်သည်၊ ဦးစိန်တင် မဟုတ် စသည်ဖြင့် အငြင်းပွား ခဲ့ကြ ဖူးလေသည်။ ဤကိစ္စနှင့် ပတ်သက်၍ ပုဂံ ဝန်ထောက်မင်း ဦးတင်က သူ၏ ‘ကဗျာ ဗန္ဒသာရကျမ်း’၊ မျက်နှာ ၅၇ တွင် “၁၉၂၈ ခုနှစ် တွင် ဘီအေတန်းမှာ မြန်မာစာဘက်က မြန်မာစာ ဂုဏ်ထူး ရကြသော ကျား၊ မ အများကို အားရ ချီးမွမ်းသော ဩဘာရတု” ၏ အောက်ခြေ မှတ်ချက်၌ “… ကျွနု်ပ်သည် မောင်မြသွင်ကို မမြင်ဖူး၊ မတွေ့ဖူး ဖြစ်စေကာမူ သူရေးသော စာများတွင် မြန်မာစာများ ထွန်းကားစေရန် အားသန်ပုံ၊ မြန်မာစာဘက်တွင် စိတ်ဝင်စားပုံ အထူးနှင့် စိတ်ကူး စိတ်သန်းတရား ရှေ့သွားပုံ၊ စကားအိမ် ဖွဲ့ပုံများတွင် မောင်စိန်တင်လောက် နီးနီး ချီးမွမ်း သင့်ပေသည်။ ယင်းသို့ဖြစ်၍ မောင်မြသွင်သည် မောင်စိန်တင်၏ တပည့်ရင်းသော် လည်းကောင်း၊ အဝေး တပည့်သော် လည်းကောင်း ဖြစ်တန် ရာသည် ဟူ၍ ထင်ယူပေသည်။ ၎င်းပြင် ဆုံးဖြတ်ချက် ချရာတွင် မောင်စိန်တင်နှင့် မောင်မြသွင်သည် ဆင်ခြင်ပုံ တရားချင်း မတူဘဲ ကွဲလွဲကြသည်။ မောင်မြသွင်၏ ဆုံးဖြတ်ချက် အချို့က ခလိတ ဖြစ်ရုံမက ‘မ’ တစ်လုံးကျေ ဆရာကြီး တဦး၏ တပည့်ထူး ဖြစ်ဖူးသော အချက်လည်း တကွက်တကွက် တခါတခါ ပေါ်လာ လေသတည်း။”
ဆိုလိုရင်းကား၊ “မောင်မြသွင်သည် သက္ကတ၊ မာဂဓများကို ကြိုးစားရန် အချိန်ပို၊ ငွေပို လိုသေးခြင်းပင် တည်း၊” စသည်ဖြင့် ‘မောင်မြသွင်’ နှင့် ပတ်သက်၍ ထင်မြင် ဝေဖန်ချက် ရေးသား ထားပေသည်။ သို့ရာတွင် ထိုရတု၏ အစ အဖွင့်၌ မူကား ဦးစိန်တင်အား- “ခုခေတ်၊ ခုခါ၊ ခုသမယာဝယ်၊ မြန်မာစာဘက်၊ သိမ်မွေ့ချင်ကို၊ နှစ်သက်၊ ကြည်နူး၊ စိတ်ရည်စူး၍၊ ဂုဏ်ထူးယူကာ၊ ဘီအေမှာလျှင်၊ မြန်မာဘက်တွင်၊ မောင်စိန်တင်သည်၊ ပွဲဝင်မဆွ၊ ပန်းဦးရ၏။ ။ယင်းမှ တဖန်၊ ကြီးပွားရန်လျှင်၊ လန်ဒန် ရောက်တက်၊ အိုင်စီအက်စ်မှာ၊ သင်ဆဲသာတည့်။” ဟူ၍ မြန်မာ ပညာရှိ ပုဂံ ဝန်ထောက်မင်း ဦးတင် ကိုယ်တိုင် ချီးကျူး ထားရပါသည်။ စာနယ်ဇင်းများတွင် မြန်မာစာပေအကြောင်း ဆောင်းပါးများ ရေးသားသည်မှာ ပုဒ်ရေ (၇၀)ကျော်ရှိသည်။ တင့်တင့်အမည်ဖြင့် ပြဇာတ်များလည်းရေးသားခဲ့သည်။ သိပ္ပံမောင်ဝအမည်ဖြင့် ဝတ္ထုဆောင်းပါးများ၊ အဝေးရောက်မင်းဦးအောင်ကြီး၊ ထွဋ်ခေါင်ဆရာတော်၊ လယ်တီ ပဏ္ဍိတဦးမောင်ကြီး၊ ဒေါက်တာဘမော် စသော အတ္ထုပ္ပတ္တိဆောင်းပါးများ ရေးသားခဲ့သည်။ ခြင်းလုံး၊ ပန်းချီ၊ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ် အကြောင်း ဆောင်းပါးများအပြင် စာအုပ်ဝေဖန်ရေး စာပေဝေဖန်ရေး ဆောင်းပါးများလည်းရေးခဲ့သည်။
ဘဝနိဂုံး [ပြင်ဆင်ရန်]
မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသည့် နေ့မှ စ၍လည်း နယ်ဘက် အုပ်ချုပ်ရေးတွင် နယ်ပိုင်၊ အရေးပိုင် စသည်ဖြင့် အဆင့်ဆင့် အမြို့မြို့သို့ သွားရောက် လုပ်ကိုင် နေပြီးနောက် ရွှေဘိုတွင် ဂျပန်ဗုံးဒါဏ် အလူးအလဲခံရသည်။ သိပ္ပံမောင်ဝတို့မိသားစု ဟိုပြေးသည်ပြေးနှင့် အတိဒုက္ခရောက်ရသည်။ နောက်ဆုံး မြစ်ကြီးနားသို့သွား (တစ်ဆင့် အိန္ဒိယသို့ သွားရန်ကြံရွယ်)သည်။ သူတို့စီးသော မီးရထားကို သက်ဆိုင်ရာတို့က ကန့်ဘလူဘူတာ၌တွဲဖြုတ် ထားခဲ့၍ ကန့်ဘလူတွင် သောင်တင်နေခဲ့သည်။ အရာရှိမိသားစုများဖြစ်၍ ရွှေငွေအမြောက်အများပါမည်ဟု တွက်ဆကာ ဓားပြ-၁ဝဝခန့်က ဝိုင်းဝန်းဓားပြတိုက် ကြသည်။ (စစ်ပြေးချိန် ခေတ်ပျက်ချိန်ဖြစ်၍ ဓားပြများတွင် လက်နက်များပါသည်။ ဓားပြဗိုလ် ဗိုလ်သက်ထွန်း ခေါင်းဆောင်ပါဝင်သည်။)[၄]
စစ်အတွင်းကာလ မသမာလူဆိုးတို့၏ လက်ချက်ဖြင့် အသက်သေဆုံးရသော အခါ၌မူ စစ်ပြေးအနေနှင့် ကန့်ဘလူမြို့နှင့် ၁ဝ မိုင်ခန့်အကွာ ဂါးဒါး ဆည်ကြီးရွာတွင် ကန့်ဘလူနယ်ပိုင် ဝန်ထောက်ဟောင်း ဦးဘသန်း တို့နှင့် ဂါးဒါး ဆည်ကြီးရွာ ဗိုလ်တဲ၌ ခိုနေကြခိုက် ဖြစ်ပါ၏။ အနိစ္စ ရောက်ရရှာသော အင်္ဂလိပ် သက္ကရာဇ် ၁၉၄၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၅ နာရီခန့် ဝေလီဝေလင်း အချိန်တွင် ဓားပြ လူဆိုး ၁ဝဝ ခန့်တို့သည် ဦးစိန်တင်တို့ တည်းခို နေထိုင်ရာ ဗိုလ်တဲကို အဘက်ဘက်မှ ဝိုင်း၍ သေနတ်နှင့် တရစပ် ပစ်ခတ် ကြပေသည်။ အင်အားချင်း မမျှ၍ လက်နက်ချ အညံ့ခံ ကြပါငြားလည်း မသိ ဆိုးရွားလှသော လူတသိုက်ကား အပစ်အခတ် မရပ်။ ဆက်လက် ပစ်ခတ်နေသည့် အထဲမှ နယ်ပိုင် ဝန်ထောက်ဟောင်း ဦးဘသန်းလည်း ပွဲချင်းပြီး သေရ ရှာလေသည်။ ဦးဘသန်း၏ ဇနီးသည်လည်း ပွဲချင်းပြီး သေရ ရှာလေသည်။ အရေးပိုင်မင်း ဦးစိန်တင်လည်း ပွဲချင်းပြီး သေရ ရှာလေသည်။ ဤသို့အားဖြင့် စာပေလောကမှ ကြယ်တပွင့်သည် ကြွေလွင့် ပျောက်ကွယ်၍ သွားရရှာပေသည်။
ကလောင်ခွဲများ [ပြင်ဆင်ရန်]
သိပ္ပံကျောင်းသားမောင်မြသွင်၊ မောင်လှမောင်၊ မောင်မောင်၊ ဦးကုသလ၊ မောင်ကကြီး၊ မောင်ယပက်လက်၊ ဦးသက္က၊ မောင်သိန်းဖေ၊ မဏိ၊ ဝတ္ထုရေးဆရာတစ်ဦး၊ အမှန်ကြိုက်သူ၊ မောင်သာမောင်၊ ဘိလပ်ပြန်၊ ခေတ်စမ်း မောင်၊ ခြင်းသမားသခင်၊ မောင်လူအေး၊ ခင်ခင်ထွေး ထို့ပြင် မောင်သံချောင်း၊ တင့်တင့်၊ တင်မောင်မြင့် စသည်များဖြစ်သည်။
သိပ္ပံ မောင်ဝ ရေးသား ပြုစုခဲ့သော စာအုပ်များ [ပြင်ဆင်ရန်]
- ခေတ်စမ်းစာပေ အထွေထွေ - ၁၉၆၆ ခုနှစ်
- ခေတ်စမ်းပုံပြင်(စုပေါင်း) - ၁၉၃၈ ခုနှစ်
- ခေတ်စမ်း ပုံပြင်များ (ခ) ခေတ်စမ်း ဝတ္ထုများ - ၁၉၇၆ ခုနှစ်
- ခေတ်စမ်း ရာဇဝင်ရေးရာများ - ၁၉၅၅ ခုနှစ်
- စာ
- စာပေယဉ်ကျေးမှု ဆောင်းပါးများ - ၁၉၇၆ ခုနှစ်
- စစ်အတွင်း နေ့စဉ်မှတ်တမ်း - ၁၉၆၆ ခုနှစ်
- မှတ်တမ်းဝင် စာပေများ - ၁၉၅၅ ခုနှစ်
- လှအုံးမယ်ဝတ္ထု - ၁၉၃၃ ခုနှစ်
- ဝတ္ထုဆောင်းပါးများ - ၁၉၆၁ ခုနှစ်
- သူ့စာများကပြောခဲ့တဲ့ သိပ္ပံမောင်ဝ အကြောင်း - ၁၉၆၆ ခုနှစ်
- သုံးပွင့်ဆိုင် ခေတ်စမ်းစာပေ - ၁၉၅၅ ခုနှစ်
- အောက်စဖို့ဒ် တက္ကသိုလ် - ၁၉၃၈ ခုနှစ်
ကျမ်းကိုး [ပြင်ဆင်ရန်]
- ↑ စာဆိုတော်များ အတ္ထုပ္ပတ္တိ - ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ်နဲ့ မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ်
- ↑ # မြဝတီ မဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၆၊ ‘မင်းသုဝဏ်’ ၏ ‘သိပ္ပံမောင်ဝ ခေါ် ဦးစိန်တင် ဘီ-အေ၊ အိုင်-စီ-အက်စ်’ ဆောင်းပါး။
- ↑ ကဗျာဗန္ဓသာရကျမ်း၊ မျက်နှာ ၅၇။
- ↑ myanmarbookshop
