မြန်မာနိုင်ငံ သုတေသနအသင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာနိုင်ငံ သုတေသနအသင်း[ပြင်​ဆင်​ရန်​]

လူမျိုးတိုင်း၊ နိုင်ငံတိုင်းတွင် အတိတ်ကာလ၊ ပစ္စုပ္ပန် ကာလ၊ အနာဂတ်ကာလဟူ၍ ကာလသုံးပါး ရှိလေရာ၊ ကောင်းမြတ်သော အနာဂတ်ကာလကို ဖန်တီးကြရန် လွန်ခဲ့သော အတိတ်ကာလကို ပြန်လည် သုံးသပ်ခြင်းဖြင့် ပစ္စုပ္ပန်ကာလကို အသုံးချကြသည်မှာ တိုင်းကြီးပြည်ကြီး၊ လူမျိုးကြီးတို့၏ ထုံးတမ်းအစဉ်အလာတစ်ရပ် ဖြစ်ပေသည်။ ထိုကြောင့်လည်း ရှေးမြန်မာမင်းများ လက်ထက်တော်အခါက ရှေးဟောင်း မြန်မာမှု အဝဝကို ရှာဖွေလေ့လာ၍ မှတ်စုမှတ်တမ်း ရေးသားတင်ဆက်ရန် ပညာရှိများကို အားပေး နှိုးဆော်လေ့ရှိခဲ့ခြင်း ဖြစ်လေသည်။

ဗြိတိသျှတို့ လက်ထက် တွင် ဗြိတိသျှအရာရှိများ၊ သာသနာပြု ပုဂ္ဂိုလ်များ၊ ကျောင်းဆရာများသည် ဗြိိတိသျှ အင်ပိုင်ယာအတွင်းရှိ လူမျိုးအသီးအသီးတို့၏ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတို့ကို အရေးတယူ ရှာဖွေ လေ့လာ၍ စာအုပ် စာတမ်းများ ရေးသား ပုံနှိပ် ထုတ်ဝေကြသည်။ အသင်းအဖွဲ့များတည်ထောင်၍ သုတေသန ဟောပြောပွဲများ၊ သုတေသန ညီလာခံများ ကျင်းပကာ ရှာဖွေ တွေ့ရှိချက်တို့ကို ဂျာနယ် အဖြစ်ဖြင့် ပုံနှိပ်ထုတ်ဝေကြ၏။

ထိုစဉ်အခါက ထုတ် ဝေကြသော ဂျာနယ် စာတမ်း အမျိုးမျိုးရှိသည့်အနက် ဗင်္ဂလားပြည် ဆိုင်ရာ အာရှအသင်း ကြီးကပုံနှိပ်သော စာတမ်းများတွင် လည်းကောင်း၊ အင်ဒီးယန်း အန်တီကွာရီခေါ် မဂ္ဂဇင်းတွင် လည်ကောင်း မြန်မာနိုင်ငံ ဆိုင်ရာ ယဉ်ကျေးမှု ဆောင်းပါး မှတ်တမ်းအမျိုးမျိုးကို တွေ့ရှိရလေသည်။ ထိုဆောင်းပါးတို့သည် မြန်မာပြည်၏ အတိတ်ကာလကို လေ့လာသော ဆောင်းပါးများ ဖြစ်သဖြင့်၊ ထိုဆောင်းပါးတို့ကို ဖတ်ရှု၍ ကမ္ဘာအရပ်ရပ်ရှိ ပညာရှင် တို့သည် မြန်မာ့ ယဉ်ကျေးမှုကို နားလည် လာကြ တော့သည်။

ထိုအခိုက်တွင် အိန္ဒိယ ပဋိညာဉ်ခံ အရာရှိတစ်ဦးဖြစ်သူ မစ္စတာဂျေ၊ အက်(စ) ဖာနီဗယ်သည် ကမ္ဘာအရပ်ရပ်ရှိ သုတေသနပညာ ရှာမှီးကြသော အသင်းအဖွဲ့ များနှင့် ပုဂ္ဂိုလ်များ၊ အထူးသဖြင့် ယိုးဒယားအသင်းကြီးကို အားကျကာ မြန်မာပြည်တွင်လည်း ဤအသင်းမျိုး ရှိသင့်ရှိထိုက်သည်ဟု ယုံကြည်သဖြင့် ဗြိတိသျှ လူကြီးလူကောင်းများ၊ မြန်မာပညာရှိ ကြီးများကို ချဉ်းကပ် တိုက်တွန်း ခဲ့ခြင်းကြောင့် ခရစ်နှစ် ၁၉၁ဝ ပြည့်တွင် မြန်မာနိုင်ငံ သုတေသနအသင်းကို တည်ထောင် ဖြစ်ခဲ့လေသည်။

အသင်းတည်ထောင်သည့်အခမ်းအနားကို ၁၉၁ဝ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့ တွင် ဗားနတ်ပိဋကတ်တိုက် ၌ ကျင်းပရာ၊ မြန်မာပြည် ဒုန္ထဘုရင်ခံ ဟားဗက် သာကယ်ဝှိုက်က သဘာပတိ ပြုလုပ်၍ ဝတ်လုံတော်ရ ဦးမေအောင်က အသင်းပဏာမမိန့်ခွန်းကို မြွက်ကြားခဲ့သည်။ အသင်း၏ ပထမဆုံး ဥက္ကဋ္ဌကား မစ္စတာ အိပ်(ချ)၊ အယ် အေးလဖြစ်၍၊ အသင်းတည်ထောင်စတွင် အဖွဲ့ဝင် ဦးရေ ၂၃၅ ဦးရှိလေသည်။

အသင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် ယင်း၏ ကျောခိုင်းနံစပ် နိုင်ငံများ၏ ယဉ်ကျေးမှု အနုပညာ၊ သိပ္ပံပညာ၊ စာပေ ပညာစသည်တို့ကို လေ့လာစုံစမ်း ရှာဖွေရန်နှင့် အထူးသဖြင့် မြန်မာနိုင်ငံနှင့် စပ်လျဉ်းသော သုတေသန လုပ်ငန်းများကို အားပေးရန် ဖြစ်လေသည်။

အသင်း၏ အရပ်ရပ် လုပ်ငန်းဆောင်တာများကို အသင်းအရာရှိ ၁၅ ဦးနှင့် အခြားအဖွဲ့ဝင် ၁၅ ဦးတို့ပါဝင်သော အမှုဆောင်အဖွဲ့က ကွပ်ကဲဆောင်ရွက် လေသည်။ အမှုဆောင်အဖွဲ့သည် သာမန်အားဖြင့် တစ်နှစ်လေးကြိမ် တွေ့ဆုံ စည်းဝေးကာ၊ ကြားကာလတွင် စီမံမှုအဖွဲ့ငယ်က အသင်း၏လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လေသည်။ ပုဂ္ဂိုလ် ၁၅ ဦးပါဝင်သော အထွေထွေ ကော်မတီအဖွဲ့က အသင်း၏ ဝါဒနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးလေသည်။

အသင်း၏ လက်ရှိ(၁၉၉၆ ခုနှစ်) အဖွဲ့ဝင်ဦးရေမှာ ၁၌ဝ၃၉ ဦးဖြစ်၏။ အသင်း၏ အဓိကလုပ်ငန်းသည် သုတေသန ပြုရေးပင်ဖြစ်ရာ အသင်းသားများ သုတေသန ပြုလုပ် ရှာဖွေတွေ့ရှိ ထားချက် စာတမ်းများကို ဖတ်ကြားနိုင်ရန် တစ်နှစ်လျှင်လေးကြိမ်မှ ခြောက်ကြိမ်အထိ အစည်းအဝေး ပြုလုပ်လေ့ရှိ၏။ နှစ်စဉ် ဒီဇင်ဘာလတွင်လည်း လေးရက်ကြာမျှ သုတေသနညီလာခံ ကျင်းပ ပြုလုပ်ကာ၊ အရပ်ရပ် သုတေသနစာတမ်းများ ၁ဝ စောင်မှာ ၁၅ စောင်အထိ ဖတ်ကြားကြလေသည်။

ယင်းစာတမ်းများကို မြန်မာနိုင်ငံသုတေသန အသင်းဂျာနယ်တွင် ပုံနှိပ်ထုတ် ဝေသည်။ ဂျာနယ်ကို ၁၉၁၁ ခုနှစ်တွင် ပထမဆုံး စတင်ထုတ်ဝေခဲ့၍၊ ဂျာနယ်၏ ပထမဆုံး စာတည်းမှာ ကျောက်စာဝန် မစ္စတာစီ၊ ဒူရွားဇဲဖြစ်၏။ သုတေသနဂျာ နယ်သည် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းတွင်မှ တစ်ပါး မပြတ်မလပ်ပင် ထွက်ပေါ်ခဲ့ရာ အုပ်တွဲပေါင်း ၄၅ တွဲအထိပင် ရောက်ရှိပြီဖြစ်၏။ မြန်မာနိုင်ငံနှင့် ကျောခိုင်းနံစပ် နိုင်ငံများဆိုင်ရာ စာပေဆောင်းပါး၊ ဘာသာစကား ဆောင်ပါး၊ ရာဇဝင်သမိုင်း ဆောင်းပါး၊ ပုဂ္ဂိုလ်ထူး အထုပ္ပတ္တိ၊ ဓလေ့ထုံးစံ၊ ဘောဂဗေဒ၊ ဘူမိဗေဒ၊ ပထဝီဝင်၊ ရုက္ခဗေဒ၊ ပါဏဗေဒ၊ မနုဗေဒ စသော ပညာရပ်အသီးအသီးနှင့် စပ်ဆိုင်သည့် ဆောင်းပါး၊ စာအုပ် ဝေဖန်ချက် စသည့် အဖိုးတန် သုတေသန ဆောင်းပါး စာတမ်းများ ပါရှိခဲ့လေသည်။

စစ်ကြိုခေတ်က ထုတ်ဝေခဲ့သော ဂျာနယ်များမှာ စစ်ဘေး စစ်ဒဏ်ကြောင့် အလွန် ရှားပါးလျက်ရှိပေရာ၊ ၁၉၆ဝ ပြည့်နှစ်တွင် အသင်းအနှစ် ၅ဝ ပြည့် အထိမ်းအမှတ်အဖြစ် ဆောင်းပါးကောင်းများကို ထုတ်နုတ် စုပေါင်းကာ နှစ် ၅ဝ စာစဉ်အဖြစ် ထုတ်ဝေခဲ့၏။

သုတေသန ဂျာနယ်တို့တွင် ပျူစာကို ပထမဆုံး ဖတ်နိုင်ခဲ့သူ မစ္စတာ ဂျီ၊ အို ဗလက်ဒင်၊ မစ္စတာ စီ၊ ဒူရွားဇဲ၊ မစ္စတာ ဂျေ၊ အက်(စ)ဖာနီဗယ်၊ ပါမောက္ခ ဒီ၊ ဂျီ၊ အီ ဟော၊ မစ္စတာ အာ၊ ဟာလီဒေး၊ မစ္စတာ ဂျီ၊ အီ ဟာဗေး၊ ပါမောက္ခ ဂျီ၊ အိပ်လု(စ)၊ ပါမောက္ခ အက်(ဖ)၊ ဂျေမက်ဂစ်၊ ပါမောက္ခ ဗီ၊ အာပန်း၊ ပါမောက္ခ အယ်၊ ဒီစတမ့်၊ ပါမောက္ခ ဂျေ၊ အေ စတီဝပ်စသော အနောက်တိုင်းသား ပညာရှင် အများအပြား ပါဝင်ရေးသားခဲ့သည့်ပြင်၊ မြန်မာတို့ အထဲမှလည်း ဦးကောင်း၊ ဦးကျော်ထွန်း၊ ဦးခင်ဇော်၊ ဦးချစ်သောင်း၊ ဦးစံရွှေဘု၊ တော်စိန်ခို၊ ဦးပွား၊ ဦးဖေ၊ ဆရာကြီး ဦးဖေမောင်တင်၊ ဦးဘကျား၊ ဦးဘသိန်း၊ ဒေါက်တာဘဟန်၊ ဦးဘီ၊ ဦးဖိုးကျား၊ ဦးဘိုးဖြူ၊ ဦးမေအောင်၊ ဦးမြ၊ ဦးရွှေဇံအောင်၊ ဦးလင်း၊ ဦးလွန်း၊ ဒေါက်တာလှဖေ၊ ဦးအောင်သိန်း၊ ဦးဝန်၊ ဦးသိန်းဟန် စသော ပညာရှိအများ ပါဝင် ရေးသားကြ၏။

မြန်မာနိုင်ငံ သုတေသနအသင်းသည် ဂျာနယ်ကို ထုတ်ဝေသည့်အပြင် ရှေးဟောင်းစာပေတို့ကိုလည်း ထုတ်ဝေခဲ့၏။ ဗြိတိသျှ အစိုးရလက်ထက်တွင် မြန်မာစကား၊ မြန်မာစာပေသည် မင်းသုံးစကား၊ မင်းသုံးစာပေ၊ လွှတ်တော်ရုုံးသုံး စကားစာပေ မဟုတ်တော့ဘဲ၊ အခိုက်အတန့်အားဖြင့် လျစ်လျူပြုခံထားခဲ့ရသော စကားနှင့် စာပေဖြစ်ခဲ့ရာ၊ မြန်မာစကား မြန်မာစာပေ၏ ထုထယ်ကြီးမာပုံ၊ နက်နဲ ကြွယ်ဝပုံကို ထင်ရှားစေရန် ရှေးရှေး မြန်မာပညာရှိ ကိဝအဆက်ဆက်တို့ ရေးသားပြုစုခဲ့ကြသည့် ရာဇဝင်၊ သမိုင်း၊ တရားစာ၊ မေတ္တာစာ၊ ဖြတ်ထုံး၊ စာတမ်း၊ လျှောက်ထုံး၊ ပြဇာတ်၊ သီချင်း၊ ဂီတ၊ ပျို့၊ လင်္ကာ၊ ရတု၊ ရကန်၊ လူးတား၊ ဧချင်း၊ မော်ကွန်း၊ စာဟောင်းပေဟောင်း အမျိုးပေါင်း ၄၈ အုပ်ကို အသင်းမှ စနစ်တကျ ရှာဖွေ တည်းဖြတ် ပုံနှိပ်ထုတ်ဝေခဲ့သဖြင့် မြန်မာစာပေ၏ ဂုဏ်ကျက်သရေသည် အထူးပေါ်လွင် ထင်ရှားခဲ့သည့်အပြင်၊ တက္ကသိုလ်တွင် မဟာဝိဇ္ဇာဂုဏ်ထူးတန်းအထိ မြန်မာစာပေသင်းကြား ပို့ချရေးကိုလည်း အားပေး ကူညီနိုင်ခဲ့လေသည်။

စစ်ကြိုခေတ် တစ်လျှောက်တွင် မြန်မာနိုင်ငံ သုတေသနအသင်းမှ တည်းဖြတ် ထုတ်ဝေခဲ့သော ကျမ်းများမှာ ဥတိနပျို့၊ မဟာသီလဝပျို့၊ မင်္ဂလသုတ်ပျို့၊ ရာဇော ဝါဒကျမ်း၊ အင်းဝမြို့ဘွဲ့ ၁၂ ရာသီလူးတား၊ ဂဝံပတိ၊ ရေစကြိုခုံတော် ဖြတ်ထုံး၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ ဦးကုလား မဟာရာဇဝင်ကြီး၊ လောက သာရပျို့၊ ကန်တော်မင်းကျောင်း မေတ္တာစာ၊ မဟာပညာကျော် လျှောက်ထုံး၊ ကျပင်းတရားစာ၊ ဒေဝကုမ္ဘန် ပြဇာတ်၊ ပဒေသာသီချင်းများ၊ ပါပဟိန်းပြဇာတ်၊ ရွှေပြည်စိုး ဝ။ု၊ စပယ်ပင် ဝ။ု၊ ဥမ္မာဒန္တီပျို့၊သုတသောမ ပျို့၊ ဂါမဏိစန္ဒ ပျို့၊ ကင်းဝန်မင်းကြီး သမိုင်း၊ ကျည်းကန်ရှင်ကြီး မေတ္တာစာ၊ နတ်ရှင်နောင်ဆိုရတု၊ တရုတ်သံရောက် မော်ကွန်း၊ ရဲတင်း မော်ကွန်း၊ အာသံနိုင် မော်ကွန်း၊ ဦးပုည မေတ္တာစာ၊ ဦးပုည သာသနာလျှောက်နှင့် ဆွမ်းတော်ကြီး စာတမ်း၊ အထူး ကောက်နုတ်ချက် ဇာတ်ဝ။ု၊ ပြည်ဘွဲ့မြို့ဘွဲ့ လင်္ကာညွန့်ပေါင်း၊ မာတောဝါဒ ဆုံးမစာ၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ ဩဝါဒထူးပျို့၊ စိန္တကျော်သူဆိုရတုများ၊ ဘိုးတော်ရှင် ဧချင်းနှင့် မင်္ဂလာ လူးတား၊ မွေ့နွန်းရကန်၊ ရတနာကြေးမုံ ဝ။ု၊ ပဉ္စပါပီရကန်၊ အသျှင်ဥက္ကံသမာလာ မေတ္တာစာတို့ ဖြစ်ကြ၏။ စစ်ပြီးခေတ်တွင် ယနေ့အထိ (၁၉၆၂ ခုနှစ်) တည်းဖြတ် ထုတ်ဝေနိုင်ခဲ့သော ကျမ်းများကား တောင်ငူဆို ရတုအဖြေ၊ ဇ။ူဒီပ ဥဆောင်းကျမ်း၊ ရှေးဟောင်း လက်မှုပညာ ပေါင်းချုပ်ကျမ်း၊ သတ္တုရူပကဝိလာသနီကျမ်း၊ မင်းနန်းစည် ဧချင်း သုံးစောင်တွဲ၊ ဝဏ္ဏဗောဓန သတ်အင်းနှင့် မြန်မာ သံယောဂဒီပနီကျမ်းတို့ ဖြစ်လေသည်။

သုတေသန စာစဉ်များအပြင် ပါမောက္ခ ဦးဖေမောင်တင်နှင့် ပါမောက္ခ ဂျီ၊ အိပ်လု(စ)တို့က အင်္ဂလိပ်ဘာသာ ပြန်ဆိုသော မှန်နန်းရာဇဝင်ကြီးကိုလည်း အသင်းကြီးမှ ထုတ်ဝေခဲ့သည်။ ယခုအခါ လန်ဒန်တက္ကသိုလ်က တည်းဖြတ် ပုံနှိပ်ဆဲ ဖြစ်သော မြန်မာန္ထအင်္ဂလိပ် အဘိဓာန်သည် မူလအားဖြင့် မြန်မာနိုင်ငံ သုတေသန အသင်းက ၁၉၂၅ ခုနှစ်မှစတင် ဆော်ဩ၍ စာလုံးများကို တာဝန်ယူ စုဆောင်းပေးခဲ့ခြင်းဖြစ်ကာ၊ ယခုတိုင် အဘိဓာန်၏ စာတည်းများမှာ အသင်းသား များ ဖြစ်ကြ ပေသည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းကလည်း မြန်မာကို ကမ္ဘာက သိစေရန် အိန္ဒိယမှနေ၍ မြန်မာ့ ပထဝီဝင်၊ ရာဇဝင်သမိုင်း၊ ဗုဒ္ဓ အယူဝါဒ၊ ဆန်၊ သစ်တော၊ တောင်တန်း ဒေသလူမျိုးများ၊ ကရင်လူမျိုး၊ ရေနံလုပ်ငန်း၊ ငှက်များနှင့် စာရင်းအင်း အချက်အလက်များကို စာအုပ်ငယ်များ သီးခြားရိုက်နှိပ် ထုတ်ဝေခဲ့၏။

အသင်း၏ အခြား အကျိုးပြုလုပ်ငန်း တစ်ရပ်ကား မြန်မာ့တေးဂီတများကို မော်ကွန်းတင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက အသက် ရှစ်ဆဲ့ရှစ်နှစ်ရှိ ရွှေဘိုမြို့ အဝေးရောက်မင်း ဦးအောင်ကြီးကို ရန်ကုန်မြို့ သို့ ပင့်ခေါ်၍ ဒေါ်စောမြဧကြည်၊ ဒေါ်ဒေလီညွှန့်၊ ဒီးဒုတ် ဦးဘချို၊ ဦးခင်ဇော်၊ သီပေါစော်ဘွား၏ နရည်းဝိုင်းတော်သားများ စသော ပညာရှင်များ အသီး အသီး၏ အကူအညီကို တောင်းယူကာ၊ ရတု၊ ရကန်၊ အဲ၊ အန်၊ ပျို့၊ သီချင်းကြီး၊ သီချင်းခံ၊ ပတ်ပျိုး၊ ကြိုး၊ ယိုးဒယား၊ နရည်း၊ မြေ|ာက်စည် စသည်တို့ကို ဓာတ်ပြားသွင်းပြီးလျှင် မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်း ပညာ တစ်ရပ်ကို မပျောက်မပျက် မတိမ်ကောရအောင် မှတ်တမ်း မော်ကွန်းတင် ခဲ့လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)