မိဂဒါဝုန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

တရားဦးဟောရာဌာန[ပြင်​ဆင်​ရန်​]

ဘုရားပစ္စေကဗုဒ္ဓါရဟန္တာတို့ ကောင်းကင်မှ သက်ဆင်းရာ၊ ကောင်းကင်သို့ တက်ရာဖြစ်သောကြောင့်၊ ဣသိပတနဟု အမည်ရ၍သားသမင်းအပေါင်းတို့ကို ဘေးမဲ့ပေးရာဖြစ်သော မိဂဒါဝုန် တောတွင် မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် (၁၀၃) ခု ၊ ဝါဆိုလပြည့်တွင် ဓမ္မစကြာတရား ဦးကို ပဉ္စဝဂ္ဂီငါးဦးအား ဟောကြားတော်မူခဲ့၏။

မိဂဒါဝုန်[ပြင်​ဆင်​ရန်​]

မိဂဒါဝုန်သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်၊ ဗာရာ ဏသီမြို့အနီး ဣသိပတန အမည်ရှိသော သားသမင်အပေါင်း တို့အား ဘေးမဲ့ပေးထားရာ တောကြီးဖြစ်သည်။ ဣသိပတနဟု အမည်ရသည်မှာ ဘုရား ပစ္စေကဗုဒ္ဓါအရိယာထေရ်ရှင်တို့ ကောင်းကင်မှ သက်ဆင်းရာ၊ ကောင်းကင်သို့ တက်ရာဖြစ်သော ကြောင့် ဖြစ်သည်။ ထိုမိဂဒါဝုန်တောကြီး၌ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာဖြစ်တော် မူသော မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆို လပြည့် စနေနေ့ နေဝင်လုဆဲ အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာ ဒေသနာတော်ကို တရားဦး ဟောတော်မူခဲ့သည်။ ထိုသို့ ဟောခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၂၅၅ဝ ကျော်ခဲ့လေပြီ။ ဓမ္မစကြာသုတ္တန်


မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည်နောက် နှစ်ပေါင်း ၂၅ဝ ခန့်တွင် သာသနာ့ဒါယကာဖြစ်တော်မူသော သီရိဓမ္မာ သောကမင်း ကြီးသည် ဘုရားရှင်နှင့် စပ်လျဉ်းသည့် ဒေသများသို့ တိုင်းခန်း လှည့်လည်ပြီးလျှင် အမှတ်တရဖြစ်စေ ရန် သာသနိက အဆောက် အအုံများကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ ထိုအဆောက်အအုံများ အနက် မိဂဒါဝုန်တော ၌ မြတ်စွာဘုရား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူခဲ့သည့် နေရာတွင် တည်ထားသော ဓမ္မစက္ကစေတီသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုစေတီတော်ကြီးမှာ ပျက်စီး ယိုယွန်းနေလင့်ကစား ယခုတိုင် မြေပြင်မှ ဉာာဏ်တော်ပေ ၁၅ဝ ခန့် မြင့်မားလျက်ပင် ရှိသေးသည်။ စေတီတော်ကြီး၏ အပေါ်ပိုင်း သည် ဝိုင်း၍ ထိပ်တွင်ခုံး၍နေသည်။ အောက်ပိုင်းတွင်ကား ရှစ် ထောင့်သဏ္ဌာန်ရှိ၍ အုတ်ဖြင့်တည်ထား၍ အပေါ်ပိုင်းတွင် ကျောက် ဖြင့် တည်ထားသည်။


မိဂဒါဝုန်တောကို ယခုခေတ်တွင် ဆားနပ် ဟု ခေါ် သည်။ ဗာရာဏသီမြို့မှ မြောက်ဘက် ၆ မိုင်ခန့် အကွာတွင် ဆားနပ် ခေါ် မိဂဒါဝုန်တောတန်းရှိသည်။ကာလကတ္တားမြို့မှ ဂါယာမြို့သို့ မီးရထားဖြင့် သွားရာတွင် ၂၉၂ မိုင်ဝေး၍တစ်ဖန် ဂါယာမှ ဗာရာဏသီမြို့သို့ ၁၂၉ မိုင်ဝေးသည်။ ဗာရာဏသီမြို့ မှ မိဂဒါဝုန်တောသို့ ၆ မိုင်ဝေးသော ခရီးကိုကား မြင်းလှည်းဖြင့်ဖြစ် စေ၊ တက္ကစီမော်တော်ကားဖြင့်ဖြစ်စေ သွားနိုင်သည်။ မိဂဒါဝုန်သို့ မရောက်မီ ၂ ဖာလုံခန့်အလို၊ လက်ဝဲဘက်တောင်ပူစာတစ်ခုပေါ် တွင် ချောက်ဂီခေါ် စေတီတစ်ဆူကိုတွေ့ရသည်။ ထိုစေတီနေရာ ကား ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး မဟောမီ ပထမဆုံး တွေ့ကြသော နေရာဟု ဆိုသည်။

မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ညမှာပင် အရှင် ကောဏ္ဍညသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်၏။ ယင်း ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင် ဝပ္ပ၊ ၂ ရက်နေ့ တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ရက် ်နေ့တွင် အရှင်အဿဇိတို့ အသီးအသီး သောတာပန်အဖြစ်သို့ ရောက်ကြသည်။


တရားဦးဓမ္မစကြာဟောတော်မူရာ ဣသိပတနမိဂဒါဝုန်[ပြင်​ဆင်​ရန်​]

မိဂဒါဝုန်သို့ အဝင်တွင် လမ်းဘေး၌ ချောက်ခဏ္ဍီစေတီကို ဝင်ဖူးကြသည်။ ဘုရားရှင်ကို ပဥ္စဝဂ္ဂီငါးပါးက ခရီးဦးကြိုပြုရာ ဌာနဖြစ်သည်။ အသောကမင်းကြီးက ထိုနေရာ၌ စေတီတည်ခဲ့သည်။ ဘာသာခြားမဂိုဘုရင် အက္ကဘာမင်းက သူ့ခမည်းတော် စစ်ရှုံးစဉ်အခါတွင် ပုန်းအောင်းခဲ့သောနေရာဟုဆိုကာ ထိုစေတီအပေါ်၌ မျှော်စင်တည်ဆောက်လိုက်လေ သည်။ သမိုင်းဝင်ဌာနဖြစ်၍ စနစ်တကျထိန်းသိမ်းထားသည်။ ၎င်းနောက် မိဂဒါဝုန်ရှိ ဓမ္မစကြာတရားဟောတော်မူရာ ဓမ္မရာဇိကစေတီနေရာတွင် ဓမ္မစကြာသုတ်တော်ကို စုပေါင်းရွတ်ဆို ကြသည်။ မိမိကမူ သုတ္တနိပါတ်ပါဠိတော်၌လာသော ဟေမဝတသုတ်နှင့် နာလကသုတ်ကိုပါ ရွတ်ဆိုပူဇော်သည်။ ဓမ္မစကြာတရားတော်ကို ဘုရားရှင်ထံမှ နာကြားခဲ့ရသော သာတာဂိရနတ်စစ်သူကြီးက သူငယ်ချင်းဖြစ်သူ ဟေမဝတနတ်စစ်သူကြီးထံသွား၍ ဘုရားရှင်ကိုဖူးမြော်ရန် ဖိတ်ခေါ်သောအခါ ဟေမဝတက ဘုရားစင်စစ်ဟုတ်၊မဟုတ် စစ်တမ်းထုတ်သည်။ အားရကျေနပ်မှုရှိသဖြင့် ဘုရားရှင်ကိုဖူးမြော်၍ တရားနာယူကာ သောတာပန်များ ဖြစ်သွားကြသည်။ ယင်းနတ်စစ်သူကြီး(၂)ဦးတို့ အပြန်အလှန်အမေးအဖြေပြု၍ ဘုရားစစ်တမ်းထုတ်ပုံနှင့် ဘုရားရှင်ထံမှ အာယတန(၆)ပါး နှင့် ပတ်သက်သောဖြေကြားချက်များကို မှတ်တမ်းတင်ထားသည်က ဟေမဝတသုတ် ဖြစ်၏။ နာလကသုတ်ကမူ ဘုရားအလောင်းတော် မွေးဖွားပြီးနောက် တန်ခိုးရှင် ဒေဝီလရသေ့ကြီးက ဤမင်းသားငယ် သည် မုချအမှန် ဘုရားဖြစ်လိမ့်မည်ဟု ဟောကိန်းထုတ်ပြီးနောက် သူကိုယ်တိုင်ကမူ ဘုရားပွင့်သည့်အချိန်တိုင်အောင် အသက်ရှည်တော့မည် မဟုတ်သဖြင့် တူဖြစ်သူ နာလကအား ဘုရားပွင့်လျှင် နည်းခံအားထုတ်ခွင့်ရအောင် လမ်းညွန် ခဲ့သည်။ ဘုရားပွင့်လာသောအခါ မိဂဒါဝုန်သို့ လိုက်လာပြီး မောနေယျအကျင့်တရားကို ဟောကြားပါရန် လျှောက်ထား ချက်အရ ဘုရားရှင်က ခက်ခဲပြင်းထန်သော မောနေယျအကျင့်တရားကို ဟောပြသောသုတ်ဖြစ်သည်။ ထိုနှစ်သုတ်လုံး မိဂဒါဝုန်၌ ဟောခဲ့သည်ဖြစ်၍ အမှတ်တရ ရွတ်ဆိုပူဇော်ခဲ့သည်။ ၎င်းနောက် နန္ဒိယသူဌေးကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ရာကို လှည့်လည်ဖူူးမြော်ကြသည်။ အလွန်ကြီးမားသော ကျောင်းတော်ကြီးဖြစ်ပြီး အလျားပေ(၂၀၀)ခန့် ရှိသည်။ အုတ်နံရံထုကြီးမှာ (၁၀)ပေခန့်ရှိသည်။ အသောကမင်းကြီးက ပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ရဟန်းတော်ဟူယင်ဆန် ဘုရားဖူးလာသောခေတ်က ပေ(၂၀၀)ခန့်မြင့်သော (၇)ထပ်တိုက်ကျောင်းကြီးအဖြစ် မြင်တွေ့ခဲ့ရသည်ဟု မှတ်တမ်းတင်ထားသည်။ နန္ဒိယကျောင်း တော်ကြီး ကို ဖူးမြော်ရသောအခါ ဓမ္မပဒပါဠိတော်မှ “စိရပ္ပဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထိ မာဂတံ” အစရှိသော ဂါထာကိုလည်း အမှတ်ရမိသည်။ ကျောင်းရေစက်ချအပြီး မသေမီကတည်းက တာဝတိံသာနတ်ပြည်၌ ဘုံဗိမာန် ပေါ်ပေါက်နေသည်ကို အရှင်မဟာမောဂ္ဂလာန်က မြင်တွေ့ခဲ့ရသဖြင့် ဘုရားရှင်ကို လျှောက်ထားသည်။ ဘုရားရှင်က “နှစ်ပေါင်းများစွာ ကွဲကွာနေသော ရပ်ဝေးခရီးမှ ချမ်းသာစွာ ပြန်ရောက်လာသူကို ဆွေမျိုးအပေါင်းက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသကဲ့သို့ ကောင်းမှုရှင်ကိုလည်း တမလွန်ဘဝမှ ကောင်းမှုတို့သည် ကြိုဆိုကြကုန်၏” ဟုဟောတော်မူသည်။ နန္ဒိယကျောင်းတော်ရာကို ဖူးမြော်ပြီးနောက် အသောကကျောက်စာတိုင် အကျိုးအပဲ့များကို လေ့လာကြသည်။ တစ်ချိန်က သံဃာတော်များ သီတင်းသုံးစဉ် သံဃာညီညွတ်ရေးအတွက် စိုက်ထူခဲ့ခြင်းဖြစ်သည်။ သံဃာသင်းခွဲခြင်း မပြုရ။ ပြုလုပ်လျှင် အဝတ်ဖြူလဲစေ၍ ကျောင်းတိုက်မှ နှင်ထုတ်ခြင်းခံရမည်ဟု အမိန့်ထုတ်ထားခြင်းဖြစ်သည်။ ၎င်းနောက် ဂေါဝိန္ဒစန္ဒရမင်း၏ မိဖုရားကြီး ကုမာရဒေဝီ ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ရာကို လေ့လာကြသည်။ ကျောင်း၌သီတင်းသုံးသော ဘိက္ခုနီများ မိဂသမ္မတာမြစ်အတွင်းသို့ ရေချိုးဆင်းရန် မြေအောက်လမ်း ဖောက်လုပ်ထားသည်။ ကုမာရဒေဝီကျောင်းတော်ကို လေ့လာပြီးနောက် ဘုရားရှင်ပထမဦးဆုံး ဝါဆိုဝါကပ်သီတင်းသုံးတော်မူခဲ့ရာ မူလဂန္ဓကုဋီကို ဖူးမြော်ကြသည်။ နန္ဒိယကျောင်းတော်၏ အစိတ်အပိုင်းနေရာတစ်ခုဖြစ်သည်။ ပထမဆုံးဝါဆိုတော်မူခဲ့ သောနေရာကို ဗဟိုပြု၍ နန္ဒိယသူဌေးကြီးက ကျောင်းတော်ကြီးဆောက်လုပ်ခဲ့ခြင်း ဖြစ်နိုင်စရာရှိ၏။ ဤနေရာ၌ ဘုရားရှင်သည် ပဥ္စဝဂ္ဂီ(၅)ပါး၊ ဗာရာဏသီမြို့မှ ယသသူဌေးသားအမှူးပြုသော အပေါင်းအပါ (၅၅)ပါး၊ စုစုပေါင်း ရဟန္တာ (၆၀)နှင့်အတူ သီတင်းသုံးတော်မူ၍ ဝါဆိုတော်မူခဲ့သည်။ ဝါကျွတ်တော်မူသောအခါ ရဟန္တာ (၆)ကျိပ်ကို နေရာအနှံ့ အပြားသို့ သာသနာပြုခရီး စေလွှတ်တော်မူသည်။ ဘုရားရှင်က ရဟန်းတို့အား “လူနတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးစီးပွားအတွက် ခရီးလှည့်လည်ကြ။ အစအလယ်အဆုံး ကောင်းခြင်းသုံးဖြာနှင့် ပြည့်စုံသော စင်ကြယ်မြင့်မြတ်သည့် တရားတော်ကို ဟောပြောကြ။ တစ်နေရာသို့ (၂)ပါးအတူ မသွားကြနှင့်” ဟု သာသနာပြု စေလွှတ်တော်မူပုံကို အာရုံပြု၍ “စရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ” အစရှိသော ပါဠိကို ရွတ်ဆိုပူဇော်ခဲ့သည်။ နန္ဒိယကျောင်းတော်ရာနှင့် ကပ်လျက် ဘုရားရှင်တရားဟောတော်မူရာ ပလ္လင်တော်ကြီးကို အင်္ဂတေအမိုးဖြင့် မိုး၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ပရိသတ်(၄)ပါးတို့ကို နေ့စဉ်တရားဟောရာ ပလ္လင်တော်ဖြစ်သည်။ ယသသူဌေးသား ကိုလည်း ဤနေရာ၌ တရားဟော၍ အကျွတ်တရားရစေတော်မူခဲ့သည်။ ပလ္လင်တော်ကြီးကို ဖူးမြော်ပြီးနောက် အနတ္တလက္ခဏာသုတ်ကို ဟောကြားရာနေရာရှိ ဓမ္မေခစေတီတော်ကြီးကို ဖူးမြော်၍ အနတ္တလက္ခဏာသုတ်ကို စုပေါင်း ရွတ်ဆိုပူဇော်ကြသည်။ နေနှင့်လတို့ မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး စကြဝဠာတစ်ခွင်၌ မှောင်အတိကျနေသကဲ့သို့ ဘုရားရှင်မပွင့် ပေါ်သေးသမျှကာလပတ်လုံး သစ္စာတရားအလင်းရောင် ထွန်းပြောင်ခွင့်မရဘဲ မှောင်အတိကျနေသည်။ ကဿပမြတ်စွာ ဘုရား၏ သာသနာတော် ကွယ်ပသည့်အချိန်မှစ၍ သစ္စာ(၄)ပါးနှင့် အနတ္တတရားကို မည်သည့်ပုဂ္ဂိုလ်ကမျှ ထုတ်ဖော် ဟောပြနိုင်စွမ်းမရှိခဲ့။ ပစ္စေကဗုဒ္ဓါအပါး(၅၀၀)တို့ တစ်ပြိုင်နက်တည်း ပေါ်ထွန်းသည့် အချိန်အခါမျိုး၌ပင် ကမ္ဘာလောက အတွင်း၌ သစ္စာတရားအလင်းရောင် ထွန်းပြောင်နိုင်ခြင်းမရှိခဲ့။ ဘုရားရှင်ပွင့်တော်မူသော အခါမှသာလျှင် သစ္စာတရား အလင်းရောင် ထွန်းပြောင်လာတော့သည်။ သစ္စာတရားကို ဟောပြတော်မူရာ မိဂဒါဝုန်သည်လည်း သာသနာတော်၌ အရေးပါသော ထိပ်တန်းနေရာဌာနတစ်ခုဖြစ်လာတော့သည်။ မိဂဒါဝုန်၌ လှည့်လည်ဖူးမြော်ပြီးနောက် သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလ တည်ထားခဲ့သော မူလဂန္ဓ ကုဋီကျောင်းဆောင်သစ်သို့ သွားရောက်ဖူးမြော်ကြသည်။ မိဂဒါဝုန်ကို ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားခဲ့သူ ဖြစ်၍ ဘုရားဖူးသွားသူများ မမေ့အပ်သောပုဂ္ဂိုလ်ဖြစ်သည်။ ဂန္ဓကုဋီကျောင်းဆောင်၏ မြေအောက်ခန်းတွင် ဓာတ်တော် များကို လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ထုတ်ဆောင်၍ အပူဇော်ခံလေ့ ရှိသည်။ http://aungteikdi.blogspot.com/2015_02_01_archive.html?m=0


[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)