ဝေသာလီပြည်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဝေသာလီပြည် (Pali: Vesali)[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်မြောက်ပိုင်း ဗေဆာရမြို့ တည်ရာအရပ်သည် ဗုဒ္ဓဘုရားသခင် သက်တော်ထင်ရှားရှိစဉ်အခါက ဝေသာ လီပြည် တည်ရာဌာနဖြစ်သည်။ အင်္ဂုတ္တရနိကယ်၊ တိကနိပါတ်၊ ပေါသထ သုတ် ပါဠိတော်လာ တိုင်းကြီး ၁၆ တိုင်းအဝင် ဝဇ္ဇီတိုင်း၏ မြို့တော် လည်းဖြစ်သည်။ ယခုအခါ မူဇဖာပူရဒိစတြိတ်အတွင်း၌ တည်ရှိသည်။ ရာဇဂြိုဟ်ပြည်နှင့်မူ ဂင်္ဂါမြစ်ခြား၍ ရှစ်ယူဇနာ ကွာဝေးသောဟူ၏။ မဟာသက္ကရာဇ် ၁ဝ၆ ခုနှစ် မရောက်ခင်ကာလက ဝေသာလီပြည် သည် ဝပြော၏၊ သာယာ၏။ များစွာသောလူတို့ဖြင့်ပြွမ်း၏။ လူတို့သည် အလှည့်အားဖြင့် မင်းပြုကုန်၏။ တာဝတိံသာနတ်တို့နှင့် ပုံဟန်တန္တု ပမာပြု ၍ ဘုရားသခင်ကိုယ်တော်တိုင် ချီးမွမ်းမြှောက်စားဟောကြားခြင်းကို ခံယူ ရရှိကြသော လိစ္ဆဝီမင်းပေါင်း ၇၇ဝ၇ ယောက်ရှိကုန်၏။ မင်းတို့နေရာ ပြာဿဒ် ၇၇ဝ၇ ဆောင် ၊ စုလစ်မွန်းချွန်တပ်သော တိုက် ၇၇ဝ၇ ခု၊

ဥယျာဉ် ရေကန်ပေါင်း ၇၇ဝ၇ ခု ရှိကုန်၏။ ဘုရားသခင်လက်ထက်တော် ကပင် လွန်စွာကြီးကျယ်ခမ်းနားသော တံတိုင်းသုံးထပ် အရံရှိသည့် မြို့ တော်ဖြစ်သည်။

မဟာသက္ကရာဇ် ၁ဝ၆ ခုနှစ် ရောက်သကာလ ဝေသာလီပြည် သည် မိုးခေါင်၏၊ ငတ်မွတ်၏၊ ကောက်ပဲသီးနှံတို့ညံ့ဖျင်း၏။ စွန့်ပစ်အပ် သော အကောင်ပုပ်တို့၏အနံ့ဖြင့် ဘီလူးတို့သည် မြို့သို့ဝင်ကုန်၏။ ထို ဘီလူးတို့ နှိပ်စက်သဖြင့် များစွာသောလူတို့သေကုန်၏။ အပုပ်နံ့တို့ကြောင့် လူတို့၌ ယင်းအနာ ကျရောက်လာလေသည်။ ဤသို့ ငတ်မွတ်သောဘေး၊ ဘီလူးဘေး၊ အနာဘေးအားဖြင့် ဘေးသုံးပါးတို့ကျရောက်သော် ဝေသာလီ ပြည်သူ ပြည်သားတို့ စည်းဝေး၍ ယင်းဘေးတို့မှလွတ်ရန် နည်းလမ်းရှာကြ ၏။ မင်းတို့ တရားမစောင့်၍ ဘေးရောက်ရသလောဟု စစ်ကြောသောအခါ မင်းတို့၌လည်း အပြစ်အမြင့်၊ ဗလိနတ်စာ တင်ကြကုန်အံ့ဟု တိုင်ပင်ကာ တင်ကြသော်လည်း ဘေးမငြိမ်းသဖြင့် မြတ်စွာဘုရားအား ဝေသာလီပြည်သို့ ပင့်ဖိတ်ရန် တိုင်ပင်ကြလေသည် ။ ဘုရားသခင်သည် ထိုကာလ၌ ဗိမ္ဗိသာရ မင်းအား ပဋိညာဉ်ကို ဖြေတော်မူလို၍ စတုတ္တဝါ ကပ်အံ့သောငှါ ဝါဆိုနေ့ နီးလတ်ချိန်မှစ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၏။ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော ဘုရားသခင် အားပင့်ရန် သောတပန်ဖြစ်သော မဟာလိမည်သည့် ဝဇ္ဇီမင်းနှင့် ပုရောဟိတ် ပုဏ္ဏားသားတို့ကို စေလွှတ်လိုက်လေသည်။ ဝေသာလီပြည်၌ ရတနာသုတ်ကို ဟောသဖြင့် ပရိတ်တော်၏ အာဏာတော်သည် စကြာဝဠာကမ္ဘာတစ်သိန်းနှံ့ လတ္တံ၊ ဒေသနာအဆုံး၌ ၈၄ဝဝဝ ကုန်သောဝေနေယျတို့ အကျွတ်တရားရ ကုန်လတ္တံ့၊ ထိုဘေးတို့သည်လည်း ငြိမ်းကုန်လတ္တံ့ဟုမြင်တော်မူသည့် အ လျောက် ဝေသာလီပြည်သို့လိုက်ကြွတော်မူရန် ပင့်လျှောက်သည်ကို ဘုရား သခင် ဝန်ခံတော်မူလေသည်။

ဂင်္ဂါမြစ်ကို အထူးထူးသောအဆောင်အယောင်တို့ဖြင့် ဖြတ်ကူး၏ ဘုရားသခင် ကြွလာတော်မူသည်ကို ဝဇ္ဇီမင်းများသည် လည်တိုင်အောင် ရေ သို့သက်၍ ကြိုဆိုပင့်ဆောင်ကြလေသည်။ မြတ်စွာဘုရားသည် ဝေသာလီ ဘက်ကမ်းနားကိုနင်းကာမျှဖြင့် ကြီးစွာသောမိုးသည် တက်လတ်၍ ပေါက္ခရ မိုးကဲ့သို့ရွာ၏။ အလုံးစုံသောဝေသာလီတိုင်း၌ ပုဆစ်ဒူးမျှရှိသော ရေအယဉ် တို့သည် စီးကုန်လျက်ခပ်သိမ်းသောအရပ်၌ အကောင်ပုပ်တို့ ဂင်္ဂါမြစ်ထဲသို့ စီးဝင်ကြကုန်သဖြင့် မြေများသန့်ရှင်းစင်ကြယ်လာလေသည်။ မြတ်စွာဘုရား လည်း ညချမ်းသောအခါ မြို့တံခါး၌ရပ်၍ အာနန္ဒာမထေရ်ကိုခေါ်ကာ ရတ နာသုတ်ပရိတ်ကို တတ်အောင်သင်စေပြီးလျှင် မင်းသားပျိုတို့နှင့်တကွ ဝေ သာလီပြည် တံတိုင်းသုံးထပ်တို့အကြား ပရိတ်ကိုရွတ်စေသည်။ ပဏိဓာန တော၊ ပဌာယတထာဂတဿ' အစရှိသောပါဌ်ဖြင့် ဆိုအပ်သော မြတ်စွာ ဘုရား၏ ဆယ်ပါးသောပါရမီတော် အစရှိသည့်အလုံးစုံသော မြတ်စွာဘုရား ကျေးဇူးတော် ဂုဏ်တော်တို့ကို ဆင်ခြင်၍ ဝေသာလီပြည်၏တံတိုင်း သုံး ထပ်အကြားတို့၌ ညဉ့်သုံးယံပတ်လုံး ပရိတ်တော်ရွတ်ခြင်းကို ပြုလျက်သွား ၏။ ထိုအခါ ဘီလူတို့လည်းထွက်ပြေးကြကုန်သည် ။

ဘေးသုံးပါးမှ ကင်းငြိမ်းကုန်သော ဝေသာလီပြည်သားတို့သည် မြတ်စွာဘုရားအား မြို့လယ်၌ အထူးထူးစီမံအပ်သော မင်းကွန်းစရပ်ပင့်၍ ပူဇော်ကြကုန်၏။ မြတ်စွာဘုရားလည်း ပရိသတ်တို့အား ရတနာသုတ်ကိုပင် ဟောတော်မူသည်။ သိကြားနတ် စသောပရိသတ်တို့လည်းတရားတော်ကို

နာကြားကုန်ရာ ဒေသနာတော်အဆုံး၌ ၈၄ဝဝဝ ကုန်သောဝေနေယျတို့ အကျွတ်တရားရကြကုန်၏။ မြတ်စွာဘုရားလည်း ခုနစ်ရက်ပတ်လုံး ရတ နာသုတ်ပရိတ်ကိုသာ ရွတ်တော်မူပြီးမှ ရာဇဂြိုဟ်ပြည်သို့ပြန်ကြွတော်မူ သည်။ ထိုအခါမှစ၍ ဝေသာလီပြည်အလုံးသည် သာယာဝပြောလာခဲ့လေ သည်။ ဝေသာလီပြည်၌ ဘေးရန်ကင်းစေရန် ရတနာသုတ်ကို ဟောတော်မူ ပြီးနောက် မြတ်စွာဘုရားသခင်သည် စတုတ္တဝါကို ရာဇဂြိုဟ်ပြည်၌ ဝါဆို တော်မူသည်။ သက္ကရာဇ် ၁ဝ၇ ခုနှစ်တွင် ပဉ္စမဝါကို ဝေသာလီပြည်၊ မဟာ ဝုန်တော၊ ကုဋာဂါရသာလာသို့ကြွ၍ ဝါကပ်တော်မူပြန်သည်။ ထိုသို့ဝါကပ် တော်မူစဉ် မိထွေးတော်ဂေါတမီအမှူးရှိသော သာကီဝင်မင်းသမီအပေါင်းတို့ အား ရဟန်းအဖြစ်သို့ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် ဘိက္ခုနီသာသနာကို ဝေသာလီ ပြည်၌စခဲ့သည်ဟုဆိုနိုင်သည် ။

မြတ်စွာဘုရားသခင်သည် မာရ်နတ်သား၏ အာယုသင်္ခါရ လွှတ် တော်မူရန် လျှောက်ထားခြင်းကို လက်ခံတော်မူပြီးနောက်လည်း ဝေသာလီ ပြည် ကုဋာဂါရသာလာသို့ကြွ၍ ရဟန်းအပေါင်းတို့အားသာသနာတော်၏ ကာလအရှည်တည်ထွန်းပေရာသော အကြောင်းတရားကို ဟောတော်မူပြီး နောက် သုံးလအကြာတွင် ပရိနိဗ္ဗာန်ပြုမည့်အကြောင်း မိန့်တော်မူလေသည်။ ထို့နောက် မိုးသောက်သော် ဝေသာလီပြည်သို့ ဆွမ်းခံဝင်ကာ ဆွမ်းခံရာမှ ဖဲ ခဲ့ပြီးသော် ပရိနိဗ္ဗာန်စံလွန်တော်မူခါနီး ဆင်မင်း၏ ကြည့်ရှုတော်မူခြင်းဖြင့် ဝေသာလီပြည်အား ပြန်လှည့်ကြည့်တော်မူလေသည်။ ဘုရားသခင်သည် ဝေ သာလီပြည်အား အဆုံးစွန်သောကြည့်ခြင်းဖြင့် ကြည့်တော်မူသည့် အ ကြောင်းကား ပြည်သူပြည်သားတို့သည် မကြာမြင့်မီ ပျက်စီးခြင်းသို့ ရောက်ကုန်လတ္တံ့။ ဘုရားသခင်ရပ်၍ ကြည့်တော်မူရာကို နာဂါပလောကိတ မည်သောစေတီတည်၍ ပူဇော်ကုန်လတ္တံ့။ ထိုပူဇော်ခြင်းသည် ကြာမြင့်စွာ သောကာလပတ်လုံး စီးပွားချမ်းသာဖြစ်ကြလတ္တံ့ ဟုကြံ၍ ကြည့်တော်မူ ခြင်းဖြစ်လေသည် ။

ဝေသာလီပြည်ကြီး ပျက်စီးရသောအကြောင်းကား ဤသို့တည်း။ ရာဇဂြိုဟ်ပြည် နှင့် ဝေသာလီပြည် နှစ်ပြည်အကြား၌ ဂင်္ဂါမြစ် သည်ရှိ၏။ ထိုမြစ်၏ကမ်းနား၌ ရွာကြီးတစ်ရွာရှိသည်။ ထိုရွာဆိပ်မှစ၍ ဝေသာလီပြည် လိစ္ဆဝီမင်းတို့၏ အာဏာစက်နှံ့ရာ အခွန်ခံရာဌာနသည် ယူဇနာခွဲဖြစ်၏။ ရာဇဂြိုဟ်ပြည် အဇာတသတ်မင်း၏ အာဏာနှံ့ရာ အခွန်ခံရာဌာနသည်လည်း ယူဇနာခွဲဖြစ်၏။ အခါတစ်ပါး အဇာတသတ်မင်း၏ အာဏာကို ဝေသာလီမင်းတို့ ကောက်ခံသုံးဆောင်သည်မှာ နှစ်နှစ်တိုင်အောင် ဖြစ်ခဲ့လေသည်။ ထိုအကြောင်းကို အဇာတသတ်မင်း သိသောအခါ ပြင်းစွာ အမျက်ထွက်၍ စစ်မက်ပြုရန် စိတ်ပေါ်လာလေသည်။ သို့ရာတွင် စစ်မက်ထိုးခြင်းသည် အလွန်ဝန်လေးသဖြင့် ဘုရားထံလျှောက်ထားပြီးမှ အကျိုးရှိ မည်ဆိုလျှင် စစ်ထိုးမည်ဟုစဉ်းစားလေသည်။ ထို့ကြောင့် ဝဿကာရ ပုဏ္ဏားအား ဘုရားသခင်ထံသို့လွှတ်၍ ဝေသာလီ လိစ္ဆဝီမင်းတို့အားဖျက်ဆီးခြင်းကိုပြုလိုပါကြောင်း လျှောက်ထားစေ၏။ ဘုရားသခင်ဆိတ်ဆိတ်နေက သဘောတူသည်ဟုယူဆ၍ စစ်ထိုးရန်ရည်ရွယ်သည်။


ဘုရားသခင်အား ဝဿကာရပုဏ္ဏားက အကြောင်းစုံလျှောက်သော် မြတ်စွာဘုရားသခင်လည်း ပုဏ္ဏားအား တစ်စုံတစ်ခုသောစကားကိုမပြန်မူ၍ အရှင်အာနန္ဒာကိုသာလျှင် လှည့်ကြည့်တော်မူလျက် 'ဝေသာလီမင်းတို့သည် မင်းတို့ကျင့်အပ်သော အပရိဟာနိယတရား ခုနစ်ပါးနှင့်ပြည့်စုံသည်ဟု သင်ကြားဖူးသလား' ဟုမေးတော်မူ၏။ ရှင်အာနန္ဒာကလည်း ခုနစ်ပါးသော ကျင့်ဝတ်ဓမ္မတို့ဖြင့် ပြည့်စုံသည်ဟုကြားဖူးကြောင်း နားတော်လျှောက်လေသည်။ ထိုအခါဘုရားသခင်က ပုဏ္ဏားအား 'ဝေသာလီမင်းတို့သည် ငါဟော ကြားတော်မူခဲ့သည့်အတိုင်း အပရိဟာနိယတရား ခုနစ်ပါးနှင့်ပြည့်စုံစွာ ကျင့်လျက်ရှိကြသည်။ ထိုသို့ကျင့်သမျှသောကာလပတ်လုံး ပျက်သုန်းယို ယွင်းခြင်းမဖြစ်နိုင်ရာ' ဟုမိန့်တော်မူလိုက်၏။ ဘုရားသခင်သည် ဤမျှမ မြွတ်ကြားပါက ဘုရားသခင် အလိုတူ၍ ဆိတ်ဆိတ်နေသည်ဟု ယူဆကာ အဇာတသတ်လည်း ဝဇ္ဇီမင်းတို့အား ည|ဉ်းပန်းလိမ့်မည်ကိုသိတော်မူသော ကြောင့်ဖြစ်၏ ။


ဝဿကာရ ပုဏ္ဏားလည်းဘုရားထံမှပြန်လာ၍ ဘုရားသခင် မိန့် တော်မူသည့်အတိုင်း အဇာတသတ်မင်းအား လျှောက်ထား၍ ဝဇ္ဇီမင်းတို့ အပရိဟာနိယဓမ္မပြည့်စုံသရွေ့ ဖျက်ဆီးမရနိုင်သော် ထိုမင်းများ၏ အညီ အညွတ်ကို ဖြားယောင်းလှည့်ပတ်နိုင်မှဖြစ်မည့်အကြောင်း အကြံပေးလေ သည်။

ပုဏ္ဏားကြီးအကြံပေးသည့်အတိုင်း အဇာတသတ်မင်းသည် ဝဿ ကာရပုဏ္ဏားကြီးအား အမျက်ထွက်ဟန်ပြု၍ ဦးဆံရိတ်စေပြီး နှောင်ကြိုး တည်း၍ ပြည်မှနှင်တော်မူလေသည်။ ထိုအခါ ပုဏ္ဏားကြီးလည်း ဝေသာလီ ပြည်သို့သွား၍ ဝဇ္ဇီမင်းတို့၏အကျိုးစီးပွားကိုဆိုမိသဖြင့် ရာဇဂြိုဟ်ပြည်မှ ထွက်လာရကြောင်း လျှောက်ကြားလေသည်။ ဝဇ္ဇီမင်းတို့လည်း ယုံကြည်သ ဖြင့် ပုဏ္ဏားကြီးအားတရားဆုံးဖြတ်သော အမတ်အရာပေး၏။ ပုဏ္ဏားကြီး လည်း တစ်နှစ် နှစ်နှစ်ခန့် ဝဇ္ဇီမင်းတို့အကျိုးကို များစွာအလိုရှိဟန် ကျင့်၍ နောက်သောအခါ တစ်ဦးနှင့်တစ်ဦး မေတ္တာပျက်၍ မသင့်မတင့်ဖြစ်ကြစေ ရန်ပြောဆို၏။ ဝဇ္ဇီမင်းများ ချစ်ခြင်းပျက်၍ ညီညွတ်ခြင်းမရှိသောအခါ အဇာတသတ်မင်းထံ ပုဏ္ဏားကြီးက အကြောင်းကြားလိုက်လေသည်။ အဇာ တသတ်မင်း၏ စစ်သည်တို့ ချီတက်လာသောအခါ ညီညီညွတ်ညွတ် မခုခံသောကြောင့် မြို့တွင်းသို့လွယ်လင့်တကူဝင်၍ ဝဇ္ဇီမင်းများကို ဖမ်းယူ သည်မှစ၍ ဝေသာလီပြည်သည် ရာဇဂြိုဟ်မင်း၏ လက်နက်နိုင်ငံဖြစ်လေ သည် ။

ထို့ပြင် ဝေသာလီပြည်သည် သာသနာတော်နှစ်တစ်ရာမြောက်တွင် ကာလာသောကမင်းလက်ထက် ဝဇ္ဇီတိုင်းသားရဟန်းဆိုးများ၏ ဥဒ္ဓမ္မဉ်ဗ္ဗိနယ ဆယ်ပါးဖြင့် ထောင်လွှားခြင်းကိုအကြောင်းပြု၍ အရှင်မဟာယသ အမှူးရှိ သော ရဟန္တာအရှင်မြတ် ၇ဝဝ တို့ဒုတိယသင်္ဂါယနာတင်တော်မူရာ မြို့တော် ကြီးဖြစ်လေ၏ ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)