ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ

ဝီကီပီးဒီးယား မှ
(UPU မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ
Union postale universelle
Universal Postal Union
Emblem of the United Nations.svg
Flag of UPU.svg
ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ အလံ
အတိုကောက် UPU
ဖွဲ့စည်းခြင်း အောက်တိုဘာ ၉၊ ၁၈၇၄
အမျိုးအစား ကုလသမဂ္ဂအေဂျင်စီ
တရားဝင်အနေအထား သက်ဝင်နေဆဲ
ဌာနချုပ် ဘန်းမြို့၊ ဆွစ်ဇာလန်နိုင်ငံ
အကြီးအကဲ
Bishar Abdirahman Hussein
ဝက်ဘ်ဆိုဒ် www.UPU.int

ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ (ယူပီယူ) (UPU-Universal Postal Union) ခေါ် ကမ္ဘာ့စာတိုက်သမဂ္ဂစာပို့လုပ်ငန်းသည် ကမ္ဘာတဝန်းရှိ လူသားတိုင်းနှင့် သက်ဆိုင်သော လုပ်ငန်းဖြစ်ပြီး၊ နိုင်ငံတကာ ဆက်သွယ်ရေး ကိစ္စများတွင် စာပို့လုပ်ငန်းသည် မရှိ မဖြစ်သော အရာ ဖြစ်သည်။ စာပို့လုပ်ငန်း၏ သမိုင်းကြောင်းသည် အလွန် ရှည်ပြီး၊ ရောမလူမျိုးများသည် အင်ပိုင်ယာအတွင်းရှိ စာများကို လက်ဆင့်ကမ်း ပေးပို့ရန် စခန်းများ၊ ဖွင့်လှစ်ထားခဲ့ကြသည်။ အလယ်ခေတ်တွင် ခရစ်ယာန် ဘာသာရေးဂိုဏ်းသည် ဘုန်းကြီးကျောင်းများမှ တဆင့် လက်ဆင့်ကမ်း စာပို့စနစ်ကို အသုံးပြုရာ ထိရောက်ခဲ့သည်။ မင်းညီမင်းသားများနှင့် ဓနဥစ္စာကြွယ်ဝသော ကုန်သည်ကြီးများသည် ကိုယ်ပိုင် ခြေမြန်တော်များ ထားရှိ စာပေးပို့သည်။

လူနည်းစုအတွက် တသီးတသန့် တည်ရှိခဲ့သော စာပို့ လုပ်ငန်းသည် ၁၆ ရာစုတွင် အများပြည်သူတို့နှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့သော လုပ်ငန်း ဖြစ်လာသည်။ အင်္ဂလန်သည် ၁၆၃၅ တွင် ပထမဆုံး စာပို့တိုက် အက်ဥပဒေကို ထုတ်ပြန်ကာ၊ ပြည်သူများကို စာတိုက်လုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုသည်။

စာပို့တံဆိပ်ခေါင်း[ပြင်ဆင်ရန်]

ခရစ်သက္ကရာဇ် ၁၈၀၀ ပြည့်နှစ်နောက်ပိုင်းတွင် နိုင်ငံတိုင်းလိုလို၌ပင် ပြည်တွင်းစာပို့ ဌာနများ ရှိလာသည်။ စာပို့ခကို စာလက္ခံသူက ပေးရပြီး ခရီးအနီးအဝေးအလိုက် စာပို့ခ ကွဲပြားခြားနားသည်။ ထိုစဉ်က စာပို့ခ အလွန် ကြီးမြင့်ရာ လူအချို့သည် မိမိထံ ရောက်လာသော စာကို ရွေးယူရန် ငြင်းပယ်ကြသည်။

စာပို့သူက ငွေပေးရသည့် စနစ် (ဝါ) တံဆိပ်ခေါင်းကပ်၍ ထည့်ရသည့် စနစ်ကို ၁၈၄၀ ပြည့်နှစ်၌ အင်္ဂလိပ်လူမျိုး ရိုလန် ဟီး (Rowland Hill)ဆိုသူက တီထွင်၍ ပထမဆုံးသော စာပို့ တံဆိပ်ခေါင်းမှာ အနက်ရောင် ဖြစ်ပြီး၊ တပဲနိ တန်သည်။ ထို့သို့ဖြင့် ပြည်တွင်း စာပို့လုပ်ငန်း၌ တူညီသော စာပို့ခ နှုန်းထားများ သတ်မှတ်နိုင်သည်။ စာပို့ တံဆိပ်ခေါင်းများကို ၁၈၄၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ လည်းကောင်း၊ ၁၈၄၉ တွင် ပြင်သစ်ဘယ်လ်ဂျီယံနှင့် ဘာဗေးရီးယား နိုင်ငံတို့၌ လည်းကောင်း၊ ၁၈၅၀ ပြည့်နှစ်တွင် စပိန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၌ လည်းကောင်း ဆက်လက်ထုတ်ဝေသည်။

နှုန်းထားကွဲပြားမှု[ပြင်ဆင်ရန်]

ဤသို့ဖြင့် စာပို့လုပ်ငန်း တိုးတက်ခဲ့သော်လည်း၊ စာပို့ခနှုန်းထားများမှာမူ တနိုင်ငံနှင့် တနိုင်ငံ တူညီခြင်း မရှိသည့်အပြင် စာတိုက်များတွင် အသုံးပြုသော အလေးချိန်ယူနစ် သတ်မှတ်မှုများမှာလည်း အကွဲကွဲအပြားပြား ဖြစ်နေ၍ စာများကို တနိုင်ငံမှ တနိုင်ငံသို့ ဖြတ်ကျော် ပို့ဆောင်ရာ၌ တူညီသော စံနှုန်း သတ်မှတ်ရန် လိုလာသည်။ စာတစောင်ကို တနိုင်ငံမှ တနိုင်ငံသို့ ပေးပို့ရာတွင် ဖြတ်သန်းသော နိုင်ငံမှ သတ်မှတ်သော ပို့ဆောင်ခကို ပေးရသည်။ သတ်မှတ်ချက် နှုန်းထားမှာလည်း နိုင်ငံလိုက်၍ ကွာသည်။ ဥပမာ၊ ဂျာမနီမှ ရောမသို့ စာတစောင် ပေးပို့ရာတွင် ဆွစ်ဇာလန်နိုင်ငံကို ကျော်ဖြတ်လျှင် ၆၈ ပဲနိ၊ ဆွစ်ဇာလန်နှင့် ဂျီနိုအာမြို့ကို ဖြတ်၍ ပြင်သစ်မှတဆင့် သင်္ဘောနှင့် ပို့လျှင် ၉၁ ပဲနိ၊ ဩစတြီးယားမှ ကုန်းလမ်းဖြင့် ပို့လျှင် ၄၈ ပဲနိ၊ ပြင်သစ်မှ ဖြတ်ပို့လျှင် ၈၅ ပဲနိ စသဖြင့် စာပို့ခ နှုန်းထား အမျိုးမျိုး ကွဲပြား၍ ပေးရသည်။

နှစ်နိုင်ငံစာပို့လုပ်ငန်း[ပြင်ဆင်ရန်]

ကမ္ဘာတွင် ကုန်သွယ်မှု တိုးတက်လာပြီး ခရီးလမ်းပန်း ကောင်းမွန်လာသည်နှင့်အမျှ တနိုင်ငံနှင့် တနိုင်ငံ စာပေးပို့သော လုပ်ငန်းသည်လည်း ကျယ်ပြန့်လာပြီး၊ အင်္ဂလန်နှင့် ပြင်သစ်တို့သည် ၁၆၇၀ ပြည့်နှစ်ကပင် စာချုပ် ချုပ်ဆို၍ နှစ်နိုင်ငံ စာပို့လုပ်ငန်းကို ပထမဆုံး ဆောင်ရွက်သည်။ ထို့နောက် ၁၇၁၃ တွင် စာချုပ်သစ် ချုပ်ဆိုရာ ၎င်းစာချုပ်အရ ပြင်သစ်မှ စာများကို စပိန်၊ အီတလီနှင့် တူရကီတို့ရှိ သတ်မှတ်ထားသော စခန်းများသို့ ‌ပို့ဆောင်ပေးခဲ့သည်။ ဤသည်မှာ နိုင်ငံအများအပြား ပါဝင်သော စာပို့လုပ်ငန်း စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နှစ်နိုင်ငံ စာပို့လုပ်ငန်း ဆိုင်ရာ သဘောတူညီချက်များသည် အများအားဖြင့် နိုင်ငံကြီးများကို ဆက်သွယ်မိစေသည်။ ကြားနိုင်ငံများမှ တဆင့် စာပေးပို့ရန် အစီအစဉ်လည်း ပါရှိသည်။ သို့ရာ၌ စာပေးပို့ခြင်းအတွက် တူညီသော အဖိုးအခများ၊ တူညီသော အခပေးနည်းစနစ်များ သတ်မှတ်ထားခြင်း မရှိခဲ့။ စာဖြတ်သွားသော နိုင်ငံ‌တိုင်းက ပင် အခကြေးငွေ တောင်းယူကြမြဲ ဖြစ်သည်။

ပါရီညီလာခံ[ပြင်ဆင်ရန်]

ထို့ကြောင့် နိုင်ငံတကာ စာပို့လုပ်ငန်း တိုးတက်ရေးအတွက် အမေရိကန် စာပို့တိုက် မင်းကြီး မွန်ဂိုမာရီ ဘလဲယား(Montgomery Blair)၏ ဦးဆောင်မှုဖြင့် ၁၈၆၃ တွင် ပါရီမြို့၌ ညီလာခံ တရပ်ကျင်းပပြီး၊ ၎င်းညီလာခံသို့ အမေရိကန်နှင့် ဥရောပနိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်သည်။

၁၁ မေ ၁၈၆၃ တွင် စတင်ကျင်းပ၍ ၈ ဇွန်တွင် ပြီးဆုံးသော ပါရီညီလာခံ၌ ပြဿနာရပ်ပေါင်း ၃၆ ခုကို အခြေပြု ဆွေးနွေးကြသည်။ စာပို့လုပ်ငန်း အလေးချိန် သတ်မှတ်ချက် တူညီရေး၊ စာပို့ခနှုန်းထား တူညီရေး၊ စာရင်းအင်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ညှိနှိုင်းကြပြီးနောက် အခြေခံမူများ ဖြစ်သော နိုင်ငံတကာ စာပို့လုပ်ငန်း တိုးတက်ကောင်းမွန်ရေး၊ လူနေမှု တိုးတက်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုးစေရေးတို့တွင်လည်း သဘောတူညီမှု ရရှိသည်။

ဘန်းစာချုပ်[ပြင်ဆင်ရန်]

ပါရီညီလာခံ ကျင်းပပြီးနောက် ၁၁ နှစ်အကြာတွင် ပထမဆုံး နိုင်ငံတကာ စာပို့တိုက် ညီလာခံကို ဆွစ်ဇာလန်၊ ဘန်းမြို့၌ ကျင်းပသည်။ ထိုညီလာခံသို့ နိုင်ငံပေါင်း ၂၂ မှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ၉ အောက်တိုဘာ ၁၈၇၄ တွင် ဘန်းစာချုပ်(Berne Treaty)ကို လက်မှတ်ထိုးကြသည်။ ဘန်းညီလာခံသို့ မတက်ခဲ့သော ကန်စာပို့တိုက် မင်းကြီး မွန်ဂိုမာရီသည် ၁ ဇူလိုင် ၁၈၇၅ တွင် ဘန်းစာချုပ်ကို လက်မှတ်ထိုးပြီး၊ ပြင်သစ်သည် ၁ ဇန်နဝါရီ ၁၈၇၆ တွင် လက်မှတ်ထိုးသည်။

အထွေထွေ စာပို့တိုက် သမဂ္ဂ ဖွဲ့စည်းရေး ဆိုင်ရာ သဘောတူညီချက်(Treaty Concerning the Establishment of General Postal Union)ဖြစ်သော ဘန်းစာချုပ်သည် ၁ ဇူလိုင် ၁၈၇၅ တွင် စတင် အသက်ဝင်ပြီး၊ အတိုကောက်အားဖြင့် ဂျီပီယူ(GPU)ဟု ထင်ရှားသည်။ ထို့နောက် သုံးနှစ်အကြာ ၁၈၇၈ တွင် အထွေထွေ စာပို့တိုက် သမဂ္ဂမှ ကမ္ဘာ့ စာပို့တိုက် သမဂ္ဂ(ယူပီယူ)(Universal Postal Union(UPU))သို့ ပြောင်းလဲ သတ်မှတ်သည်။ ၁ ဇူလိုင် ၁၉၄၈ တွင် အတည်ဖြစ်သော သဘောတူညီချက် စည်းကမ်းများအရ ကမ္ဘာ့စာပို့တိုက် သမဂ္ဂသည် ကုလသမဂ္ဂနှင့် ဆက်စပ်သည့် အ‌ထူးအေဂျင်စီ(Specialized agency) တခု ဖြစ်လာသည်။ ဆွစ်ဇာလန်၊ ဘန်းမြို့တွင် ဌာနချုပ်ကို ဖွင့်လှစ်ထားရှိသည်။ ပြင်သစ်ဘာသာစကားသည် ကမ္ဘာ့စာပို့တိုက် သမဂ္ဂ၏ တမျိုးတည်းသော ရုံးသုံးဘာသာစကား ဖြစ်သည်။

ရည်မှန်းချက်[ပြင်ဆင်ရန်]

  • ချောစာများ၊ ပစ္စည်းများ အပြန်အလှန် ပို့ဆောင်ရေးအတွက် တခုတည်းသော စာပို့လုပ်ငန်းဆိုင်ရာ နယ်ပယ် ဖွဲ့စည်းသတ်မှတ်ရန်
  • စာပို့ လုပ်ငန်းများကို စည်းရုံးရန်နှင့် တိုးတက် ကောင်းမွန်စေရန်
  • စာပို့လုပ်ငန်းဆိုင်ရာ နယ်ပယ်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်
  • အဖွဲ့ဝင်နိုင်ငံများက တောင်းဆိုသော ကျွမ်းကျင်မှု အကူအညီများတွင် ပါဝင်ဆောင်ရွက်ရန်နှင့်
  • အဖွဲ့ဝင်နိုင်ငံတိုင်းသည် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ချောစာများ၊ ပစ္စည်းများကို ပို့ဆောင်ရာတွင် မိမိ၏ ချောစာများ၊ ပစ္စည်းများအတွက် အသုံးပြုသည့် အကောင်းဆုံးနည်းဖြင့် ပို့ဆောင်ကြရန်။

အဖွဲ့ဝင်နိုင်ငံများ[ပြင်ဆင်ရန်]

ကမ္ဘာ့စာပို့တိုက် သမဂ္ဂ၌ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်း ပါခွင့် ရှိသည့်အပြင် ကုလသမဂ္ဂ အဖွဲ့ဝင် မဟုတ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံများသည်လည်း ဝင်ရောက်ခွင့် လျှောက်နိုင်သည်။ အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမဲ အနည်းဆုံး သုံးပုံ နှစ်ပုံ ( ⅔ ) ရရှိလျှင် လက်ခံသည်။

ကမ္ဘာ့ စာပို့တိုက်သမဂ္ဂတွင်

  1. ဩစတြီးယား
  2. ဘယ်လဂျီယံ
  3. ဒိန်းမတ်
  4. အီဂျစ်
  5. ပြင်သစ်
  6. ဂျာမနီ
  7. ဗြိတိန်
  8. ဂရိ
  9. ဟန်ဂေရီ
  10. အီတလီ
  11. လူဇင်ဘတ်
  12. နယ်သာလန်
  13. နော်ဝေ
  14. ပေါ်တူဂီ
  15. ရူမေးနီးယား
  16. ရုရှ
  17. ဆားဘီးယား
  18. စပိန်
  19. ဆွီဒင်
  20. ဆွစ်ဇာလန်
  21. တူရကီနှင့်
  22. အမေရိကန်

တို့သည် ပထမဦးစွာ ပါဝင်သော နိုင်ငံများ ဖြစ်သည်။

မြန်မာသည် ၁ ဇူလိုင် ၁၈၇၆ မှ စ၍ ဗြိတိသျှပိုင် အိန္ဒိယပြည်နယ် တခု အနေနှင့် ပါပြီး၊ ၁၉၃၇ မှ ၁၉၄၈ အတွင်း ဗြိတိသျှ ကိုလိုနီပြည်နယ် တခုအဖြစ် ပါဝင်သည်။ ထို့နောက် ၁၉၄၉ အောက်တိုဘာ ၄ ရက်နေ့မှ စ၍ လွပ်လပ်သော အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအဖြစ် ကမ္ဘာ့စာပို့တိုက် သမဂ္ဂတွင် ပါသည်။ ယခုအခါ ကမ္ဘာ့စာပို့တိုက် သမဂ္ဂတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါလျက် ရှိပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင်ထက် ခုနစ်နိုင်ငံ ပိုများသည်။

ပင်မအဖွဲ့အစည်းများ[ပြင်ဆင်ရန်]

ကမ္ဘာ့စာပို့တိုက်သမဂ္ဂတွင် ပင်မအဖွဲ့ကြီး လေးဖွဲ့ရှိပြီး၊ ယင်းတို့မှာ -

  • ကမ္ဘာ့စာပို့တိုက်ညီလာခံ(Universal Postal Congress)
  • အလုပ်အမှုဆောင်ကောင်စီ(Executive Council)
  • စာပို့လုပ်ငန်း လေ့လာရေးအတိုင်ပင်ခံကောင်စီ (Consultative Council for Postal Studies)နှင့်
  • အပြည်ပြည်ဆိုင်ရာ ဗျူရို (International Bureau)

တို့ ဖြစ်သည်။

ကမ္ဘာ့စာပို့တိုက်ညီလာခံသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ ညီလာခံကို ပုံမှန်အားဖြင့် ငါးနှစ်လျှင် တကြိမ် ကျင်းပပြီး၊ စာပို့လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ်များနှင့် နောက်ဆက်တွဲ သဘောတူညီချက်များကို ဆန်းစစ်သည်။ ၁၈ ကြိမ်မြောက် ညီလာခံကို ၁၉၇၉ တွင် ဘရာဇီး၊ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပသည်။

အလုပ်အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်အဖြစ် နိုင်ငံပေါင်း ၄၀ ပါဝင်ပြီး၊ ၎င်းနိုင်ငံများကို ညီလာခံက ဒေသအလိုက် ရွေးချယ်သတ်မှတ်ပေးသည်။ အလုပ်အမှုဆောင်ကောင်စီ၏ အစည်းအဝေးကို သမဂ္ဂဌာနချုပ်တွင် နှစ်စဉ် ကျင်းပပြီး၊ ကောင်စီသည် ညီလာခံ တခုနှင့် တခုကြားတွင် ကမ္ဘာ့စာပို့တိုက် သမဂ္ဂ၏ လုပ်ငန်းများ လည်ပတ်နေစေရန် တာဝန်ယူ ဆောင်ရွက်ရသည်။

စာပို့လုပ်ငန်း လေ့လာရေး အတိုင်ပင်ခံ ကောင်စီတွင် အဖွဲ့ဝင်အဖြစ် နိုင်ငံပေါင်း ၃၅ ပါဝင်ပြီး၊ အဖွဲ့ဝင်များကို ညီလာခံက ရွေးချယ်သတ်မှတ်ပေးကာ အတိုင်ပင်ခံ ကောင်စီ၏ သက်တမ်းမှာ ၅ နှစ် ဖြစ်သည်။ သမဂ္ဂဝင်နိုင်ငံများ၏ စာပို့လုပ်ငန်းဆိုင်ရာ အဓိက ပြဿနာများကို လေ့လာဆန်းစစ်ခြင်း၊ အကြံဉာဏ်ပေးခြင်းများ ပြုလုပ်သည်။

အပြည်ပြည်ဆိုင်ရာ ဗျူရိုသည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ အမြဲတမ်းအတွင်းရေးမှူးများရုံး ဖြစ်သည်။ စာပို့လုပ်ငန်း အုပ်ချုပ်ရေး ဌာနများအတါက် ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့် တိုင်ပင် ဆွေးနွေးရေး ကိစ္စများကို ဆောင်ရွက်သည်။ ညွှန်ကြားရေးမှူးချုပ်မှာ မိုဟာမက် အီဘရာဟင် ဆိုးဘီး (အီဂျစ်) ဖြစ်သည်။

ကျွမ်းကျင်မှုအကူအညီများ[ပြင်ဆင်ရန်]

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ ခြေဥ အပိုဒ် ၁ တွင် ကျွမ်းကျင်မှု အကူအညီပေးရေး စည်းကမ်းချက်များ ပါရှိသည်။ သမဂ္ဂဝင်နိုင်ငံ အချင်းချင်း ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများ ပေးခြင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးတွဲဆောင်ရွက်ချက်များကို သမဂ္ဂက ကြီးကြပ်သည်။

သမဂ္ဂ၏ ကျွမ်းကျင်မှုအကူအညီများတွင် စာပို့လုပ်ငန်းဆိုင်ရာ ကဏ္ဍမျိုးစုံ ပါပြီး၊ အကူအညီကို ၃ မျိုး ခွဲခြားရာ

  • ဝန်ထမ်းများ ရွေးချယ်ခန့်အပ်ခြင်းနှင့် ကျွမ်းကျင်သူများ စေလွှတ်ခြင်း၊
  • လုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချခြင်းနှင့် အဆင့်မြင့် သင်တန်းများ ပို့ချခြင်း၊
  • လုပ်ငန်းဆိုင်ရာ ပစ္စည်းများ၊ သင်တန်းဆိုင်ရာ ပစ္စည်းများ ပေးအပ်ခြင်း တို့ ဖြစ်သည်။

ကမ္ဘာ့စာပို့တိုက်သမဂ္ဂသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွင် ၁၉၆၃ ခုနှစ်မှ စ၍ ပါခဲ့သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စာပို့လုပ်ငန်းများကို ကူညီရာ၌ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (ယူအင်ဒီပီ)မှ အဓိကအားဖြင့် ငွေကြေး အထောက်အပံ့ ရခဲ့သည်။ ၁၉၇၈ တွင် ယူအင်ဒီပီမှ ကန်ဒေါ်လာ ၂၆,၀၀,၀၀၀ ရသည်။

ရန်ပုံငွေထည့်ဝင်ခြင်း[ပြင်ဆင်ရန်]

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ ငါးနှစ်အတွက် ပုံမှန်ကုန်ကျစရိတ်ကို ကမ္ဘာ့စာပို့တိုက် ညီလာခံက သတ်မှတ်၍ ခွင့်ပြုသည်။ ၎င်းကုန်ကျစရိတ်ကို သမဂ္ဂဝင် နိုင်ငံများက အချိုးကျ ထည့်ဝင်ရသည်။ နိုင်ငံ့ အခြေအနေ အားလျော်စွာ အုပ်စု ရှစ်ခု ခွဲထားရာ အချိုးအစားအားဖြင့် တစ်မှ ၅၀ အတွင်း ထည့်ဝင်ရသည်။ နှစ်စဉ် ကျင်းပသော အလုပ်အမှုဆောင် ကောင်စီ အစည်း‌အဝေးက သမဂ္ဂ၏ ငွေစာရင်းကို စစ်ဆေး အတည်ပြုသည်။

ကမ္ဘာ့စာပို့တိုက် သမဂ္ဂ၏ အထူး ရန်ပုံငွေ(Special Fund)ကို ၁၉၆၆ တွင စတင်ပြဋ္ဌာန်းရာ အဖွဲ့ဝင်များက စေတနာအလျောက် ထည့်ဝင်သည်။ အထူးရန်ပုံငွေဖြင့် စာပို့လုပ်ငန်းဆိုင်ရာ သင်တန်းများကို ငွေထောက်ပံ့မှု ပြုသည်။

ဖွံ့ဖြိုးပြီးနိုင်ငံအချို့ကလည်း အပြည်ပြည်ဆိုင်ရာ ဗျူရိုအား စီမံကိန်းသစ်များအတွက် ကျွမ်းကျင်သူပညာရှင်များ စေလွှတ်နိုင်ရန် ငွေကြေးထောက်ပံ့ ကူညီကြသည်။

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း[ပြင်ဆင်ရန်]

ကမ္ဘာ့စာပို့တိုက်သမဂ္ဂသည် ၁ ဇူလိုင် ၁၉၄၈ မှစ၍ ကုလသမဂ္ဂ အထူးအေဂျင်စီအဖွဲ့အစည်းများတွင် တရားဝင် ပါခွင့် ရပြီး၊ စာပို့လုပ်ငန်းများ တိုးတက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် သင်တန်းများ တိုးတက်ဖွင့်လှစ်ခဲသည်။ သမဂ္ဂသည် နိုင်ငံတကာ ကြေးနန်း ဆက်သွယ်ရေးသမဂ္ဂ(အိုင်တီယူ)(International Telecommunications Union)(ITU) နှင့် အနီးကပ် ဆက်သွယ်မှု ရှိပြီး၊ ကျွမ်းကျင်မှု လုပ်ငန်းများတွင် ပူးတွဲ ဆောင်ရွက်သည်။

ထို့ပြင် ကုလသမဂ္ဂအထူးအေဂျင်စီများ၊ အဖွဲ့အစည်းများနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်ထားသည်။ လေကြောင်းစာပို့လုပ်ငန်း အတွက် နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့(အိုင်စီအေအို)(International Civil Aviation Organization(ICAO) နှင့် ညှိနှိုင်း ဆောင်ရွက်‌ပြီး၊ ရေဒီယိုသတ္တိကြွ ပစ္စည်းများ ပို့ဆောင်မှုအတါက် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ(အိုင်အေအီးအေ) (International Atomic Energy Agency) (IAEA) နှင့် ဆက်သွယ် ဆောင်ရွက်သည်။ ဇီဝဗေဒဆိုင်ရာ ပစ္စည်းများ သယ်ယူပို့ဆောင်မျုအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်(WHO)နှင့် ပူးတွဲဆောင်ရွက်သည်။

ဆောင်ရွက်ချက်[ပြင်ဆင်ရန်]

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ လုပ်ငန်းသည် တကမ္ဘာလုံးရှိ လူသားတိုင်းနှင့် သက်ဆိုင်ပြီး၊ နယ်နိမိတ် အကန့်အသတ် မရှိသော လုပ်ငန်း ဖြစ်သည်။ ကမ္ဘာ့တဝန်းတွင် စာပို့ဌာနပေါင်း ငါးသိန့်ခန့် ရှိပြီး၊ စာပို့လုပ်ငန်းဆိုင်ရာ ဝန်ဌန်းများမှာ လေးသန်းခန့် ရှိသည်။ နှစ်စဉ် ချောစာနှင့် ပစ္စည်းအမျိုးမျိုး သန်းပေါင်း ၂၅၀,၀၀၀ ကျော်ခန့်သည် ကမ္ဘာတဝန်းရှိ ယင်းစာပို့ဌာနများမှ တဆင့် သက်ဆိုင်သူများ လက်သို့ ရောက်သွားခဲ့သည်။ နိုင်ငံမရွေး၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး ပုံမှန် ဆက်သွယ်မှု ပြုရာ၌ စာပို့ဌာနများ၏ ကဏ္ဍသည် အလွန် အရေးပါပြီး၊ ကမ္ဘာစစ်ကြီး နှစ်ကြိမ် ဖြစ်ပွားနေချိန်မှာပင် စာပို့လုပ်ငန်းသည် အလွန် ထိရောက်သည်။ စစ်အကျဉ်းသားများ၊ မျက်မမြင်များနှင့် သက်ဆိုင်သော စာများကို စာပို့ခ လွတ်ငြိမ်းခွင့် ပြု၍ ပို့ပေးနေခြင်းသည်လည်း ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ ထူးခြားချက် ဖြစ်သည်။ နိုင်ငံအချင်းချင်း၊ လူသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို တိုးတက်စေသော ဆောင်ရွက်ချက်များကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ၏ ကမ္ဘာ့စာပို့တိုက်သမဂ္ဂနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. "ကမ္ဘာ့စာပို့တိုက် သမဂ္ဂ" (မေ ၁၉၈၂). နိုင်ငံတကာရေးရာ သတင်းစဉ်: ၄၁.