သိမ်းဝေ
| သီရိပျံချီ၊ ဦး သိမ်းဝေ | |
|---|---|
| မွေးဖွား | ၁၉၅၃ (အသက် ၇၃) |
| နိုင်ငံလူမျိုး | ဗမာ-တရုတ် |
| အခြား အမည်များ | Serge Pun |
| အလုပ်အကိုင် | ရိုးမဘဏ် တည်ထောင်သူနှင့် ဥက္ကဋ္ဌ |
ဦးသိမ်းဝေ (ခ) Serge Pun[၁] သည် တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်သည်။ သူသည် မြန်မာနိုင်ငံအခြေစိုက် ရိုးမဘဏ် အား ဦးဆောင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာများ နှင့် စတော့အိတ်ချိန်းလုပ်ငန်းများ ပါဝင်သည့် Serge Pun & Associates Group [၂] ကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ဦးသိမ်းဝေကို ရန်ကုန်တွင် မွေးဖွားခဲ့သည်။ ဗမာ-တရုတ်နွယ်ဖွားဖြစ်သည်။ စိန်ပေါလ်ကျောင်းဟု အများခေါ်သည့် အ.ထ.က(၆) ဗိုလ်တထောင် ကျောင်းတွင် တက်ရောက် ပညာသင်ကြားသည်။
၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးနောက် နိုင်ငံခြားသားပိုင် နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းလိုက်သည့်အတွက် ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့ သို့ ၎င်းတို့မိသားစု ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အသက် ၁၂ နှစ်အရွယ်တွင် တရုတ်နိုင်ငံ ယူနန်ပြည်အစွန်အဖျားရှိ “အစောင့်နီ” အလုပ်စခန်းသို့ ပို့လွှတ်ခြင်းခံခဲ့ရသည်။[၃]
၁၉၇၃ ခုနှစ်တွင် ဟောင်ကောင် သို့ ထပ်မံ ပြောင်းရွှေ့ကာ လှေငယ်ကလေးတစ်စင်းဖြင့် သင်္ဘောများသို့ စားသောက်ဖွယ်ရာများပို့ဆောင်ပေးသည့် အလုပ်လုပ်ခဲ့သည်။ ယင်းနောက် ဟောင်ကောင် အိမ်ခြံမြေတွင် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း
[ပြင်ဆင်ရန်]ဦးသိမ်းဝေသည် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး မော်တော်ကားထုတ်လုပ်ရေး၊ ငွေကြေးဝန်ဆောင်မှုများ၊ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာ၊ ဆောက်လုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ကဏ္ဍများစွာကို လွှမ်းခြုံထားသည့် Serge Pun & Associates ကို တည်ထောင်လုပ်ဆောင်သည်။
၎င်းသည် အများပိုင်ကုမ္ပဏီဖြစ်သော First Myanmar Investment Co Ltd (FMI)ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင်တည်ထောင်သည်။[၄] ၁၉၉၃ ခုနှစ်တွင် ဦးသိမ်းဝေသည် ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက်ပုဂ္ဂလိကဘဏ်ဖြစ်သော ရိုးမဘဏ်ကို ဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့သည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်တွင် တည်ရှိသည့် ၁၀ ဧက[၅] ကျယ်ဝန်းသော Yoma Central စီမံကိန်းကို ဆောင်ရွက်သည်။ယင်းစီမံကိန်းသည် ရိုးမအုပ်စု[၆] နှင့် ဂျပန် မစ်ဆူဘီရှိကော်ပိုရေးရှင်းတို့ ဖက်စပ်လုပ်ကိုင်ကာ ဒေါ်လာသန်း ၈,၀၀ တန်သည်။[၇] အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ ကလည်း အဆိုပါစီမံကိန်းတွင် ၁၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။
ယင်းအပြင် ဦးသိမ်းဝေသည် ဝေဖန်မှုမျိုးစုံရှိခဲ့သည့် တရုတ်က ဘီလီယံနှင့် ချီ ရင်းနှီးမြှုပ်နှံတည်ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်း[၈]၏ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (NYDC)[၉] တွင်လည်း ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခြင်းလည်း ရှိခဲ့သည်။[၁၀]
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]ဦးသိမ်းဝေသည် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၄ ရက် တွင် ပြုလုပ်သည့် စစ်အာဏာသိမ်းအကြီးအကဲ စစ်ကောင်စီဥက္ကဋ္ဌ နှင့် ဘဏ္ဍာရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများထဲမှ တစ်ဦး ဖြစ်သည်။[၁၁]
ထို့နောက်ပိုင်းတွင် သူဦးဆောင်သည့် ရိုးမဘဏ်သည် စစ်တပ်ပိုင် မိုဘိုင်းအော်ပရေတာ မိုင်တဲလ် အတွက် တာဝါတိုင်များ တည်ဆောက်ရန် ချေးငွေ ထုတ်ပေးခြင်း[၁၂] အစရှိသည့် ကိစ္စများဖြင့် မြန်မာစစ်တပ်နှင့် စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုရှိကြောင်း ထုတ်ဖော်ခံရသည်။[၁၃] ယင်းအပြင် စစ်ကောင်စီနှင့် နီးကပ်ဆက်ဆံရေးရှိသူအဖြစ် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ ဖော်ညွှန်းဝေဖန်ကြသည်။[၁၄]
ဤသို့ဖြင့် နောက်ဆက်တွဲသက်ရောက်မှုအနေဖြင့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) သည် ၎င်းဦးဆောင်သော ရိုးမဘဏ် တွင် ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ညီမျှသော ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းအား ရုပ်သိမ်းခဲ့သည်။ [၁၅]သူသည် လူထုပိုက်ဆံဖြင့် စစ်ကောင်စီ၏ ဘဏ္ဍာတိုက်ကို ဖြည့်စည်းပေးသည့် ပုဂ္ဂလိကဘဏ်သူဌေးကြီးများထဲ ပါဝင်သူဟု Myanmar Now က ဖော်ပြခဲ့သည်။ ၎င်းပိုင် ရိုးမဘဏ်က စစ်ကောင်စီ၏ ငွေတိုက်စာချုပ်ရောင်းချပွဲ၌ ကျပ်သန်းပေါင်း ၁၀,၀၀၀ ကျော်အထိ လေလံဝင်ဆွဲခဲ့၍ဖြစ်သည်။ [၁၆] [၁၇]
၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပြည်တွင်းခုခံစစ်ပွဲ နှင့်ပတ်သက်၍ နေပြည်တော် သို့ တက်မသိမ်းနိုင်လျှင် ရပြီ ဟု ပြောကြားထားသည့် ၎င်း၏ ရုပ်သံဖိုင်အတို တစ်ခု ဆိုရှယ်မီဒီယာ၌ ပြန့်နှံ့ခဲ့သည်။ယင်းနှင့်စပ်လျဥ်းပြီး သူသည် အပြင်းအထန် ဝေဖန်ခြင်းကိုခံခဲ့ရသည်။[၁၈]
ဖမ်းဆီးထိန်းသိမ်းခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် မေလ တတိယပတ်တွင် ရိုးမဘဏ်လုပ်ငန်းများ၏ အကြီးအကဲ ဦးသိမ်းဝေ သည် နေပြည်တော်တွင် ခေါ်ယူ စစ်မေးခံနေရပြီး[၁၉] [၂၀]၊ ၎င်းသည် ပြင်ပကမ္ဘာနှင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်မရကြောင်း၊ မြန်မာနိုင်ငံမှလည်း ယခုအခြေအနေတွင် ထွက်ခွာခွင့်မရှိကြောင်း ကုမ္ပဏီဘက်က သတင်းများ ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးသည့်နောက် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက် တွင် စင်ကာပူနိုင်ငံရှိ ရိုးမလုပ်ငန်းစု (Yoma Strategic Holdings) ၏ အစုရှယ်ယာများသည် ၂၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့ပြီး ယင်းကျဆင်းမှုနှုန်းသည် ၃ နှစ်အတွင်း အများဆုံးကျဆင်းမှုဖြစ်ကြောင်း စင်ကာပူအခြေစိုက် The Straits Times က ဖော်ပြခဲ့သည်။[၂၁]
၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက် တွင် နေပြည်တော်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် သူဌေးကြီး Serge Pun ခေါ် ဦးသိမ်းဝေ သည် မသေချာမရေရာသော အခြေအနေများဖြစ်ပေါ်နေ၍ ၎င်းရှယ်ယာအများစုပိုင်ဆိုင်သည့် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings လုပ်ငန်းစုအပါအဝင် အခြားသောကုမ္ပဏီ၏ လုပ်ငန်းခွဲများအားလုံးတွင် ရာထူးများမှ နုတ်ထွက်ခဲ့သည်။[၂၂]
၂၀၂၄ ခုနှစ် ဇူလိုင်နှောင်းပိုင်း တွင် ငွေကြေးခဝါချမှုနှင့် အခြားတရားမဝင်ငွေလွှဲပြောင်းမှုများဖြင့် တရားစွဲဆို ခံခဲ့ရပြီး[၂၃]၊၂၀၂၅ ခုနှစ် ဧပြီ ၄ ရက် တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသည်။[၂၄]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဦးသိမ်းဝေသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သား ၄ ဦးရှိသည်။
ရရှိခဲ့သောဆုများ
[ပြင်ဆင်ရန်]၁၉၉၉ ခုနှစ်တွင် တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်က ဆာ့ခ်ျဖန်ကိုစီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (Doctorate of Philosophy in Business Administration) ချီးမြှင့်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဩဂုတ်လထုတ် Forbes Asia က စင်္ကာပူ၏ အချမ်းသာဆုံး ၅၀ စာရင်းတွင် ၎င်းအား နံပါတ် ၃၈ နေရာတွင်ဖော်ပြခဲ့သည်။[၂၅]
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က သီရိပျံချီဘွဲ့ ချီးမြှင့်ခဲ့သည်။[၂၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21November2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 November 2022 တွင် ပြန်စစ်ပြီး။
- ↑ Chairman’s Message။ FMI။ 21 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဟောင်ကောင်သို့မြန်မာငွေ ၈၀၀ ခန့်ဖြင့် အလုပ်လုပ်ရန် ထွက်ခွာသွားပြီးနောက် ယခုအခါ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်လာသော အိမ်ခြံမြေသူဌေးကြီးဆာ့ချ်ဖန်- ခြုံကြားမှဘုံဖျားသို့ တက်လှမ်းခဲ့သည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၉)။ i Myanmar House (၁၅ ဩဂုတ် ၂၀၁၆)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Tycoon Turf။ The Irrawaddy (စက်တင်ဘာ ၂၀၀၅)။ 21 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ လမ်းကြောင်းမှန်အတိုင်းလုပ်ကိုင်မှုကြောင့် ဒေါ်လာဘီလျံဝက်တန် အိမ်ရာဖော်ဆောင်ရေးလုပ်ငန်း နှောင့်နှေးနေရဟု ဦးသိမ်းဝေပြော။ Mizzima (၂၈ ဧပြီ ၂၀၁၆)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Yoma က YKKO ၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်း ဝယ်ယူ။ ဧရာဝတီ (၁၁ ဖေဖော်ဝါရီ ၂၀၁၉)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်အာဏာသိမ်းထားသော်လည်း ဇိမ်ခံအိမ်ခြံမြေ ရောင်းအားတက်။ Myanmar Now (၂၉ ဩဂုတ် ၂၀၂၁)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရန်ကုန်မြို့သစ် စီမံကိန်းအကြောင်း NYDC ရဲ့ CEO ဦးသိမ်းဝေ နဲ့ ဆက်သွယ်မေးမြန်းချက်။ BBC (၄ ဧပြီ ၂၀၁၈)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရန်ကုန်မြို့သစ် စီမံကိန်း ဝေဖန်ချက်တွေ ထပ်ထွက်ပေါ်။ VOA (၇ မတ် ၂၀၁၉)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာလုပ်ငန်းရှင် ဦးသိမ်းဝေ ပြုံယမ်း ဆွေးနွေးပွဲတွင်ပါဝင်။ ဧရာဝတီ (၈ ဩဂုတ် ၂၀၁၉)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ။ CINCDS Myanmar (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းပြီး စီးပွားရေးတွေ လုပ်ကိုင်နေလို့ ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို IFC ရုပ်သိမ်း။ ရန်ကုန်ခေတ်သစ်မီဒီယာ (၂၁ ဒီဇင်ဘာ ၂၀၂၂)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ IFC Divests from Yoma Bank After Myanmar Military Links Exposed။ The Irrawaddy (၂၀ ဒီဇင်ဘာ ၂၀၂၂)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ The articles described on media။ justiceformyanmar (၂၁ ဒီဇင်ဘာ၂၀၂၂)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရိုးမဘဏ်၌ ရင်းနှီးမြှုပ်နှံမှု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ပြန်ရုပ်သိမ်းမည်။ DVB (၂၁ ဒီဇင်ဘာ၂၀၂၂)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပုဂ္ဂလိကဘဏ်သူဌေးကြီးများ လူထုပိုက်ဆံဖြင့် စစ်ကောင်စီဘဏ္ဍာတိုက်ကို ဖြည့်ပေးနေ။ Myanmar Now (၁၇ ဇူလိုင် ၂၀၂၃)။ ၁၇ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ PDF တွေ နေပြည်တော်ကို တက်မသိမ်းရင် ရပြီလို့ FMI ဦးသိမ်းဝေ ပြော(ရုပ်/သံ)။ ဧရာဝတီ (၁၇ ဇူလိုင် ၂၀၂၃)။ ၁၇ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ PDF တွေ နေပြည်တော်ကို တက်မသိမ်းရင် ရပြီလို့ FMI ဦးသိမ်းဝေ ပြော။ The Irrawaddy (၁၇ ဇူလိုင် ၂၀၂၃)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဘဏ်လုပ်ငန်းရှင်ကြီး ဦးသိမ်းဝေ ခေါ် Serge Punကို အာဏာပိုင်များက ခေါ်ယူစစ်ဆေးနေ။ Mizzima Burmese (၁၀ ဇူလိုင် ၂၀၂၄)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရိုးမရဲ့ ဘီလျံနာသူဌေးကြီး ဆာ့ချ်ပန်းကို စစ်ကောင်စီက စစ်ဆေးနေ။ BBC Burmese (၁၁ ဇူလိုင် ၂၀၂၄)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ S’pore-listed Yoma shares plunge as firm says chairman cooperating with Myanmar authorities။ straitstimes (10 July 2024)။ 30 Aug 2025 တွင် ပြန်စစ်ပြီး။
- ↑ ဖမ်းဆီးခံရသော သူဌေးကြီး ဦးသိမ်းဝေ၏ အခြေအနေများမရေရာတော့သဖြင့် ကုမ္ပဏီက နုတ်ထွက်။ Myanmar Now (၂၅ ဇူလိုင် ၂၀၂၄)။ 20 March 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်။ The Irrawaddy (၁၉ ဩဂုတ် ၂၀၂၄)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ ကို စစ်ကောင်စီ ထောင်ဒဏ် ၁၁ နှစ်ချမှတ်၊ ဒါရိုက်တာအဖွဲ့ဝင်တွေလည်း ထောင်အသီးသီးကျ။ New Day Myanmar (၅ ဧပြီ ၂၀၂၅)။ ၃၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Serge Pun။ Forbes (၂၆ ဇူလိုင် ၂၀၁၇)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၅ / ၂၀၂၂။ MOI Myanmar (၁၉ နိုဝင်ဘာ ၂၀၂၂)။ ၁၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။