မင်းကွန်းမြို့

ဝီကီပီးဒီးယား မှ
ဆင်ဖြူမယ်ဘုရား

မင်းကွန်:မြို့သည် မြန်မာပြည်စစ်ကိုင်းတိုင်းဒေသကြီးတွင်းရှိ မြို့တစ်မြို့ဖြစ်သည်။

မင်းကွန်းအထက်ရှိ တောင်သည် ရေပြင်ထက် ၁,၃၇၃ ပေမြင့်၍ ယင်းတောင်ထက်မှ ကြည့်လျှင် မန္တလေး၊ ကျောက်ဆည်၊ အင်းဝ၊ စစ်ကိုင်း၊ ရွှေဘိုနယ်များကို ကောင်းစွာရှုမျှော်နိုင်ပေသည်။ ယင်းတောင်ထိပ်မှ ကြည့်ရှုလတ်သော် မြင်းခြံမှ စကြာတောင်ကိုလည်းကောင်း၊ ပတ္တမြားကျောက်နီတွင်းများကိုလည်းကောင်း ထင်ရှားစွာမြင်နိုင်ပေသည်။ မင်းကွန်းကမ်းသို့တက်လေလျှင် ထုံးဖြူသုတ်ထားသော ပုံတော်ရာဘုရားကို ဖူးတွေ့နိုင်ပေသည်။ ဉာဏ်တော်အားဖြင့် ၁၅ ပေသာရှိ၍ မင်းကွန်းပုထိုးတည်ရာ၌ ပုံနမူနာအဖြစ် တည်ထားခြင်းဖြစ်သည်။ မင်းကွန်းပုထိုးသာ အပြီးတိုင်တည် ဆောက်ပြီးဖြစ်ပါက ပုံတော်ရာဘုရားအတိုင်းပင် ဖြစ်ပေမည်။ ဘိုးတော်ဘုရားသည် မင်းကွန်းတွင် ယာယီစံနန်းတည်၍ မင်းကွန်းပုထိုးကို ၁၅ နှစ်မှ အနှစ် ၂ဝ တိုင် ကိုယ်တော်တိုင် ကြပ်မ၍ တည်တော်မူသော ဟူ၏။ မင်းကွန်းပုထိုးတော်ကြီးကို ဘိုးတော်ဘုရား စ၍တည်သော်လည်း ဘုရားလည်းပြီး၊ ပြည်လည်းပျက်လတ္တံ့ ဟူသော တဘောင်ပေါ်သဖြင့် ပြီးဆုံး အောင် မတည်ခဲ့သောကြောင့် ယခုတိုင် တစ်ပိုင်းတစ်စပင် ရှိ ချေသည်။ အကယ်၍သာ အပြီးသတ်ခဲ့သော် ဉာဏ်တော် ပေ ၅ဝဝ မျှရှိမည်ဖြစ်၏။ ယခုအခါတွင် အပြီးမသတ်သော မင်းကွန်းပုထိုးသည် ပေ ၄၅ဝ ပတ်လည်ရှိ၍ အမြင့် ၁၆၂ ပေ ရှိကာ ခရစ် ၁၈၃၈ ခုနှစ်က ငလျင်ဒဏ်ကြောင့် ယိုယွင်းပျက် စီးလျက်ရှိနေပေသည်။ မင်းကွန်းပုထိုးပျက်ကြီးကို ဧရာဝတီမြစ်မှ သင်္ဘောစီးလာလျှင် အဝေးမှ လှမ်း၍မြင်နိုင်ပေသည်။ ပုထိုးတော်၏ရှေ့တွင် ဧရာဝတီမြစ်ကို မျက်နှာမူလျက်ရှိသော နေရာ၌ ပျက်စီးနေသည့် ခြင်္သေ့ရုပ်ကြီးများကိုလည်း တွေ့နိုင်ပေသည်။ ပုထိုးတော်၏မြောက်ဘက်တွင် ပုထိုးတော်အတွက် သွန်းလုပ်ထားသော မင်းကွန်းခေါင်းလောင်းကြီးမှာ ယခုတိုင် မားမားမတ်မတ် တည်ရှိပေသည်။

မင်းကွန်းခေါင်းလောင်းကြီးနှင့် ကိုက် လေးငါးရာ အကွာတွင် မြသိန်းတန်၊ သို့မဟုတ် ဆင်ဖြူမယ်ဟူ၍လည်း တွင်သောစေတီကို ဖူးတွေ့ရပေသည်။ ဘကြီးတော်ဘုရား နန်းမတက်မီ မြောက်သားတော် ဆင်ဖြူမယ် အနိစ္စရောက်သည်တွင် အထိမ်းအမှတ်အဖြစ်တည်သော စေတီဖြစ်၍ မြင့်မိုရ်တောင်ထိပ်ထက် တာဝတိံသာတွင်တည်ရှိသော စူဠာမဏိစေတီတော် အတိုင်း တည်ဆောက်သည် ဟူ၏။ ထို့ပြင် မင်းကွန်း၌ ပုဂံမင်းတည်တော်မူသော စက်တော်ရာဘုရားကိုလည်း ဖူးတွေ့နိုင်ပေသည်။

ဤမည်သော စေတီပုထိုးတို့အပြင် မြစ်ကမ်းဘေး သစ်ပင်ကြီးများ၏ အာဝါသတွင် ဒေါ်ဦးဇွန်း၏ လူအိုရုံ (ယခုအခေါ် ဘိုးဘွားရိပ်သာ) လည်း တည်ရှိပေသည်။ မှီခို အားထားရာမဲ့သော အိုမင်းမစွမ်းသည့် ဘိုးဘွားများ အေးငြိမ်းစွာနေခွင့်ရကြသော ထိုဘိုးဘွားရိပ်သာတွင်း၌ အထူးသဖြင့် သနပ်ခါးပင်များကြောင့် သင်းပျံ့မွှေးကြိုင်လျက်ရှိပေသည်။ [၁]

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ မင်းကွန်းသည် စစ်ကိုင်းမြို့၏ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့်အကွာတွင် တည်ရှိသည်။ မန္တလေးမြို့၏ တစ်ဖက်ကမ်း ဖြစ်၍ မြောက်ဘက် ၇ မိုင်ခန့် သမ္ဗာန်ဖြင့် ဆန်တက်လျှင် မင်းကွန်းသို့ရောက်ပေသည်။မန္တလေးမြို့ မှ စက်လှေဖြင့် သွားနိုင်သလို စစ်ကိုင်းမြို့ မှလည်း ကားဖြင့်သွားနိုင်သည်။

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

ကမ္ဘာပေါ်တွင် လက်ရှိ တတိယ အကြီးဆုံးခေါင်းလောင်းဖြစ်သော မင်းကွန်းခေါင်းလောင်းတော်ကြီးမြသိန်းတန်စေတီဒေါ်ဦးဇွန်းလူအိုရုံ နှင့် ဘိုးတော်ဘုရား ဆောက်လုပ်ခဲ့သော မင်းကွန်းပုထိုးတော်ကြီးတို့မှာ မင်းကွန်းမြို့ ၏ အထင်ကရနေရာများဖြစ်သည်။

မင်းကွန်း ကြီးငါးကြီး[ပြင်ဆင်ရန်]

ထို့ကြောင့် မင်းကွန်းအရပ်၏ ထင်ရှားသော အဆောက်အဦးနှင့် လူပုဂ္ဂိုလ်များကို စုပေါင်း၍ ကြီးငါးကြီးဟုလည်း အလွယ်နားလည်နိုင်စေရန် သတ်မှတ်ကြသည်။

  1. မင်းကွန်းပုထိုးတော်ကြီး
  2. ပုထိုးတော်ကြီးရှေ့မှ ခြင်္သေ့ရုပ်ကြီးများ
  3. မင်းကွန်းခေါင်းလောင်းတော်ကြီး
  4. မင်းကွန်းဆရာတော်ဘုရားကြီး
  5. ပုထိုးတော်ကြီးအနီးရှိ ဘိုးတော်ဘုရား၏ကောင်းမှုတော် ရေကန်ကြီး တို့ဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)