ဣသိပတန မိဂဒါဝုန်
Abhinav Abhinav Sārnātha, Mrigadava, Migadāya, Rishipattana, Isipatana | |
---|---|
မြို့ | |
ဓမ္မစက္ကစေတီ၊ ဆားနပ်မြို့ | |
ကိုဩဒိနိတ်: 25°22′52″N 83°01′17″E / 25.3811°N 83.0214°E | |
နိုင်ငံ | အိန္ဒိယ |
ပြည်နယ် | ဥတ္တရပဒေသပြည်နယ် |
ဘာသာစကားများ | |
• ရုံးသုံး | ဟင်ဒီ |
အချိန်ဇုန် | အိန္ဒိယစံတော်ချိန် (UTC+၅:၃၀) |
ဆားနပ်မြို့သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်၊ ဗာရာဏသီမြို့၏ အရှေ့မြောက်ဘက် ၁၃ ကီလိုမီတာအကွာ၊ ဂင်္ဂါမြစ်နှင့် ဂုမ္မတီမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ရှိသည်။ ဆားနပ်မြို့ရှိ မိဂဒါဝုန်တောတွင် မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် (၁၀၃) ခု၊ ဝါဆိုလပြည့်တွင် ဓမ္မစကြာတရားဦးကို ပဉ္စဝဂ္ဂီငါးဦးအား ဟောကြားတော်မူခဲ့သည်။
မူလအမည်
[ပြင်ဆင်ရန်]မိဂဒါဝုန်ဆိုသည်မှာ သားရဲတိရစ္ဆာန်သမင်အပေါင်းတို့အား ဘေးမဲ့ပေးထားရာ တောကြီးဖြစ်သည်။ ဣသိပတန ဟု အမည်ရသည်မှာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာထေရ်ရှင်တို့ ကောင်းကင်မှ သက်ဆင်းရာ၊ ကောင်းကင်သို့ တက်ရာဖြစ်သောကြောင့် ဖြစ်သည်။
မိဂဒါဝုန်
[ပြင်ဆင်ရန်]မိဂဒါဝုန်တောကြီး၌ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့် စနေနေ့၊ နေဝင်လုဆဲအချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို တရားဦး ဟောတော်မူခဲ့သည်။ ထိုသို့ဟောခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း-၂၅၅ဝ ကျော်ခဲ့လေပြီ။
မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ညမှာပင် အရှင်ကောဏ္ဍညသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်၏။ ယင်း ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ၊ ၄ ရက်နေ့တွင် အရှင်အဿဇိတို့ အသီးအသီး သောတာပန်အဖြစ်သို့ ရောက်ကြသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည်နောက် နှစ်ပေါင်း ၂၅ဝ ခန့်တွင် သာသနာ့ဒါယကာဖြစ်တော်မူသော သီရိဓမ္မာ သောကမင်းကြီးသည် ဘုရားရှင်နှင့် စပ်လျဉ်းသည့် ဒေသများသို့ တိုင်းခန်း လှည့်လည်ပြီးလျှင် အမှတ်တရဖြစ်စေရန် သာသနိက အဆောက်အအုံများကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထို အဆောက်အအုံများအနက် မိဂဒါဝုန်တော၌ မြတ်စွာဘုရား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူခဲ့သည့် နေရာတွင် တည်ထားသော ဓမ္မေခစေတီတော်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထို စေတီတော်ကြီးမှာ ပျက်စီးယိုယွင်းနေလင့်ကစား ယခုတိုင် မြေပြင်မှ ဉာဏ်တော် ပေ-၁၅ဝ ခန့် မြင့်မားလျက်ပင် ရှိသေးသည်။ စေတီတော်ကြီး၏ အပေါ်ပိုင်းသည် ဝိုင်း၍ ထိပ်တွင်ခုံး၍နေသည်။ အောက်ပိုင်းတွင်ကား အဋ္ဌဂံ(ရှစ်ထောင့်)သဏ္ဌာန်ရှိ၍ အုတ်ဖြင့်တည်ထား၍ အပေါ်ပိုင်းတွင် ကျောက်ဖြင့် တည်ထားသည်။
မိဂဒါဝုန်တောကို ယခုခေတ်တွင် ဆားနပ် ဟု ခေါ်သည်။ ဗာရာဏသီမြို့မှ မြောက်ဘက် ၆-မိုင်ခန့်အကွာတွင် ဆားနပ် ခေါ် မိဂဒါဝုန်တောတန်းရှိသည်။ ကာလကတ္တားမြို့မှ ဂါယာမြို့သို့ မီးရထားဖြင့် သွားရာတွင် ၂၉၂-မိုင်ဝေး၍ တစ်ဖန် ဂါယာမှ ဗာရာဏသီမြို့သို့ ၁၂၉-မိုင်ဝေးသည်။ ဗာရာဏသီမြို့မှ မိဂဒါဝုန်တောသို့ ၆-မိုင်ဝေးသော ခရီးကို မြင်းလှည်းဖြင့်ဖြစ်စေ၊ တက္ကစီ၊ မော်တော်ကားဖြင့်ဖြစ်စေ သွားနိုင်သည်။ မိဂဒါဝုန်သို့ မရောက်မီ ၂-ဖာလုံခန့်အလို၊ လက်ဝဲဘက်ရှိ တောင်ပူစာတစ်ခုပေါ်တွင် ချောက်ခဏ္ဍီစေတီခေါ် စေတီတစ်ဆူကို တွေ့ရသည်။ ထိုစေတီနေရာကား ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး မဟောမီ ပထမဆုံး တွေ့ကြသော နေရာဟု ဆိုသည်။ [၁]
ထင်ရှားသောနေရာများ
[ပြင်ဆင်ရန်]- ဓမ္မေခစေတီတော် (Dhamek Stupa); ၁၂၈ ပေမြင့်ကာ ၉၃ ပေ အချင်းရှိသည်။
- ဓမ္ဓရာဇိကစေတီ (Dharmarajika Stupa) သည် အသောကမင်း တည်ထားခဲ့သော စေတီများအနက် ကျန်ရှိနေသေးသော စေတီအနည်းငယ်အနက် တစ်ဆူဖြစ်သည်။ အောက်ခြေအုတ်မြစ်သာ ကျန်တော့သည်။ ကျန်အစိတ်အပိုင်းများကို ၁၈ ရာစု အဆောက်အအုံပစ္စည်းများအဖြစ် ဗာရာဏသီမြို့သို့ ရွေ့ပြောင်းထားသည်။ ထိုစဉ်က ဓမ္ဓရာဇိကစေတီတွင် ဓာတ်တော်များကိုလည်း တွေ့ရှိရပြီး နောက်ပိုင်းတွင် ဂင်္ဂါမြစ်တွင်းသို့ မျှောချခဲ့သည်။
- ချောက်ခဏ္ဍီစေတီ မှာ ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး မဟောမီ ပထမဆုံး တွေ့ကြသော နေရာဟု ဆိုသည်။ ၅ ရာစု သို့မဟုတ် အစောပိုင်းလက်ရာဖြစ်ပြီး မကြာသေးမီနှစ်များက ပြန်လည်ပြုပြင်ထိန်းသိမ်းထားသည်။
- နန္ဒိယသူဌေးကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ရာမှာ အလွန်ကြီးမားသော ကျောင်းတော်ကြီးဖြစ်ပြီး အလျားပေ ၂၀၀ ခန့် ရှိသည်။ အုတ်နံရံထုကြီးမှာ ၁၀ ပေခန့်ရှိသည်။ အသောကမင်းကြီးက ပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ရဟန်းတော်ဟူယင်ဆန် ဘုရားဖူးလာသောခေတ်က ပေ ၂၀၀ ခန့်မြင့်သော ၇ ထပ်တိုက်ကျောင်းကြီးအဖြစ် မြင်တွေ့ခဲ့ရသည်ဟု မှတ်တမ်းတင်ထားသည်။
- မူလဂန္ဓကုဋီ ကျောင်းတောင်ရာမှာ ဘုရားရှင် ပထမဦးဆုံး ဝါဆိုဝါကပ် သီတင်းသုံးတော်မူခဲ့ရာ နေရာဖြစ်သည်။ နန္ဒိယကျောင်းတော်၏ အစိတ်အပိုင်းနေရာတစ်ခုဖြစ်သည်။ ဤနေရာ၌ ဘုရားရှင်သည် ပဉ္စဝဂ္ဂီ ၅ ပါး၊ ဗာရာဏသီမြို့မှ ယသသူဌေးသားအမှူးပြုသော အပေါင်းအပါ ၅၅ ပါး၊ စုစုပေါင်း ရဟန္တာ ၆၀ နှင့်အတူ သီတင်းသုံးတော်မူ၍ ဝါဆိုတော်မူခဲ့သည်။ နန္ဒိယကျောင်းတော်ရာနှင့် ကပ်လျက် ဘုရားရှင်တရားဟောတော်မူရာ ပလ္လင်တော်ကြီးကို အင်္ဂတေအမိုးဖြင့် မိုး၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ပရိသတ်(၄)ပါးတို့ကို နေ့စဉ်တရားဟောရာ ပလ္လင်တော်ဖြစ်သည်။ ယသသူဌေးသား ကိုလည်း ဤနေရာ၌ တရားဟော၍ အကျွတ်တရားရစေတော်မူခဲ့သည်။
- မူလဂန္ဓကုဋီ ကျောင်းဆောင်သစ် ကို ၁၉၃၀ ဝန်းကျင်က သီရိလင်္ကာနိုင်ငံ မဟာဗာဓိအဖွဲ့အစည်းမှ တည်ဆောက်ခဲ့သည်။ လှပစွာချယ်သထားသော တံတိုင်းရှိပြီး ယင်းနောက်တွင် သမင်ဥယျာဉ် တည်ရှိသည်။ ဂန္ဓကုဋီကျောင်းဆောင်၏ မြေအောက်ခန်းတွင် ဓာတ်တော် များကို လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ထုတ်ဆောင်၍ အပူဇော်ခံလေ့ ရှိသည်။
- အသောက ကျောက်စာတိုင် လည်း တည်ရှိသည်။ ကျောက်စာတိုင်မှာ တက်ခ်များ ကျူးကျော်ဝင်ရောက်စဉ်က ပျက်စီးခဲ့ကာ အောက်ခြေသာ နေရာတွင် ကျန်ရှိပြီး ကျန်အစိတ်အပိုင်းများကို ဆားနပ်ပြတိုက်တွင် ပြသထားသည်။
- ဆားနပ် ရှေးဟောင်းသုတေသန ပြတိုက် တွင် ၄၅ ပေမြင့်သော အသောကကျောက်စာတိုင်ထိပ်မှ ပြုတ်ကျသော်လည်း အံ့ဩဖွယ်ရာကျန်ရှိသော အသောကမင်း၏ အမှတ်တံဆိပ် ခြင်္သေ့ပုံကို ထိန်းသိမ်းပြသထားသည်။ ယင်းခြင်္သေ့တံဆိပ်ပုံမှာ အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ် သင်္ကေတနှင့် အိန္ဒိယနိုင်ငံအလံ အဖြစ် အသုံးပြုထားသည်။ ဗုဒ္ဓမြတ်စွာဘုရား ဓမ္မစကြာဟောနေတော်မူဟန် ရုပ်ပွားတော်ကိုလည်း ယင်းပြတိုက်တွင် ပြသထားသည်။
- သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလမှ ဗုဒ္ဓဂါယာရှိ ဗောဓိပင်မှ ပွားယူကာ စိုက်ပျိုးထားသော ဗောဓိပင်လည်း တည်ရှိသည်။
ဗုဒ္ဓဘာသာဝင်များအဖို့ ဆားနပ်မြို့ (သို့မဟုတ် ဣသိပတန မိဂဒါဝုန်) သည် ထူးမြတ်သော သံဝေဇနိယ လေးဌာနတွင် အပါအဝင်ဖြစ်လေသည်။ အခြားသုံးနေရာမှာ ကုသိနာရုံပြည်၊ ဗုဒ္ဓဂါယာနှင့် လုမ္ဗိနီတို့ ဖြစ်သည်။ [၂]
ဓာတ်ပုံများ
[ပြင်ဆင်ရန်]-
ဆားနပ်မြို့ရှိ အပျက်အစီးများ
-
အသောကမင်း ကောင်းမှုဖြစ်သည့် ဓမ္ဓရာဇိကစေတီ
-
တက်ခ်အစ္စလာမ်များ ကျူးကျော်ဝင်ရောက်စဉ်က ကျိုးကျပျက်စီးခဲ့သော အသောက ကျောက်စာတိုင်
-
ကျောက်စာတိုင်ရှိ ထွင်းထုထားသော ဗြဟ္မဏီစာများ
-
မူလဂန္ဓကုဋီ ကျောင်းဆောင်ရှိ ဗုဒ္ဓရုပ်ပွားတော်
-
ဆားနပ်ရှိ ဗုဒ္ဓရုပ်ပွားတော်
-
ဆားနပ်မြို့ရှိ မူလဂန္ဓကုဋီ ကျောင်းဆောင်သစ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
- ↑ ေအာင္သိဒၶိ: February 2015