သင်္ကဿနဂိုရ်ပြည်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အဆူဆူသောဘုရားရှင်တို့ မစွန့်အပ်သည့် အဝိဇဟိတဌာနကြီးလေးပါးတွင် သက်ဿနဂိုရ်ပြည်သည် တစ်ခုအပါအဝင်ဖြစ်သည်။ သင်္ကဿနဂိုရ်ပြည်သည် အိန္ဒိယနိုင်ငံဂင်္ဂါမြစ် တောင်ဘက်၌ တည်ရှိသောဒက္ခိဏပဉ္စလတိုင်း (ယခုအခေါ်ဥတ္တရ ဒေသပြည်နယ်) ၏ရှေးအရံမြို့တစ်မြို့ဖြစ်သည်။ အာဂရာနယ် ဗာရုစဗက်(ဖာရုခါဗာဒ်)စီရင်စုတွင် တည်ရှိသည်။ အရှေ့အိန္ဒိယ မီးရထား လမ်းမကြီးရှိကိုဟာဗာဒ်နှင့် ဖာရုခါဗာဒ်လမ်းခွဲပေါ်တွင် တည်ရှိသော ပက္ခနာဘူတာမှငါးမိုင်ကွာဝေးသည်။ ယင်း လမ်းခွဲပေါ်ရှိ မိုတာခေါ်ဘူတာမှာလည်း ငါးမိုင်ပင်သွားရသည်။

ရာဇဂြိုဟ်ပြည်၏အနောက် မြောက်ဘက် ၃ဝ၆မိုင်ဝေး၍ မဓုရာပြည်မှ လေးယူဇနာ ၃၂မိုင်ဝေးကြောင်းဆိုသည်။ ဓမ္မပဒအဋ္ဌကထာပါဠိ ဟာရိယဝတ္ထုအဖွင့်၌ သင်္ကဿ နဂိုရ်ပြည်သည် သာဝတ္ထိပြည်မှ ယူဇနာသုံးဆယ် ကွာဝေးသည်ဟုဆိုသည်။ ယခုသင်္ကဿရွာ သံကိသာ)ဟုခေါ်သည်။

ဂေါတမမြတ်စွာဘုရားသခင်သည် ဘိုးတော်အဉ္စန မင်းဖြိုကြွင်းသက္ကရာဇ် ၁ဝ၉ခုဝါဆိုလပြည့် ကျော်တစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းသုံးလပတ်လုံး တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဖူးသော သန္တုဿိတ နတ်သားကိုအကြောင်းပြု၍ အဘိဓမ္မာတရားကိုဟောကြား တော်မူပြီးနောက် တာဝတိံသာ၌ပင် ပဝါရဏာပြု၍ လူ့ပြည်သို့သက်ဆင်းတော်မူသည့်အခါ သင်္ကဿနဂိုရ်ပြည် အရှေ့တံခါးဝသို့ ဦးစွာခြေချတော်မူသည်ကိုစွဲ၍ ဗုဒ္ဓဝါဒီအပေါင်းတို့သည် သင်္ကဿနဂိုရ်ပြည်ကို အလေး အမြတ်ထားကြခြင်းဖြစ်သည်။ တာဝတိံသာ၌မြတ်စွာဘုရားသည် ဝါတွင်းသုံးလတရားဟောနေစဉ် လူ့ပြည်၌စုဝေးနေကြသော ၃၆ယူဇနာမျှလောက်သော ပရိသတ်တို့သည်သီတင်းကျွတ်လဆန်း ၈ ရက် နေ့သို့ရောက်လတ်သော် ရှင်မောဂ္ဂလာန်၏ အထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားသည်လူ့ပြည်သို့မည်သည့် နေ့တွင်မည်သည့်နေရာသို့ သက်ဆင်းမည့်အကြောင်းသိလိုသဖြင့် လျှောက်ထားကြလေသည်။

ရှင်မောဂ္ဂလာန်လည်း ဘုရားအထံတာဝတိံသာ နတ်ပြည်သို့ကြွရောက်၍ အကြောင်းစုံကို လျှောက်ထားသောအခါ မြတ်စွာဘုရားသခင်က ချစ်သားမောဂ္ဂလာန်. သင်၏ နောင်ကြီးဖြစ်သော သာရိ ပုတ္တရာသည် အဘယ်ပြည်၌ ဝါကပ်သနည်းဟုမေးတော်မူ၏။ အရှင်ဘုရားသင်္ကဿနဂိုရ် ပြည်၌ဝါကပ်ပါသည်'ဟုလျှောက်ကြားသောအခါ ချစ်သားမောဂ္ဂလာန်·ငါဘုရားသည်လည်း ဤနေ့မှနောက် ခုနစ်ရက်မြောက်ဖြစ်သောသီတင်းကျွတ်လပြည့်နေ့၌ သင်္ကဿနဂိုရ်ပြည်၏အရှေ့တံခါးအနီး၌ ငါသက်တော်မူလတ္တံ့၊ ငါ့ကိုဖူးမြင်လိုသောသူတို့သည် သင်္ကဿနဂိုရ်ပြည်သို့လာစေကုန်၊ ဤမျှသော ခရီး၌တစ်စုံတစ်ယောက်သောသူအား ဆန်ရေရိက္ခာထုပ်ယူခြင်း မည်သည်မရှိစေလင့်ဟု မှာတော်မူလိုက်သည်။ ရှင်မောဂ္ဂလာန်လည်း ဘုရားသခင် မှာတော်မူသည့်အတိုင်းပရိသတ်တို့အားကြားတော်မူ၏။ မြတ်စွာဘုရားသည် လူ့ပြည်သို့သက်အံ့သော အကြောင်းကို သိကြားမင်းသိလေသော် လက်ယာရွှေ စောင်းတန်း၊ လက်ဝဲငွေစောင်းတန်း၊ အလယ်၌ပတ္တမြားစောင်းတန်းအားဖြင့် စောင်းတန်းသုံးသွယ်တို့ ၏အခြေသည် သင်္ကဿနဂိုရ်ပြည် အရှေ့တံခါးဝတွင်ချ၏။ စောင်းတန်းဦးသည် မြင်းမိုရ်တောင်ထိပ်၌ဖြစ်၏။ မြတ်စွာဘုရားသည် မြင်းမိုရ်တောင်ထိပ်၌ရပ်တော်မူ၍ နတ်ပြည်မှသက်သော ပြာဋိဟာကိုပြုလုပ်၍ အထက်ကိုကြည့် တော်မူ၏။ ဗြဟ္မာ့ပြည်တိုင်အောင် ဟင်းလင်း တစ်ပြင်တည်းဖြစ်၏။ တူရူဖြစ်သော အရပ်၊ထောင့်တို့ကိုကြည့် တော်မူသော် အသိန်းမကများစွာသောစကြဝဠာတို့သည် ဟင်းလင်းတပြင်တည်းဖြစ်ကုန်၏။ လူတို့သည်နတ်တို့ကို မြင်ရကုန်၏။ ထိုနေ့၌မြတ်စွာဘုရား၏ တင့်တယ်ခြင်းကို ကြည့်၍ ၃၆ယူဇနာအဝန်းရှိသော ပရိသတ်၌ တစ်ယောက်သောသူသည် ဘုရားဆုကိုမတောင်းသူမရှိ၊ နတ်တို့ကရွှေစောင်းတန်း၊ ဗြဟ္မာတို့ကငွေစောင်းတန်း၊ ဘုရားသခင်က အလယ်ပတ္တမြားစောင်းတန်းဖြင့် သက်တော်မူ၏။ ပဉ္စသီခနတ်သားသည် ဗေလုဝစောင်းကို ပို်က်ကာ မြတ်စွာဘုရား၏ လက်ယာနံပါး၌သက်၏။ မဟာဗြဟ္မာသည် မြတ်စွာဘုရားကိုထီးမိုး၍ နောက်မှလိုက်၏။ သုယာမနတ်သားသည် သားမြီးယပ်ကိုင်၍ ယပ်ခတ်လိုက်၏။ ယင်းသို့သောအခြံအရံဖြင့် မြတ်စွာဘုရားသည် သင်္ကဿနဂိုရ် ပြည်၏အရှေ့တံခါးဝ စောင်းတန်းရင်း၌ ရပ်တော်မူသည်။ ခပ်သိမ်းသောဘုရားတို့သည် ယမိုက်ပြာဋိဟာ ပြပြီးလျှင် အရှေ့တံခါး၌နတ်ပြည်မှသက်ခြင်း၊ ထိုသက်ရာအရပ်၌လူနတ်တို့ ကိုးကွယ်စိမ့်သောငှာ လက်ယာခြေဖဝါးတော်အရာကို တည်စေခြင်းသည်ဘုရားတကာတို့၏မရွေ့သောအရာတည်း။ ဘုရားသခင် သက်ဆင်းသော စောင်းတန်းကြီးသုံးခုသည် မြေသို့ဝင်၍ လှေခါးထစ်ခုနစ်ခုသာကြွင်းကျန်၏။ သီရိဓမ္မာ သောကမင်းကြီးသည် ထိုလှေကား၏အဆုံးကို သိလို၍ တူးဖေါ်စေရာ အောက်ရေဝါတိုင်သော်လည်း အဆုံးကို မတွေ့၍ ထိုနေရာ၌ ကျောင်းတော်ကြီးဆောက်သည်ဟုဆိုကြသည်။ ဘုရားသခင်သက်ဆင်း၍ ခြေတော်ရာချရာ ဖြစ်ဟန်တူသော နေရာတွင်သီရိဓမ္မာသောကမင်းကြီးသည် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူခဲ့ရာ ယခုအခါ ကျောက်တိုင်သည် ကျိုးပဲ့ပျက်စီးသွားပြီ ဖြစ်သဖြင့် ကျောက်တိုင်အထွတ်ဖြစ်သော ကျောက်ဆင်ရုပ်ကို ထိုနေရာ၌တွေ့နိုင်သည်။

ကျောက်ဆင်ရုပ်နှင့်ကပ်လျက် တောင်ဘက်တွင် သီရိဓမ္မာသောကမင်း ဆောက်ခဲ့သည်ဆိုသော ကျောင်းတော်ရာ တစ်ခုရှိသည်။ ထိုဒေသတစ်ဝိုက်တွင် ရှေးဟောင်း ဘုရားကျောင်း ကန်စေတီနှင့်မြို့ရိုးပျက်များကိုခြောက်မိုင်ပတ်လည်၌ အနှံ့အပြားတွေ့ရသည်။ သင်္ကဿရွာမှ အဆောက်အအုံ နေအိမ်များသည် အခြားရွာမှ နေအိမ်များကဲ့သို့ရွှံ့နှင့်ဆောက်ကြ သည်မဟုတ်ဘဲ ထိုဒေသ၌အနှံ့ပျံ့နေသည့် အပျက်အစီးများ မှာကျောက်တုံး၊ ကျောက်ပြား၊ အုတ်တို့ဖြင့်ဆောက်လုပ်ထား ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)