ဓမ္မစကြာသုတ္တန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဓမ္မစကြာတရားတော် ဟောကြားနေပုံ

ဓမ္မစကြာသုတ္တန်[ပြင်ဆင်ရန်]

ဓမ္မစကြာသုတ္တန်ဟူသည် မြတ်စွာဘုရားသည် ဘုရားအဖြစ် သို့ ရောက်တော်မူပြီးနောက်၊ ဦးဦးဖျားဖျား ဟောကြားတော်မူ သော တရားဒေသနာတော်ဖြစ်ပေသည်။

ဤဓမ္မစကြာသုတ္တန်ကို ကျွန်ုပ်တို့ မြတ်စွာဘုရား တစ်ပါး တည်းသာ ဦးဦးဖျားဖျား ဟောကြားတော်မူခဲ့ သည်မဟုတ်၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်များသည် လည်း၊ ဤဓမ္မစကြာသုတ္တန်ကိုပင် ဦးဦးဖျားဖျား ဟောကြား တော်မူခဲ့ကြသည်။ ထိုမျှသာမက၊ နောင်ပွင့်တော်မူမည့် ဘုရား ရှင်များသည်လည်း၊ ဤဓမ္မစကြာသုတ္တန်ကိုပင် ဦးဦးဖျားဖျား ဟောကြားတော်မူမည်ဖြစ်သည်။ သို့ဖြစ်၍၊ ဤဓမ္မစကြာ သုတ္တန်ကို ဘုရင်းရှင်တိုင်း ဦးဦးဖျားဖျား ဟောကြားလေ့ရှိ သဖြင့်၊ ထူးခြားသော တရားဒေသနာတော်ဟု ဆိုသင့်လေ သည်။

  • (ဓမ္မစက္ကကို တရားစကြာဟု ခေါ်ဝေါ်သုံးစွဲသော်လည်း၊

အဋ္ဌကထာများ၌ ဉာဏ်တော်နှစ်ပါးကို ဆိုလတ္တံ့သော စကား စဉ်အတိုင်း ကောက်ပြထားလေသည်။)

ဤဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များ၌ ဓမ္မစက္က ပဝတ္တနသုတ္တန်ဟု ခေါ်ဆိုထားသည်ကို တွေ့ရသည်။ ထိုစကား၌ ဓမ္မစက္က၏အရမှာ အဋ္ဌကထာ၌ ဉာဏ်တော်ကို ဆိုလိုရင်းဖြစ် ကြောင်း ပြဆိုထားသည်။ ထိုဉာဏ်တော်သည်

  1. ပဋိဝေဓဉာဏ် = ထိုးထွင်းသိဉာဏ်
  2. ဒေသနာဉာဏ် = ဟောပြောပြဉာဏ်ဟု နှစ်မျိုးနှစ်စား

ရှိလေသည်။

ထိုနှစ်မျိုးနှစ်စားသော ဉာဏ်တို့တွင် ပဋိဝေဓဉာာဏ်တော် သည် ဗောဓိမဏ္ဍိုင်၌ ဖြစ်ပေါ်ခဲ့သည်။ ဒေသနာ ဉာဏ်တော် ကား ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ဖြစ်ပေါ် ခဲ့သည်။ ကိုယ်တော်တိုင် ပဋိဝေဓဉာဏ်တော်ဖြင့် ထိုးထွင်း၍ သိတော်မူသော သစ္စာလေးပါးတရားမွန်တို့ကို သူတပါးတို့အား သိစေရန် ဒေသနာဉာဏ်ဖြင့် ဟောပြောပြသတော်မူရသည်။

ပဝတ္တနဆိုရာ၌ ဖြစ်စေခြင်းဟုဆိုလိုရာ၊ ဆိုခဲ့ပြီးသော ဉာဏ် တော်နှစ်ပါးကို ဖြစ်စေခြင်းဟု အဓိပ္ပါယ်ရလေသည်။ ထိုကြောင့် မြတ်စွာဘုရား၏ ထိုဉာဏ်တော်နှစ်ပါးကိုဖြစ်စေ သော သုတ္တန်တရားတော်သည် ဓမ္မစက္ကပဝတ္တန သုတ္တန်တရား တော်ဖြစ်ကြောင်း သိရလေသည်။

ဤဓမ္မစက္ကပဝတ္တနသုတ္တန်၌ သစ္စာလေးပါးတရားမွန်တို့ကို မဟောကြားမီ၊ ရှေးဦးစွာ မလိုလားထိုက်သော အယူဝါဒတို့ကို ဟောပြတော်မူ၏။

ထိုအယူဝါဒများကား (၁) ကာမသုခလ္လိကာနုယောဂ (၂) အတ္တကိလမထာနုယောဂဟု နှစ်မျိုးရှိရာ၊ ကာမ သုခလ္လိကာနု ယောဂဆိုသည်မှာ လောကာယတဝါဒကို ဆိုသည်။ ထိုဝါဒ၏ ရည်ရွယ်ချက်မှာ မျက်မြင်လောက၌ စားကြ၊ သောက်ကြ၊ ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးကြရန်ပင် ဖြစ်သည်။ လောကနိဗ္ဗာန်နှင့် ပျော်ပိုက်ရေးဝါဒသာ ဖြစ်ပေသည်။ နောက် အတ္တကိလမထာနုယောဂဝါဒကား၊ နိဗ္ဗာန်ချမ်းသာ ရရှိရေး အတွက်၊ မိမိကိုယ်ကို ဒုက္ခပေးရမည်ဟု ဆိုလိုရင်းဝါဒပင် ဖြစ်လေသည်။

ထိုဝါဒနှစ်မျိုးစလုံးကို မြတ်စွာဘုရားသည် ချွင်းချက်မရှိ ပယ်တော်မူခဲ့လေသည်။ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန် အရေးဖြင့်၊ လူ့လောကစီးပွား၊ လူ့လောကစည်းစိမ်များကို စွန့်လွှတ်၍၊ ရဟန်းပြုကြသူမှန်က မည်သည့် ကာမဂုဏ် ချမ်းသာ၌မျှ ကပ်ငြိနေရန် မသင့်လျော်ချေ။ ကာမဂုဏ်၌ ကပ်ငြိတပ်မက်နေမှုသည် အတွင်းစိတ်သန္တာန်၏ ကြီးပွားမှုကို တားမြစ်ပိတ်ပင်စေသည်။

စင်စစ်အားဖြင့်၊ အာရုံမွန်ကို အောက်မေ့မှု သတိ၊ အပြားအားဖြင့် ကောင်းစွာသိမှု ဆင်ခြင်တုံပညာတို့ကိုလည်း၊ ပျက်ပြားချွတ်ယွင်းစေတတ်သည်။ ဘုရားအလိုတော်နှင့် ပင်ကိုယ်သဘာဝရင်းအရဆိုလျှင်၊ ထိုကာမဂုဏ်စည်းစိမ်ချမ်းသာကို ခံစားမက်မော တွယ်တာ ကပ်ငြိမှုသည် တစ်ခုသောအစွန်းလည်းဖြစ်၏။ မမြတ်သော အကျင့်လည်း ဖြစ်သည့်ပြင်၊ တိုးတက်ခြင်း၏ အကြောင်းတရား လည်း မဟုတ်ချေ။

ကာမဂုဏ်ချမ်းသာ၌ မက်မောမှုသည် အစွန်းတစ်ခု ဖြစ် သကဲ့သို့ နိဗ္ဗာန်ချမ်းသာ ရရှိရန်အရေးဖြင့်၊ ခန္ဓာကိုယ်ကို သည်း ထန်စွာ ဒုက္ခပေးမှုသည်လည်း၊ တစ်ခုသောအစွန်းပင်ဟု မြတ်စွာဘုရား ဟောတော်မူသည်။ ယင်းကို ဆင်းရဲဟူ၍၎င်း၊ အရိယာတို့၏ ဥစ္စာမဟုတ်ဟူ၍၎င်း၊ အကျိုးမဲ့ဟူ၍၎င်း ဟော တော်မူသည်။ သို့ရာတွင် ယင်းကို ဟီန=အယုတ်တရားဟု ဟောတော်မမူချေ။ မှန်ပေသည်။ မိမိကိုယ်ကို ဒုက္ခပေးတတ် သော အတ္တကိလမထာနုယောဂအကျင့်သည် စင်စစ်ပယ်စွန့်ရ မည့် အစွန်းတစ်ခုမှန်သော်လည်း၊ ယင်းသို့ ဒုက္ခပေး၍၊ ပြင်း ထန်သော အကျင့်များကို ကျင့်သုံးသူတို့သည် လူသာမန်တို့ မဟုတ်သည့်ပြင်၊ ထိုအကျင့်များလည်း လူသာမန်တို့ ကျင့်သုံး နိုင်သော အကျင့်များ မဟုတ်ရကား ဟီန = အယုတ်တရားဟု ဟောတော်မမူချေ။

ဤမိမိကိုယ်ကို ဒုက္ခပေးတတ်သော အကျင့်ကို ကိုယ်ခန္ဓာ အားနည်းလျှင် သတိပညာလည်း အားနည်းတတ်သည်ဖြစ်ရာ၊ အတွင်းစိတ်သန္တာန်၏ တိုးတက်ကြီးပွားခြင်းကို ပိတ်ဆီးတတ် သဖြင့် တစ်ခုသော အစွန်းဖြစ်သည့်အတိုင်း၊ ရဟန်းများ ပယ် စွန့်ရမည်ဟု ဟောတော်မူသည်။

ယင်းသို့ ဤအစွန်းများကို ပယ်စွန့်ရမည်ဟု ဟောတော်မူ ခြင်းသည် ရှင်တော်ဘုရား၏ ကိုယ်တွေ့အားဖြင့် သိတော်မူချက် များပင်ဖြစ်၍၊ ကိုယ်တွေ့များကို ဟောပြတော်မူခြင်း ဖြစ်ပေ သည်။ ရှေးမဆွက မင်းစည်းစိမ် ခံစားတော်မူသောအခါ၊ ကာမ သုခလ္လိကာနုယောဂကျင့်စဉ်ကို ကျင့်ခဲ့၍၊ ဒုက္ကရစရိယာ ကျင့် တော်မူသောအခါ၊ အတ္တကိလမထာနုယောဂ ကျင့်စဉ်ကို ကျင့်ခဲ့ သည်။ မှန်လှသည်။ အရမ်းမဲ့ ယုံကြည်ဘို့ တစုံတရာ ဗုဒ္ဓ ဘာသာတရားတော်၌ မရှိချေ။

ဤသို့လျှင် ပယ်စွန့်ထိုက်သော နိဗ္ဗာန်ချမ်းသာ မရကြောင်း အစွန်းနှစ်ပါးကို ပယ်စွန့်ရမည်ဟု ဟောတော်မူပြီးလျှင်၊ သဗ္ဗညုတဉာဏ်တော်ဖြင့် အထူးရှာဖွေ၍ရသော နိဗ္ဗာန်ချမ်းသာ ရကြောင်း ဉာဏ်မျက်စိကို ပြုပေးတတ်သော အကျင့်မြတ်ရား အလင်းရောင်ကိုလည်း ထွန်းလင်းပြတော်မူလေသည်။

သို့ထွန်းလင်းပြတော်မူသော ထိုတရားအလင်းရောင်သည် လည်း၊ ရှည်လျားလှစွာသောကာလက ဖုံးကွယ်နေသော ရှေး ဟောင်းကျင့်စဉ် လမ်းရိုးပင်ဖြစ်လေသည်။ ထိုကျင့်စဉ်သည် ကိလေသာ ငြိမ်းရန်၊ စင်ကြယ်သော ဉာဏ်အမြင်ရရန်၊ အမှန် ကို ထိုးထွင်းသိရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တရားအလင်း ရောင်ပင်ဖြစ်၍၊ ယင်း၏အမည်မှာ မဇ္ဈိမပဋါဟုတွင်လေသည်။ မဇ္ဈိမပဋိပါဒဟူသည် အလယ်အလတ် ကျင့်စဉ်ဖြစ်၏။ ယင်း သည့် မဇ္ဈိမပဋိပါဒ အမျိုးအစား အရေအတွက်ကား

  1. သမ္မာဒိဋ္ဌိ= ကောင်းမြတ်စင်ကြယ်သော သိမြင်မှု
  2. သမ္မာသင်္ကပ = ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု
  3. သမ္မာဝါစာ = ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု
  4. သမ္မာကမ္မန္တ = ကောင်းမြတ်စင်ကြယ်သော ကာယကံမှု
  5. သမ္မာအာဇီဝ = ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု
  6. သမ္မာဝါယာမ = ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု
  7. သမ္မာသတိ = ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု
  8. သမ္မာသမာဓိ = ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု

ဟု ရှစ်မျိုးရှစ်ပါး ရှိလေရာ၊ ယင်းကိုပင် မဂ္ဂင်= မဂ်၏ အစိတ် အပိုင်းဟု ခေါ်လေသည်။

ဤရှစ်မျိုးသော လမ်းမှန်ကျင့်စဉ်များကို အရမ်းမဲ့ဟောတော် မူသည် မဟုတ်၊ ကိုယ်တော်တိုင် ထိုးထွင်း၍သိပြီးမှ ဟော ကြောင်းကို တထာဂတေနအဘိသမ္ဗုဒ္ဓါဟူသော စကားဖြင့် ထင်ရှားလေသည်။ မြတ်စွာဘုရား ကိုယ်တော်တိုင် ထိုးထွင်း သိသည်ဟူသော အဓိပ္ပါယ်ပါရှိသည့် ထိုတထာဂတေနအဘိသမ္ဗုဒ္ဓါဟူသော စကားရပ်ဖြင့်၊ အချို့ဟိန္ဒူပညာရှိများ ယူဆ ပြောဆိုနေသော ဗုဒ္ဓဘာသာဟူသည် ဟိန္ဒူဘာသာမှ ခွဲထွက် သွားသော ဘာသာရပ်ဖြစ်သည်ဟူသောစကားမှာ အခြေအမြစ် မခိုင်လုံသော ယင်းတို့၏ အတ္တနောမတိမျှသာ ဖြစ်ကြောင်း ကိုလည်း ကောင်းစွာသိသင့်ပေသည်။

မဇ္ဈိမပဋိပဒါ အလယ်အလတ်ကျင့်စဉ်ဟု အမည်ပေးထားသာ ဖြင့်၊ ဗုဒ္ဓဘာသာဟူသည် ပူဇော်မှု ယုံကြည်မှု သက်သက်မျိုး မဟုတ်ဘဲ၊ ကိုယ်တိုင်လုပ်ထုံးဖြင့် ကျင့်သုံးရသော နိဗ္ဗာန် လမ်းစဉ်မျိုး ဖြစ်ကြောင်းလည်း၊ ကောင်းစွာ ထင်ရှားလှ၏။ မဇ္ဈိမပဋိပဒါကြောင့် ရအပ်သော အကျိုးတရားမှာ ကိလေ သာတို့ကို ဖျက်ဆီးသဖြင့်ရအပ်သော အလွန်စင်ကြယ်မွန်မြတ် သော ချမ်းသာအကျိုးတရားပင် ဖြစ်လေသည်။

ပဉ္စဝဂ္ဂီငါးဦးတို့အား ထိုနေ့က တရားအလင်းရောင် မဇ္ဈိမပဋိပဒါကို ထွန်းပြ ဟောတော်မူခဲ့သည်မှာ ယခုဘဝ၌သော်၎င်း၊ နောင်ဘဝတို့၌ သော်၎င်း၊ ဘဝချမ်းသာ လောကစည်းစိမ်များကို ရစေနိုင်ရန် ထွန်းပြဟောကြားခဲ့သည် မဟုတ်ဘဲ၊ လောကုတ္တရာချမ်းသာကို ရရန်၊ လောကုတ္တရာချမ်းသာသို့ ဆောင်ပို့နိုင်သော တစ်ခု တည်း၊ တစ်ကြောင်းတည်း၊ တစ်ရောင်တည်းသော ဓမ္မနည်း လမ်းစဉ်အဖြစ်ဖြင့်၊ ဟောကြားခဲ့ကြောင်း သိသင့်ပေသည်။

ဤသုတ္တန်ဒေသနာ၏ အစပိုင်း၌ ပဉ္စဝဂ္ဂီငါးဦးတို့၏ အယူ မှားကို ပယ်ဖျက်ပြီးလျှင်၊ တရားစစ်၏အခြေခံ သစ္စာလေးပါးကို အကျယ်ရှင်းလင်းဟောပြတော်မူ၏။ ထိုသစ္စာလေးပါးမှာ ဆင်းရဲ အမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ၊ ဆင်းရဲ ချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော မဂ္ဂသစ္စာ ဟူသော ဤလေးပါးတည်း။ ဤသစ္စာလေးပါးတရားကိုပင် အရမ်းမဲ့ ယုံကြည်စရာအရာ မဟုတ်၊ လက်တွေ့မျက်မှောက် ပြုရမည့်တရားများဖြစ်ကြောင်းကို မှတ်သားရပေမည်။

ဤသစ္စာလေးပါးတရား၌ ဆင်းရဲကို အရင်းခံထား၍ ဟော ကြားသော်လည်း၊ ဆင်းရဲမှ လွတ်မြောက်ရာကိုလည်း ဟောပြ လျက်ရှိ၏။ ဆင်းရဲကို မည်သူမျှအလိုမရှိ ချမ်းသာကိုသာ လိုချင်ကြ၏။ သို့ရာတွင် လူအမျိုးမျိုး၊ နတ်အထွေထွေရှိနေကြ သဖြင့်၊ တစ်ဦးအား ချမ်းသာဖြစ်သောအရာသည် အခြားတစ်ဦး အား ချမ်းသာဖြစ်လိမ့်မည်ဟု မုချဆိုနိုင်မည် မဟုတ်ချေ။ သို့ ဖြစ်၍၊ မိမိလိုလားတိုင်းသော ချမ်းသာဟူသမျှ ပြည့်စုံနိုင်မည့် နိစ္စထာဝရဖြစ်သည့် ကောင်းကင်ဘုံမျိုး မရှိနိုင်။

ခံစားမှုဝေဒနာ စွဲ၍ဖြစ်သော ချမ်းသာမျိုးသည် တည်မြဲသော ချမ်းသာမျိုး မဟုတ်ချေ။ ခံစားမှုနှင့်စပ်သော ချမ်းသာမျိုး၏ မမြဲပုံမှာ ကျွန်ုပ်တို့၏ ကိုယ်တွေ့ပင်ဖြစ်၍၊ ထင်ရှားလှ၏။ ရှင်တော်ဘုရား၏ တရားတော်အလို နိဗ္ဗာန်ချမ်းသာဟူသည် ဒုက္ခအားလုံး အကြွင်းမဲ့ချုပ်ငြိမ်းမှု သန္တိကို စွဲ၍ဖြစ်သော အေး ငြိမ်းမှုဟူသော ချမ်းသာမြဲပင် ဖြစ်လေသည်။

ဒုတိယဖြစ်သော သမုဒယသစ္စာ၌ ဝေဖန်ပြသော ပေါနော¸ ဝိကာဟူသော စကားအရ၊ တဖန်ဘဝသစ်ကို ပေးတတ်၏ဟု အဓိပ္ပါယ်ကျရာ၊ သတ္တဝါတို့အား နောင်ဘဝရှိကြောင်း ဘုရား ဝန်ခံတော်မူသည်။ ထိုစကားရပ်ဖြင့် နောက်ဘဝမရှိသူဟု ယူ လေ့ရှိကြသူ ဥစ္ဆေဒဝါဒသမားတို့အား ယင်းတို့၏ အယူမှား ကြောင်းကို ဖြေကြားရာရောက်သည်ကိုလည်း၊ အထူးသတိပြု သင့်ပေသည်။

ဤသုတ္တန်ဒေသနာ၏ အလယ်ပိုင်း၌ ရှေးကမကြားစဖူးသော တရားထူးတို့၌ ဉာဏ်အလင်း ဖြစ်ပေါ်လာကြောင်း ဟောတော်မူ ၏။ ထို့အတူပင် ထိုသစ္စာတို့နှင့် စပ်လျဉ်း၍ သစ္စဉာဏ်၊ ကိစ္စ ဉာဏ်၊ ကတဉာဏ် သုံးပါးဖြစ်ပုံနှင့် တဆယ့်နှစ်ပါးသော အခြင်းအရာတို့ကို အကျယ်ခွဲခြားပြတော်မူသည်။

သစ္စာလေးပါးတို့တွင်

  • ဒုက္ခသစ္စာကို ပိုင်းခြားသိရမည်။
  • သမုဒယသစ္စာကို ပယ်ပစ်ရမည်။
  • နိရောဓသစ္စာကို မျက်မှောက်ပြုရမည်။
  • မဂ္ဂသစ္စာကို ပွားများရမည်။

ဤသစ္စာလေးပါးနှင့် စပ်လျဉ်း၍၊ ရှင်းရှင်းလင်းလင်း အသိ ဉာာဏ် မဖြစ်ပေါ်သေးသမျှ၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိကြောင်း လောက၌ ပြောပြတော်မမူ။ သစ္စာလေးပါးကို ရှင်းရှင်းလင်း လင်း ပြည့်ပြည့်စုံစုံ သိမြင်တော်မူသောအခါကျမှ၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူကြောင်း ဟောပြတော်မူ၏ဟု သုတ်အဆုံး ၌ မိန့်တော်မူ၏။

ဤကား ငါ၏အဆုံးစွန်သော ဘဝတည်း၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်းမရှိဟု အဆုံးသတ်ဘဝအဖြစ်ကို ထင်ရှားစွာ ပြ တော်မူပြီးလျှင်၊ ဤတရားဦးဒေသနာတော်ကို ပြီးဆုံးစေတော်မူ၏။

ဒေသနာတော်၏ အဆုံး၌ အရှင်ကောဏ္ဍညမထေရ်သည် ရှေးဦးစွာ နိဗ္ဗာန်ကို မျက်မှောက်ပြုကာ၊ သောတာပန် ဖြစ်လေ သည်။ တရားအလင်းရောင်၏ အကြည်ဓာတ်ကို ခံယူရန် လာရောက်ကြသော ထောင်သောင်းမက များပြားလှစွာသော နတ်ဗြဟ္မာတို့သည် ကောင်းချီးနုမော် သာဓခေါ်ဆိုကြလေကုန် သတည်း။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)