ဥတ္တရပဒေသပြည်နယ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဥတ္တရဒေသ[ပြင်ဆင်ရန်]

ဥတ္တရဒေသသည် အိန္ဒိယပြည်ထောင်စု သမ္မတနိုင်ငံ၏ မြောက်ပိုင်းပြည်နယ်တစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ပြီးသောအခါ ဗြိတိသျှအစိုးရတို့လက်ထက်က ယူနိုက် တက်ပရောဗင့် ဟု ခေါ်သောပြည်နယ်တွင် တိုင်းရင်းသား ပဒေသရာဇ်နယ်ကလေးများ ပူးပေါင်းထည့်သွင်းကာ ဥတ္တရ ဒေသဟု ခေါ်တွင်စေခဲ့သည်။ ယူနိုက်တက် ပရောဗင့်ဟု ခေါ် တွင်ခဲ့ခြင်းမှာ အာဂရာပြည်နယ် (ယခင်က အနောက်မြောက် ပြည်နယ်) နှင့် ဥဓပြည်နယ်နှစ်ခုကိုပေါင်း၍ ဖွဲ့စည်းခဲ့သော ကြောင့်ဖြစ်သည်။ ပူးပေါင်းသော ပဒေသရာဇ်နယ်ကလေးများမှာ ရမ်းပူ၊ တေရီဂါဝါး၊ ဗာရာနတ်(ဗာရာဏသီမြို့)တို့ဖြစ်ကြ၍ ယခင် က ယူနိုက်တက် ပရောဗင့်ပြည်နယ် အတွင်း၌ပင် သီးသန့်ရှိခဲ့ ကြသော ပဒေသရာဇ်နယ်ကလေးများဖြစ်သည်။

ထိုပြည်နယ်၏ အကျယ်အဝန်းသည် စတုရန်းမိုင် ၁၁၃၄၁ဝ ဖြစ်၍ လူဦးရေ ၈၈၃၆၄၇၇၉ ယောက် (၁၉၇၅) ရှိသည်။ အိန္ဒိယပြည်ထောင်စုအတွင်း လူဦးရေအထူထပ်ဆုံး သော ပြည်နယ်တစ်ခုဖြစ်သည်။ အများစုသည် ဟိန္ဒူလူမျိုးများ ဖြစ်ကြ၍ ဟိန္ဒီဘာသာစကားကို အပြောများကြသော်လည်း အင်္ဂလိပ်ဘာသာစကားကို ရုံးသုံးပြုလုပ်ထားလေသည်။ အိန္ဒိယသမ္မတနိုင်ငံ၏ မြို့တော်ဒေလီသည် ထိုပြည်နယ် အတွင်း၌ တည်ရှိသော်လည်း ဥတ္တရဒေသ ပြည်နယ်အစိုးရနှင့် မသက်ဆိုင်ဘဲ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်လေသည်။ ဥတ္တရဒေသ၏မြောက်ဘက်၌ ဟိမဝန္တာတောင်တန်းကြီး နှင့် နီပေါပြည်နယ်၊ တောင်ဘက်၌ မဇ္ဈဒေသ၊ အရှေ့ဘက်၌ ဗီဟာပြည်နယ်၊ အနောက်ဘက်၌ ပန်ဂျပ်ပြည်နယ်နှင့် ရာဇဌာန် ပြည်နယ်တို့ဖြင့် ဝန်းရံလျက်ရှိသည်။ ထိုပြည်နယ်ကို မြေမျက်နှာသွင်ပြင်အားဖြင့် ပိုင်းခြား လိုက်လျှင် (၁) ဟိမဝန္တာတောင်တန်း၏ တစ်စိတ်တစ်ဒေသ ပါဝင်သောမြောက်ပိုင်း၊ (၂) ဂင်္ဂါ၊ ယမုံနာ၊ ဂိုဂရာ၊ ဂန်ဒတ်မြစ် တို့၏ မြစ်နှစ်သွယ်ကြားကုန်းမြေ (ဒိုးအပ်မြေ) ဖြစ်သော အလယ်ပိုင်းနှင့် (၃) ဒက္ခိဏကုန်းပြင်မြင့်၏ မြောက်ဘက် တောင်စောင်းတန်းဖြစ်သော တောင်ပိုင်းဟူ၍ဖြစ်သည်။ မြောက်ပိုင်းကို ကူမုန်းဒေသဟုခေါ်၍ ယင်းသည် ဟိမဝန္တာတောင်တန်း၏ တစ်စိတ်တစ်ဒေသဖြစ်သဖြင့် ပေ ၂၅ယဝဝဝ ကျော်၍ ခန့်ညားမြင့်မားသော နန္ဒာဒေဝီ၊ ကမတ်၊ ဗဒြီနတ် တောင်ထွတ်တို့ကိုတွေ့ရသည်။ အနိမ့်ဆုံးအပိုင်းသည် ပေ ၁ယဝဝဝ ကျော်မြင့်သည်။ ပေ ၅ယဝဝဝ မှ ၁၂ယဝဝဝ အထိ မြင့်သောတောင်တန်းနှင့် တောင်ကုန်းများ၏ တောင်စောင်း အပေါ်ပိုင်းများသည် အမြဲစိမ်းရွက်ပြန့်သစ်တောနှင့် ထင်းရှူး တောများဖြင့် ထူထပ်စွာဖုံးလွှမ်းလျက်ရှိသည်။ ပေ ၃ယဝဝဝ အောက်နိမ့်သော အောက်ပိုင်းတောင်စောင်းများ၌မူ အင်ကြင်း စသော အပူပိုင်းရွက်ကြွေသစ်တောများရှိသည်။ သစ်တောများမှ အဖိုးတန်သစ်များထွက်သည်။ တောင်ကုန်းစောင်းများတွင် ကြံ့ ခိုင်သော ကူမုန်းဟိန္ဒူလူမျိုး အနည်းအကျဉ်းနေထိုင်ကြရာ ပြောင်း၊ ဘာလီ၊ ဘီသွာလျှော်နှင့် ဆန်စပါးအနည်းငယ်ကို လှေကားထစ်လယ်ယာများ ပြုလုပ်စိုက်ပျိုးကြသည်။ ထိုဒေသ တွင် အကြီးဆုံးမြို့သည် ဒေရာဒွန်းမြို့ဖြစ်၍ ယင်းမြို့တည်ရှိရာ တောင်ကြားဒေသသည် လက်ဖက်၊ သစ်သီးဝလံ၊ သစ်အမျိုးမျိုး နှင့် မီးသွေးဖုတ်လုပ်ငန်းတို့ဖြင့် ထင်ရှားသည်။ အခြားထင်ရှား သောမြို့များမှာ ဟာဒွါမြို့နှင့် တောင်စခန်းမြို့ကလေးများဖြစ်ကြ သော နိုင်နီတားနှင့် မျူဆူရီမြို့တို့ဖြစ်ကြသည်။ ဂင်္ဂါမြစ်နှင့် ကာလီမြစ်တို့သည် ထိုမြောက်ပိုင်းဒေသမှ စတင်၍ မြစ်ကြီးတစ်မြစ်အဖြစ် အစပျိုးခဲ့ကြသည်။ ထိုဒေသ တွင် အရှိန်အဟုန်ပြင်းစွာဖြင့် စီးဆင်းသော ချောင်းကြီးချောင်း ငယ်များ ပေါများလေသည်။ ဥတ္တရဒေသ၏ အလယ်ပိုင်းသည် လွင်ပြင်ဒေသဖြစ် သည်။ ယင်းကို ဂင်္ဂါလွင်ပြင်ဒေသဟုခေါ်၍၊ ယင်းသည် ဥတ္တရ ဒေသ၏ အကြီးဆုံးသောအစိတ်အပိုင်းဖြစ်သည်။ ထိိုလွင်ပြင် ဒေသသည် ဒေလီမြို့အနီး ယမုံနာမြစ်မှသည် ဂင်္ဂါ-ဂိုဂရာမြစ်ဆုံ အထိ မိုင် ၅ဝဝ ခန့်ရှည်လျားသည်။ ဂင်္ဂါလွင်ပြင်သည် ဟိမ ဝန္တာမှ မြစ်ဖျားခံလာကြသော ယမုံနာ၊ ဂင်္ဂါ၊ ကာလီ-ဆာဒါ၊ ဂိုဂရာ၊ ရွန်ဒက်မြစ်တို့၏ ရေဆင်းဒေသဖြစ်သဖြင့် ထိုမြစ်များ သယ်ယူလာသော အနည်အနှစ်များပို့ချရာ နုံးတင်မြေနုဒေသ ဖြစ်သည်။ ထိုလွင်ပြင်ဒေသ၏ အပူချိန်သည် အအေးဆုံးအချိန် ဒီဇင်ဘာလ၌ ဖာရင်ဟိုက်ဒီဂရီ ၆ဝ ၊ အပူဆုံးအချိန် မေလ၌ ဖာရင်ဟိုက်ဒီဂရီ ၉ဝ ရှိသည်။ ဂင်္ဂါလွင်ပြင်တစ်လျှောက်သည် ဥတ္တရဒေသ၏ စိုက်ပျိုးဖြစ်ထွန်းဆုံးသော အပိုင်းဖြစ်သည်။ သို့ သော် မိုးပါးသဖြင့် ရေသွင်းစိုက်ပျိုးကြရသည်။ အနောက်ပိုင်း (မိုးရေချိန် ၃၇ ့၁ လက်မ)သည် အရှေ့ပိုင်း (မိုးရေချိန် ၃၉ ့၃ လက်မ)ထက်အနည်းငယ် ပို၍ခြောက်သွေ့သည်။ သို့ရာတွင် ဆောင်းမိုးရွာသည်။ ထို့ကြောင့် အနောက်ပိုင်း၌ ဆန်စပါးအစား ဂျုံကိုစိုက်ပျိုးကြသည်။ ဥတ္တရဒေသ၏ အရေးပါသော ကောက် ပဲသီးနှံတို့မှာ ဆန်စပါးနှင့်ဂျုံအပြင် ပြောင်းနှင့်လူး(အထူးသဖြင့် ခြောက်သွေ့သော အနောက်ပိုင်း၌ စိုက်ကြသည်။) ပဲအမျိုးမျိုး နှင့် ကြံဖြစ်သည်။ အိန္ဒိယတစ်နိုင်ငံလုံးတွင် ဥတ္တရဒေသမှ ကြံ အများဆုံးထွက်သည်။ ဝါဂွမ်းနှင့် ဆီကြိတ်စေ့ အမျိုးမျိုးသည် လည်း ထိုဒေသ၏ အဓိကထွက်ကုန်များဖြစ်သည်။ ထိုအပိုင်းတွင် ရှေးခေတ်ကပင် ကျော်ကြားခဲ့သော ရှေး မြို့များနှင့် ယခုခေတ် ကုန်သွယ်စီးပွားရေး နှင့်စက်မှုလုပ်ငန်း တို့ဖြင့် ဖွံ့ဖြိုးစည်ကားသော ခေတ်သစ်မြို့များကိုတွေ့ရသည်။ ပြည်နယ်၏မြို့တော်ဖြစ်၍ ဂင်္ဂါ-ဂိုဂရာမြစ်နှစ်သွယ်ကြား ကုန်း မြေ၌တည်ရှိသော လတ်ခနောင်းမြို့သည် ၁၈ ရာစုနှစ်ကစ၍ ဥဓပဒေသရာဇ် ပြည်နယ်ရှင် နဝပ်စော်ဘွားများ၏ မြို့တော် ဖြစ်ခဲ့သည်။ ထိုမြို့ကြီးတွင် စက္ကူစက်နှင့် ရော်ဘာစက်များရှိ သည်။ ဂင်္ဂါမြစ်ကမ်းပေါ်၌ရှိ၍ အရေးပါသော မြစ်ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သည့် ကွန်ပူမြို့သည် ဗြိတိသျှတို့လက်ထက်က စက်မှုလုပ်ငန်းမြို့တစ်မြို့အဖြစ် ထင်ရှားသည်။ ခေတ်သစ်တွင် ရမ်ပူမြို့သည် သားရေလုပ်ငန်းကြောင့်လည်းကောင်း၊ ဆဟာရန် ပူမြို့နှင့် ဂျဂါဒြီမြို့တို့သည် စက္ကူလုပ်ငန်းကြောင့်လည်းကောင်း၊ ဗဒွိုင်းမြို့သည် ကော်ဇောလုပ်ငန်းကြောင့်လည်းကောင်း၊ ချူနာ နှင့် ခါဂျာမြို့တို့သည် အိုးခွက်လုပ်ငန်းကြောင့်လည်းကောင်း၊ ဗန်ဂလီ-ဖီရိုဇဗတ်မြို့နှင့် ဇဂွိုင်းမြို့သည် ဖန်ထည်လုပ်ငန်း ကြောင့်လည်းကောင်း စည်ကားဖွံဖြိုးကြသည်။ ဆဟာရန်ပူမြို့ တွင် သုံးထပ်သားလုပ်ငန်းလည်းရှိသေးသည်။ ရှေးမြို့များသည် ဟိန္ဒူအယူဝါဒရေးရာနှင့် စပ်လျဉ်း၍ ထင်ရှားခဲ့သည်။ ထိုမြို့များမှာ ဗာရာဏသီမြို့၊ အလာဟာဗတ် မြို့၊ မထူရ (ယခုခေတ်အခေါ် မတ္တရာမြို့) စသည်တို့ဖြစ်ကြ သည်။ ဂင်္ဂါမြစ်ကမ်းပေါ်ရှိ ဗာရာဏသီမြို့သည် လက်ယက်ပိုး ထည်လုပ်ငန်းကို အကြောင်းပြု၍ ယခုလည်းထင်ရှားနေဆဲဖြစ် သည်။ ဂင်္ဂါနှင့် ယမုံနာမြစ်ဆုံရှိ အလာဟာဗတ်မြို့သည် မီးရထား လမ်းဆုံးဖြစ်၍ စည်ကားသည်။ ယမုံနာမြစ်ကမ်းပေါ်ရှိ မထူရမြို့သည်လည်း မီးရထားလမ်းဆုံးမြို့တစ်မြို့ ဖြစ်သည်။ ယမုံနာမြစ်ကမ်းဘေးတွင်ရှိ၍ ရှေးကမင်းနေပြည်တစ်ခုဖြစ်သော အာဂရာမြို့မှာမူ မဂိုဧကရာဇ် ရှားဂျဟန်း ဆောက်လုပ်ခဲ့သော တက်ဂျမဟာသင်္ချိုင်းဂူကြောင့် ထင်ရှားသည်။ ဗြိတိသျှအစိုးရလက်ထက်က မီရွတ်နှင့် ဗရေလီမြို့များ သည် စစ်မက်ရေးရာအတွက် အရေးပါသော မြို့များဖြစ်ခဲ့ကြ လေသည်။ တောင်ပိုင်း တောင်ကုန်းဒေသသည် အရေးမပါလှချေ။ စိုက်ပျိုး၍ မဖြစ်ထွန်းလှသောဒေသဖြစ်၍ လူးနှင့် ဂျုံအနည်း ငယ်ကိုသာ စိုက်ပျိုးလုပ်ကိုင်နိုင်သည်။ အရေးပါသော မြို့ဟူ၍ ဂျန်ဆီမြို့တစ်မြို့သာရှိလေသည်။ ဥတ္တရဒေသအတွင်း သတ္တုများပြောပလောက်အောင် မ ထွက်ရှိပေ။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်တွင် စက်မှုလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။ သကြားစက်ရုံနှင့် ဂုံလျှော်စက်ရုံကဲ့သို့ စိုက်ပျိုးရေးကို အခြေပြုရသောစက်ရုံများ များပြားသည်။ ယခုအခါ ဓာတုဗေဒလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ သို့တိုင်အောင် ပြည်နယ်လူထု၏ ၇၅ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကို အဓိကအားဖြင့် လုပ်ကိုင်ကြ လေသည်။ စိုက်ပျိုးရေးအတွက် ရေသွင်းစိုက်ပျိုးမှုကိုအားထား ကြရသည်။ ထိုပြည်နယ်အတွင်း အရေးပါသောတိုးတက်မှုတစ်ရပ် မှာ ဂင်္ဂါမြစ်အထက်ပိုင်းရှိ ရေတံခွန်ငယ်များကိုအကြောင်းပြု၍ ရရှိသောရေအားလျှပ်စစ်ကိုယူ၍ ကောင်းစွာအသုံးချနိုင်ခြင်းဖြစ် သည်။ မြစ်များမှ ဆည်မြောင်းဖြင့် ရေသွယ်မရနိုင်သော ကုန်း မြင့်ပိုင်းတွင် အဝီစိတွင်းများမှ ရေစုပ်ယူရန် ထိုရေအားလျှပ် စစ်ကို အသုံးချခြင်းဖြင့် လယ်ယာများကို ရေသွင်းပေးနိုင်သည်။ ထိုလျှပ်စစ်အားဖြင့် သကြားစက်ရုံများကိုလည်း လည်စေနိုင်ခဲ့ သည်။ ကျေးရွာများသို့လည်း လျှပ်စစ်ဓာတ်မီးထွန်းပေးနိုင် သည်။ ရေသွင်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သောဒေသများ တွင် တစ်နှစ် နှစ်သီး စိုက်ပျိုးနိုင်သည်။ ဂင်္ဂါ-ယမုံနာမြစ် နှစ်သွယ်ကြားဒေသတွင် များသောအားဖြင့် ရေသွင်းစိုက်ပျိုးခြင်း ကို အများဆုံးပြုလုပ်ကြလေသည်။ ဥတ္တရဒေသတွင် ထင်ရှားသည့် တက္ကသိုလ်ကြီး ငါးခု ရှိရာ အာဂရာတက္ကသိုလ်၊ ဗာရာဏသီ ဟိန္ဒူတက္ကသိုလ်၊ လတ် ခနောင်းတက္ကသိုလ်၊ အလီဂါ မွတ်စလင်တက္ကသိုလ်နှင့် ရော်ကီး တက္ကသိုလ် တို့ဖြစ်ကြသည်။ ထို့ပြင် ဆေးသိပ္ပံကျောင်း၊ စိုက် ပျိုးရေးသိပ္ပံကျောင်း၊ စက်မှုအတတ်ပညာနှင့် သကြား၊ အထည် အလိပ် စသောလုပ်ငန်းဆိုင်ရာ သိပ္ပံကျောင်းကြီးများလည်းရှိ သည်။ ၁၉၆၆-၆၇ ခုနှစ်အထိ ပြည်နယ်အတွင်း တက္ကသိုလ် ကျောင်းတိုက်ပေါင်း ၁၁ ခု အလယ်တန်းကျောင်း ၉၂၅ဝ နှင့် မူလတန်းကျောင်း ၆ဝ၇၅၂ ကျောင်းရှိလေသည်။ တစ်ဆယ့်နှစ် ရာစုနှစ်မတိုင်မီက ဥတ္တရဒေသသည် မင်းသားကြီးငယ်များ ထီးပြိုင်နန်းပြိုင် စိုးစံကြသော ပြည် ထောင်အများအပြား ကွဲပြားလျက်ရှိခဲ့သည်။ ခရစ်နှစ် ၁၁၇၆- ၉၃ ခုအတွင်း၌ မဂိုဧကရာဇ် မဟာမက်ဂိုရီသည် အကွဲကွဲ အပြားပြားရှိနေသော ပြည်ထောင်အများကို ဗာရာဏသီပြည် အထိ တစ်စတစ်စသိမ်းပိုက်ခဲ့ပြီး ပေါင်းစည်းခဲ့လေသည်။ ၁၇ဝ၇ ခုနှစ် မဂိုဧကရာဇ် အော်ရန်ဇက် လွန်ပြီးနောက်တွင် ထို ပြည်ထောင်စုတို့သည် အကွဲကွဲအပြားပြားဖြစ်ပြန်သည်။ ရိုဟီးလခန်း (နောင် ဗရေလီဟုခေါ်သည်။) နှင့် ဥဓ ပြည်ထောင်စုတို့သည် တစ်ထီးတစ်နန်း ထောင်ကြသည်။ မြစ် နှစ်သွယ်ကြားရှိ အခြားပြည်ထောင်စုတို့သည်လည်း အမည်အား ဖြင့်သာ မဂိုတို့၏ လက်အောက်ခံဖြစ်လေသည်။ ၁၇၆၃ ခုနှစ် တွင် ဘင်္ဂလားနယ်အား တိုက်ခိုက်လာသော ဥဓစော်ဘွားကို တွန်းလှန်တိုက်ခိုက်ရာမှ အစပြုပြီးလျှင် ဗြိတိသျှတို့သည် ထို ဒေသတစ်ဝိုက်သို့ တစ်စတစ်စ နယ်ချဲ့လာခဲ့လေသည်။ ၁၈ဝ၃ ခုနှစ်တွင် ဥဓပြည်ထောင်အတွင်းရှိ နယ်မြေ များစွာကို ဗြိတိသျှတို့က သိမ်းသွင်းသည်။ ၁၈၁၆ ခုနှစ်တွင် ဗြိတိသျှတို့သည် မြောက်ပိုင်းခရိုင်များကို ဂေါ်ရခါးတို့ထံမှ သိမ်းပိုက်ရာ နောင်အနှစ် နှစ်ဆယ်ကြာသောအခါ ထိုခရိုင်များ သည် အနောက်မြောက်ပြည်နယ်များ (နောင် အာဂရာ) ဟုခေါ် တွင်လာသည်။ ထိုပြည်နယ်များတွင် ဥဓပြည်ထောင်ကို ၁၈၅၆ ခုနှစ်၌ ပူးပေါင်းလိုက်သည်။ ၁၈၇၇ ခုနှစ်မှစ၍ ဒုတိယဘုရင်ခံ (လက်ဖတင်နင်ဘုရင်ခံ) အုပ်ချုပ်ခဲ့ပြီးနောက် ၁၉၂၁ ခုနှစ်မှစ၍ ဘုရင်ခံအုပ်ချုပ်သော ပြည်နယ်တစ်ခုဖြစ်လာသည်။ အုပ်ချုပ်မှုလက်ပြောင်း၍ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယ ဒိုမီနီယမ်နိုင်ငံ ဖြစ်လာသောအခါ မစ္စက်ဆရိုဂျီနီနိုင်ဒူးက ဘုရင် ခံအဖြစ်အုပ်ချုပ်ခဲ့ရာ အိန္ဒိယပြည်ထောင်စုအတွင်း ပထမဆုံး အမျိုးသမီးဘုရင်ခံ အုပ်ချုပ်သောပြည်နယ်ဖြစ်ခဲ့ပေသည်။ လွတ် လပ်သော အိန္ဒိယပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် ထူထောင် သောအခါ ပြည်နယ်အတွင်း၌ပင် ရှိသော်လည်း တိုင်းရင်းသား စော်ဘွားများ အုပ်ချုပ်လျက်ရှိသေးသည့် ပဒေသရာဇ်နယ် ကလေးများကို ပူးပေါင်းထည့်သွင်းပြီးလျှင် ယူနိုက်တက်ပရော ဗင့်အမည်မှ ဥတ္တရဒေသ ဟူသောအမည်သို့ ပြောင်းခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)