အောင်ကြည်၊ ဒေါ်(ဝဏ္ဏကျော်ထင်)

ဝီကီပီးဒီးယား မှ
(အောင်ကြည်၊ ဒေါ်(ဂီတ) မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဂီတမိခင်ကြီး ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်

မြန်မာ့ဂီတလောက၌ ဂီတမိခင်ကြီးဟု ထင်ရှားသော ဂီတပညာရှင် ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်ကို မန္တလေးတိုင်းဒေသကြီးတံတားဦးမြို့၌ အဖ ရုပ်သေးမင်းသားကြီး ဦးဘစီ၊ အမိ ဒေါ်သင်းတို့က ၁၈၉၆−ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် မွေးဖွားသည်။ တစ်ဦးတည်းသော သမီးဖြစ်ပြီး ငယ်အမည် မစိန်ဥ ဖြစ်သည်။ အဘိုးဖြစ်သူသည် သီပေါမင်းလက်ထက် အသုံးတော်ခံဆိုင်း (သမီးတော်ဆိုင်း) တီးရသည့် ဆိုင်းဆရာကြီး ဦးထွန်းအောင်ဖြစ်ပြီး အင်းဝမြို့ဝန် ဦးလွှာ၏ အဆက်အသွယ်ဖြင့် နန်းတွင်း၌ ခစားဖျော်ဖြေခဲ့ရသည်။

ဖခင်ဖြစ်သူ ဦးဘစီမှာ သီပေါမင်းလက်ထက်က စင်တော်မင်းသား (ရုပ်သေးမင်းသား) ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်သင်းမှာလည်း သီပေါမင်းလက်ထက် စင်တော်ကလေး ဆိုင်းဆရာ ဦးထွန်းအောင်၏ သမီးဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ကြည်သည် သဘင်မျိုးရိုး ဆိုင်းမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။

ဒေါ်အောင်ကြည်သည် မဟာဂီတ သင်ရိုးများကို အဘိုးဖြစ်သူ ဆိုင်းဆရာကြီး ဦးထွန်းအောင်ထံတွင် ခုနှစ်နှစ် သမီးအရွယ်မှစ၍ သင်ကြားခဲ့သူဖြစ်သည်။ ထို့ပြင် အကပညာကိုလည်း ခုနှစ်နှစ် သမီးအရွယ်ကပင် သင်ကြားခဲ့ရာ ကိုးနှစ်၊ ဆယ်နှစ်သမီး အရွယ်တွင် အရွယ်နှင့် မလိုက်အောင် ထူးချွန်စွာ ကပြနိုင်ခဲ့သည်။ ထို့ကြောင့် အဘိုးနှင့် အဖေတို့က ဇာတ်ပညာများကိုပါ သင်ကြားပေးခဲ့ရာ ၁၆−နှစ် သမီးအရွယ်တွင် ဦးလေးတော်သူ လူရွှင်တော်ကြီး ဦးချစ်စရာနှင့် ရှမ်းပွဲ ဆရာတင်တို့ တည်ထောင်သော ဇာတ်အဖွဲ့၌ စတင်ပါဝင်ကပြ နိုင်ခဲ့သည်။ ငယ်မည် မစိန်ဥ အစား မအောင်ကြည် ဟူသောအမည်ကို ထိုအချိန်မှ စ၍ ရှမ်းပွဲဆရာတင်က ပေးခဲ့ခြင်း ဖြစ်သည်။ ရှမ်းပွဲဆရာတင်ဇာတ်တွင်နှစ်နှစ်ကျော် ကပြခဲ့ပြီးနောက် ဦးလေးဖြစ်သူ လူရွှင်တော် ဦးချစ်စရာ၏ အငြိမ့်အဖွဲ့တွင် ခေါင်းဆောင်မင်းသမီး အဖြစ် ကပြခဲ့ပြန်သည်။ တဖန် ဇာတ်လောကသို့ ပြန်လည်ကူးပြောင်း ကပြခဲ့ပြန်ရာ ဦးစိန်အုပ်၊ ဦးဘကွန်း၊ ဦးဘလှိုင်၊ ဦးကျော်ရှိန် စသည့် နာမည်ကျော် ဇာတ်မင်းသားကြီးများနှင့် တွဲဖက်ကပြခဲ့ရသည်။ တစ်ဖန် အငြိမ့်လောကသို့ ကူးပြောင်းခဲ့ပြန်ရာ စန္ဒရား မမကြီး၏ အငြိမ့်အဖွဲ့တွင် ခေါင်းဆောင်မင်းသမီး မအောင်ကြည်အဖြစ် နာမည်ကျော်ခဲ့ပြန်သည်။ ဒေါ်အောင်ကြည်သည် ရာမဇာတ်ပညာကို သီတာဒေဝီ မင်းသမီးကြီး ဒေါ်မြနု ထံတွင် သင်ကြားပြီး စကော့ဈေး ရာမဇာတ် အဖွဲ့၌ သီတာဒေဝီ မင်းသမီးအဖြစ် ပါဝင်ကပြခဲ့သေးသည်။

ဒေါ်အောင်ကြည်သည် မဟာဂီတ သီချင်းကြီးများကို အဘိုးနှင့် ဖခင်ထံတွင် သင်ရိုးကျွတ်သည်အထိ သင်ကြားခဲ့ယုံသာမက ရုပ်သေးမင်းသားကြီး ဦးထွန်းအိုင်၊ ရုပ်သေးမင်းသမီး ဆရာမှန်း၊ ဘာဂျာ ဆရာလွှား၊ ဒေဝဣန္ဒာမောင်မောင်ကြီး၊ စောင်းမောင်မောင်လတ်၊ စန္ဒရား မောင်မောင်လေး၊ ဆရာဘကြီး၊ ဆရာဘလေး သည့် ဂီတပညာရှင်ကြီးများထံတွင် မဟာဂီတ သီချင်းကြီး၊ သီချင်းခန့်များကို သင်ကြားတတ်မြောက်ခဲ့ပေရာ သီဆိုမှု ဂီတပညာတွင်လည်း ထူးချွန်ခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ကြည်သည် ရွာစားကြီး ဦးစိန်ဗေဒါ ဆိုင်းအဖွဲ့မှ နှဲဆရာ မြန်မာညွန့် ဦးချစ်မောင်နှင့် အိမ်ထောင်ကျခဲ့သည်။ ဦးချစ်မောင်မှာ ပတ္တလားကိုလည်း နိုင်နင်းစွာ တီးခတ်နိုင်သူ ဖြစ်ရာ ဒေါ်အောင်ကြည်သည် ဦးချစ်မောင်နှင့် တွဲဖက်၍ မဟာဂီတကို သင်ရိုးမပျက် တီထွင်ဆန်းသစ် တီးမှုတ်သီဆိုခဲ့သည်။

ဒေါ်အောင်ကြည်သည် နိုင်ငံတော် အစိုးရက ဖွဲ့စည်းသော သီချင်းကြီး ပန်ထျာမူမှန် ပြုစုရေးအဖွဲ့၌ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ရသည်။ မြန်မာ့ယဉ်ကျေးမှု တစ်ခုဖြစ်သော အဆိုအက၊ အနုသုခုမ ပညာလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော် အစိုးရက ဒေါ်အောင်ကြည်အား ၁၉၅၉-ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။

ဂီတလောကတွင် ထင်ပေါ်ကျော်ကြားလျက် ရှိသော အဆိုအက ဂီတပညာရှင်များက အများအားဖြင့် ဒေါ်အောင်ကြည့်ထံတွင် အခြေခံ ဂီတပညာများကို စည်းပူးခဲ့ကြသူများသာ ဖြစ်ကြသည်။ ဒေါ်အောင်ကြည်သည် မဟာဂီတ သီချင်းကြီးများကို ဆိုနည်းဆိုဟန်များသာမက တီးရိုးတီးကွက်များကိုပါ သင်ကြားပြသပေးနိုင်သူ ဖြစ်သည်။ အသက်ကြီးရင့်သည့် (၉၃)နှစ် အရွယ်ရောက်သည်အထိ သီချင်းကြီးစာသားများနှင့် တီးရိုးတီးကွက်များကို မေ့လျော့ခြင်း မရှိဘဲ တပည့်များအား သင်ကြားပြသနိုင်ခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ကြည်သည် မဟာဂီတ စာအုပ်များ၌ မပါဝင်သော ရှားပါးသီချင်းကြီးများကို သီချင်းစာသားများ ရွတ်ဆိုပြလျက် ဖော်ထုတ်ပေးခဲ့သည်။

ဒေါ်အောင်ကြည်၏ အဆိုအက ဂီတပညာကို အသံသွင်းခြင်း၊ ရုပ်မြင်သံကြားရိုက်ကူးခြင်းဖြင့် သက်ဆိုင်ရာက မှတ်တမ်းတင်ထားခဲ့သည်။ ဒေါ်အောင်ကြည်သည် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ဂီတအကြံပေး ပုဂ္ဂိုလ်အဖြစ်၎င်း၊ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန ဂီတစိစစ်ရေး အဖွဲ့ဝင်အဖြစ်၎င်း၊ မြန်မာ့အသံ သီချင်းကြီး စိစစ်ရေးအဖွဲ့ဝင်အဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဂီတလောကတွင် ဂီတမိခင်ကြီးဟု ထင်ရှားသော ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်သည် ၁၉၈၉-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၃)နှစ်ရှိပြီ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာစွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)