စန္ဒရား

ဝီကီပီးဒီးယား မှ
စန္ဒရားတစ်ခု

ယခုခေတ် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဂီတ တူရိယာများတွင် စန္ဒရား(Piano)သည် လူကြိုက်အများဆုံးနှင့် အရေးအပါဆုံးသော ကြိုးတပ်တူရိယာတစ်ခုဖြစ်ပေသည်။ ကြိုးတပ်တူရိယာဟုပင် ဆိုသော်လည်း၊ စန္ဒရားမှာ အခြားသောကြိုးတပ်တူရိယာများကဲ့သို့ မဟုတ်ဘဲ၊ ခလုတ်နှိပ်ယန္တရားတပ်ဆင်၍ တီးရသောကြောင့် လက်ချောင်း တစ်ချောင်းလျှင် အသံတစ်သံ နှိပ်လေရာ၊ လက်ဆယ်ချောင်းဖြင့် ဆယ်သံပြိုင်အထိ တစ်ကြိမ်တည်း တီးနိုင် သော တူရိယာဖြစ်သည်။ ပတ္တလားစောင်းဒုံမင်း စသည့် အသံစဉ် တူရိယာများမှာ စန္ဒရား အသံစဉ်နှင့်တူကြသော်လည်း၊ လက်တစ်ဖက်မှ တစ်ကြိမ်လျှင် တစ်သံသာ တီးခတ်နိုင်သော ကြောင့် စန္ဒရားကဲ့သို့ သံပြိုင်တွဲများပြားကျယ်ဝန်းစွာ မရချေ။

ဘော့ဝု လေးထောင့် စန္ဒရား၏ လှုပ်ရှားမှုသဏ္ဌာန်

စန္ဒရားမှာ အသံပြိုင်အသံတွဲများပြားကျယ်ဝန်းရုံမက အသံပြောင်း အသံလွှဲများတွင် အကူးအပြောင်း လွယ်ကူလျင်မြန်လှ၍၊ အခြားသော ကြိုးတူရိယာနှင့် တီးခတ် တူရိယာများ စုပေါင်းတီးခတ်သော အသံစုံကို တီးနိုင်သော တူရိယာဖြစ်ပေသည်။

အနောက်တိုင်း ဂီတသမိုင်းကို လိုက်စားသူတို့၏ အဆိုအားဖြင့် စန္ဒရားသည် ရှေးခေတ် ပါးရှင်းလူမျိုးတို့၏ မူရင်းဖြစ်သော 'ဒါးလဆီမာ'ခေါ် ကြိုးတပ်တူရိယာတစ်မျိုးမှ တဖြည်း⁠ဖြည်း တိုးတက်ကောင်းမွန် လာသော တူရိယာဖြစ်သည်။ ဒါးလဆီမာ တူရိယာသည် ရှေးနှစ်ပေါင်းများစွာအခါကပင် အရှေ့တိုင်း ပါးရှား ပြည်၌ရှိခဲ့သော တူရိယာတစ်ခုဖြစ်၍၊ ၁၁ ရာစုနှစ်နှင့် ၁၃ ရာစုနှစ်အတွင်း ကရူးဆိတ်စစ်သည်တော်များနှင့်အတူ ဥရောပတိုက်သို့ရောက်ရှိလာဟန်တူ၏။ ရှေးအကျဆုံး ဒါးလဆီမာမှာ ကြိုးဆယ်ချောင်းတပ် လက်ခတ်နှစ်ခုနှင့် တီးရသော တူရိယာဖြစ်၏။ ဥရောပတိုက်တွင် အလယ်ခေတ်ဆီက အသုံးအများဆုံးဖြစ်ခဲ့၍၊ တိုးတက်ကောင်းမွန်အောင်လည်း ပြုပြင်တီထွင်လာကြသည်။ ထိုခေတ်ကပင် ဒါးလဆီမာကို လက်ခတ်နှင့် မတီးဘဲ၊ လက်နှိပ်ခလုတ်များဖြင့် တီးသောစနစ် ကို တီထွင်ခဲ့ကြပြီးနောက် ခလုတ်တစ်ခုအတွက် ကြိုး ၂ ပင်မှ ၅ ပင်အထိ တပ်ဆင်ခဲ့ကြလေသည်။

ဤသို့ တဖြည်းဖြည်း တိုးတက်ကောင်းမွန်အောင်ပြုပြင်လာခဲ့ကြရာ၊ ၁၅ ရာစုနှစ်ဆီတွင် ယခုခေတ် စန္ဒရားများ၏အစဖြစ်သော'ကလာဗီခေါ့'ခေါ် လေးထောင့်ရှည်သေတ္တာပုံ လက်နှိပ်ခလုတ်ဖြင့်တီးရသော ကြိုး တူရိယာမျိုးပေါ်ပေါက်လာခဲ့သည်။ ကလာဗီခေါ့မှာ လေးထောင့်ရှည် သေတ္တာပုံတွင် အလျားလိုက်ကြိုးများ ပြိုင်တန်းလျက်ညှိကာ ထိုကြိုးများကို လက်နှိပ်ခလုတ်နှင့် ဆက်လျက်ရှိသော မောင်းတံဖြင့် ရိုက်ခတ် အသံထွက်စေသော တူရိယာဖြစ်၏။ အသံမြည်အောင် တီးခတ်ရန်အတွက် လက်နှိပ်ခလုတ်များသာမက လိုသောအသံအနိမ့်အမြင့်ကို ဖိပေးသောမောင်းတံများလည်း စန္ဒရား၌ တပ်ဆင်ထားသည်။ ခလုတ်တန်းမှာ ယခုခေတ် စန္ဒရားများတွင် တွေ့မြင်ရသော ခလုတ်တန်းကဲ့သို့ပင် အဖြူ နှင့် အနက် ခလုတ်များထားပုံ အစီအစဉ်တူသော်လည်း၊ အသံစဉ်ထားပုံမှာ ခြားနားသည်။

ကလာဗီခေါ့မှာ သေတ္တာရှည်ခပ်ပြား⁠ပြားကဲ့သို့ဖြစ်၍ ကြမ်းပေါ်တွင်ချ၍ဖြစ်စေ၊ စားပွဲပေါ်တွင်တင်၍ဖြစ်စေ၊ တီးနိုင်သည်။ ၁၆ ရာစုနှစ်ဖက်သို့ ရောက်သောအခါ၊ ကလာဗီခေါ့တူရိယာများကို အများ အပြားသုံးလျက်ပင် ရှိသော်လည်း၊ အလားတူ အခြားတူရိယာတစ်မျိုးပေါ်ပေါက်လာပြန်သည်။ ထိုတူရိယာမှာ ကလာဗီခေါ့ ကဲ့သို့ပင်ဖြစ်၍၊ အောက်မှ ခြေထောက်များတပ်ဆင်ထားသည်။ ခလုတ်တန်းမှာလည်း ကလာဗီခေါ့အတိုင်းပင်ဖြစ်၏။ သို့ရာတွင် ခလုတ်နှင့် မောင်းတံအစီအရင်တွင် မတူသောကြောင့် အသံတွင်လည်း မသိမသာကွဲပြားမှုရှိသည်။ မောင်းတံတွင် ငှက်တောင်ကလေးများ တပ်ဆင်၍ ခလုတ်မှ နှိပ်လိုက်သောအခါ ထိုငှက်တောင်က ကြိုးကိုခတ်မိပြီး အသံမြည်စေရန် စီမံထားသည်။ ဤတူရိယာများကို အင်္ဂလန်ပြည်တွင် မိန်မပျိုကလေးများ အသုံးများသဖြင့် 'ဗါဂျင်နယ်'ဟူသော အမည်ဖြင့် ခေါ်တွင်လေသည်။

ဤဗါဂျင်နယ် စန္ဒရားများမှတစ်ဆင့် ပုံစံအမျိုးမျိုး၊ ခလုတ်မောင်းစနစ်အမျိုးမျိုးကြံဆပြုပြင်၍ တီးခဲ့ကြရာ၊ ၁၇ ရာစုနှစ် အစဆီတွင် အင်္ဂလန်ပြည်၌ ပေါ်ပေါက်ခဲ့သော 'စပင်းနက်' စန္ဒရားမျိုးမှာ အသုံးများသော တူရိယာဖြစ်လာသည်။ ဗာဂျင်နယ်နှင့် စပင်းနက်တို့မှာ ကလာဗီခေါ့၏ စနစ်ကိုအခြေခံ၍ တပ်ဆင်ရသော်လည်း၊ ကြိုးနှင့်မောင်းတံချိန်ပုံ၊ အသံကိုထိန်း၍ ထားပုံတို့မှာ ကလာဗီခေါ့ထက် ကောင်းမွန်သည်။ ကြိုးများကို လိုရာအသံညှိရာတွင်လည်း ကလာဗီခေါ့ကဲ့သို့ ခလုတ်နှင့်ဖိ၍ ပေးရန်မလိုဘဲ၊ အသံစဉ်အလိုက် ညှိအပ်သောကြိုးကို အတိုအရှည် အစဉ်လိုက်ထား၍ တပ်ဆင်သည်။ စပင်းနက်မှာ စောင်းကဲ့သို့ သုံးထောင့်သဏ္ဌာန်စားပွဲပုံဖြစ်၍၊ ယခုခေတ်တွင် တွေ့မြင်ရသော 'ဂရင်း' ခေါ် စားပွဲစန္ဒရားကြီးများကဲ့သို့ပင် ဖြစ်၏။

ဗာဂျင်နယ်၊ စပင်းနက်တို့နှင့် တစ်ခေတ်တည်းပေါ်ပေါက်ခဲ့သော စန္ဒရားတစ်မျိုးမှာ ဟာ့ပ်ဆီ‌ကော့ဒ် ခေါ် စားပွဲစန္ဒရားကြီး တစ်မျိုးပင်ဖြစ်သည်။ ဟာ့ပ်ဆီ‌ကော့ဒ် ခလုတ်မောင်းတံနှင့် အသံမြည်စေသော စနစ်မှာ ငှက်တောင်များဖြင့် ကြိုးကိုပွတ်ခတ်သော စနစ်ပင်ဖြစ်သော်လည်း၊ ပမာဏကြီးခြင်း၊ ခလုတ်တန်း ၂ တန်း အထိ ထားရှိခြင်းတို့ကြောင့် အသံမြိုင်သည်။ ကလာဗီခေါ့၊ ဗာဂျင်နယ်၊ စပင်းနက်နှင့် ဟော့ပဆီခေါ့ တူရိယာများကို ၁၇ ရာစုနှစ် အကုန်အထိ ဥရောပတိုက်နိုင်ငံ အနှံ့အပြားတွင် နှစ်သက်စွာသုံးစွဲခဲ့ကြရာ၊ အဆိုပါ တူရိယာများ ဖြင့် ဥရောပတိုက် ဂီတသမိုင်းတွင် ထင်ရှားသော ဂီတပညာရှင်ကြီးများဖြစ်သည့် ဗါခ်၊ ဟန်းဒယ်၊ မိုးဇတ်၊ ဟိုင်းဒင် အစရှိသူများ ထွန်းကားခဲ့ကြသည်။ ဤသို့ ဂီတပညာရှင်များ ထွန်းကားလျက်ရှိသည်နှင့်အမျှ ဂီတတူရိယာလုပ်သူ များကလည်း မနေမနား အားထုတ်လုပ်ကိုင်တီထွင်ကြရာ၊ ၁၇ဝ၉ ခုနှစ်ခန့်တွင် အီတာလျံလူမျိုး ဟာ့ပ ဆီခေါ့ ပြင်သူခရီစတော့ဖိုရီသည် တိုးတက်ကောင်းမွန်သော စနစ်သစ်ဖြင့် အသံကျယ်၍ညက်ညောသော 'ပီယာနိုဖိုတီ'ခေါ် စန္ဒရားတစ်မျိုးကို ပြုလုပ်ခဲ့လေသည်။ အီတာလျံဘာသာ 'ပီယာနိုဖိုတီ'မှ 'ပီယာနို'ဟူသော အခေါ် ဖြစ်ပေါ်လာသည်။

ပီယာနိုဖိုတီ သို့မဟုတ် ပီယာနိုများမှာ ကြိုးတပ်ဆင်ပုံ ခလုတ်တန်းထားပုံတို့၌ ရှေးစန္ဒရားများနှင့် တူသော်လည်း မောင်းတံဖြုတ်ကြိုးကို ရိုက်ခတ်ပုံမှာ မတူချေ။ ခရီစတော့ဖိုရီ၏ စနစ်မှာ ခလုတ်နှင့်မောင်း တစ်ဆက်တည်းမဟုတ်ဘဲ၊ နှိပ်လိုက် သောအခါမှ ထိစေရန်ချိန်၍၊ အလွတ်ထားကာ မောင်းတံထိပ် တွင် သက္ကလတ်စ တူကလေးများဖြင့် ကြိုးကိုတီးခေါက် အသံ ထွက်စေရန် စီမံသည်။ ခလုတ်ကို နှိပ်လိုက်သောအခါ၊ မောင်း တံကို ပင့်တင်ပေးပြီးလျှင် မြောက်တက်သွားသော မောင်းတံ၏ အဖျားရှိ သက္ကလတ်စတူကလေးက ကြိုးကိုခေါက်သည်။ ထိုသို့ စီမံထားရုံမက ကြိုးကို တီးခေါက်ရာတွင် ကောင်းမွန်မှန်ကန် သော အသံကိုရရှိစေရန် မောင်းတံကို ထိန်းသည့်အစီအမံများ လည်း တပ်ဆင်ထားသည်။

ခရီစတော့ဖိုရီတွင် တပည့်များရှိသော်လည်း၊ သူ၏လုပ် ငန်းကို အဖွဲ့နှင့် မလုပ်ကိုင်ခဲ့သောကြောင့် ၁၇၃၁ ခုနှစ်တွင် သူကွယ်လွန်သောအခါ သူ၏ တပည့်များသည် ဤလုပ်ငန်းကို ဆက်လက်၍ မလုပ်ကိုင်နိုင်ကြတော့ချေ။ မည်သို့ပင်ဖြစ်စေ၊ ဂျာမနီပြည်မှ ဩဂင်နှင့် စန္ဒရား(ကလာဗီခေါ့၊ ဟာ့ပဆီခေါ့)များ လုပ်သူ ဂေါ့ဖရိုက် ဆီးလဗားမန်း ဆိုသူသည် ခရီစတော့ဖိုရီ၏ ပီယာနိုဖိုတီမျိုးကို ဆက်လက်လုပ်ကိုင်နိုင်ခဲ့လေသည်။ ခရီ စတော့ဖိုရီ မကွယ်လွန်မီက စန္ဒရားများကို အထူးကောင်းမွန် အောင်ပြုပြင်လုပ်ကိုင်ခဲ့ကြသူများတွင် ရှရိုးတားအမည်ရှိ ဂျာမနီ ပြည်သား တစ်ဦးသည်လည်း ထင်ရှားခဲ့သည်။ ဆီးလဗားမန်း သည် ရှရိုးတား၏ ပုံစံကို အခြေပြုသည်ဟုလည်း အချို့က ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ၊ ဆီးလဗားမန်း၏ စန္ဒရားများ သည် ခရီစတော့ဖိုရီ၏ စန္ဒရားများနှင့် တစ်စနစ်တည်းဖြစ်လာ သည်။ ထို့နောက်တွင် ဂျာမနီပြည်သား ဖရက် ဒရီဆီသည် လေးထောင့်စားပွဲပုံ စန္ဒရားကြီးများကို ထွင်၍လုပ်ကိုင်ခဲ့ပြန် သည်။ ထိုလေးထောင့်စားပွဲ စန္ဒရား ကြီးများသည် နောက်ထပ် ဆက်လက်၍ မပေါ်ပေါက်ခဲ့သော်လည်း ထိုစနစ်ကိုယူ၍ ဗရပ် ဆဲမြို့မှ ဗစ်တာမာအီယွန်းသည် ၁၇၄၅ ခုနှစ်တွင် ထောင်လိုက် စန္ဒရားများကို လုပ်ကိုင်ခဲ့ရာ၊ ထိုစန္ဒရားသည်၊ 'ဖရက် ဒရီဆီ၏ ထောင်လိုက်စန္ဒရား' ဟုတွင်သည်။

ထိုအခါမှစ၍ ပြားလိုက်ဖြစ်သော ခရီစတော့ဖိုရီ၏ စန္ဒရားမျိုး၊ ဖရက်ဒရီဆီ၏ လေးထောင့်စားပွဲ စန္ဒရားမျိုးနှင့် မတ်တတ်(ထောင်လိုက်) စန္ဒရားမျိုးဟူ၍ သုံးမျိုးသုံးစားရှိခဲ့ သည်။ ပထမအမျိုးဖြစ်သော ပြားလိုက် စန္ဒရားမျိုးကို ဂရင်းဟု ခေါ်တွင်သည်။ လေးထောင့်စားပွဲ စန္ဒရားမျိုးကား ယခုအခါ မသုံးစွဲကြတော့သလောက်ပင် တိမ်မြုပ်သွားပြီဖြစ်၍၊ မတ်တတ် စန္ဒရားများကိုကား အများအပြားပင် သုံးစွဲလျက်ရှိပေသည်။ ဤသို့လျှင် အပြည်ပြည်မှ ဂီတပညာရှင်များနှင့် ဂီတတူရိ ယာပါရဂူများသည် တစ်စထက်တစ်စတိုးတက်ကောင်းမွန်အောင် ပြုပြင် လုပ်ကိုင်၍လာခဲ့ကြရာ၊ ယခုအခါ အလွန်ကောင်းမွန် သော ဂရင်း သို့မဟုတ် မတ်တတ်စန္ဒရားကြီးများသည် ကမ္ဘာ တစ်ဝှန်းလုံးရှိ ဂီတလောကတွင် ခေတ်စားတွင်ကျယ်လျက် ရှိလေသည်။

အထက်၌ ဖော်ပြခဲ့သည့်အတိုင်း ဥရောပတိုက်မှ ပီယာနိုဖို တီများဖြစ်လာပုံ အဆင့်ဆင့်သမိုင်းစဉ်ကို အမြွက်မျှသိခဲ့ကြပြီ ဖြစ်သော်လည်း၊ ထိုပီယာနိုဖိုတီသည် မည်သည့်အခါက မြန်မာ ပြည်သို့ ရောက်ရှိလာ၍၊ မည်သည်ကိုအစွဲပြုကာ စန္ဒရားဟူ သော မြန်မာ ဝေါဟာရဖြင့် ခေါ်တွင်ခဲ့သည်ကို လေ့လာရန် လို အပ်ပေသေးသည်။

မြန်မာ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ စန္ဒရားဟူသော ဝေါဟာရကို သုံးခဲ့သော အစောဆုံးကာလကို ရှာသည်ရှိသော်၊ ပုဂံဝန်ထောက် ဦးတင် ရေးသော ကဗျာဗန္ဓသာရကျမ်း၌ 'သဘင်သည် ၃၇ ရပ်' ကျောက်စာများတွင်ပါပုံကို ဖော်ပြရာတွင် '၅၉၇ ခုနေ့စွဲပါသော မင်းဆရာပိတရစ်ကျောက်စာတွင် စန္ဒရားသည်ဟူ၍လည်းကောင်း၊ သိခြင်းသည် (သီချင်းသည်) ဟူ၍လည်းကောင်း၊ စည်သည်ဟူ၍လည်းကောင်း၊ ရေးသား ပါရှိသည်' ဟူ၍ ဖော်ပြထားသည်ကို တွေ့ရ၏။ ထို့ကြောင့် စန္ဒရားမှာ ပုဂံခေတ်လောက်ကပင် ရှိနေသည်ဟုဆိုရပေမည်။ သို့သော် ထိုအချက်ကို ခိုင်လုံစေမည့် အခြားအထောက်အထားများကိုမူ မတွေ့ရချေ။ ထို့ပြင် ထိုကဗျာဗန္ဓသာရကျမ်းအရ

  • (၁) စည်မျိုး ၁၃ ပါး၊
  • (၂) ကြေးမျိုး ၁ဝ ပါး၊
  • (၃) တံပိုးမျိုး ၈ ပါး၊
  • (၄) အငြိမ့်မျိုး ၆ ပါးဟူ၍ ရကင် ၃၇ ချင်း (ဝါ) တူရိယာ ၃၇ ချင်းရှိရာတွင် မြန်မာသက္ကရာဇ် ၁ဝ၇၆-၁ဝ၉၅ ခုနှစ်အတွင်း အင်းဝဘုရင် တနင်္ဂနွေမင်း တရားကြီးလက်ထက်

စီရင်ရေးသားသော ဦးကုလား၏ မဟာရာဇဝင်ကြီးတွင် 'အငြိမ့် မျိုး ၆ ပါးဟူသည် ကား၊ စောင်းလည်းတစ်ပါး၊ ငြင်းလည်း တစ်ပါး၊ မိကျောင်းလည်း တစ်ပါး၊ အောင်းကလေးလည်း တစ်ပါး၊ စန္ဒရားလည်း တစ်ပါး၊ တရောလည်းတစ်ပါး၊ ဤ ခြောက်ပါးတည်း'ဟူ၍ ဖော်ပြထား၏။ စန္ဒရားကို အစောဆုံး ဖော်ပြထားသည့် အထောက်အထားဖြစ်ပေသည်။ သို့သော် ဦးကုလားရာဇဝင်ကို အခြေခံပြု၍ ချဲ့ထွင်ရေးသား အပ်သော မှန်နန်းရာဇဝင်တော်ကြီး၌မူ၊ စန္ဒရား၏နေရာတွင် ပတ္တလားကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရလေသည်။ ထို့ပြင် မာဃဒေဝလင်္ကာသစ်၌လည်း 'စောင်းငြင်း၊ မိကျောင်း၊ အောင်းပတ္တလား၊ တရောအားဖြင့် ခြောက်ပါးငြိမ့်မျိုး'ဟူ၍ အငြိမ့်မျိုး ခြောက်ပါးတွင် စန္ဒရားနေရာ၌ ပတ္တလားကို ထည့်သွင်းစပ်ဆိုထားသည်ကိုတွေ့ရ၏။ သို့ရာတွင် မြန်မာသက္ကရာဇ် ၁⁠၁၆ဝ ပြည့်နှစ်တွင် စပ်ဆိုသော တွင်းသင်းမင်းကြီး၏ ဝေဿန္တရာပျို့၌ သားတော် ဝေဿန္တရာမင်းသားကို ပြန်လည်ခေါ်ဆောင်ရန်အတွက် စေတုတ္ထရာပြည်မှ ဝင်္ကပါ တောင်သို့ ဆိုက်အောင် ပွဲလမ်းသဘင်များစီရင်စေခန်းတွင် 'စောင်းငြင်းမိကျောင်း၊ အောင်ကလေးကျော်၊ သံငေါ်လက်ခုပ်၊ စည်းဆုပ်ပတ္တလား၊ စန္ဒရားတို့၊ ထွေပြားရေးရာ၊ တေးတျာအေးမြတ်၊ ငြိမ်သက် သီးသီး၊ နားမငြီးအောင်၊ မှုတ်တီးလိုက်လား၊ အငြိမ့်သားသည်၊ သံထားညင်းညင်း ပွန်စေတုံ'ဟူ၍ အငြိမ့်သားတို့ တီးမှုတ်ရမည့် တူရိယာတွင် ပတ္တလားနှင့် စန္ဒရားနှစ်မျိုးလုံးကို ထည့်သွင်း ရေးစပ်ဖော်ပြထားသည်ကို တွေ့ရ ပြန်သည်။ ယင်းသို့သော တွေ့ရှိရချက်တို့ကြောင့် မြန်မာနိုင်ငံတွင် ရှေးအခါကပင် စန္ဒရားဟုခေါ်သော တူရိယာတစ်မျိုးရှိခဲ့ပေမည်ဟု ယူဆရ၏။

သို့သော် ထိုခေတ်က စန္ဒရားခေါ်သော တူရိယာ၏ ပုံသဏ္ဌာန်ကို အတိအကျမသိရပေ။ ထိုစန္ဒရားခေါ်သော တူရိယာသည် ယခုခေတ်တွင် စန္ဒရားဟူ၍ ခေါ်နေကြသည့် ပီယာနိုများမှာ သိုးဆောင်းသံစဉ်ဖြင့် ပြုလုပ်ထားသော တူရိယာများဖြစ်သည်။ ပီယာနိုဖိုတီတူရိယာသည် မြန်မာပြည်သို့ ခရစ် ၁၈၇၂ ခုနှစ်၊ မင်းတုန်းမင်းတရားလက်ထက်က အီတာလျံသံများ လက်ဆောင်ပဏ္ဏာအဖြစ် ယူဆောင်လာ၍ ရှေးဦးစွာရောက်ရှိလာသည်ဟုဆိုသည်။ "ခရစ်နှစ်-၁၂၃၅ ခုနှစ်ထိုး မင်းဆရာ ပိတရစ် ကျောက်စာတွင် သိခြင်သည်(သီချင်းသည်)၊ စန္ဒြသည်(စန္ဒရားသည်) စသည်ဖြင့် ရေးထိုးထားသည်။" [၁]

ထိုအခါက နန်းတွင်းဂီတပညာသည်များမှ ပတ္တလားဆရာ ဆရာညွှန့်သည် ပီယာနိုဖိုတီ၏ သံစဉ်သဘောကို စမ်းသပ်လေ့လာပြီးလျှင် ပတ္တလားလက်ကွက်အတိုင်းညှိကာ မြန်မာသီချင်းတီး၍ ရွှေနားတော်သွင်းခဲ့သည်ဟု သိရပေသည်။ မည်သို့ပင်ဖြစ်စေ၊ မြန်မာပြည်နှင့် ဥရောပတိုက် အဆက်အသွယ်များလာသော အနောက်ခေတ်တွင် စန္ဒရားများကို ငွေကြေးတတ်နိုင်သူ မြန်မာဂီတပညာရှင်တို့လည်း ဝယ်ယူသုံးစွဲလာခဲ့ကြရာ၊ ထိုတူရိယာ၏ သဘောအမှန်ကို တွေ့ရှိလာကြသဖြင့် စန္ဒရားတီး၍ ကျော်ကြားသူများပင် ပေါ်ပေါက်လာခဲ့ပေသည်။ မြန်မာလူမျိုးထဲမှ ရှေးဦးစွာ စန္ဒရားဝယ်၍ တီးခဲ့သူမှာ ဦးဧမောင် ဆိုသူဖြစ်၍၊ ထို့နောက်တွင် စန္ဒရားဆရာမောင်၊ စန္ဒရားဘအုန်း စန္ဒရားမမကြီး၊ စန္ဒရားချံပီယန် မောင်ကျော် စသည်ဖြင့် ထင်ရှားသူများသည် တစ်ခေတ်ပြီး တစ်ခေတ်ပေါ်ထွက်လာခဲ့ကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့ဂီတသမိုင်းကြောင်း၊ တင်နိုင်တိုး၊ ဒေးလီးအလဲဗင်း နေ့စဉ် (၁.၇.၂၀၁၄)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)