မာတိကာသို့ ခုန်သွားရန်

အရေးကြီးပြီ

ဝီကီပီးဒီးယား မှ

အရေးကြီးပြီ (သွေးသစ္စာ) သီချင်းသည် မြန်မာနိုင်ငံ၏ လူသိများထင်ရှားသော စိတ်ဓာတ်ခွန်အားပေး တော်လှန်ရေးတေးသီချင်းတစ်ပုဒ် ဖြစ်သည်။ မူလတေးရေးနှင့် တေးဆိုမှာ ထူးအိမ်သင် ဖြစ်ပြီး၊ မွန်းအောင် မှ အဓိကထား သီဆိုခဲ့သည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဖြစ်စဉ်အပြီးတွင် ပေါ်ပေါက်လာခဲ့သော တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြပွဲများတွင် ပြည်သူလူထု၏ ဇွဲသတ္တိနှင့် စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သည့် အထိမ်းအမှတ်သီချင်းတစ်ပုဒ်အဖြစ် ပြန်လည်ရေပန်းစားလာခဲ့သည်။[]

ထို့နောက် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဤသီချင်းကို သံစုံတီးဝိုင်းဖြင့် တီးခတ်ကာ ပြည်သူများ၏ ဆန္ဒဖော်ထုတ်သည့် ကြွေးကြော်သံများကို ပေါင်းစပ်ထည့်သွင်း၍ စိတ်အားတက်ကြွဖွယ် ပုံစံသစ်ဖြင့် ပြန်လည်ဖန်တီး သီဆိုခဲ့ကြသည်။[]

ဖြစ်ပေါ်လာပုံ

[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြေအောက်စခန်း၌ တေးရေး ထူးအိမ်သင် တောခိုစဉ် ရေးသားခဲ့ပြီး၊ ၁၉၉၁ ခုနှစ်တွင် အဆိုတော် မွန်းအောင်က ဘန်ကောက်မြို့၌ သီဆိုအသံသွင်းကာ ၁၉၉၂ ခုနှစ်တွင် ဘန်ကောက်မြို့၌ပင် လျှို့ဝှက်ဖြန့်ချိခဲ့သည်။ သီချင်းသည် ၁၉၉၂ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများတွင် ချီတက်သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။ သီချင်းမူပိုင်ခွင့်နှင့် ပတ်သက်၍လည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု အခမ်းအနားများတွင် လွတ်လပ်စွာသုံးစွဲပိုင်ခွင့် ရှိသည်ဟု မူပိုင်ခွင့်တာဝန်ရှိသူ အဆိုတော် မွန်းအောင်က ဖွင့်ဟပြောကြားခဲ့သည်။[]

သီချင်းစာသား

[ပြင်ဆင်ရန်]

"အရေးကြီးပြီ ညီနောင်အပေါင်းတို့ ... သွေးစည်းကာ ညီစေညီကြစို့ ....

ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့သည် ... သွေး သစ္စာလည်း ပြုခဲ့ပြီ ...

အရေးကြီးပြီ ညီနောင်အပေါင်းတို့ ... သွေးစည်းကာ ညီစေညီကြစို့ ...

ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့သည် ... သွေး သစ္စာလည်း ပြုခဲ့ပြီ ...

နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ ... သေပါစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ

နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ ... သေပါစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ

လွပ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည် ... အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်

ကူးယူဖော်ပြမှုနှင့် တုံ့ပြန်ချက်

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် မြဝတီရုပ်သံလိုင်းသည် တေးရေး ထူးအိမ်သင် ရေးသားပြီး အဆိုတော် မွန်းအောင် သီဆိုခဲ့သော “အရေးကြီးပြီ- (သွေးသစ္စာ)” သီချင်း၏ စာသားအချို့ကို ပြင်ဆင်၍ စစ်သီချင်းတစ်ပုဒ်အဖြစ် ထုတ်လွှင့်ခဲ့သည်။ အဆိုပါ လုပ်ရပ်နှင့် ပတ်သက်၍ သီချင်း၏ မူပိုင်ခွင့်တာဝန်ရှိသူ အဆိုတော် မွန်းအောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တုံ့ပြန်ခဲ့သည်။ ၎င်း၏ တုံ့ပြန်ချက်တွင် စစ်တပ်အနေဖြင့် မူလလက်ရာကို ခွင့်ပြုချက်မရှိဘဲ စာသားများ ပြင်ဆင်၍ အသုံးပြုနေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။[][]

လူမှုကွန်ရက်စာမျက်နှာများ၌ စစ်တပ်၏လော်ဘီများမှ မူရင်းသီချင်းဟုဆိုကာ ဝါဒဖြန့်လျက်ရှိကြသည်။ AI နည်းပညာဖြင့်ပြုလုပ်ထားသော သီချင်းအား ၁၉၆၀ခုနှစ်အလွန်များ၌လုပ်ခဲ့သည့်အလား ပြောဆိုလျက်ရှိကြသည်။ သို့သော် အချက်အလက်များအား စစ်ကြည့်ပါက မူရင်းရေးသားသူမှာ ထူးအိမ်သင်ဖြစ်ကြောင်း အဆိုပါ၁၉၆၀မှသီချင်းမှာ ဘယ်တော့အခါကမှမရှိခဲ့ကြောင်းထင်ရှားလေသည်။[]

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြည်သူ့ကြွေးကြော်သံ၊ Orchestra တီးဝိုင်း ဗားရှင်းအသစ်ဖြင့် ထွက်ရှိလာသည့် သွေးသစ္စာ သီချင်း (ရုပ်သံ) DVB (၅ မတ် ၂၀၂၁)။
  2. အရေးကြီးပြီ (သို့) သွေးသစ္စာ ဂီတဖျော်ဖြေပွဲ ဗန်ကူးဗားတွင်ကျင်းပ (in en)။ 2026-05-26 တွင် ပြန်စစ်ပြီး။
  3. အရေးကြီးပြီ − Myanmar Times 21 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  4. “အရေးကြီးပြီ” တော်လှန်ရေးသီချင်းကို စစ်အုပ်စုက ခိုးယူခဲ့သည့်အပေါ် အဆိုတော် မွန်းအောင် တုံ့ပြန် (in en)။ 2026-05-26 တွင် ပြန်စစ်ပြီး။
  5. တော်လှန်ရေး သီချင်းဖြစ်တဲ့ သွေးသစ္စာသီချင်း ကို ပုံဖျက်ခံရ၊ ဝါဒဖြန့်စစ်ပွဲ ရဲ့မျက်နှာစာတခု 2026-05-26 တွင် ပြန်စစ်ပြီး။
  6. သွေးသစ္စာကို ဘယ်သူပိုင်သလဲ - Myanmar Pressphoto Agency (in en-US) (2026-05-26)။ 2026-05-27 တွင် ပြန်စစ်ပြီး။