ယတြာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ယတြာ[ပြင်ဆင်ရန်]

လိုအပ်သောအကျိုး၊ မလိုအပ်သောအကျိုးနှစ်ပါး တို့ကို ကောင်းစွာ ဖြစ်စေတတ်၊ ရောက်စေတတ်သောကြောင့် ယတြာဟု ခေါ်သည်။ မတည်မငြိမ် နေရာရွေ့ပြောင်းခြင်း စသော ကျိန်းချေခြင်းကို ယတြာချေသည်ဟု ခေါ်၏။ စစ် တိုက်ဝံ့အောင် လေ့ကျင့်ပြီးသော ဆင်၊ မြင်း ယတြာရပြီး ဆင်၊ မြင်းဟု ခေါ်သည်။

ဆပွတ်၊ ပဉ္စပွတ်၊ စတုရန်း၊ တြိရန်းတို့ကို အကြောင်းပြု၍ ယတြာဆင်ခြင်း၊ ယတြာချေခြင်း၊ ဓာတ်ပြန်ခြင်း၊ အပဓာတ် ယတြာဖြင့် လူနာကို ကုသခြင်း စသည်တို့ကို ပြုရလေသည်။ 'သူ့ကိုနိုင်လို၊ ဆနှင့်ခို၊ လိုရာ ဆေးဖော်သုံး'ဆိုသည့် လက‡ာအရ တစ်ဦးတစ်ယောက်အား ကြာသပတေးနံ ဖြစ်သော 'မြွေ'ကိုက်လျှင် ထိုမြွေဆိုသည့် ကြာသပတေးနံကို အခြေခံ ထားလျက် ထိုကြာသပတေးနံ၏ ဆပွတ်ဖြစ်သော အဂ‡ါနံ ဖြစ်သည့် 'မီးစ'နှင့် ကိုက်မိသော နေရာတွင် ထိုးပေးလျှင် မြွေဆိုး၊ မြွေကြမ်း အကိုက်ခံရသည်ပင် ဖြစ်လင့်ကစား မြွေ ကိုက်ခံရသူသည် မုချ ချမ်းသာခွင့်ကို ရနိုင်ပေသည်။ နောက်မှ မီးစ နှင့်ထိုးသော အနာကို ပျောက်ကင်းအောင် ကုသနိုင်သည် ဟု ဆိုသည်။

တစ်နည်း စနေအဖျားနံဖြစ်သော 'လင်းတ'ငှက်ကို ထိုနံ၏ ဆပွတ်ဖြစ်သော ကြာပတေးနံဖြစ်သည့် 'ဖော့' နှင့် မကြာခဏ ရိုက်နှက်ပေးလျှင် ထိုငှက်သည် ဓာတ်ခိုက်ပြီးလျှင် အမှန် သေဆုံးမည်ဟု ဆိုလေသည်။

ဓာတ်ပြန်အကြောင်းနှင့် စပ်လျဉ်း၍ 'လက်ပံမြင်းလား၊ မှတ်သားတစ်ခန်း၊ ဖွဲကြမ်းကင်ပွန်း၊ ဓာတ်ပြန် ညွှန်း၏'ဟူ၍ လာရှိရာ ဓာတ်ခိုက်ပုံကို သိလိုလျှင် အသီးရှိသော လက်ပံ ပင်ကို မြင်းလား၏ အစွယ်နှင့် ရိုက် ပေးလျှင် အပင်ပေါ်ရှိ အသီးများအားလုံး ကြွေကျကုန်သည်ကိုလည်းကောင်း၊ အသီးရှိသော ကင်ပွန်းပင်၏ အရင်း၌ ဖွဲကြမ်းများကို စုပုံ၍ မီးရှို့လိုက်လျှင် အပေါ်သို့ မီးခိုးတက်၍ အသီးများကို အငွေ့ ဓာတ်ထိသည်နှင့် တစ်ပြိုင်နက် အသီးများ ကြွေကျလာသည်ကို လည်းကောင်း တွေ့ရလိမ့်မည်ဟု ဆို၏။ ယကြာကောင်းလျှင် မင်းလောင်းပျောက်သည်ဟုလည်း ဆိုလေသည်။

ရှေးမြန်မာမင်းများ လက်ထက်က ယတြာပြုခြင်းကြောင့် အကျိုးပြီးပုံကို သာဓကအဖြစ် ဖော်ပြရသော် သက္ကရာဇ် ၉၇၆ ခုနှစ်၌ အင်းဝမြို့သို့ အုပ်စိုးလျက်ရှိသော အနောက်ဘက်လွန် မင်းတရားကြီးသည် တောင်ငူကို တိုက်ခိုက်လိုသဖြင့် မိမိ ကိုးကွယ်သည့် ဘားမဲ့ဆရာတော်အား လျှောက်ထားရာတွင် ဆရာတော်က တောင်ငူကို နိုင်လိုလျှင် ပြောင်းပြန် (ဓာတ်ပြန်) ပြု၍ 'ငူတောင်'နှင့်နံတူဖြစ်သော ခံတက်ပင်ကိုရှာပြီးလျှင် မင်းတရားကြီး၏ နေ့နှင့်ဆိုင်ရာ တေဇအရပ်ရှိ ခံတက်ပင်တွင် မူလအခြေခံသဖွယ် တပ်စခန်းချ၍ လုပ်ကြံလျှင် အောင်မြင် လိမ့်မည်ဟု မိန့်တော်မူလေသည်။

မင်းတရားကြီးသည် စစ်သည်တော် အမြောက်အမြားနှင့် တောင်ငူသို့ ချီတက်သွားပြီးလျှင် မင်းတရားကြီး၏ တေဇ အရပ်တွင် ခံတက်ပင်ကို ရှာဖွေစေသည်။ ရုတ်တရက်တွင် မတွေ့ရသော်လည်း အဆောက်အအုံများ ဆောက်လုပ်ရန်ထား ရှိသော ပျဉ်ပုံကို ရွှေ့လိုက်သောအခါတွင် မင်းတရားကြီး၏ တေဇအရပ်၌ပင် ခံတက်ပင်ကို တွေ့ရှိသဖြင့် ထိုနေရာ၌ပင် တပ်စခန်းကို ချစေလေသည်။

သို့သော် တောင်ငူမြို့ရှိ ဘုရင်မင်းမြတ် ကိုးကွယ်ဆည်းကပ် ထားသော ရှင်မုန်ယို အမည်ရှိသည့် ဆရာတော်ကလည်း ယတြာဆင်ထားသဖြင့် ကျွဲခေါင်းရိုးနှင့် နွားခေါင်းရိုး ပုံ သဏ္ဌာန်များသည် လာ၍ တစ်ဖက် စစ်သည်တော်များဖြစ် သော လူ၊ မြင်းနှင့် ဆင်များကို လိုက်လံ ပစ်ခတ်ကြသဖြင့် မင်းတရားကြီး၏ တပ်သည် မကြာခဏ လန့်ဖျပ်လေသည်။

ထိုကြောင့် မင်းတရားကြီးသည် ဘားမဲ့ဆရာတော်ထံသို့ မြင်းစေ တော်များလွှတ်၍ ထိုအကြောင်းကို လျှောက်စေလေသည်။ ဘားမဲ့ဆရာတော်သည် ထိုအကြောင်းကို သိရသော အခါ မည်သို့မျှ မိန့်ကြားတော်မမူဘဲ ဒေါက်ချာတစ်ခုကို ယူကာ ဦးခေါင်း၌စွပ်၍ အတန်ငယ်ကြာက ဦးခေါင်းမှ ချွတ်ကာ ကြမ်း ပြင်ပေါ်သို့ ပစ်ချပြီးလျှင် ကျက်သရေခန်းတွင်းသို့ ဝင်သွားရာ ပြန်၍ မထွက် တော့ချေ။ မြင်းစေကျော်များသည် တာရှည် မနေဝံ့ကြသဖြင့် အလျင်အမြန် မင်းတရားကြီးထံသို့ ပြန်ကြပြီး လျှင် အကြောင်းစုံကို သံတော်ဦးတင်ကြလေသည်။

ထိုအခါ မင်းတရာကြီးသည် ဘာသာရေး၊ သာသနာရေးနှင့် သက်ဆိုင်၍သာ ဆရာတော်က မိန့်ကြားလိုက်ခြင်း ဖြစ်ရမည် ဟု စဉ်းစားပြီးလျှင် အတိတ်နမိတ်ကို ကောက်ယူတော်မူလေ သည်။ နိမိတ်ကောက်ယူတော်မူပုံမှာ တောင်ငူမြို့နှင့် တစ်ပြိုင် တည်း တည်ခဲ့သော မြတ်စောညီနောင်ဘုရားမှ ထီးတော်ကို ချစေလိုခြင်းဖြစ်ရမည်ဟူ၍ ဖြစ်သည်။ ထိုသို့ ကောက်ယူပြီး သည်နှင့် တစ်ပြိုင်နက် မြတ်စောညီနောင် ဘုုရားမှ ထီးတော်ကို ချစေသည်။ ထိုသို့ ချပြီးသည်နှင့် တစ်ပြိုင်နက် ယခင် ကျွဲ ခေါင်းရိုးနှင့် နွားခေါင်းရိုး သဏ္ဌာန်များလည်း ပျောက်ကွယ် ကုန်ကြလေသည်။ ဤသို့ဖြင့် အနောက်ဘက်လွန်မင်းတရားကြီး သည် တောင်ငူကို ဆက်၍ တိုက်ခိုက်ရာ အောင်မြင်ခဲ့လေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)