အဗျောက်

ဝီကီပီးဒီးယား မှ

အဗျောက် (အင်္ဂလိပ်: Abyout, ၁၉၃၂ - ?) သည် ၁၉၄၅-၁၉၇၅ ဝန်းကျင်တွင် ဆယ်စုနှစ်သုံးခုလောက် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများ၌ ပရိသတ် တိုးမပေါက်အောင် ထင်ရှားသော လက်ဝှေ့ကျော် ဖြစ်သည်။ မွန်လူမျိုး လက်ဝှေ့ကျော်ဟောင်း အဘစ်၏ မြေး ဖြစ်သူ အဗျောက်သည် ဇင်းကျိုက်ဘုရားပွဲ လက်ဝှေ့ကြိုးဝိုင်းမှ စတင် ထင်ရှားလာပြီး၊ အသက် ၂၅ နှစ်တွင် ကျိုက်ခေါက်ဘုရားပွဲရွှေဟင်္သာမဲပြာနှင့် ငွေဟင်္သာဟူသော လက်ဝှေ့သမားတို့နှင့် ယှဉ်ပြိုင်ထိုးသတ်ကာ လက်ဝှေ့ပထမတန်းအလံကို ရရှိသည်။ ယင်းမှာ ၁၉၅၅ ဝန်းကျင် ဖြစ်သည်။ တရုတ်ပြည် ပီကင်းမြို့အပါအဝင် မြို့ကြီး ဆယ်မြို့လောက်မှာ ကျားဘညိမ်းနှင့်အတူ ထိုးသတ်ပြရာ ပရိသတ်အထူး အားပေးသည်။ မိုးကြိုးနှင့် လျှပ်စီး ဇာတ်ကားတွင် ပီကင်းပြန်ဦးဘိုစိန်နှင့် လက်ဝှေ့ထိုးသတ်ခန်း ပါဝင်ရိုက်ကူးခဲ့သည်။ အသက် ၁၅ နှစ်မှစ လက်ဝှေ့လောကထဲ ဝင်ရောက်ပြီး ၄၅ တွင် လက်ဝှေ့လောကမှ အနားယူသည့် အဗျောက်သည် မြန်မာ့ရိုးရာ လက်ဝှေ့ကြိုးဝိုင်း ဒိုင်လူကြီးအဖြစ် ၆၃ နှစ် (၁၉၉၅)ထိ ဆောင်ရွက်သည်။ သက်တမ်းတလျှောက် ထိုးခဲ့သော လက်ဝှေ့ပွဲ ၅၀၀ ကျော်သည်။[၁]

ကိုယ်ရေး[ပြင်ဆင်ရန်]

ပေါင်မြို့နယ်ဇင်းကျိုက်ရွာ ဦးခလူး၊ ဒေါ်ပေါ့၏ သားငါးယောက်အနက် အထွေးဆုံး ဖြစ်သည်။ အဘိုးဖြစ်သူသည် မွန်လက်ဝှေ့ကျော်ဟောင်းကြီး အဘစ် ဖြစ်၍ ဝါသနာပါသော အဗျောက်ကို ငယ်စဉ်ကတည်းက လက်ဝှေ့ပညာ သင်ပေးသည်။

အသက် ၁၅ နှစ်မှစ လက်ဝှေ့ကို လေ့လာသည်။ ဇင်းကျိုက်ဘုရားပွဲတွင် လူစသိလာသည်။ အနယ်နယ်က လာသော မြန်မာ့ရိုးရာလက်ဝှေ့သမားများကို တနေ့တည်း လေးငါးပွဲကျအောင် သူတဦးတည်း ဒိုင်ခံ ထိုးသတ်သည်။ ဦးခေါင်းတံတောင်လက်ဖျံရိုက်၊ လက်သီးဒူးတိုက်၊ ခြေကန် စသဖြင့် ခန္ဓာကိုယ် လက်နက်စုံတိုက်ကွက်များကြောင့် ပရိသတ် တခဲနက် အားပေးသည်။ အသက် ၁၉ တွင် ဒေါ်လှကြည်နှင့် အိမ်ထောင်ကျသည်။ အသက် ၂၅ တွင် ကျိုက်ခေါက်ဘုရားပွဲ၌ လက်ဝှေ့ပထမတန်းအလံကို စတင် ရရှိသည်။ ဆုကြေး ၂၅၀ ကျပ် ရရှိသည်။ ရွှေတကျပ်သား ၃၀၀ ကျပ်ခေတ်ဝယ် ပုံမှန် လက်ဝှေ့တပွဲ နိုင်ပါက၊ ၂၅-၃၀ ကျပ်လောက် ရသည်။ လက်ဝှေ့ကြိုးဝိုင်းပေါ်တွင် အရှောင်အတိမ်း လျင်မြန်၍ ဖျံက အဘ ခေါ်ရသည်။ အသက် ၃၀ လောက်တွင် ကျိုက်ခမီဘုရားပွဲ၌ လက်ဝှေ့ထိုးနေစဉ် ကျားဘညိမ်းက လာကြည့်ပြီး တရုတ်ပြည် ချစ်ကြည်ရေး ရိုးရာလက်ဝှေ့သရုပ်ပြပွဲအတွက် ယှဉ်ပြိုင်ဘက်အဖြစ် ရွေးချယ်သည်။

ပီကင်းအပါအဝင် မြို့ကြီး ဆယ်မြို့တွင် လက်ဝှေ့ သရုပ်ပြ ထိုးသတ်ရန် သွားသော ချစ်ကြည်ရေးအဖွဲ့မှာ ဘောလုံးခြင်းလုံးအားကစားသမားများအပြင် မြန်မာ့လက်ဝှေ့သမားများ ဖြစ်သည့် ဘိုစိန်မောင်ဒွေးဖြူကြီးဖြူလေးရှုမဝဘိုကျော်ကျောင်းသားကြီးစိန်လုံးမောင်လုံးတိုးလုံဝမ်းဒေါ်လာတောသားလေးတိုင်းလုံးကျော်ဥက္ကလာဒေါင်းတို့နှင့်အတူ အဗျောက်လည်း ပါဝင်သည်။

ရွှေဘသင်းသင်းလဲ့တို့နှင့်အတူ မိုးကြိုးနှင့် လျှပ်စီး ရုပ်ရှင်ကားတွင် ပီကင်းပြန်ဦးဘိုစိန်နှင့် လက်ဝှေ့ပွဲ ထိုးသတ်ခန်း၌ ပါဝင်သည်။

ယှဉ်ပြိုင်ထိုးသတ်ဖူးသူများမှာ ဘိုစိန်အပါအဝင်၊ ဒေါင်းစကြာရွှေဂွန်းဒေါင်း၊ မောင်ဒွေး(သထုံ)၊ နေဝင်း (ကျိုက္ခမီ)စသူတို့ ဖြစ်သည်။ အဗျောက်၏ လက်နှင့် ဆုပ်ကိုင်ခံရလျှင် ရုန်းထွက်၍ မရနိုင်ဟု လက်ဝှေ့ကျော်ဟောင်းများက ဆိုသည်။

အသက် ၄၅ ဝယ် လက်ဝှေ့လောကမှ အနားယူသည်။ အနားယူပြီးနောက်ပိုင်း ဒိုင်လူကြီး ဆောင်ရွက်သည်။ ကောဇာ သက္ကရာဇ် ၁၃၄၉ ခုနှစ်တွင် ရန်ကုန်၌ကျင်းပသော ၄၇ ကြိမ် မွန်အမျိုးသားနေ့အကြို ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၌ ကြိုးဝိုင်းဒိုင်လူကြီးအဖြစ် ဆောင်ရွက်ရာ၊ အကောင်းဆုံး ဒိုင်လူကြီးဆု အလံ ရရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ အောင်ဇ LL,B (ဇူလိုင် ၁၉၉၅). "ခေါင်းမှာသံခမောက် ချိုပေါက်မှကြောက်မယ်" (in My). နက္ခတ္တရောင်ခြည်မဂ္ဂဇင်း ၁၀၈: ၂၇၃-၂၇၈. ခင်မောင်ဝင်း.