ဟာ့ပ်ဆီကော့ဒ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဟာ့ပ်‌ဆီကော့ဒ် သို့မဟုတ် ချမ်ဘလို[မှတ်စု ၁] (အင်္ဂလိပ်: harpsichordအီတလီ: clavicembaloပြင်သစ်: clavecinဂျာမန်: Cembaloစပိန်: clavecínပေါ်တူဂီ: cravo) သည် စန္ဒရားကဲ့သို့သော ကီးဘုတ်တူရိယာတစ်မျိုးဖြစ်သည်။ ပိုက်အော်ဂန်နှင့်နည်းတူ ဟာ့ပ်ဆီကော့ဒ်တွင် မန်နူအယ် (manual) ခေါ်ကီးဘုတ်ခလုတ်အလွှာ တစ်ခုထက်ပို၍ပါရှိနိုင်ပြီး စတေ့ာပ် (stop) ခေါ် အသံပြောင်းခလုတ်များလည်း ပါရှိနိုင်သည်။ ထိုစတော့ပ်များသည် အသံကိုအောက်တေ့ဗ် (octave) တစ်ဆင့်မြှင့်ပေးခြင်း သို့မဟုတ် နှိမ့်ပေးခြင်း၊ လု(တ်) (Lute) ဟုခေါ်သော တူရိယာ၏အသံဖြင့် တီးခတ်နိုင်အောင်ပြုလုပ်ပေးခြင်း စသည်တို့ကိုပြုလုပ်ပေးနိုင်သည်။ စန္ဒရားနှင့်မတူညီသောအချက်မှာ ယင်းတူရိယာသည် ကြိုးကိုလက်‌ချောင်းများဖြင့်ခတ်သည့်ပုံစံမျိုးကို အခြေခံထားသည်။

ဤဟာ့ပ်ဆီကော့ဒ်သည် ၁၆၄၆ ခုနှစ်တွင် ရုကာစ် (Ruckers) မိသားစုမှ ပြုလုပ်ထားပြီး ၁၇၈၀ တွင် ပါစကယ် တက်စ်ကင် (Pascal Taskin) မှ ပြန်လည်ပြုပြင်ထားသည်။

ဟာ့ပ်ဆီကော့ဒ်သည် ဉာဏ်သစ်အရေးတော်ပုံခေတ်နှင့် ဘားရော့ခ်ခေတ်များတွင် အသုံးတွင်ကျယ်ခဲ့သည်။ တူရိယာတစ်ခုတည်းဖြင့် ဖျော်ဖြေရာတွင်လည်းကောင်း အခြားတူရိယာများနှင့် တွဲ၍သော်လည်းကောင်း တီးခတ်ကြသည်။ ယခုအခါတွင် တီးခတ်မှုမရှိသော်လည်း အချို့သောဖျော်ဖြေပွဲများတွင် တီးခတ်ကြသေးသည်။ ဒစ်ဂျစ်တယ်စန္ဒရားအများစုတွင် ယင်းတူရိယာအသံကို ထည့်သွင်းထားကြသည်။

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

ဟာ့ပ်ဆီကော့ဒ်၏ဝေါဟာရသည် လက်တင်စကားလုံးများ ဖြစ်ကြသော "harpa" (စောင်း) နှင့် "chorda" (ကြိုး) တို့ကိုပေါင်းစပ်ရာမှ "harpechorde" ဟူသောပြင်သစ်စကားလုံး ဖြစ်လာသည်။[မှတ်စု ၂] ထိုမှတစ်ဆင့် "harpsichord" ဟူ၍ဖြစ်လာသည်။

ဥရောပဘာသာစကားအများစုသည် ချမ်ဘလို (Cembalo) အခေါ်အဝေါ်ကိုအသုံးပြုကြသည်။ ယင်းဝေါဟာရသည် လက်တင်စကားလုံးများဖြစ်ကြသော "clavis" (ကီးခလုတ်) နှင့် "cymbalum" (ခွက်ခွင်း) တို့ပေါင်းစပ်ရာမှ "clavicymbalum" ဟူ၍ဖြစ်လာသည်။ ထိုစကားလုံးမှ အီတာလျံစကားလုံး "clavicembalo" ဟူ၍ဖြစ်လာရာ "cembalo" ဟု အတိုချုံ့ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဟာ့ပ်ဆီကော့ဒ်ကို အလယ်ခေတ်နှောင်းပိုင်းတွင် တီထွင်ခဲ့သည်ဟု ယူဆကြသည်။ ယင်းတူရိယာသည် ဆော်ထရီ (Psaltery)[မှတ်စု ၃] ခေါ် စောင်းတူရိယာတစ်မျိုးမှ ဆင့်ကဲဖြစ်ပေါ်လာသည်။ ဆော်ထရီ၏ ကြိုးတပ်ဆင်ထားမှုမှာ စန္ဒရားအတွင်းကြိုးတပ်ဆင်ထားမှုနှင့် ဆင်တူသည်။ ၁၄၄၀ ခုနှစ် တွင် ဟင်နရီ အာနောက်(တ်) ဒီ ဇဝိုးလဲ (Henri Arnaut de Zwolle) သည် ဂီတတူရိယာကျမ်းကို ပြုစုခဲ့ရာ စောင်းကို လက်ဖြင့်မတီးခတ်ရဘဲ ခလုတ်ဖြင့်သာတီးခတ်နိုင်သော တူရိယာသုံးမျိုးရှိသည်ဟု ရေးသားထားပြီး ခလုတ်၏လုပ်ဆောင်ချက်ကိုလည်းရှင်ပြထားသည်။ ယင်းတူရိယာသုံးမျိုးအနက် "Clavicymbalum" မည်သော တူရိယာသည် ဟာ့ပ်ဆီကော့ဒ်နှင့် အနီးစပ်ဆုံးဖြစ်သည်။

၁၆ ရာစုတွင် အီတလီနိုင်ငံ၌ အလေးချိန်ပေါ့ပါးသော ဟာ့ပ်စီကော့ဒ်များကို ပြုလုပ်လာကြသည်။ နယ်သာလန်နိုင်ငံတောင်ပိုင်းတွင်လည်း ယင်းတူရိယာ၏ အသံပိုမိုကောင်းမွန်စေရန် နာမည်ကြီးဟာ့ပ်ဆီကော့ဒ်ပြုလုပ်သူများ ဖြစ်ကြသော ရုကာစ် (Ruckers) မိသားစုမှ ပြုလုပ်ခဲ့ကြသည်။ ဖလမ်းမစ်ရှ်ဟာ့ပ်ဆီကော့ဒ် (Flemish harpsichord) ခေါ် ဒတ်ခ်ျလူမျိုးတို့ပြုလုပ်‌သော ဟာ့ပ်ဆီကော့ဒ်သည် နောင်ပြုလုပ်မည့် ဟာ့ပ်ဆီကော့ဒ်များအတွက် စံနမူနာဖြစ်လာခဲ့သည်။

ပြင်သစ်နိုင်ငံတွင် ဟာ့ပ်ဆီကော့ဒ်ကို ကီးဘုတ်တစ်ခုထပ်ဆင့်၍ထည့်ခဲ့ပြီး ကီးဘုတ်အလွှာတစ်လွှာစီတွင် ကြိုးအစုတစ်စုစီသက်သက်ဖြင့် ပြုလုပ်နိုင်ခဲ့ကြသည်။ ပြင်သစ်ဟာ့ပ်ဆီကော့ဒ်ပြုလုပ်သူများတွင် ဘလန်ရှတ် (Blanchet) မိသားစု နှင့် ပါစကယ် တက်စ်ကင် (Pascal Taskin) တို့မှာနာမည်ကြီးပြုလုပ်ကြသူများ ဖြစ်ကြသည်။ အင်္ဂလန်နိုင်ငံနှင့် ဂျာမနီနိုင်ငံ တွင်လည်း ဟာ့ပ်ဆီကော့ဒ်များကို မိမိတို့ကိုယ်ပိုင်နည်းစနစ်များဖြင့် ပြုလုပ်ခဲ့ကြသည်။ ထို့သို့နိုင်ငံအလိုက် ပြုလုပ်နည်းဟန် ကွဲပြားခဲ့သော်လည်း ပြင်သစ်ဟာ့ပ်စီကော့ဒ်များမှာ နာမည်အကြီးဆုံးနှင့် အသုံးအများဆုံးဖြစ်သည်။

၁၈ ရာစုတွင် စန္ဒရားများ ဝင်ရောက်လာမှုကြောင့် ဟာ့ဆီကော့ဒ်များမှာ တဖြည်းဖြည်းမှေးမှိန်လာခဲ့‌‌လေသည်။ ၂၀ ရာစုတွင် ဟာ့ပ်ဆီကော့ဒ်ကို ပြန်လည်နာမည်ကြီးစေရန်အတွက် ခေတ်ပြိုင်ဟာ့ပ်ဆီကော့ဒ်မျိုး (Contemporary harpsichord) ကိုပြုလုပ်ခဲ့ကြသည်။ ယခုအခါတွင် တီးခတ်မှုနည်းပါးသော်လည်း ယင်းတူရိယာ၏အကြောင်းကိုမူ ပြောဆိုဆွေးနွှေးကြပါ‌‌သည်။

ပြုလုပ်ပုံ[ပြင်ဆင်ရန်]

ဟာ့ပ်ဆီကော့ဒ်၏ အသံဘုတ်ပြား (Sound board)

ဟာ့ပ်ဆီကော့ဒ်တွင် ကြိုးတစ်ချောင်းစီကို tuning pin ခေါ် အသံချိန်‌သောပင်အပ်ကို ပတ်၍ချိတ်ထားသည်။[မှတ်စု ၄] ယင်းပင်အပ်များသည် တီးခတ်သူဖက်အခြမ်းတွင်ရှိပြီး pinblock ဟုခေါ်‌သော‌‌နေရာ၌ ထည့်သွင်းထားသည်။ ပင်အပ်များကို ကိရိယာတစ်ခုဖြင့်လှည့်ပေးခြင်းဖြင့် ကြိုး၏တင်းအားကို ပြောင်းလဲနိုင်သည်။ အသံဘုတ်ပြား၏ အခြားတစ်ဖက်၌ ကြိုးထိန်း (bridge) တစ်ခုရှိပြီး သစ်သားအထူဖြင့်ပြုလုပ်ထားသည်။ အသံဘုတ်ပြားသည် ကြိုး၏တုန်ခါမှုမှ လေ၏တုန်ခါမှုသို့ လျင်မြန်စွာပြောင်းလဲပေးသည်။ အသံဘုတ်ပြားမရှိပါက တီးခတ်သည့်အသံကို တိုးတိုးသာကြားရမည်ဖြစ်သည်။

ကာလ် ကောရက်ဒ် ဖလိုက်ရှာ (Karl Conrad Fleischer) ပြုလုပ်ထားသည့်ဟာ့ပ်ဆီကော့ဒ်၏ အသံဘုတ်ပြားတွင် ပန်းပုံစံများရေးဆွဲထားသည်။
ဖလမ်းမစ်ရှ် ဟာ့ပ်ဆီကော့ဒ်တစ်ခု။ လက်တင်စာကြောင်းတို့၏ ဘာသာပြန်များမှာ "တက်သိမှုမရှိက အနုပညာသည် ဘာမှမဟုတ်" (Without skill art is nothing) နှင့် "အသက်ရှိစဉ်ငါသည် တိတ်ဆိတ်၍သာနေ၏။ ကွယ်လွန်လေသော် ငါသည်သာယာစွာ သီဆို၏။" (While I lived I was silent—in death I sweetly sing) ဟူ၍ဖြစ်သည်။

ဟာ့ပ်ဆီကော့ဒ်သည် စန္ဒရားနှင့်နည်းတူ သစ်သားဖြင့်ပြုလုပ်သည်။ သိုသော် ကီးခလုတ်များကိုမူ အဖြူအမဲအရောင်မခြယ်ဘဲ ပြောင်းပြန်ဖြစ်သောအမဲအဖြူရောင်ခြယ်သည်။ အချို့ဟာ့ပ်ဆီကော့ဒ်များ၏ ကီးခလုတ်များကိုမူ သစ်သားအရောင်အတိုင်းသာထားသည်။ ထို့အပြင် ဟာ့ပ်ဆီကော့ဒ်များကို ပန်းချီများ၊ ကနုတ်များ စသည်ဖြင့်လှပစေရန် ရေးဆွဲထားလေ့ရှိသည်။ ဖလမ်းမစ်ရှ် ဟာ့ပ်ဆီကော့ဒ်များတွင် လက်တင်စာကြောင်းများကို ထည့်ရေးလေရှိသည်။

ခလုတ်အလုပ်လုပ်ပုံ[ပြင်ဆင်ရန်]

ခရစ်ရှန် ဇဲလ် (Christian Zell) ပြုလုပ်ထားသော ဟာ့ပ်ဆီကော့ဒ်၏ အတွင်းပိုင်း

ဟာ့ပ်ဆီကော့ဒ်၏ ခလုတ်တစ်ခုကို နှိပ်လိုက်သောအခါ ထိုခလုတ်၏အခြားတစ်ဖက်တွင် ဂျက်ခ် (jack) ကိုမစေသည်။ ယင်းဂျက်တွင် ပလက်ထရမ် (plectrum) မည်သော ကြိုးကိုတုန်ခါစေမည့် အတက်ကလေးပါဝင်သည်။ ထိုအတက်သည် ဂျက်ခ်၏အပေါ်တက်လာမှု‌ကြောင့် ကြိုးကိုထိရာ ကြိုးတုန်ခါမှုကြောင့် အသံဖြစ်ပေါ်လာသည်။ ခလုတ်ကိုလွှတ်လိုက်သောအခါ ဂျက်ခ်သည် အနည်းငယ်တိမ်းစောင်း၍ မူလနေရာသို့ ပြန်ရောက်သည်။ ထိုသို့တိမ်းစောင်းရခြင်းမှာ ပလက်ထရမ်ကိုကြိုးနှင့် နောက်ထပ်မထိစေရန်ဖြစ်သည်။ ဂျက်ခ်သည်မူလနေရာသို့ ပြန်ရောက်သောအခါ ဂျက်ခ်၌ပါဝင်သောဒမ်ပါ (Damper) သည် ကြိုး၏တုန်ခါမှုကိုရပ်တန့်စေသည်။

ဟာ့ပ်ဆီကော့ဒ်၏ပုံကြမ်း
  • ခလုတ်၏စနစ်ဖြစ်သော ကီးလီဗာ (key lever) သည် ၎င်း၏အလယ်၌ဖောက်ထည့်ထားသော ပင်ကလေး (balance pin) ကိုဝင်ရိုးပြု၍လှည့်သည်။
  • ကီးလီဗာ၏ အခြားအဆုံးဖက်၌ သစ်သားတုံးကလေးဖြစ်သော ဂျက်ခ်ရှိသည်။ ယင်းဂျက်ခ်ကို အထိန်း (register) များဖြင့်ထိန်းပေးထားသည်။ အပေါ်အထိန်းကို ရွှေ့နိုင်ပြီး အောက်အထိန်းကိုမူ ရွှေ့၍မရပေ။ ယင်းအထိန်းတို့သည် ဂျက်ခ်ကိုကြိုးနှင့် ထိနိုင်ရန်အတွက် ပြုလုပ်ပေးသည်။
ဂျက်ခ်၏အပေါ်ပိုင်း
  • ဂျက်ခ်တွင် ပလက်ထရမ်ကို ရေပြင်ညီနီးပါးပုံစံပြုလုပ်ထားသည်။[မှတ်စု ၅] ယင်းပလက်ထရမ် ရှိနေသော နေရာသည် လျှာ (tongue) ဖြစ်သည်။ ထိုလျှာကို ဝင်ရိုးလေးတစ်ခုဖောက်လုပ်ထားသည်။
  • ခလုတ်နှိပ်လိုက်သောအခါ ဂျက်ခ်သည်အပေါ်တက်လာရာ ပလက်ထရမ်သည် ကြိုးနှင့်ထိပြီး ကြိုးတုန်ခါရာမှ အသံဖြစ်ပေါ်လာသည်။
  • ဂျက်ခ်ကိုမတော်တဆ မထွက်မိစေရန် နောက်ထပ်အထိန်းတစ်ခု (jackrail) သည်ရပ်တန့်ပေးသည်။ ယင်းအထိန်းကို ကြိတ်သက္ကလတ်အစကလေးဖြင့် ကာပေးထားသည်။
ဂျက်ခ်၏ရွေ့လျှားမှု: ခလုတ်မနှိပ်ထားစဉ်၊ ခလုတ်နှိပ်ပြီး၊ ပလက်ထရမ်မှကြိုးကိုထိနေစဉ်၊ ခလုတ်ကိုလွှတ်ပြီး
  • ခလုတ်ကိုလွှတ်လိုက်သောအခါ ဂျက်ခ်သည် အောက်သို့ဆင်းလေသည်။ ထိုအခါ ပလက်ထရမ်သည် ကြိုးနှင့်ထိမိပြန်သည်။ သို့သော် ဖောက်လုပ်ထားသော ဝင်ရိုးကြောင့် လျှာသည် အနည်းငယ်တိမ်းစောင်း၍ ‌နောက်ထပ်ကြိုးတုန်ခါမှုကိုမဖြစ်စေဘဲ ပလက်ထရမ်သည် အောက်သို့ဆင်းနိုင်ပြီး သူ၏အလေးချိန်ကြောင့် လျှာသည် မူလနေရာသို့ ပြန်တည့်သွားသည်။
  • နောက်ဆုံးအဆင့်၌ ဒမ်ပါသည် ကြိုးနှင့်ထိရာ ကြိုးတုန်ခါမှုကို ရပ်တန့်စေပြီး အသံတိတ်သွားသည်။

အသံပြောင်းခလုတ်များ[ပြင်ဆင်ရန်]

ဟာ့ပ်ဆီကော့ဒ်၏ ခလုတ်များတွင် နုတ်တစ်ခုကို ပုံမှန်အားဖြင့် ကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ထားသည်။ အချို့ဟာ့ပ်ဆီကော့ဒ်များတွင် နုတ်တစ်ခုလျှင် ကြိုးတစ်ချောင်းထက်ပို၍ပါရှိနိုင်ပြီး ယင်းကြိုးအပိုတို့ကို သံပြိုင် (choir) ဟု တင်စားခေါ်ဝေါ်ကြသည်။ ထိုသို့ကြိုးအပိုများပါရှိသောကြောင့် အသံ၏အရည်အသွေးကို ပိုမိုကောင်းမွန်စေသည့်အပြင် တီးခတ်သူကလည်း မိမိကြိုက်နှစ်သက်ရာ ကြိုးအသံကိုရွှေးချယ်နိုင်‌‌စေသည်။ စတော့ပ် (stop) ခေါ် အသံပြောင်းခလုတ်များသည် ထိုအသံ‌ရွေးချယ်သည့်အလုပ်ကို ပြုလုပ်‌ပေးသည်။

ဟာ့ပ်ဆီကော့ဒ်၏ ပုံမှန်ထွက်‌သောအသံကို "၈ ပေ အသံ" (8-foot pitch) ဟုတင်စားခေါ်ဝေါ်ကြသည်။[မှတ်စု ၆] ပုံမှန်အသံထက် အောက်တေ့ဗ် (octave) တစ်ဆင့်မြင့်လျှင် "၄ ပေ အသံ" (4-foot pitch) ဟုခေါ်သည်။ အောက်တေ့ဗ် တစ်ဆင့် နိမ့်လျှင် "၁၆ ပေ အသံ" (16-foot pitch) ဟုခေါ်ဆိုပြီး ယင်းအသံပါဝင်သော ဟာ့ပ်ဆီကော့ဒ်မျိုးမှာ ရှားသည်။ လု(တ်) (Lute) ဟုခေါ်သော တူရိယာတစ်မျိုး၏အသံလည်း ပါဝင်နိုင်ပြီး တီးခတ်ကြည့်လျှင် ယင်းတူရိယာ၏ အသံထွက်လာသည်။[မှတ်စု ၇]ထို့သိုအသံပြောင်းပေးနိုင်သည့် ခလုတ်များကို "၈ ပေ စတော့ပ်" (8-foot stop) "လေးပေ စတော့ပ်" (4-foot stop) စသည်ဖြင့် ခေါ်ဆိုကြသည်။

မန်နူအယ်တစ်ခုထက်ပိုပါသောဟာ့ပ်ဆီကော့ဒ်များ[ပြင်ဆင်ရန်]

အချို့သောဟာ့ပ်ဆီကော့ဒ်များတွင် မန်နူအယ် (Manual) တစ်ခုထက်ပို၍ (အများဆုံးနှစ်ခု)[မှတ်စု ၈] ပါရှိနိုင်ပြီး အသံရွေးချယ်စရာကိုပို၍များစေသည်။ ထိုကဲ့သို့သောဟာ့ပ်ဆီကော့များတွင် မန်နူအယ်များကို လှေကားထစ်ပုံစံ စဉ်ထားရာ ကြိုက်နှစ်သက်ရာအလွှာကို တီးခတ်နိုင်သည်။

မန်နူအယ် နှစ်ခုပါဝင်သော ဟာ့ပ်ဆီကော့ဒ်တစ်ခု

မန်နူအယ်တစ်ခုစီတွင် ကြိုးများသည် မတူညီသောကြောင့်ထွက်သောအသံသည်လည်း မတူကြပေ။ သို့ဖြစ်ရာ ထိုအသံနှစ်ခုကို ပေါင်းစပ်တီးခတ်နိုင်ရန်အတွက် coupling mechanism ခေါ် ပေါင်းစပ်ခြင်းစနစ်ကို ထည့်သွင်းပေးထားသည်။

ပြင်သစ်ဟာ့ပ်ဆီကော့ဒ်များတွင် ပေါင်းစပ်သောစနစ်သည် အကောင်းဆုံးဖြစ်သည် ဟုယူဆကြသည်။ အောက်ပိုင်းမန်နူအယ်တွင် coupler dog ခေါ်သော ပေါင်းစပ်မည့်အတက်ကလေးရှိသည်။ အောက်ပုံတွင် ဖော်ပြထားသည့်အတိုင်း ဂျက်ခ် A၊ B၊ C တစ်ခုခြင်းစီ သို့မဟုတ် သုံးခုလုံးပေါင်း၍မနိုင်သည်။

ပြင်သစ်ပေါင်းစပ်မှုစနစ်: ပုံမှန်အနေအထား (ဝဲ) နှင့် ပေါင်းစပ်ပြီးအနေအထား (ယာ)

ပုံမှန်အနေအထားတွင် အောက်ခလုတ်သည် ဂျက်ခ် B သို့မဟုတ် C ကိုသာတီးခတ်နိုင်သည်။ အောက်မန်နူအယ်ကို အနည်းငယ်ဆွဲပေးခြင်းဖြင့် သို့မဟုတ် အပေါ်မန်နူအယ်ကို အနည်းငယ် တွန်းပေးခြင်းဖြင့် မန်နူအယ်နှစ်ခုပေါင်းစပ်ပြီသားဖြစ်ရာ ပေါင်းစပ်မည့်အတက်ကလေးသည် အပေါ်မန်နူအယ်၏ခလုတ်အောက်သို့ ရောက်သွားသည်။[မှတ်စု ၉] ထိုအခါ အောက်မှကီးခလုတ်ကိုနှိပ်လျှင် အပေါ်မှကီးခလုတ်သည်လည်း နှိပ်ထားသကဲ့သို့ လိုက်၍နိမ့်လာမည်ဖြစ်သည်။ ပုံပြထားသည့်အတိုင်းဆိုရလျှင် ဂျက်ခ် A နှင့် B၊ A နှင့် C၊ သို့မဟုတ် ဂျက်ခ်သုံးခုလုံးတို့သည် တစ်ခါတည်းတက်လာမည်ဖြစ်သည်။

အင်္ဂလိပ်ဟာ့ပ်ဆီကော့ဒ်၏ ပေါင်းစပ်မှုစနစ်တွင် ပုံတွင်ပြထားသည့်အတိုင်း ဂျက်ခ် A ကို ခြေတံရှည်ပုံစံဖြင့်ပြုလုပ်ထားသည်။ ပြင်သစ်ဟာ့ပ်ဆီကော့ဒ်မှ ပေါင်းစပ်မည့်အတက်ကို မထည့်ထားပေ။

Dogleg jack ခေါ် အင်္ဂလိပ်ပေါင်းစပ်မှုစနစ်

အပေါ်ခလုတ်ကို နှိပ်သောအခါ ဂျက်ခ် A သာတက်လာမည်ဖြစ်ပြီး အောက်ခလုတ်ကို နှိပ်မှသာ ဂျက်ခ် သုံးခုလုံးတက်လာမည်ဖြစ်သည်။

အသံချိန်ခြင်း[ပြင်ဆင်ရန်]

ဟာ့ပ်ဆီကော့ဒ်သည် ရှေးခေတ်တူရိယာဖြစ်သောကြောင့် ပါဝင်သောကီးခလုတ်များမှာ ယခုခေတ်စန္ဒရားကီးခလုတ်အ‌ရေအတွက်ထက် နည်းသည်။ နုတ်အကွာအဝေးမှာ အောက်တေ့ဗ် ငါးခုသာပါဝင်ပြီး ကီးခလုတ်အနေဖြင့် F1 မှ F6 အထိ (တစ်နည်း FF မှ f‴) ဖြစ်သည်။

ထိုသို့ရှေးခေတ်တူရိယာ ဖြစ်သောကြောင့် ကြိုးများကို အသံချိန်ခြင်း (Tuning) ပြုလုပ်ရာတွင် ဘားရော့ခ်ခေတ်စံဖြစ်သော A4 = 415 ဟက်ဇ် ဖြင့်ချိန်သည်။ အချို့သော ဟာ့ပ်ဆီကော့ဒ်များကိုမူ ခေတ်သစ်စံဖြစ်သော A4 = 440 ဟက်ဇ် ဖြင့်ချိန်ထားသည်။ ဟက်(ဘ်)ဟာ့ပ် (Hubharp) ကုမ္ပဏီမှ ပြုလုပ်ထားသော ခေတ်သစ်ဟာ့ပ်ဆီကော့ဒ် များတွင် 415 နှင့် 440 ဟက်ဇ် နှစ်မျိုးလုံးထည့်သွင်းထားပြီး ကြိက်နှစ်သက်ရာအသံကို ပြောင်းလဲတီးခတ်နိုင်သည်။

ပုံစံတူ တူရိယာများ[ပြင်ဆင်ရန်]

ဗာဂျင်နယ်[ပြင်ဆင်ရန်]

ဗာဂျင်နယ် (virginal) သည် ပိုမိုရိုးရှင်းပြီး‌သေးငယ်သော ဟာ့ပ်ဆီကော့ဒ် ပုံစံမျိုးဖြစ်၍ ထောင့်မှန်စတုဂံပုံစံ ပြုလုပ်ထားသည်။

ဂျိုဟန်နက် ဗာမီယာရေးဆွဲထားသော ဗာဂျင်နယ်နား၌ရပ်နေသောမိန်းမတစ်ဦး ပန်းချီ

စပင်းနက်[ပြင်ဆင်ရန်]

စပင်းနက် (spinet) သည် ဟာ့ပ်ဆီကော့ဒ်တစ်မျိုးဖြစ်ပြီး ကြိုးများကို ၃၀ ဒီဂရီခန့် စောင်း၍တပ်ဆင်ထားသည်။ ထိုသို့တပ်ဆင်ထားမှုကြောင့် ကြိုးများမှာအလွန်ကပ်လျက်ရှိပြီး ဂျက်ခ်များကို ကျောခြင်းကပ်၍တပ်ဆင်ထားရသည်။

ယိုဟန် ဟိုင်းနရစ် စေး(လ်)ဘားမန်း (Johann Heinrich Silbermann) မှပြုလုပ်ထားသည့် စပင်းနက်

ကလာဗီစစ်သရီယမ်[ပြင်ဆင်ရန်]

ကလာဗီစစ်သရီယမ် (Clavicytherium) သည် ဟာ့ပ်ဆီကော့ဒ်ပင်ဖြစ်သော်လည်း ကြိုးများနှင် အသံဘုတ်ပြားများကို အလျားလိုက်မဟုတ်ဘဲ မတ်မတ်တပ်ဆင်ထားသည်။ ထိုသို့တပ်ဆင်ထားခြင်းကြောင့် နေရာသက်သာစေသည်။ ယင်းတူရိယာ၏ အလုပ်လုပ်ပုံမှာ အနည်းငယ် ရှပ်ထွေးသည်။

ပရေတိုရီးရပ်စ် (Praetorius) ၏ Syntagma Musicum စာအုပ်မှ ကလာဗီစစ်သရီယမ် ပုံကြမ်း

အောက်တာဗီနို[ပြင်ဆင်ရန်]

အောက်တာဗီနို (Ottavino) သည် စပင်းနက် သို့မဟုတ် ဗာဂျင်နယ် အသေးစားမျိုးဖြစ်သည်။ အသံအားဖြင့် အောက်တေ့ဗ် တစ်ဆင့်မြင့်သည်။ ယင်းတူရိယာမျိုးသည် ၁၉ ရာစုအထိ အီတလီနိုင်ငံ၌ အိမ်တွင်းတူရိယာအဖြစ် နာမည်ကြီးခဲ့သည်။

ခြေနင်းပါသောဟာ့ပ်ဆီကော့ဒ်[ပြင်ဆင်ရန်]

ပက်ဒယ်ဟာ့ဆီကော့ဒ် (Pedal harpsichord) သည် ပုံမှန်ဟာ့ပ်ဆီကော့ဒ်မျိုးကို ခြေနင်းခလုတ်များဖြင့် ချိတ်ဆက်ထားရာ လက်နှစ်ဖက်အပြင် ခြေထောက်များဖြင့်ပါ တီးခတ်နိုင်သည်။ ယင်းတူရိယာမျိုးကို အော်ဂန်တီးခတ်သူများက နှစ်သက်ကြသည်။

ရှင်းပြချက်မှတ်စုများ[ပြင်ဆင်ရန်]

  1. "ဆမ်ဘလို" ဟူ၍လည်းဖတ်နိုင်သည်။
  2. ခေတ်သစ်လက်တင်စကားလုံးအရ "harpichordium" ဟူ၍ဖြစ်သည်။
  3. သတ်ပုံအဟောင်းသည် "Sawtry" ဟူ၍ဖြစ်သည်။
  4. ပင်အပ်ဟု‌ဆိုသော်လည်း အနည်းငယ်ထူသောသံချောင်းပုံစံကဲ့သို့ဖြစ်သည်။
  5. အပေါ်သို့ ထောင့်အနည်းငယ်တိမ်းစောင်းထားသည်။
  6. ပြွန်အော်ဂန်၌ အလယ်စီနုတ် (middle C) မှ အောက်တေ့ဗ် နှစ်ဆင့်နိမ့်သော နုတ်၏ပြွန်အလျားသည် ရှစ်ပေဝန်းကျင်ရှိသောကြောင့် ရှစ်ပေ ဟုတင်စားခေါ်ဆိုခြင်းဖြစ်သည်။
  7. လု(တ်) တူရိယာ၏ အသံစစ်စစ်ကို မပေးနိုင်သော်လည်း အနီးစပ်ဆုံးအသံကို ရနိုင်သည်။
  8. "အများဆုံး နှစ်ခု" ဟုဆိုရခြင်းမှာ ပုံမှန်အားဖြင့်လည်း မန်နူအယ် နှစ်ခုဖြင့်သာ ပြုလုပ်သည်။ သမိုင်းတစ်လျှောက် မန်နူအယ် သုံးခုပါရှိသော ဟာ့ပ်ဆီကော့ဒ်မျိုးမှာ တစ်ခုသာရှိပြီး ၎င်းကို ဟီရွန်နမုစ် အဲလ်ဘရက်ခ်ျ(တ်) ဟက်စ် (Hieronymus Albrecht Hass) မှပြုလုပ်ခဲ့သည်။
  9. ‌အပေါ်မန်နူအယ်ကို တွန်းရသည့်ဟာ့ပ်ဆီကော့ဒ်မျိုးကများသည်။

ကိုးကားချက်များ[ပြင်ဆင်ရန်]

  • Dearling၊ Robert, ed. (1996)။ The Ultimate Encyclopedia of Musical Instruments။ London: Carlton။ ISBN 978-1-85868-185-6
  • Hubbard၊ Frank (1967)။ Three Centuries of Harpsichord Making (2 ed.)။ Harvard University Press။ ISBN 978-0-674-88845-6 An authoritative survey by a leading builder of how early harpsichords were built and how the harpsichord evolved over time in different national traditions.
  • Kottick၊ Edward (1987)။ The Harpsichord Owner's Guide။ Chapel Hill: University of North Carolina Press။
  • Kottick၊ Edward (2003)။ A History of the Harpsichord။ Indiana University Press။ ISBN 0-253-34166-3 An extensive survey by a leading contemporary scholar.
  • Russell၊ Raymond (1973)။ The Harpsichord and Clavichord: an introductory study (2nd ed.)။ London: Faber and Faber။ ISBN 0-571-04795-5