မာတိကာသို့ ခုန်သွားရန်

ခွက်ခွင်း

ဝီကီပီးဒီးယား မှ
ဂရိတို့၏ ရှေးဟောင်း ခွက်ခွင်း။

ခွက်ခွင်း

[ပြင်ဆင်ရန်]

ခွက်ခွင်းကို လင်းခွင်းဟူ လည်းကောင်း ၊ လင်းကွင်းဟူ လည်းကောင်း ရေးစပ်ခေါ်ဝေါ်ကြ၏။ မဟာဇနကပျို့၌ စည်ပုတ်, ပတ်သာ၊ သံဝါလင်းခွင်း၊ ညှင်းမျှကြည်ဟီး၊ တစ်စီတီး လျက်ဟု လင်းခွင်းနှင့်စပ်ဆို၏။ နေမိဘုံခန်း၌ သံဖြာညည်းညည်း၊ နရည်းလိုလို၊ သံချိုရှုပ်ရှုပ်၊ စည်းစုပ်လင်းကွင်း၊ ခရု သင်းနှင့်ဟု လင်းကွင်းနှင့်စပ်ဆို၏။ သို့ရာတွင် ခွဲထားစပ်အင်ကား မဟုတ်ချေ။ ရေးကူးတည်းဖြတ်သူတို့၏ အလိုအတိုင်းသာ ဖြစ်ချိမ့်မည်။ မည်သို့ပင်ဆိုစေ ခွက်ခွင်းပင်ဖြစ်၏။ ယင်းမှာ ကြေးကို ခွက်အောင်ခွင်းအောင်ပြုလုပ်၍ တီးရသောတူရိယာဖြစ်၏။ ဤတူရိယာသည် ယခုအခါမှာလည်း ထင်ရှားလှ၏။[]

လင်းကွင်း

[ပြင်ဆင်ရန်]

လင်းကွင်းကို ပုဂံခေတ် စည်တီးဝိုင်းများတွင် အသုံးပြုခဲ့ကြောင်း အစောဆုံး တွေ့ရှိရသည်။ လင်းကွင်းကို ရှေးအခါက ခွက်ခွင်းဟု ခေါ်သည်။ ကမ္ဘာ့ပန်တျာသမိုင်းတွင် အိန္ဒိယပြည်၌ အရိယန်ခေတ် မတိုင်မီ နှစ်ပေါင်း ၁၅၀ဝ လောက်ကတည်းက လင်းကွင်းကို စတင်အသုံးပြုနေကြောင်း မှတ်တမ်းတင်ထားသည်။ []

လင်းကွင်း သို့မဟုတ် လကွင်း၊ အချို့က ခွက်ခွင်း ဟုခေါ်ကြသော်လည်း လကွင်းဟုခေါ်များကြသည်။ လင်းကွင်းသည် ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်တည်း ဟူသော တူရိယာငါးမျိုးတွင် ကြေး ဖြင့်ပြုလုပ်သော တူရိယာတစ်ခုဖြစ်သည်။ ကြေးနီကို စင်ကာပူခဲနှင့် ရောစပ် ၍ ပြုလုပ်ထားသည်။ ကြေးကို ခွက်ခွက်ခွင်းခွင်း နှုတ်ခမ်းတွင် အနားနှင့် ပြုလုပ်ထားလေသည်။ ယင်းကို လင်းကွင်းရွက်ဟူ၍လည်ခေါ်၏။ ခွက်ခွင်း ကို ပညာသည်တို့က လင်းကွင်း၏အုံဟု ခေါ်ဆိုကြသေးသည်။ ထိုအုံ၏ အထက် အလယ်ဗဟို၌ အပေါက်ငယ်ဖောက်၍ ကြိုးတပ်ကာ လင်းကွင်း နှစ်ခု (တစ်စုံ)ကို ဘယ်ညာကိုင်ပြီး ဟပ်၍တီးရသည်။ လင်းကွင်းသည် အကြီးအငယ် အရွယ်အစားစားရှိသည်။ အထူ အပါး အလေးချိန်မှာလည်း အမျိုမျိုးပြုလုပ်ကြသည်။ သို့သော် တူရိယာ များ တီးမှုတ်ရာတွင် အကြီး၊ အလတ်၊ အငယ် သုံးမျိုးသုံးစားဟူ၍သာ အသိအမှတ်ပြုကာ သုံးနေကြသည်။ ဇာတ်၊ ရုပ်သေးပွဲနှင့် ဆိုင်အဖွဲ့များ၌ သုံးမျိုးစလုံးကို သုံးလေသည်။ လင်းကွင်းကြီးတို့၏ ခွက်ခွင်းအုံအကြီးအငယ် အကျယ်နှင့် နှုတ်ခမ်းရွက်၏ အထူအပါး အကျယ်အရွယ်အစားတို့မှာ တစ်စုံ နှင့်တစ်စုံ မတူကြသော်လည်း များစွာမကွာခြားကြပေ။ လင်းကွင်းအလတ် နှင့် အငယ်စားတို့မှာလည်း ထိုနည်းအတိုင်းပင်ဖြစ်၏။ လင်းကွင်းများ၏ အချင်း၊ မျက်နှာဝအကျယ်နှင့် နှစ်ဖက်တစ်စုံတို့၏ အလေးချိန်တို့မှာ ပျမ်းမျှခြင်းအားဖြင့်ဆိုသော် လင်းကွင်းကြီး၏ အချင်းမျက်နှာဝသည် ၁၂ လက်မ ခန့်ဖြစ်၍ တစ်ပိဿာခန့်စီး၏။ လင်းကွင်းလတ်၏ အချင်းမျက်နှာဝသည် ၁၁ လက်မခန့်ဖြစ်၍ ၇၅ ကျပ်သားခန့်စီး၏။ လင်းကွင်းငယ်၏ အချင်း မျက်နှာဝအကျယ်သည် ကိုးလက်မခန့်ဖြစ်၍ ၅ဝ ကျပ်သားခန့်စီး၏။

မြန်မာတိုင်းရင်း တူရိယာများအနက် လင်းကွင်းသည် တစ်ခုတည်း သီးသန့်သုံးသော တူရိယာမျိုးမဟုတ်ဘဲ အခြားသောတူရိယာများနှင့် ရော၍တီးရသော တူရိယာမျိုးဖြစ်သည်။ လင်ကွင်းကြီးမျိုးကို ဆိုင်းအဖွဲ့များ၌ ပတ်မကြီးနှင့် တွဲဖက်သုံးသည့်ပြင် စည်တော်ကြီးအဖွဲ့၊ ဗြောအဖွဲ့၊ ပုံရှည်နှင့် ပုံကြီးအဖွဲ့များတွင်လည်း သုံးသည်။ လင်းကွင်းလတ်ကို ဆိုင်းအဖွဲ့တွင် စခွံ့နှင့် တွဲဖက်၍တီးသည်။ ယင်းကို အငြိမ့်အဖွဲ့နှင့် ရေကင်းပုံထောင်အဖွဲ့များ၌လည်း တီးတတ်ကြသေး ၏။ လင်းကွင်းအငယ်မှာ ဆိုင်းအဖွဲ့၊ အငြိမ့်အဖွဲ့များအပြင် အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းများ၌ သုံးလေသည်။ အိုစည်အဖွဲ့နှင့်တီးသော လင်းကွင်းအငယ်ကို အလှအပအသားပေး၍ တီးတတ်ကြသေး၏။ တီးပုံမှာ အိုးစည်ဝိုင်း၌ အိုးစည်တီးသမားကို အသားပေးသော ရွှေအိုးစည်လွယ် သလေလေ အစချီသည့် တေးသွားမျိုးကို သီဆိုတီးမှုတ်သောအခါ အိုးစည်တီးသမားသည် စက္ခုသောတပသာဒ ဖြစ်စေအောင် အဆန်းတကြယ် တီထွင်တီးကြရသကဲ့သို့ ရွှေဗျာ ရွှေဗျာ ဒိတ်ကယ်နဲ့၊ တံဆိပ် တံဆိပ်ခံ အစချီသည့် တေးသွားမျိုးတို့ကို သီဆိုတီးမှုတ်လိုက် သောအခါ၌လည်း လင်းကွင်းသမားသည် အဆန်းတကြယ်ဖွင့်၍ တစ်ဝက် ဟ၍၊ ခြမ်း၍၊ ခုပ်၍၊ ပွတ်၍၊ မြှောက်၍ အမျိုးမျိုးတီးလေ့ရှိကြသည်။ ဤသို့ တီးကြရာတွင် လင်းကွင်း၏ လက်ကိုင်ကြိုးတွင် ကျားမြီးကြီးများကို တပ်ထားလေ့ရှိကြ၏။ လင်းကွင်းကို လှပအောင် အမျိုးမျိုးပြောင်းလဲ၍ တီးရာတွင် အမြီးဖျားချင်း အထက်၌ဝိုင်း၍ ဟပ်မိအောင်ဖြစ်စေ၊ လင်းကွင်းသမား၏ ကိုယ်ကို နွဲ့၍ တီးကြလေသည်။ လင်းကွင်းအငယ်ကို ခေတ်ကာလပေါ် နိုင်ငံခြားတူရိယာများနှင့် အမျိုးသားတူရိယာတို့ ပေါင်းစပ်၍ ကာလသားတို့ ငြိမ့်ညောင်းသော တူရိယာ အပျော်ဝိုင်းများ၌လည်း သုံးကြသေး၏။ လင်းကွင်းများကို သူ့နေရာနှင့်သူ သုံးလျှင် တန်ဖိုးရှိလှ၏။ ထို့ကြောင့် လင်းကွင်းမပါ၊ တူရိယာ၊ ဟာလာဟင်းလင်း၊ အတီးဖျင်း ဟု ဆိုစမှတ်ပြုကြသည်။ သို့သော် လင်းကွင်းကို သူ့နေရာနှင့်သူ မဟုတ်ဘဲ သုံးမိချေက ပဉ္စင်တူရိယာ၊ နှဲခရာ၊ သာယာပေလျက်၊ လင်းကွင်းဖျက် ဟူ၍လည်းကောင်း၊ စောင်းညှင်းပတ်သာ၊ တူရိယာ၊ သာချင်ပါလျက်၊ လင်းကွင်းဖျက် ဟူ၍လည်းကောင်း ဆိုစမှတ်ပြုကြပြန်သည်။


လင်းကွင်းများကို တီးရာ၌ ခွက်ခွင်း အုံချင်းအပ်၍ တီးခြင်းမှစ၍ အမျိုးမျိုးရှိကြရာ လင်းကွင်းနှစ်ဖက် ရိုက်ခတ်တီးပြီး ထားလိုက်ခြင်းအားဖြင့် အသံရှိန်ကုန်အောင် အတော်ကြာမြည်ဟည်းနေ၏။ ယင်းကိုဖွင့်၍ တီးသည် ခေါ်၏။ စည်တော်ကြီးများတီးရာတွင် လင်းကွင်းကြီးကို အမြဲဖွင့်၍ တီးရလေသည်။ အကယ်၍ တီးလိုက်သောအသံသည် အသံကုန်အောင် ကြာရှည် မမြည်လိုဘဲ တစ်ဝက်လောက်သာမြည်၍ တဖြည်းဖြည်း အသံစဲလိုက လင်းကွင်းကို နှစ်ဖက်ရိုက်ခတ်တီးပြီးလျှင် လင်းကွင်းကိုင်ထားသော လက်ဖျားကို အတွင်းသို့ ကွေးလိုက်ခြင်းအားဖြင့် လင်းကွင်းနှုတ်ခမ်းအရွက်သည် လက်မောင်းသားနှင့်ထိ၍ အသံရှည်စွာ မမြည်နိုင်တော့ဘဲ တဖြည်းဖြည်း စဲသွားတော့၏။ ထိုထက် လင်းကွင်းသံကို နားငြီး၍ ကြားပြီးသည်နှင့် ပျောက်ကွယ်သွားလိုပါက နှစ်ဖက်ရိုက်ခတ်တီးပြီးသည်နှင့် တီးသူက လင်းကွင်းများကို မိမိရင်ဘတ်ပေါ်သို့ အပြားလိုက်ကပ်လိုက်ပါက အသံအမြန် ပျောက်ကွယ်၍ သွားနိုင်လေသည်။ တစ်ဖန် လင်းကွင်းကို နှစ်ဖက်ရိုက်ခတ်ပြီး ဖွင့်ဟ၍ မတီးဘဲ ဂျိ ဟုမြည်အောင် ခွက်ခွင်းနှစ်ခုဆိုင်ကာ တီးခြင်းတစ်မျိုးရှိသေး၏။ ထို ဂျိ ဟူသောအသံကို ရှည်လျားစွာမဖြစ်ပေါ်စေလိုလျှင် လင်းကွင်းနှစ်ခုကို အထက်အောက်ဖိ၍ တီးပြီးသည်နှင့် တီးသူသည် မိမိ၏ တင်ပျဉ်ခွေထိုင်နေသော ပေါင်တစ်ဖက်ဖြင့် ထိုလင်းကွင်းများပေါ်သို့ အမြန်ဖိလိုက်ရလေသည်။ ဤကား အသံအရှည်၊ မတိုမရှည်နှင့် အသံအတို ဆုံးဖြစ်အောင် တီးနည်းများဖြစ်သည်။

မြန်မာအမျိုးသားတို့သည် လင်းကွင်းကို တူရိယာသဘောမျိုး မဟုတ်ဘဲ အလွတ်သုံးကြလေသေးသည်။ ပုံပမာ လောင်းလှေကြီးများ ပြိုင်ပွဲ တွင် လှေလှော်သမားတို့၏ တက်ချ တက်ရုတ် အနှေးအမြန် ညီညာစွာရှိကြ စေရန် လင်းကွင်းကို အုပ်ကာ ဖွင့်ကာ အချက်ပြ၍ လိုက်ပါတီးပေးကြ လေသည်။ ထို့ပြင် လေးဖက်အသားကျ မြန်မာပြိုင်မြင်းပွဲများတွင်လည်း မြင်းလွှတ်ရာ၌ လင်းကွင်းတီး၍ အချက်ပြပေးကြလေသည်။ လင်းကွင်းကို မြန်မာနိုင်ငံအပြင် အိန္ဒိယနိုင်ငံ၌လည်း သုံးလေသည်။ အယူဝါဒရေးရာ အခမ်းအနားတစ်မျိုးတွင် လင်းကွင်းကြီးများကို ညီညာစွာတီး၍ ကျင်းပ တတ်ကြ၏။ အနောက်နိုင်ငံများတွင် ရှေးအခါက ဘင်ချက်နှင့်အတူ သံ ချောင်းကို ခေါက်ကြသော်လည်း နောင်အခါ၌ လင်းကွင်းကို အချို့အစားထိုး ၍ သုံးကြသည်။ တရုတ်လူမျိုးတို့၏ တူရိယာများတွင်လည်း လင်းကွင်းကြီး ငယ်တို့ပါဝင်၏။ သို့သော် သူတို့၏ လင်းကွင်းပုံသဏ္ဌာန်တို့မှာ ခွက်ခွင်း အုံသေးငယ်၍ နှုတ်ခမ်းအရွက် အနည်းငယ်ကျယ်သဖြင့် အခြားသောလင်း ကွင်းသံများကဲ့သို့ မလေးဘဲ အသံပေါ့လေသည်။ []

ကချင်ရိုးရာ လင်းကွင်း

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁၉၈၁ ခုနှစ်၊ ဇူလိုင်လထုတ် မြဝတီမဂ္ဂဇင်း (စာမျက်နှာ ၃၄ မှ ၃၇ ထိ) တွင် ဖော်ပြပါရှိတဲ့၊ ဦးသော်ဇင် ရေးသားတဲ့ "ကြေးသံဆယ်မျိုး" ဆောင်းပါး
  2. မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)