အရသာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Taste bud

ကျွန်ုပ်တို့ သိရှိနေကြသော အရသာဟူသည့်အာရုံသည် အနံ့နှင့်များစွာ ဆက်စပ်လျက်ရှိသည်။ ပုံစံအားဖြင့် သစ်သော့သီးကို နှာခေါင်းပိတ်၍ စားကြည့်လျှင် ယခင် စားရိုးအတိုင်း စားစဉ်ကနှင့်လုံးဝမတူပဲ သစ်သော့သီးသည် ကြက်သွန်၏ အရသာကဲ့သို့ ဖြစ်နေသည်ကို တွေ့ရပေမည်။ အနံ့နှင့်အရသာ ခွဲခြား၍ မရလောက်အောင် ဒွန်တွဲနေခြင်းကြောင့် လူတို့သည် အရသာဟူသော စကားလုံး၏ အမှန်သဘောတရားကို မသိရှိနိုင်ကြချေ။

အနံ့ကိုပင် အရသာဟု ယူဆကြပြီးလျှင် အထင်မှား အပြော မှား ဖြစ်တတ်ကြသည်။ တစ်ခါတစ်ရံ အအေးမိ၍ နှာစေးပြီး နှာခေါင်းပိတ်နေသောအခါ မည်သည့် အစာကိုပင်စားစား ယခင်ကကဲ့သို့ အနံ့မရချေ။ ယင်းသို့ အနံ့မရသဖြင့် စား သောက်မကောင်း ဖြစ်သည်ကို အရသာပျက်သည်ဟု ပြော ဆိုလေ့ ရှိကြ၏။ အမှန်မှာ အရသာပျက်ခြင်း မဟုတ်ချေ။ အနံ့မရတော့သဖြင့် ယခင်က အရသာဟု ထင်မှတ်မှားသော အနံ့တွင် ချွတ်ယွင်းခြင်းသာလျှင် ဖြစ်သည်။

အမှန်အားဖြင့် အရသာကို လျှာပေါ်၌ရှိနေသော အရသာဖု ကလေးများဖြင့်သာ ခံစားနိုင်ကြ၏။ ထိုအရသာ ဖုကလေးများ ၏ထိပ်တွင် ရသာရုံ နာဗ်ကြောစွန်းများသည် အနှံ့အပြား ယှက် သန်း၍ နေကြ၏။ ရသာရုံ သတင်းကို ရသာရုံ နာဗ်ကြော တို့သည် ဦးနှောက်သို့ ဆောင် ယူသွားကြသဖြင့် အရသာသိမှု ဖြစ်ပေါ် လာလေသည်။ သို့သော် အရသာကို ကျွန်ုပ်တို့သည် လျှာတစ်ခုလုံးတွင် အနှံ့အပြား ခံစားရခြင်း မဟုတ်ချေ။ လျှာ ၏ အလယ်ကောင်အပိုင်းသည် အရသာမပေါ်သောအပိုင်း ဖြစ် ၏။ ရသာရုံနာဗ်ကြောတို့ အနေများရာ၌သာလျှင် အရသာကို ကောင်းစွာ ခံစားနိုင်ကြလေသည်။ လျှာဖျားသည် ချိုသော အရသာကို ပိုမိုခံစားနိုင်၍ လျှာရင်းမှာမူကား ခါးသော အရသာ ကို ပိုမို ခံစားနိုင်လေသည်။ အငန်နှင့် အချဉ်အရသာများကို လျှာ၏ ဘေးနှစ်ဖက်တွင် ခံစားနိုင်သည်။

များစွာသော အစာတို့တွင် အရသာတစ်မျိုးတည်း မရှိပဲ ရသာပေါင်းစုံ ရောလျက်ရှိတတ်သည်။ အချို့တွင် အနံ့သာ လျှင်ရှိ၍ အရသာ လုံးဝမရှိသည်ကို တွေ့ရသည်။ မည်သည့် အရာဝတ္ထုပင် ဖြစ်စေကာမူ အရည် မပျော်ပဲ အတုံးအခဲဖြစ်နေ လျှင် အရသာမပေါ်ချေ။ ပါးစပ်ကိုဟ၍ အသက်ရှူရှိုက်ပေး ပါက လျှာသည် ခြောက်၍ လာပေမည်။ ယင်းသို့ ခြောက်နေ စဉ် သကြားမှုန့်များကို လျှာပေါ်တွင် တင်ပေးပါက မည်သည့် အရသာမျှ မပေါ်သည်ကို တွေ့ရမည်။ အတန်ကြာ၍ သကြား အရည်ပျော်သောအခါမှသာလျှင် ချိုသော အရသာ ပေါ်လာ လေသည်။

အချို၊ အချဉ်၊ အငန်၊ အခါးဟူ၍ အရသာလေးမျိုးရှိ၏။ ထိုအရသာတစ်ခုစီ၌ ဆိုင်ရာ နာဗ်ကြောစွန်းများနှင့် ဆိုင်ရာ နာဗ်ကြောမျှင်များ ရှိကြသည်။ ဦးနှောက်၌လည်း အရသာ တစ်ခုစီကို ချုပ်ကိုင်သောဌာန ရှိပေမည်။ ထိုအရသာလေးမျိုးမှ လွဲ၍ ကျန်အရသာများမှာ အနံ့ကိုသာလျှင် အကြောင်းပြု၍ ဖြစ်ကြသည်။

အနံ့သည် အရသာနှင့် များစွာ ဆက်သွယ်မှု ရှိသည်။ ကျွန်ုပ်တို့ ခံစားရသော အနံ့အသက်ဟူသည်မှာ အနံ့နှင့် သက်ဆိုင်သော နာဗ်ကြောများ ရှိသည့်နေရာတွင် ဓာတ်ပစ္စည်း များ လာရောက် တွေ့ထိသောကြောင့် ဖြစ်ပေါ်သည်။ အနံ့ အသက်တစ်မျိုးစီသည် နာဗ်ကြောတစ်မျိုးစီနှင့် သက်ဆိုင်၍ ထို နာဗ်ကြောကို သွားရောက် တွေ့ထိသောအခါမှဆိုင်ရာ အနံ့ အသက်ကို ရရှိခြင်း ဖြစ်၏။ ထိုပစ္စည်း၏ အနံ့ကို ရရှိနိုင်၏။ ဓာတ်ငွေ့များ သည် ပျံ့နှံ့တတ်သော သဘောရှိ၍ အဝေး၌ ရှိသော ပစ္စည်းများကို အနံ့ဖြင့် သိရှိကြရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)